Skip to main content

အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရေး

ညိုညိုဝင်း(ကျေးလက်ဦးစီး)

ကျွန်မ၏ဝန်ထမ်းငယ်ဘဝမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည်အထိ လုပ်သက် (၃၄)နှစ်အတွင်း ဌာနဆိုင်ရာသင်တန်းပေါင်းများစွာကို တက်ရောက်ခဲ့ရပြီး ၁၉၉၆ခုနှစ်တွင် ယခင်ဗဟိုဝန်ထမ်း တက္ကသိုလ် (ယခုနိုင်ငံ့ဝန်ထမ်းတက္ကသိုလ်)၌ ဖွင့်လှစ်ခဲ့သည့် စည်ပင်သာယာရေးဦးစီးဌာန အရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်(၂) နှင့် ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ဗဟိုဝန်ထမ်းလောင်းသင်တန်း ဇေယျ (၁၅၀) သင်တန်းများ တက်ရောက်ခဲ့ရပါသည်။

ယခုလည်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၌ ၂၇-၆-၂၀၂၂ ရက်နေ့မှ ၁၉-၈-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းများ ဒုတိယအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၀)သို့ တက်ရောက်ခွင့် ရရှိခဲ့ပြန်ပါသည်။ သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ် ဒီမိုကရေစီ၊ နယ်နိမိတ်ကိစ္စများ၊ Geopolities၊ ကမ္ဘာ့နိုင်ငံရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေး၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးကိစ္စများ အပါအဝင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အခြားအရေးကြီးကဏ္ဍများ ဖြစ်သည့် Public Finance Management၊ Strategic Management၊ Change Management၊ Leadership၊ Project Bank စသည့် ဘာသာရပ်များ ပြည့်ပြည့်စုံစုံ ပို့ချဆွေးနွေးခြင်း၊ တစ်ဦးချင်းနှင့် အုပ်စုအလိုက် စာတမ်းများပြုစုရေးသားခြင်း၊ Case Study နှင့် Group Work များပြုလုပ်၍ အပြန်အလှန် ဆွေးနွေးခြင်းများကြောင့် အသိပညာဗဟုသုတ များစွာရရှိခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ ယန္တရားအဆင့်တိုင်းခိုင်မာ အားကောင်းစေရန်နှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်များ ဖြစ်ပေါ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်း ကဏ္ဍအား မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) မဏ္ဍိုင်(၁)၊ ပန်းတိုင်(၁)၊ မဟာဗျူဟာ(၁.၄)၊ ရည်ညွှန်း (၁.၄.၁)နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်(၁၆)၊ မဟာဗျူဟာ(၁၆.၆) တို့နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

သင်တန်းတွင် ဌာနပေါင်းစုံမှ အရာရှိကြီးများ တက်ရောက်ကြသဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Communication Network ကောင်းများကိုလည်း ထူထောင်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဌာနအဖွဲ့အစည်း ၂၁ ခုမှ သင်တန်းသားသင်တန်းသူ ၂၁ ဦး တက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက် စာတမ်းပြုစုခြင်းကို အုပ်စုနှစ်ဖွဲ့ခွဲ၍ ပြုစုဆောင်ရွက်ခဲ့ကြရာ ကျွန်မတို့အုပ်စုနှစ်အနေဖြင့် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အထောက်အကူပြုစေသည့် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာမူဝါဒ ထွက်ပေါ်လာစေရေး လေ့လာသုံးသပ်တင်ပြခြင်း စာတမ်းကို ပြုစုခဲ့ပါသည်။

စာတမ်း၏ ရည်ရွယ်ချက်

သင့်တင့်သောဝန်ထမ်းအင်အားဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုပေးနိုင်ရန် လက်ရှိ ဝန်ထမ်းဖွဲ့စည်းပုံကို စိစစ်ပြီး စဉ်ဆက်မပြတ် အရည်အသွေး တိုးတက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဖြစ်သော ဝန်ထမ်းကောင်းများ ရွေးချယ်ခန့်ထားခြင်း၊ ခန့်အပ်ထားသော ဝန်ထမ်းကို လူမှန်နေရာမှန် တာဝန်ပေးအပ်ခြင်းဖြင့် ဝန်ထမ်းအဖွဲ့အစည်းအတွင်း လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ ရရှိပြီးအရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို အထောက်အကူဖြစ်စေမည့် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သင့်လျော်သောမူဝါဒများ ထွက်ပေါ်လာစေရန်နှင့် နိုင်ငံတော်၏ ဘက်စုံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အရေးပါမှုအခန်းကဏ္ဍ

မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းခန့်အနက် နှစ်ရာခိုင်နှုန်းခန့်ဖြစ်သည့် တစ်သန်းခန့်သည် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံ့ဝန်ထမ်းများကို စီမံခန့်ခွဲခြင်းသည်အဓိက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိပါသည်။ နည်းပညာတီထွင်ဆန်းသစ်မှု၊ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် မူတည်၍ နိုင်ငံ့ဝန်ထမ်း ဖွဲ့စည်းမှုများ၊ လုပ်ငန်းလည်ပတ်မှု ယန္တရားများအား စနစ်တကျ ခိုင်မာအားကောင်းရန်လိုအပ်ပြီး ပြည်သူများ လိုအပ်ချက်များကို မြန်ဆန်စွာဝန်ဆောင်မှုများ ပေးနိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေး၊ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအတွင်း ခန့်ထားနိုင်ရေးအတွက် မူဝါဒပိုင်းခိုင်မာရန်နှင့် နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော ဝန်ထမ်းယန္တရား တစ်ခုအဖြစ် ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်စေရန် လိုအပ်ပါသည်။

ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအမျိုးအစား

နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်းဆိုသည်” ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

စီမံကိန်းနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ကစိစစ်တင်ပြလျက်ရှိသော ဖွဲ့စည်းပုံများကို အမြဲတမ်းဖွဲ့စည်းပုံနှင့် ယာယီလုပ်ငန်းစီမံချက် အင်အားဟူ၍ အမျိုးအစား နှစ်မျိုးခွဲခြားထားကြောင်း တွေ့ရှိရပါသည်။ အမြဲတမ်းဖွဲ့စည်းပုံဆိုသည်မှာ အမြဲတမ်းတည်ရှိမည့်လုပ်ငန်းများ အတွက်တောင်းခံသော ဖွဲ့စည်းပုံဖြစ်ပြီး စံနှုန်း သတ်မှတ်ချက်ရှိသော ဖွဲ့စည်းပုံများနှင့် စံနှုန်း သတ်မှတ်ချက်မရှိသော ဖွဲ့စည်းပုံများဟူ၍ ခွဲခြားထားပါသည်။ ယာယီလုပ်ငန်းစီမံချက်အင်အားသည် အမြဲတမ်းကာလအတွက် မဟုတ်ဘဲ တစ်စုံတစ်ခုသော ကာလအပိုင်းအခြားအတွက် ရာထူးတီထွင်၍ ဝန်ထမ်းများ ခန့်အပ်ရန်အတွက် ယာယီဖွဲ့စည်းပုံ ဖြစ်ပါသည်။

ဝန်ထမ်းအမျိုးအစား

ဝန်ထမ်းအမျိုးအစားအနေဖြင့် အမြဲတမ်းဝန်ထမ်း၊ ပုံသေဝန်ထမ်း၊ ပုတ်ပြတ်ဝန်ထမ်းနှင့် နေ့စားဝန်ထမ်း ဟူ၍ လေးမျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

အမြဲတမ်းဝန်ထမ်း ဟု ဆိုရာတွင် ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးနေရာများ၌ ခန့်အပ်ထားသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး အမြဲတမ်းဝန်ထမ်းများ၏ လစာနှုန်းထား ၁၃ ဆင့်ရှိကြောင်း တွေ့ရှိရပါသည်။

ပုံသေဝန်ထမ်း ဟုဆိုရာတွင် လစား လပေး ဝန်ထမ်းဖြစ်ပြီး ပုံသေလစာနှင့် ပုံသေခန့်အပ် တာဝန်ပေးအပ်ထားသည့် ဝန်ထမ်းဖြစ်ပါသည်။ ဥပမာအားဖြင့် ကျွမ်းကျင်သူ၊ အကြံပေးပုဂ္ဂိုလ်၊ အကြံပေးအရာရှိ၊ ပညာရှင်များ (ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု)၊ ကိုယ်ရေးအရာရှိများ (ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေ)၊ ပစ္စည်းထိန်း၊ စားပွဲထိုး၊ စားဖိုမှူး စသည်ဖြင့် ပါဝင်သည်။

ပုတ်ပြတ်ဝန်ထမ်း ဟုဆိုရာတွင် လုပ်ငန်းတစ်ခုကို အပြီးအပြတ် ဆောင်ရွက်မှုအတွက် လုပ်ခလစာ အတိအကျသတ်မှတ်ပေးရသော ဝန်ထမ်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ မိမိအစီအစဉ်ဖြင့် ခန့်အပ်ခြင်းနှင့် လုပ်ခလစာကို တစ်လစာနှုန်း၊ အလုပ်ပမာဏအပေါ် မူတည်၍ အပြတ်ပေးခန့်ထားခြင်း ဖြစ်ပါသည်။

နေ့စား ဟုဆိုရာတွင် ကာလအပိုင်းအခြားမရှိဘဲ ကာလတိုအတွက် ခန့်ထားလိုသည့်ဦးရေကို အချိန်အကန့်အသတ်မရှိ ခန့်ထားနိုင်ပါသည်။ အလုပ်ချိန် တစ်နေ့ရှစ်နာရီအတွက် လုပ်ခကျပ် ၄၈၀၀ ခံစားသူများဖြစ်ပြီး လုပ်အားခနေ့စဉ် (သို့) အပတ်စဉ် (သို့) လစဉ်ထုတ်ပေးနိုင်ပါသည်။ ၎င်းနေ့စားအား ပုံသေတာဝန်ချထားနိုင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

အစိုးရဌာနများ၏ ဝန်ထမ်းခန့်ထားမှု လေ့လာဆန်းစစ်ချက်

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးအတွက် ၃၁-၅-၂၀၂၂ ရက်နေ့အထိ အမြဲတမ်းဝန်ထမ်း ခွင့်ပြုအင်အားမှာ ၂၁၀၉၉၀၆ ဦးဖြစ်ပြီး ခန့်ထားပြီး အင်အားမှာ ၉၁၈၅၈၇ ဦး ဖြစ်သဖြင့် ခန့်ထားရာခိုင် နှုန်းမှာ ၄၃ ဒသမ ၅၃ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံ၏ ၅၀ ရာခိုင်နှုန်းအောက်သာရှိကြောင်း တွေ့ရှိရပါသည်။ အစိုးရအဖွဲ့အစည်းများတွင် ဝန်ထမ်းအမျိုးအစား လေးမျိုးအလိုက် ခန့်ထားမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်-

ကြုံတွေ့ရသောစိန်ခေါ်မှုများ

လတ်တလောကာလတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုများနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုဟူ၍နှစ်ပိုင်း လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုများမှာ ရာထူးနေရာအချို့တွင် အမှန်တကယ် လိုအပ်သည့်အရေအတွက်နှင့် ကိုက်ညီမှုမရှိခြင်း၊ ခေတ်စနစ်နှင့်မလျော်ညီသော ရာထူးနေရာများ ပါဝင်နေခြင်း၊ ဝန်ကြီးဌာနအားလုံး ရာထူးအခေါ်အဝေါ်နှင့် လစာနှုန်းထားများ တစ်ပြေးညီမရှိခြင်း၊ လူ့စွမ်းအားအရင်းအမြစ်အတွက် သီးခြားဌာနများ ပီပြင်စွာ ဖွဲ့စည်းဆောင်ရွက်မှုမရှိခြင်း၊ ဝန်ကြီးဌာနများ၏ လက်ရှိဖွဲ့စည်းပုံများသည် ရည်မှန်းချက် တာဝန်များနှင့် လိုက်လျောညီထွေဖြစ်သော ဖွဲ့စည်းပုံဖြစ်စေရေး ပြန်လည်သုံးသပ်ရန်လိုအပ်ခြင်း၊ ဝန်ကြီးဌာနများ၏ လက်ရှိခန့်ထားသော အင်အားသည် မိမိရည်မှန်းချက်တာဝန်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေကို ပြန်လည်သုံးသပ်ရန် လိုအပ်လျက်ရှိပါသည်။

ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုများမှာ Job Description/ Job Specification များကို ပိုမိုတိကျစွာ သတ်မှတ်ပေးရန်လိုအပ်နေခြင်း၊ ဝန်ထမ်းသစ်ခန့်ထားရာတွင် အရည်အသွေး စစ်ဆေးမှုစနစ် ပိုမိုပီပြင်စွာ ဆောင်ရွက်ရန်လိုအပ်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကို အခြေခံသော ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ မူဝါဒကို ပီပြင်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ဝန်ထမ်းအချင်းချင်း အထက်အောက်၊ ဘေးတိုက်အပြန်အလှန် အကဲဖြတ်မှုစနစ် ပီပြင်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ တစ်ဦးချင်းအတွက် လုပ်ငန်းစွမ်းဆောင်ရည်အား စိစစ်နိုင်သည့် စံသတ်မှတ်ချက် လိုအပ်ခြင်း၊ ဌာနအလိုက် ကျွမ်းကျင်မှုမူဘောင် (Competency Framework) ရေးဆွဲရန် လိုအပ်ခြင်း၊ ကျား/မတန်းတူညီမျှရေးကို ထည့်သွင်းစဉ်းစားရန်လိုအပ်ခြင်း၊ အရည်အချင်းရှိ သောဝန်ထမ်းများ လုံလောက်စွာ ခန့်ထားနိုင်ရန်နိုင်ငံ့ ဝန်ထမ်းဘဝကို ဂုဏ်ယူနိုင်သည့် မိသားစုဘဝ စားဝတ်နေရေးအတွက် ဖူလုံသောလစာနှင့် အခွင့်အရေးများရရှိရန် လိုအပ်နေခြင်း၊ စီမံခန့်ခွဲမှုဖွဲ့စည်းပုံများတွင် ဗဟိုချုပ်ကိုင်မှုကို တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချသွားနိုင်ရန်နှင့် ဝန်ထမ်းသစ် ခေါ်ယူခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းတို့အား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးမည့် စီမံချက်၊ ဥပဒေများ ရေးဆွဲရန်လိုအပ်ခြင်း၊ အရည်အသွေးအလိုက် ချီးမြှင့်သည့်စနစ် (Meritocracy) ကျင့်သုံးသွားရန် လိုအပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအားလုံး အကျုံးဝင်ပြီး ထိရောက်မြန်ဆန်သော လူမှုဖူလုံရေးစနစ်ကို ဝန်ကြီးဌာနအသီးသီးတွင် ဖော်ဆောင်ပေးရန် လိုအပ်ခြင်း၊ ဝန်ထမ်းအသစ်ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးတွင် အဂတိတရားဖြင့် ရွေးချယ်ခန့်ထားမှု မရှိစေရေးအတွက် ကြပ်မတ်ထိန်းကျောင်းပေးရန် လိုအပ်ခြင်း၊ ဝန်ထမ်းများအား Rational Motives၊ Norm-based Motives၊ Affective Motives များ ရရှိစေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပြီး စွမ်းဆောင်ရည်တက်လာသည့် ဝန်ထမ်းများကို ရာထူးခန့်ထားရာတွင် ဦးစားပေးခန့်ထားရန်လိုအပ်ခြင်း၊ ဝေးလံခက်ခဲသောဒေသများအတွက် ဝန်ထမ်းအသစ်များ ခေါ်ယူခန့်ထားရာတွင် ဒေသခံပြည်သူများအား ဦးစားပေး ခန့်ထားနိုင်ရန်အတွက် လိုအပ်ပါက စံသတ်မှတ်ချက်များကို လျှော့ပေါ့စဉ်းစားပေးရန် လိုအပ်လျက်ရှိပါသည်။

မူဝါဒများချမှတ်ရန်လိုအပ်

နိုင်ငံတော်၏ ယန္တရားကို ပိုမိုအားကောင်းအောင် မောင်းနှင်လည်ပတ်နိုင်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တိုးတက်ပြောင်းလဲနေသော ခေတ်စနစ်နှင့် အမိနိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်တို့နှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒထွက်ပေါ်လာရန် လိုအပ်ပါသည်။

ဝန်ထမ်းများအား ထိုက်တန်သော ချီးမြှောက်မှုစနစ် (Meritocracy System) ကို အကောင်အထည် ဖော်နိုင်ရန် ကောင်းမွန်သော လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်စနစ်ရှိမှသာ ထိုက်သင့်မှန်ကန်စွာ အလုပ်ခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အဖွဲ့အစည်းများသည် မိမိတို့လိုအပ်သည့်ကျွမ်းကျင်မှု အရည်အသွေး၊ အတွေ့အကြုံရှိသော ဝန်ထမ်းများကို စုဆောင်း ရွေးချယ်ခန့်ထားခြင်းအားဖြင့် ဝန်ထမ်းများ၏ တစ်ကိုယ်ရေရည်မှန်းချက်များ သာမက အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်ကိုပါ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

သက်ဆိုင်ရာဌာနအလိုက် ကြီးကြပ်သူများသည် မိမိစီမံခန့်ခွဲရသောဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအား လေ့လာအကဲဖြတ်သုံးသပ်ခြင်း ပုံမှန်ပြုလုပ်ရန် လိုအပ်ပါမည်။ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်အပေါ် အကဲဖြတ်သုံးသပ်ပြီး ရလဒ်များကို ဝန်ထမ်းများအား သိရှိစေခြင်း၊ Feedback ပေးခြင်းဖြင့် လုပ်ငန်းခွင်တက်ကြွစွာ ပါဝင်နိုင်ခြင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေခြင်းအတွက် အရေးပါသောအချက် ဖြစ်ပါသည်။

ဌာနများတွင် e-Government နှင့် e-Data Based System တို့ကို တွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် လူအင်အားသက်သာခြင်း၊ အလုပ်ပြီးမြောက်မှု မြန်ဆန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ သတင်း စီးဆင်းမှုမြန်ဆန်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာဌာနအလိုက် ခန့်အပ်ပြီး ဝန်ထမ်းများအား ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာစေရန် ပြည်တွင်း/ပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးပြီး ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်သင့်ပါသည်။

ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များအတွက် လုံလောက်သောလုပ်ခလစာများ၊ အထောက်အပံ့များ ဖြည့်ဆည်းပေးခြင်းဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များအပေါ်တွင် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ကိုင်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ဝန်ထမ်းများအား လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်း၊ အသိအမှတ်ပြုခြင်း၊ မက်လုံးပေးခြင်း၊ ဆုပေး/ဒဏ်ပေး စနစ်ကျင့်သုံးခြင်းဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင် တွင်ပျော်ရွှင်ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာမည်ဖြစ်ပါသည်။ ဝန်ထမ်းအဖွဲ့အစည်း စဉ်ဆက်မပြတ် တိုးတက်အောင်မြင်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မာစေရေးအတွက် စွမ်းအားမြှင့်တင်ပေးခြင်း၊ အင်အားဖြည့်တင်းပေးခြင်းနှင့် တည်ငြိမ်စေခြင်း (ဝန်ထမ်းအပြောင်းအလဲ ဖြစ်ပေါ်မှုနည်းခြင်း) တို့သည် အဓိကကျပါသည်။

ဦးစီးဌာနအသီးသီးတွင် ဝန်ထမ်းခန့်ထားမှု လေ့လာဆန်းစစ်ချက်များအရ အချို့ဌာနများတွင် ဖွဲ့စည်းပုံ၏ ၆၀ ရာခိုင်နှုန်းအောက်ဖြင့် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်နိုင်သော်လည်း အချို့ဌာနများတွင် လုပ်ငန်းတာဝန်များပြားလျက်ရှိသဖြင့် ဖွဲ့စည်းပုံ၏ ၆၀ရာခိုင်နှုန်းဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရန် အခက်အခဲရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

ဤသို့လေ့လာတွေ့ရှိရ

အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အထောက်အကူပြုစေမည့် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒထွက်ပေါ်လာစေရေးအတွက် လုပ်ငန်းသဘောသဘာဝနှင့် အလုပ်ပမာဏအပေါ် အခြေခံ၍ သင့်တင့်သည့် အင်အားဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုပေးနိုင်ရန် လက်ရှိဝန်ထမ်းဖွဲ့စည်းပုံကို စိစစ်ပြီး လိုအပ်ပါက ဖွဲ့စည်းပုံအသစ်ကို ပြန်လည်ရေးဆွဲကျင့်သုံးခြင်းနှင့် Job Analysis and Workload Analysis Survey များမှ အချက်အလက်များကို သုံးသပ်၍ ကျစ်လျစ်ခိုင်မာသော ဝန်ထမ်းဖွဲ့စည်းပုံအသစ် ရေးဆွဲပြုစုရန် လိုအပ်ပါသည်။

အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ရှိသည့် ဝန်ထမ်းများကို လူမှန်နေရာမှန် ခန့်အပ်တာဝန်ပေးအပ်ခြင်းအားဖြင့် Over Workload၊ Extra Workload၊ Time Pressure၊ Error Rate၊ Job Dissatisfaction၊ Intention to Leave စသည်တို့ လျှော့ချနိုင်ခြင်း၊ ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံကိုသာ အဓိကထား ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ Attitude၊ Aptitude၊ Altitude ဆန်းစစ်ပြီးမှသာ ရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းများ ခန့်အပ်ရာတွင် ရာထူးဝင်ပေါက်တွင် ပရော်ဖက်ရှင်နယ်အလိုက် ပညာရှင်များအား တစ်ပြေးညီလစာနှုန်းထားဖြင့် ရာထူးခန့်အပ်ရန် လိုအပ်ခြင်း၊ ရာထူးအဆင့်မတူသော်လည်း လစာနှုန်းတူနေခြင်းများအတွက် ပြန်လည်စဉ်းစားသင့်ပါသည်။

ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးနှင့် ဆုတံဆိပ်ချီးမြှင့်ခြင်း ဆောင်ရွက်ရာတွင် အဂတိတရားလေးပါး ကင်းရှင်းရေးအတွက် ထိန်းကျောင်းကြပ်မတ်ပေးနိုင်ရန် လိုအပ်ပါသည်။ ဌာနတွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများသည် အင်ပြည့်အားပြည့် စွမ်းဆောင်ရည်အပြည့်ဖြင့် မခိုမကပ် အလုပ်လုပ်ကြရန် သတ်မှတ်အလုပ်ချိန်အတွင်း အသိပေး စည်းရုံးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းတို့ကို ဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ (ပျမ်းမျှ) လစာစရိတ်ကို မိမိနိုင်ငံ၏ နေထိုင်မှုစရိတ်နှင့် လုံလောက်စွာ ရပ်တည်နိုင်အောင်ချီးမြှင့်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား ၎င်းတို့၏ရာထူးအဆင့်အတန်းနှင့် ထိုက်တန်သည့် (လစာအပြင်) အခြားခံစားခွင့်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ပါသည်။

ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ မိမိတို့၏အလုပ်ကို ဂုဏ်ယူမြတ်နိုးစေရန်နှင့် စဉ်ဆက်မပြတ် ဆန်းသစ် တီထွင်ဆောင်ရွက်ကြရန် တိုက်တွန်းစေ့ဆော်မှုပေးခြင်း၊ အားပေးကူညီ ပံ့ပိုးမှုပေးခြင်း၊ ဝန်ထမ်းများအား မိမိတို့၏သက်ဆိုင်ရာ ရာထူးအဆင့်အတန်းအလိုက် တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ကျေမှု၊ တာဝန်ခံမှုတို့ကို ရှင်းလင်းစွာသိမြင်စေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် အသိပေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပြီး လေးလတစ်ကြိမ်အကဲဖြတ် စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ ပိုမိုရှင်သန်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးခြင်း၊ ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ နိုင်ငံတော်၏ ယန္တရားအားကောင်းစွာ လည်ပတ်နိုင်စေရေးအတွက် ခံယူချက်ကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ခိုင်မာသည့်ဝန်ထမ်းရေးရာမူဝါဒများ ရေးဆွဲကျင့်သုံးခြင်း၊ နိုင်ငံ့ဝန်ထမ်း ဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒ သုံးသပ်ပြင်ဆင်ရေးဆွဲခြင်း၊ ဝန်ကြီးဌာနအသီးသီးတွင် မူဝါဒရေးရာကော်မတီများမှ မိမိတို့၏ဌာနနှင့်ပတ်သက်၍ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဌာနများတွင် မူဝါဒရေးရာ ဆွေးနွေးပွဲများ (Policy Dialogue) ပြုလုပ်သည့် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးခြင်း၊ အရည်အချင်းကိုအခြေခံ၍ စွမ်းဆောင်ရည်ရှိမှုကို အားပေးသောအလေ့အထနှင့် စနစ်များကို တည်ထောင်ခြင်း၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်း၊ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို သိရှိလိုက်နာဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု/တာဝန်ယူမှု စသည်တို့ကို လွှမ်းခြုံတည့်မတ်ပေးနိုင်သည့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာမူဝါဒ ထွက်ပေါ်လာစေရန်နှင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပြောင်းလဲလာသည့် ခေတ်စနစ်၊ အတွေးအခေါ်အရ ပြည်သူများအပေါ် Customer အဖြစ် အမြင်ရှိနေစေရန် ပြည်သူဗဟိုပြု Public Services Management Policy ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

 အကြံပြုတင်ပြချက်

ဝန်ထမ်းခန့်ထားမှုနှင့်ပတ်သက်၍ သင်တန်းသား သင်တန်းသူ ၂၁ ဦး၏ မိခင်ဌာနများမှ ဝန်ထမ်းအင်အား လေ့လာတွေ့ရှိချက်အရ ဝန်ထမ်းခန့်ထားမှုအင်အားသည် ပျမ်းမျှအားဖြင့် ဖွဲ့စည်းပုံအင်အား၏ ၄၆ ဒသမ ၁ ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရှိရပါသည်။ အနာဂတ်ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒသစ် ပေါ်ထွက်လာမည်ဆိုပါက ဌာနများအလိုက် ဆောင်ရွက်ရသည့်လုပ်ငန်းများကို စိစစ်ပြီး လုပ်ငန်းတာဝန် နည်းပါးသည့်ဌာနများအား ဌာနဖွဲ့စည်းပုံအင်အား၏ ၆၀ ရာခိုင်နှုန်းအထိသာ ခန့်ထားရန်ဖြစ်ပါသည်။ သို့သော်ငြားလည်း လုပ်ငန်းတာဝန်များပြားသည့် ဌာနများအား ၆၀ ရာခိုင်နှုန်းအထက် ဝန်ထမ်းခန့်ထားခွင့်ပြုသင့်ပါကြောင်း အကြံပြုရေးသား တင်ပြအပ်ပါသည်။ ။