Skip to main content

ရုရှားနိုင်ငံထုတ် လက်နက်အသစ်များကို ကမ္ဘာသို့ ထုတ်ဖော် ပြသလိုက်နိုင်တဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာစစ်ဘက်နှင့် နည်းပညာဖိုရမ်

ထက်မြက်

ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်ကြီးမှူးတဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်ကို ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက် အထိ ရုရှားနိုင်ငံက လက်ခံ ကျင်းပခဲ့ပါတယ်။ အဲဒီရက်တွေမှာပဲ Army International Games နဲ့ (၁၀) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပါ သေးတယ်။

ARMY  2022 အစီအစဉ်တွေကို အလာဘီနို     တပ်မတော်လေ့ကျင့်ရေး ကွင်းရှိ    ကူဘင်ကာ လေယာဉ်ကွင်းရဲ့ ပတ်ထရီးယော့ ကွန်ဗင်းရှင်းနှင့်    ပြပွဲစင်တာနဲ့ စစ်ခရိုင်များ အားလုံးအတွင်း မှာသာမက မြောက်ပိုင်း ရေယာဉ်စုမှာပါ ကျင်းပခဲ့တာပါ။ ကြည်းတပ် ဖိုရမ်ဆိုတာ အစဉ်အလာ အားဖြင့်တော့ နောက်ဆုံးပေါ်    စစ်လက်နက် ပစ္စည်းများစွာကို ခင်းကျင်းပြသပြီး ဆက်စပ် ကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့ အရေးအကြီးဆုံးသော အပြည်ပြည်ဆိုင်ရာ     စင်္ကြံတစ်ခုဖြစ်ပါ တယ်။

အထူးသဖြင့် ဒီနှစ်မှာ ထုတ်ဖော်ပြသလိုက်တဲ့   စစ်လက်နက် ပစ္စည်းအသစ်အဆန်း များထဲမှာ ဝေဟင်မှ ပစ်ခတ်နိုင်တဲ့    ဘက်စုံသုံး    ကိုယ်ပျောက်တိကျ ပဲ့ထိန်းလမ်းညွှန်စနစ်ပါ Kh-69 အနိမ့်ပျံ ဒုံးကျည်၊    Viking   SAM  System  ရဲ့ ပစ်မှတ်ရှာရေဒါ၊    Planshet-M-IR ရွေ့လျား အလိုအလျောက် ပစ်သေနတ်/ စိန်ပြောင်း/ MRL ပစ်ခတ်မှုထိန်းချုပ်ရေး စနစ်နဲ့ လျှပ်စစ်-မျက်မြင်စနစ်ပါ ဘက်စုံ သုံးမျိုးဆက်သစ် Orlan-30 အမျိုးအစား မောင်းသူမဲ့ လေယာဉ်စနစ်တို့    ပါဝင်ပါတယ်။

ပင်မ ပြပွဲခန်းမများ ရှေ့တည့်တည်မှာ နေရာချထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်   Su-57  ကိုတော့ ပြပွဲလာ ဧည့်ပရိသတ်များက မျက်စိကျ စိတ်ဝင်စားမှု အရှိဆုံးပါပဲ။  ဖိုရမ်မှာ  ခင်းကျင်းပြသသွားတဲ့ စစ်လက်နက်ပစ္စည်းနဲ့ စစ်သုံးပစ္စည်း အမျိုးအစားပေါင်း ၁၀၀၀ ကျော် ရှိပြီး  ပြပွဲလာ ဧည့်ပရိသတ် စုစုပေါင်းကတော့ နှစ်သန်းနီးပါး ရှိပါတယ်။

စစ်သုံးပစ္စည်းများ၊     ဘက်စုံသုံး ပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများအားလုံးကို တင်သွင်းခြင်း၊ တင်ပို့ခြင်းတို့အတွက် တစ်ခုတည်းသော နိုင်ငံပိုင် ကုမ္ပဏီဖြစ်တဲ့ Rosoboronexport က   ပြပွဲကာလ တစ်လျှောက်   တွေ့ဆုံ ဆွေးနွေးမှုများစွာကို    ပြုလုပ်နိုင်ကာ ဆွေးနွေးမှု ရလဒ်များကိုလည်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

“၂၀၂၂ ခုနှစ်အတွင်းမှာ Rosoboro-nexport က ကြည်းတပ်ဖိုရမ်ရဲ့ ဘေးပန်းအနေနဲ့     လုပ်ငန်း အစီအစဉ် များစွာကို စီစဉ်နိုင်ခဲ့ ပါတယ်။     မိမိတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှု စုစုပေါင်း ၇၀ ကျော် ပြုလုပ်ခဲ့ပြီး ဒီအတောအတွင်း မိတ်ဖက် နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များနဲ့ စစ်ဘက်-နည်းပညာ ဆိုင်ရာ ကိစ္စများစွာကို  ဆွေးနွေးခဲ့ပါတယ်။   မိမိတို့အနေနဲ့ တင်ပို့မှု စာချုပ်များစွာကို အဆုံးသတ်နိုင်ခဲ့တဲ့အပြင်    အမေရိကန်ဒေါ်လာ   ၁၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ သဘောတူ စာချုပ်များအတွက် အခြေခံ အုတ်မြစ်များကိုလည်း ချမှတ်နိုင်ခဲ့ပါသေးတယ်” လို့   Rosoboronexport မှ   ညွှန်ကြားရေးမှူးချုပ် အလက်ဇန်းဒါးမီခိက ပြောပါတယ်။

ဒါ့အပြင် “ကုမ္ပဏီအနေနဲ့ ဖိုရမ်သို့ လာရောက်သူ မိတ်ဖက် ကိုယ်စားလှယ်များကိုလည်း ရုရှားထုတ်ကုန် အမျိုးပေါင်း ၃၅၀ ခန့်ကို ပြသနိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်များ အနေနဲ့  စိတ်ဝင်စားမှု အများဆုံးကတော့   Su-57E  ပဉ္စမမျိုးဆက် တိုက်လေယာဉ်၊ T-14 Armata တင့်၊ Ka-52E တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Tor-E2 SAM စနစ်၊ Kornet-E ATGM စနစ်နဲ့ K-17 Boomerang ခြေလျင်တင် တိုက်ခိုက်ရေးယာဉ်တို့    ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

Rosoboronexport   က   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ ပူးပေါင်း ဖန်တီးထားတဲ့ ဖြစ်နိုင်ဖွယ် အခြေအနေ တစ်ခုအပေါ် မူတည်ပြီး ရုရှား သံချပ်ကာ ယာဉ်များနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်များ လက်တွေ့သရုပ်ပြသမှုကို   အလာဘီနို လေ့ကျင့်ရေး ကွင်းမှာ    လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လက်တွေ့သရုပ်ပြသမှုထဲမှာ BMD-4M လေကြောင်းချီချေမှုန်း ရေးယာဉ်၊ K-17 Boomerang ခြေလျင်တင် တိုက်ခိုက်ရေးယာဉ်တို့ အပါအဝင် စစ်လက်နက်ပစ္စည်းအမျိုးပေါင်း ၁၉ မျိုးရဲ့   လှုပ်ရှားသွားလာနိုင်မှုနဲ့ ပစ်ခတ်မှု စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ ပါတယ်။

“အနောက်နိုင်ငံတွေက  ရုရှားနိုင်ငံကို   ဖယ်ကြဉ်ထားဖို့    စဉ်ဆက်မပြတ် ရည်ရွယ်ထားပေ မယ့်လည်း   Rostec ကုမ္ပဏီကတော့   စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်မှု    နယ်ပယ်မှာ ဆက်လက်ပါဝင် ဆောင်ရွက်နေဦးမှာပါ။ ဒီနှစ်မှာဆိုရင်    မိမိတို့အနေနဲ့   ရူဘယ် ၁   ထရီလီယံ တန်ဖိုးရှိတဲ့   သဘောတူ စာချုပ်တွေကို ပြည်ပမှဝယ်လက်များစွာ နဲ့   လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးပါပြီ” လို့ Rostec ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဆာဂျီချီမီဇော့က  ပြောပါတယ်။    အခု ဖိုရမ်အတွင်း ချုပ်ဆိုလိုက်နိုင်တဲ့  စာချုပ်များရဲ့ တန်ဖိုးက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နှစ်စဉ်ချုပ်ဆိုနိုင်ခဲ့တဲ့ သဘောတူ စာချုပ်တွေထက်ကို များစွာ သာလွန်နေပါတယ်။

ဒါကိုကြည့်ပြီး      ဆိုရမယ်ဆိုရင် ယူကရိန်းမှာ လုပ်တဲ့ ရုရှားနိုင်ငံရဲ့ အထူး စစ်ဆင်ရေးအတွင်း ရုရှား လက်နက်တွေ ရဲ့ ထိရောက်မှုကို  မြင်တွေ့ရပြီးနောက် ပြည်ပ မိတ်ဖက်နိုင်ငံများက ရုရှားနိုင်ငံ ထုတ်လက် နက်တွေကို ပိုမိုသဘောကျ လာတယ်ဆိုတာ ထင်ရှားနေပါတယ်လို့ စစ်ဘက် - နည်းပညာ      ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ   ရုရှားဖက်ဒရယ် လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူး ဒီမီထရီ ရှူဂါအက်က ပြောပါတယ်။

“ယူကရိန်းနိုင်ငံမှာ လုပ်တဲ့   အထူးစစ်ဆင်ရေးကြောင့် ပြည်ပမိတ်ဖက် နိုင်ငံတွေ အနေနဲ့ ရုရှား လက်နက်များအပေါ် စိတ်ဝင်စားမှု   မြင့်တက်လာပါတယ်။ အများစုက ရရှိနိုင်တဲ့ အချက်အလက်များ အပေါ်     မူတည်ပြီး      တိုက်ပွဲအတွင်း လက်နက်တွေရဲ့ ထိရောက်မှုကို ချင့်ချိန် တွက်ချက်လာကြတာပါ။ ဒါ့အပြင် ရုရှား နိုင်ငံထုတ်   စစ်လက်နက် ပစ္စည်းများရဲ့ မြင့်မားတဲ့ အရည်အသွေး၊      အားကိုး ယုံကြည်နိုင်မှု၊  ခံနိုင်ရည်ရှိမှုနဲ့  ပြုပြင် ထိန်းသိမ်းရ      လွယ်ကူမှု တို့ကြောင့် အာဖရိက၊ လက်တင်အမေရိကနဲ့ ကမ္ဘာကြီးရဲ့ တခြားဒေသများမှ အလားအလာရှိတဲ့ ဝယ်လက်များရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ  ဖြစ်ပါတယ်” လို့     ဒီမီထရီ ရှူဂါအက်က ပြောပါတယ်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ဆိုရင်   ပြည်ပ မိတ်ဖက်နိုင်ငံများနဲ့ သဘောတူညီချက်အရနဲ့     သင်္ဘောထွက်ခွာမှု       အချိန်ဇယားများအရ စစ်လက်နက ပစ္စည်းများစွာကို တင်ပို့နိုင်ခဲ့ ပါတယ်။ စုစုပေါင်း အနေနဲ့ ပြောရရင် အဲဒီစစ်လက်နက်ပစ္စည်းတွေကို   နိုင်ငံပေါင်း   ၃၀  ကျော်ဆီ     တင်ပို့ခဲ့တာ ဖြစ်တယ်လို့လည်း   သူက  ဆက်ပြောပါတယ်။

နောက်ဆုံးပေါ်ထုတ်ကုန်များ

ဒီနှစ်အတွက်    စိတ်ဝင်စားဖွယ် အကောင်းဆုံးကတော့   Su-57  ပဉ္စမ မျိုးဆက်       တိုက်လေယာဉ် စနစ်ကို ပတ်ထရီးယော့စင်တာ အဆောက်အအုံ ဘေးနားမှာ   လက်တွေ့ သရုပ်ပြသမှုပဲ ဖြစ်ပါတယ်။ Su-57 အဆင့်မြင့် ဘက်စုံသုံး တိုက်လေယာဉ်ဟာဆိုရင်      ခေတ်မီ အဆင့်မြင့် ပဲ့ထိန်းနဲ့     ပဲ့ထိန်းမပါတဲ့ လက်နက်တွေ အသုံးပြုပြီး     ဝေဟင်၊ မြေပြင်၊ ရေပြင် ပစ်မှတ်တွေကို နေ့ရောညပါ တိုက်ခိုက်နိုင်စေဖို့အတွက် ရည်ရွယ် ဒီဇိုင်းရေးဆွဲထား တာပါ။   အဲဒီ  တိုက်လေယာဉ်မှာ နောက်ဆုံးပေါ်  ပျံသန်းမှု ထိန်းချုပ်ရေး        အီလက်ထရွန်နစ် စနစ်များ၊    စစ်လက်နက် ပစ္စည်းများနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေး စနစ်များကို တပ်ဆင်ထားပါတယ်။

လေယာဉ်ရဲ့  စစ်လက်နက်ပစ္စည်း စာရင်းထဲမှာဆိုရင်   ARMY 2022  ရဲ့ အဆန်းသစ်ဆုံး လက်နက် ဖြစ်တဲ့အပြင် နည်းဗျူဟာမြောက် ဒုံးလက်နက် ကော်ပိုရေးရှင်း(KTRV)ရဲ့   ပြပွဲပစ္စည်းဖြစ်တဲ့ ဝေဟင်မှ ပစ်ခတ်နိုင်သော    ဘက်စုံသုံး ကိုယ်ပျောက်    တိကျပဲ့ထိန်းလမ်းညွှန် စနစ်ပါ Kh-69 အနိမ့်ပျံ ဒုံးကျည်ပါပဲ။ KTRV     ရဲ့      တရားဝင် ထုတ်ပြန်ချက်ပါ အချက်အလက်တွေကို ကိုးကားပြောရမယ် ဆိုရင် Kh-69 ဟာ မြေပြင် အထိုင်ပစ်မှတ် အမျိုးမျိုးကို ဖျက်ဆီးနိုင်ဖို့ ဒီဇိုင်း ရေးဆွဲထားတာ ဖြစ်ပါတယ်။

သူ့ကိုမပစ်ခတ်ခင်       မတူညီတဲ့ ပစ်မှတ်များဆီ     ချိန်ရွယ်ထားနိုင်စေဖို့အတွက် ဒုံးကျည် ထိန်းချုပ်ရေး စနစ်ထဲကို လေကြောင်း ပျံသန်းမှုများစွာ  ထည့်သွင်းထားနိုင် ပါတယ်။ Kh-69 ရဲ့ စစ်ဆင်နိုင်မှု အကွာအဝေးက ကီလိုမီတာ ၂၉၀ ဖြစ်ပြီး မြေပြင်အထက် မီတာ ၅၀ ကနေ ၃၀၀ အတွင်းမှာ    တစ်နာရီကို   ကီလိုမီတာ ၇၅၀ ကနေ  ၁၀၀၀ နှုန်းနဲ့  ပျံသန်းနိုင်ပါတယ်။

ARMY 2022   မှာ   ထုတ်ဖော်ပြသ ပြီး   လူကြိုက်အများဆုံး ဖြစ်တဲ့   ရုရှား စစ်လက်နက်ပစ္စည်း    တစ်ခုကတော့ Armata ဘက်စုံတိုက်ပွဲဝင်စနစ်အပေါ် မှာ အခြေခံထားတဲ့ T-14 တင့်ပါပဲ။

“တင့်ကို မမျှော်မှန်းထားတဲ့ ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။  အထူး သဖြင့် T-14 မှာဆိုရင် လူမဲ့ ဆုံလည်တစ်ခုပါဝင်ပြီး တင့်အဖွဲ့သားတွေက အရင်လို ခဲယမ်းတွေနဲ့ အတူတူမနေရတော့ဘဲ သီးခြားခွဲထွက်ထားတဲ့ သံချပ်ကာ အခန်းငယ်ထဲမှာ နေရမှာပါ။  ဒီတင့်ကို သွက်လက်တက်ကြွတဲ့ ကာကွယ်မှုစနစ်နဲ့ ပေါက်ကွဲမှုကို တုံ့ပြန်မှုရှိတဲ့ သံချပ်ကာအပြင် စွမ်းအားမြင့် စက်အမြောက်ကြီးနဲ့ အလိုအလျောက်   ကျည်ထိုးစနစ် ပါဝင်တဲ့    အဝေးထိန်း လက်နက်စခန်းတို့နဲ့ တည်ဆောက်ထား တာပါ။    လျှပ်စစ်-မျက်မြင်      ကင်းထောက်စနစ်များ၊ ချိန်ရွယ်ပြီး    ပစ်မှတ်ရှာဖွေတဲ့  ဆင်ဆာ များကိုလည်း ဆုံလည်နဲ့ တင့်ကိုယ်ထည် ပတ်ပတ်လည်မှာ     တပ်ဆင်ထားပါတယ်” လို့ T-14 တင့်ကို ထုတ်လုပ်သူ အူရယ်ဗာဂွန်ဇာဗော့ ကော်ပိုရေးရှင်းရဲ့ ပြန်ကြားရေးဌာနက   ထုတ်ပြန်ထား ပါတယ်။

လေယာဉ်

ယူနိုက်တက်လေယာဉ် ကော်ပိုရေးရှင်းရဲ့ စစ်သုံးလေယာဉ် အမျိုးအစားများ အားလုံးနီးပါးဖြစ်တဲ့   Su-34၊   Su-35၊ Su-57၊ Su-30SM၊ Yak-130၊ Il-78MK-90A၊ Il-76MD-90A၊ MiG-35၊ MiG-29K၊ Be-200  အစရှိတဲ့  လေယာဉ်များလည်း ARMY 2022 မှာ ပါဝင်ပြသခဲ့ပါတယ်။

အကောင်းဆုံးလှုပ်ရှား  စစ်ကစား နိုင်စွမ်းရှိတဲ့   ဘက်စုံသုံး   Su-30SM တိုက်လေယာဉ်ကတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကို သရုပ်ပြသခဲ့ပါတယ်။ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကောင်းစွာ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိတဲ့ ဒီတိုက်လေယာဉ်ဟာ သူ့မှာ ပါဝင်တပ်ဆင်ထားတဲ့  အကြီးစားလက်နက် များကြောင့် အကောင်းဆုံး တိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားရုံ သာမကဘဲ အနီးကပ်ဝေဟင်တိုက်ပွဲမှာ ရန်သူ့အပေါ် လွှမ်းမိုးနိုင်တဲ့ အကောင်းဆုံးသော လှုပ်ရှားစစ် ကစားမှုကိုလည်း    ပိုင်ဆိုင်ထား ပါတယ်။

ရုရှားကျွမ်းကျင်     ပညာရှင်တွေကတော့  ဒီတိုက်လေယာဉ်နဲ့    တခြား ဆူခွိုင်း တိုက်လေယာဉ်များမှာပါတဲ့ အဓိက အားသာချက်များနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု      ပြောထားပါတယ်။ အဲဒီ အားသာချက်တွေကတော့ ချေမှုန်းနိုင်စွမ်း မြင့်မားတဲ့ ပဲ့ထိန်းဒုံးကျည်များနဲ့ ပဲ့ထိန်းမပါတဲ့ ဒုံးသီးများအပြင် ၃၀ မီလီ မီတာ အော်တိုစက်အမြောက် ပါဝင်မှု၊ အခြေစိုက်စခန်းသို့    အလိုအလျောက် ပျံသန်းနိုင်မှုနဲ့  ဝေဟင်ဆီဖြည့်နိုင်စွမ်း၊ ပျံသန်းမှုထိန်းချုပ်ရေး လေယာဉ် နည်းပညာများနဲ့   လက်နက်စနစ်များကို လိုအပ်သလို   တပ်ဆင်နိုင်မှုတို့ပဲ   ဖြစ်ပါတယ်။

စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်အပိုင်းမှာ ဆိုရင်လည်း  ရုရှား နိုင်ငံထုတ်      လေယာဉ်အသစ် ဖြစ်တဲ့ Il-76MD-90A စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်ကိုလည်း  ပြသခဲ့ပါတယ်။ အဲဒီလေယာဉ်က       ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့  Il-76MD လေယာဉ်ပေါ် မှာ အခြေခံထားတာ ဖြစ်ပြီး အလားတူ လေယာဉ် အမျိုးအစားကို  နောက်ထပ် အဆင့်မြှင့်တင်မှုတွေ လုပ်နိုင်ဖို့    ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်တောင်ပံကို       အဆင့်မြှင့်တင် ခြင်း၊   D-30KP-2  အင်ဂျင်များအစား   ဆီစားသက်သာပြီး           အသံထွက်ငြိမ်ကာ စွမ်းဆောင်ရည် မြင့်မားတဲ့  PS-90A-76 အင်ဂျင်များကို    တပ်ဆင်ထားခြင်းတို့ကြောင့်    ခရီးဝေး ပျံသန်းနိုင်စွမ်း    ပိုမိုမြင့်မားပါတယ်။

Ka-52 ကင်းထောက်/ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကိုလည်း    ARMY  2022 မှာ ထည့်သွင်း ပြသခဲ့ပါတယ်။ သင်္ဘောတင် အမျိုးအစားဖြစ်တဲ့ Ka-52K Katran အမျိုးအစားအနေနဲ့ပါ။   သူ့ကိုသင်္ဘောများ   အပေါ်မှာသာမက    မြေပြင်ပေါ်မှာလည်း   အသုံးပြုနိုင်ပြီး    လေယာဉ်မှူး ခုန်ထွက်မှုနဲ့   ဒဏ်ထိန်း စနစ်တစ်ခုကို လည်း တပ်ဆင်ထားပါတယ်။

ဖိုရမ်မှာပြသခဲ့တဲ့      နောက်ထပ် စစ်လက်နက်ပစ္စည်း    တစ်မျိုးကတော့ Mi-28NE တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပါတယ်။    သူ့မှာ   နောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည်စနစ်များ တပ်ဆင်ပေး ထားပါတယ်။   ဒါ့အပြင်    မောင်းသူမဲ့ လေယာဉ်များနဲ့ ဆက်သွယ် ချိတ်ဆက်နိုင်တဲ့ စနစ်ကိုလည်း ထည့်သွင်းထားတာကြောင့် လေကြောင်းရန် ကာကွယ်ရေးစနစ်က    ဖော်ထုတ်တွေ့ရှိတဲ့    ရန်သူ့ ပစ်မှတ်များကို   ကောင်းစွာ ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

Mi-28NE  နံဘေးမှာ  ပြသထားတဲ့ စစ်လက်နက်ကတော့ Mi-35P သယ်ယူ ပို့ဆောင်ရေး/ တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး သူ့ကို Mi-24P ရဟတ်ယာဉ်ပေါ်မှာ အခြေခံ တည်ဆောက်ထား တာပါ။ သူ့အနေနဲ့ Mi-24P မှ အားသာချက်များ ဖြစ်တဲ့ သာလွန်တဲ့ အမြန်နှုန်း၊ သယ်ယူ ပို့ဆောင်ရေး/ တိုက်ခိုက်ရေး စွမ်းဆောင်ရည်များနဲ့  တိုက်ပွဲမှာ   ရှင်သန်နိုင်စွမ်း လုပ်ဆောင်ချက် များကို   အမွေဆက်ခံ ထားပါတယ်။    Mi-35P  မှာ   ပဲ့ထိန်း လက်နက်များနဲ့       President-S လေကြောင်းချီ ကာကွယ်ရေး  အထောက်အကူပြု ပစ္စည်းများကိုလည်း တပ်ဆင်နိုင်ပါတယ်။ Mi-35P ရဲ့စွမ်းဆောင်ရည် တစ်ခုကတော့    ကုန်းမြင့်ဒေသများမှာ သာမက     ပူပြင်းတဲ့ ရာသီဥတုဖြစ်စေ၊ စိုစွတ်တဲ့ ရာသီဥတု ဖြစ်စေ ဘယ်လိုအခြေ အနေမှာမဆို   စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်း ရှိတာပါပဲ။

Orlan-30   မောင်းသူမဲ့လေယာဉ် ဆိုရင်လည်း သူ့ကိုပေးအပ်မယ့် တာဝန်များအပေါ် လိုက်ပြီး    အမျိုးမျိုးသော စစ်ဆင်ရေး       ရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ပါတယ်။ အဲဒီ တာဝန်တွေထဲမှာ       ကင်းလှည့်ခြင်း၊ ကင်းထောက်ခြင်း၊ တိကျ လက်နက်များကို လမ်းညွှန်ခြင်း၊ ပစ်မှတ် ဖော်ပြခြင်း၊ တိုက်ခိုက်မှုပြီးနောက် လေ့လာဆန်းစစ်ခြင်း အစရှိသဖြင့် ပါဝင်ပါတယ်။ သူ့ကို အထူးပြုလုပ်ထားတဲ့ သေတ္တာနဲ့ ပို့ဆောင် နိုင်ပါသေးတယ်။

(ဆက်လက်ဖော်ပြပါမည်)