ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ကြပါစို့
မွှေး (MA. Corruption and Governance, UK)
ဆင်းရဲနွမ်းပါးမှုနှင့် အဂတိလိုက်စားမှု
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals)ကို ပြည့်မီစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၏ ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးမှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးရှုထောင့်ပေါင်းစုံမှ နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ အဂတိ လိုက်စားမှုသည် ဆင်းရဲနွမ်းပါးမှုကို တိုက်ရိုက် ဖြစ်ပေါ်ခြင်းမရှိသော်လည်း ကြီးမားသောဆိုးကျိုး သက်ရောက်မှုကို သွယ်ဝိုက်၍ဖြစ်ပေါ်ကြောင်း တွေ့ရှိရပါသည်။ ဆင်းရဲနွမ်းပါးမှုနှင့် အဂတိလိုက်စားမှု၏ ဆက်စပ်မှုကို လေ့လာရာတွင် သုတေသနပညာရှင်တို့က-
ဆင်းရဲနွမ်းပါးမှုဆိုသည်မှာ- တစ်ဦးချင်းဝင်ငွေ နည်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်း နိမ့်ကျမှု၊ ထိခိုက်လွယ်သည့် လူတန်းစားအုပ်စု ရာခိုင်နှုန်းများပြားခြင်း စသည့်အချက်များဖြင့် အကြမ်းဖျင်းသတ်မှတ်နိုင်ပါသည်။ ဆင်းရဲနွမ်းပါးမှုကို Gross National Income (GNI) - တစ်ဦး ကျဝင်ငွေ၊ Human Access Index (HAI) - လူသား အရင်းအမြစ်ညွှန်းကိန်း၊ Economic Vulnerable Index (EVI) - စီးပွားရေးထိခိုက်နစ်နာလွယ်မှု ညွှန်းကိန်း) စသည့်ညွှန်းကိန်းများဖြင့် တိုင်းတာ သတ်မှတ်ပါသည်။
အဂတိလိုက်စားမှုဆိုသည်မှာ- ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ အဂတိလိုက်စားမှုပုံစံ အမျိုးမျိုးကို တွေ့ကြုံနေရပြီး အဂတိလိုက်စားမှုကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသော်လည်း အခြေခံ အချက်မှာ ကွဲပြားမှုမရှိကြောင်း တွေ့ရှိရပါသည်။ Transparency International က အဂတိ လိုက်စားမှုနှင့်စပ်လျဉ်း၍ ‘ပုဂ္ဂလိကအကျိုးစီးပွား အလို့ငှာ ယုံကြည်စွာအပ်နှံထားသော လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုခြင်း’ ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ United Nations Development Programme က အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဖော်မြူလာတစ်ခုကို ဖော်ထုတ်ခဲ့ပါသည်။
ဤဖော်မြူလာတွင် အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာကို တစ်ဦးတည်းချုပ်ကိုင် မှုနှင့် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်တို့ကြောင့် တာဝန်ယူတာဝန်ခံမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ ပျောက်ကွယ်ဆုံးရှုံးခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ အဂတိလိုက်စားမှုတွင် အကြီးစားအဂတိလိုက်စားမှု၊ အသေးစားအဂတိ လိုက်စားမှုအပြင် နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဖြစ်သည့် မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ နိုင်ငံ၏မူဝါဒအပေါ် အုပ်ချုပ်သူတို့ အလိုရှိသကဲ့သို့ ခြယ်လှယ်ချုပ်ကိုင်ခြင်း၊ အခွင့်အာဏာရှိသူ၏ဆွေမျိုး၊ မိတ်ဆွေကြီးပွားကောင်းစားရေးအတွက် ပြည်သူကအပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို မလျော်မကန်အသုံးပြုခြင်း စသည့် အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများတွင် ပုံစံ အမျိုးမျိုးဖြင့် တွေ့ရှိရပါသည်။
အဂတိလိုက်စားမှု၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးအပေါ် သက်ရောက်မှု
အဂတိလိုက်စားမှုသည် ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် တစ်ခုအဖြစ်ပါဝင်သည်။ အဂတိလိုက်စားမှုသည် ဆင်းရဲနွမ်းပါးမှုကို တိုက်ရိုက်မဖြစ်ပွား စေသော် လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် စီးပွားရေးနှင့်အုပ်ချုပ်ရေးတွင် တိုက်ရိုက် ဆိုးကျိုးသက်ရောက်စေသည်ဟု ပညာရှင်များက ထောက်ပြကြပါသည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေသော အဂတိလိုက်စားမှုသည် ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပေါ်စေသည့် နောက်ကွယ်မှ နှင်တံတစ်ခုအဖြစ် သွယ်ဝိုက်စွာ ရှိနေပါသည်။
နိုင်ငံတကာမှ ပညာရှင်များက စီးပွားရေးနှင့်အုပ်ချုပ်ရေးအပေါ် အဂတိလိုက်စားမှု၏ ဆိုးကျိုး သက်ရောက်မှုနှင့် စပ်လျဉ်း၍ နမူနာပုံစံ (Paradigm) နှစ်ခုဖြင့် ဖွင့်ဆိုကြပါသည်။
စီးပွားရေးအပေါ်အဂတိလိုက်စားမှု၏ဆိုးကျိုး သက်ရောက်မှုနမူနာပုံစံ(Economic Paradigm)
စီးပွားရေးကဏ္ဍတွင် အဂတိလိုက်စားမှုများ မြင့်မားလာလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းများ ကျဆင်းလာပြီး ပြည်သူများ၏ ဝင်ငွေ မညီမျှမှုများ မြင့်မားလာကာ နောက်ဆက်တွဲအနေဖြင့် ဆင်းရဲနွမ်းပါးသည့်နှုန်း မြင့်မားလာပေမည်။ ဥပမာ- အဂတိလိုက်စားမှုကို ထိန်းချုပ်ကိုင်တွယ် ခြင်းမပြုနိုင်သောတိုင်းပြည်တွင် ပြည်ပနိုင်ငံများမှ ထိရောက်အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာခြင်း၊ စွန့်ဦးတီထွင်လိုသော လုပ်ငန်း ငယ်လေးများက လာဘ်ပေးပြီး လုပ်ကိုင်ခွင့်နှင့် နေရာယူထားသော စီးပွားရေးလုပ်ငန်းများကို မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် စွန့်ဦးတီထွင်လိုစိတ် နည်းပါးသွားခြင်း၊ နောက်ဆုံးတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ မရပ်တည်နိုင်ခြင်းကို ဖြစ်ပေါ်စေပါသည်။ လက်တင်အမေရိကတွင် ကောက်ယူသော အဂတိလိုက်စားမှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းတစ်ခု၌ အဂတိလိုက်စားမှုလျှော့ချနိုင်ခြင်းဖြင့် ၎င်းနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများတွင်ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်အတွင်း ရှစ်ရာခိုင်နှုန်းခန့် တိုးတက်လာပါကြောင်း ၂၀၀၈ ခုနှစ်တွင် ကောက်ယူသော The world bank climate survey က ဖော်ပြထားပါသည်။
အုပ်ချုပ်ရေးအပေါ် အဂတိလိုက်စားမှု၏ ဆိုးကျိုး သက်ရောက်မှုနမူနာပုံစံ(Governance Paradigm)
အုပ်ချုပ်ရေးအပေါ် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုနှင့်စပ်လျဉ်းပြီး ပညာရှင်တို့ ရေးဆွဲထားသော နမူနာပုံစံတွင် အဂတိလိုက်စားမှု မြင့်မားလာသောအခါ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားနှင့် အုပ်ချုပ်မှုစွမ်းရည်မှာ ကျဆင်းသွားပါကြောင်း၊ ဤသို့ကျဆင်းသွားသောကြောင့် အစိုးရက ပြည်သူ့အတွက် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေးနှင့် အခြားသောဝန်ဆောင်မှု၏ အရည်အသွေးများ နိမ့်ပါးကျဆင်းလာပါသည်။ ဥပမာ- အခွန်ကောက်ခံသည့်ကိစ္စတွင် အခွန်ရှောင်တိမ်းမှုများလာပါက အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးအတွက် သုံးစွဲရမည့် ဘတ်ဂျက်များသည် အခွန်ဘဏ္ဍာအပေါ်တွင် မှီခိုနေရသည့်အတွက် ရသင့်ရထိုက်သော အရည် အသွေးပြည့်ဝပြီး လုံလောက်သည့် ဝန်ဆောင်မှုမျိုး မရနိုင်တော့ပါ။ လမ်း၊ တံတားနှင့် အများပြည်သူ ဆိုင်ရာ အဆောက်အအုံဆောက်လုပ်ခြင်းစသည့် ကိစ္စရပ်တွင် အဂတိလိုက်စားမှုများရှိပါက အရည် အသွေးပြည့်မီသော အဆောက်အအုံများ မရနိုင်တော့ဘဲ အဆုံးတွင် အစိုးရ၏ဝန်ဆောင်မှုကို ရယူနေကြရ သည့် ပြည်သူတို့၏ ဘဝအရည်အသွေးပါ နိမ့်ကျစေပါသည်။ ပြည်သူတို့အနေဖြင့်လည်း အများ ပြည်သူဆိုင်ရာ အခမဲ့ရယူနိုင်သည့် ဝန်ဆောင်မှုကဏ္ဍ အသီးသီးတို့တွင် လာဘ်လာဘများပေးပြီး ကျခံသုံးစွဲနေရကြောင်း တွေ့ရပါသည်။
အဂတိလိုက်စားမှုကြောင့် ပြည်သူလူထုအကြား ဝင်ငွေမညီမျှမှုကို ဖြစ်ပေါ်လာစေပြီး လူတန်းစားကွာဟမှုကို ဖြစ်ပေါ်စေပါသည်။ ဆင်းရဲ ချမ်းသာကွာဟမှုကြီးမားသော နိုင်ငံများတွင် လူတိုင်းအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပြီး လူတန်းစားကွာဟချက် ကြီးမားလာကာ မလိုလားအပ်သော ပြစ်မှု(မှုခင်းများ)၊ အဓိကရုဏ်းများနှင့် ပြည်သူတစ်ဦးချင်းစီ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများ ရရှိစေပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းလမ်းသုံးသွယ်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင် သည့် သီအိုရီများ၊ နည်းလမ်းများနှင့် နမူနာပုံစံများ အမျိုးမျိုးထွက်ရှိခဲ့သော်လည်း အဓိကသီအိုရီသုံးခုမှာ- Principal - Agent theory၊ Collective approach theory၊ Institutionalism theory တို့ဖြစ်သည်။
Principal-Agent Theory - ဤသီအိုရီတွင် အုပ်ချုပ်သူများသည် အစိုးရယန္တရားကို လည်ပတ် ပေးသည့် အစိုးရဝန်ထမ်းများ၏ ဆောင်ရွက် ချက်များ၊ လုပ်ငန်းတာဝန်နှင့်ပတ်သက်သည့် အသေးစိတ်ကိစ္စရပ်များနှင့် သတင်းအချက်အလက်များကို အလုံးစုံမသိရှိနိုင်သောကြောင့် အစိုးရ ယန္တရားတွင် ဝန်ဆောင်မှုပေးခြင်း/ ရယူခြင်းလုပ်ငန်းများနှင့် တိုက်ရိုက်ထိတွေ့ရသော အကျင့်ပျက်သည့် ဝန်ထမ်းများက လက်တစ်လုံးခြား အဂတိလိုက်စား နေကြသည်။ ထိုသို့ အကျင့်ပျက်သည့် ဝန်ထမ်းများ အား တိုင်ကြားသူရှိပါက ဥပဒေဖြင့် အရေးယူခြင်း ပုံစံမျိုးဖြစ်သည်။ ၎င်းသီအိုရီကို အခြေခံ၍ ၁၉၈၀ ပြည့်လွန်နှစ်များ၌ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကို ဆောင်ရွက်ခဲ့သော်လည်း တိုင်ကြားသူရှိမှ၊ သက်သေခိုင်လုံမှသာ ဖမ်းဆီးအရေးယူနိုင်သော အားနည်းချက်များကြောင့် ၎င်းသီအိုရီထက် ပိုမိုသင့်လျော်မည့် Collective Approach Theory အား ဖော်ထုတ်ခဲ့ကြသည်။
Collective Approach Theory - ဤသီအိုရီတွင် အုပ်ချုပ်သူအစိုးရ၊ နိုင်ငံ့ယန္တရားကို မောင်းနှင် လည်ပတ်ပေးသူ ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူလူထု တစ်ရပ်လုံးသည် အဂတိလိုက်စားမှု၏ ဆိုးကျိုးကို နားလည်သဘောပေါက်ကြပြီး စုပေါင်းတိုက်ဖျက်ရန် ရည်ရွယ်ထားသည့် သီအိုရီဖြစ်ပါသည်။ ပြည်သူ လူထု၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရ လက်တွဲပြီးစုပေါင်းကာ အဂတိတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ပြုလုပ်ရန် အဆိုပြုသည့် Collective Approach Theory အား ဆယ်စုနှစ် နှစ်ခုနီးပါး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါ သည်။ သို့သော် လူထုတစ်ရပ်လုံးသည် စုပေါင်းပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်လိုသည့် ဆန္ဒရှိကြသော်လည်း လူ့သဘောသဘာဝအရ ကိုယ်ကျိုး စီးပွားအတွက် ရှေ့တန်းတင်ကြသည့်အခါ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားအလွှာအသီးသီးရှိ လာဘ်ပေးလိုသူ၊ လာဘ်ယူလိုသူတို့သည် စုပေါင်းမိ၍ ဟန်ချက်ညီညီ အုပ်စုဖွဲ့ပြီး အဂတိလိုက်စားမှုကို ကျူးလွန်သည့် (Collective Action Problem) ပြဿနာတစ်ရပ် ဖြစ်ပေါ်လာတော့သည်။ နောက်ပိုင်း တွင် ၎င်းသီအိုရီထက် ပိုမိုအားကောင်းသည့် Institutionalism theory ကို ဖော်ထုတ်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် အသုံးပြု လာပါသည်။
Institutionalism theory - ဤသီအိုရီတွင် အစိုးရ၏ ယန္တရားရှိ စနစ်တစ်ခုလုံးကို ခိုင်မာအောင် ဂယ်ပေါက်မရှိစေရေးအတွက် ဌာနအသီးသီးတွင် လုပ်ထုံးလုပ်နည်းများ၊ တိကျသော စံသတ်မှတ် ချက်နှင့် ညွှန်းကိန်းများ၊ E-government system များ၊ တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်လျော်ညီသော လုပ်ထုံးလုပ်နည်းများဖြစ် အောင်ဆောင်ရွက် နိုင်ရေးနှင့် အစိုးရယန္တရားတစ်ခုလုံး အားကောင်းခိုင်မာမှသာလျှင် အဂတိလိုက်စားမှု လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြထားသည့် သီအိုရီဖြစ်ပါသည်။ ၎င်း သီအိုရီကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန် ကောင်းသော ဒီမိုကရေစီနိုင်ငံများတွင် အသုံးပြု လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုံစံ
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ကြိုးပမ်းခဲ့ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည့် ၁၇-၉-၂၀၁၃ မှ စတင်ကာ အာဏာတည်ခဲ့ပါသည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်း ခဲ့သော ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နိုင်ရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပညာပေးရေး အစီအစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက်များ ချမှတ်ခြင်း၊ ကော်မရှင်တွင် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ရေးဆွဲထုတ်ပြန်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြင်ဆင်ခြင်းနှင့် နည်းဥပဒေ များရေးဆွဲခြင်း၊ တိုင်ကြားစာများကို စနစ်တကျ ကိုင်တွယ်ခြင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့များ (Corruption Prevention Units) ဖွဲ့စည်းပြီး ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်း များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင် မြို့များတွင် ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို ကော်မရှင်၏ ပထမသက်တမ်းမှ ယခု တတိယ သက်တမ်းအထိ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိကြောင်းကို မြင်တွေ့ရပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်မှ စတင်ကာ ယနေ့အထိ အစိုးရယန္တရား ခိုင်မာအားကောင်းစေရေး အတွက်လည်း ဝန်ကြီးဌာနအသီးသီးတွင် လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ ပြင်ဆင်ပြောင်းလဲပြီး ပြည်ထောင်စုဝန်ကြီးဌာနအလိုက် မဟာဗျူဟာ အစီအစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ရမည်ဆိုလျှင် ကမ္ဘာ့နိုင်ငံများတွင် အသုံးများသည့် စုပေါင်းတိုက်ဖျက်ရေး နည်းလမ်း သီအိုရီ (Collective Approach Theory) သာမက အစိုးရယန္တရားရှိ ဌာနအသီးသီးတွင် ဂယ်ပေါက် မရှိစေရေး အားကောင်းခိုင်မာစေရေး၊ အဂတိလိုက်စားမှုများ လျော့နည်းပပျောက် စေရေးအတွက် ကြိုးပမ်းနေကြောင်း တွေ့ရှိရသောကြောင့် (Institutionalism Theory) ကိုပါ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း တွေ့ရှိရပါသည်။
နိဂုံး
စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အုပ်ချုပ်ရေးစနစ် ကောင်းမွန်မှသာ ဆင်းရဲနွမ်းပါးမှုပပျောက်မည် ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါးမှုကို သွယ်ဝိုက်ပြီး ဆိုးကျိုးသက်ရောက်စေသော အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်ရေးနှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ အန္တရာယ်မြင့်မားသော ဌာနအသီးသီးရှိ ဂယ်ပေါက်များကို ပိတ်ဆို့နိုင်ရေးသည် အလွန်အရေးကြီး လှပေသည်။ ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တစ်ခုကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ဤသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ တိုးတက်မှုများကို အဟန့်အတား ဖြစ်စေပြီး ဆင်းရဲနွမ်းပါးမှုကို သွယ်ဝိုက်ဖြစ်စေသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်မှသာ နိုင်ငံသား တို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ပေါ်ထွန်းလာနိုင်မည်ဖြစ်သဖြင့် “အဂတိပယ်ခွာ၊ ပြည်သာယာဖို့ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်းလိုက်ရပါသည်။
ရည်ညွှန်းကိုးကား -
1. Corruption and Poverty
2. Corruption and Development
3. Why Corruption is matter : understanding causes, effects and how to address them
4. Why Anti- Corruption Reform Fails