Skip to main content

ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေး

သိန်းထွန်း(IR)

အရေးပါသော အစိတ်အပိုင်းတစ်ရပ်

လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက်မြင့်မားရေးနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ ကြိုးစားရာမှာ ကိုယ့်ရည် မှန်းချက်နဲ့ဆန္ဒတွေ အောင်မြင်ဖို့အတွက်သာမကဘဲ ကိုယ်နဲ့ လူ့အဖွဲ့ အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှုကျင့်ဝတ်တွေဟာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဒီလိုပဲ လူ့အသိုက်အဝန်းတစ်ခုရဲ့ ဓလေ့၊ စရိုက်နဲ့ ယဉ်ကျေးမှုတွေ တိုးတက်မြင့်မားဖို့မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်းက တစ်ဦးချင်းစီရဲ့ ကျင့်ဝတ်လိုက်နာမှုတွေဟာ အရေးပါပါတယ်။

ကျင့်ဝတ်တွေဟာ ဘဝရဲ့အရည်အသွေးတွေ ပေါင်းစပ်ပါဝင်နေတဲ့ အကျင့်စရိုက်တွေလို့ ဆိုပါတယ်။ အဲဒီအရည်အသွေးတွေထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအမြင်၊ အကြံအစည်၊ စေ့ဆော်မှု၊ ရည်ရွယ်ချက်၊ စိတ်နေစိတ်ထား၊ ဆုံးဖြတ်မှု၊ အပြုအမူ၊ စိတ်ကူးစိတ်သန်း၊ ခံယူချက်၊ စိတ်ခံစားမှု၊ မေတ္တာတရားနဲ့ အမုန်းတရားတွေ ပါဝင်ပါတယ်။ တစ်ဦးချင်းစီရဲ့ အဲဒီအရည်အသွေးတွေကပဲ မိမိဟာ ဘယ်လိုလူလဲဆိုတာနဲ့ ဘာအတွက် ရှင်သန်ရပ်တည်တာလဲ ဆိုတာကို ဖော်ပြနေပါတယ်။ ဒါဟာ ကျင့်ဝတ်နဲ့ လူတစ်ယောက် ရဲ့ရပ်တည်မှုအကြား ဆက်နွှယ်မှုအဖြစ် တွေ့ရပါတယ်။

ဒါ့အပြင် ကျင့်ဝတ်တွေက လူတစ်ဦးချင်းစီရဲ့ အကြံအစည်၊ အပြောအဆို၊ အပြုအမူတွေကို တည့်မတ်နိုင်အောင် လမ်းညွှန် ထိန်းကျောင်းပေးနေတာကြောင့် ကျင့်ဝတ်တွေဟာ တစ်ဦးချင်း အတွက် သာမကဘဲ လူ့အဖွဲ့အစည်းတွေရဲ့ အထိန်းအကွပ်တွေလည်း ဖြစ်ပါတယ်။ ကျင့်ဝတ်တွေဟာ လောကပါလတရားလိုပဲ လူသားတွေရဲ့ အပြုအမူဆိုင်ရာတွေကို လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာအနေနဲ့ ထိန်းကျောင်းထားလို့ အရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

ကျင့်ဝတ်

မြန်မာအဘိဓာန်မှာတော့ ကျင့်ဝတ်ဆိုတာကို လိုက်နာစောင့်ထိန်း အပ်သော ဝတ္တရားလို့ ဆိုပါတယ်။ အင်္ဂလိပ်ဝေါဟာရ ethic ကို ဂရိ စကား ethos ကနေဆင်းသက်လာပြီး ဓလေ့ထုံးစံ၊ အလေ့အထ၊ စရိုက် သို့မဟုတ် စိတ်နေသဘောထားကို ဆိုလိုတာလို့ ဆိုပါတယ်။ အင်္ဂလိပ်အဘိဓာန်မှာတော့ အမှားအမှန်ကို လမ်းညွှန်သော အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များလို့ ဖွင့်ဆိုတာတွေ့ရပါတယ်။

ဒီတော့ ကျင့်ဝတ်တွေဟာ လိုက်နာစောင့်ထိန်းအပ်တဲ့ အပြုအမူ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေလို့ ဆိုရမှာပါ။ ကျင့်ဝတ်တွေက ဘဝတစ်ခုကိုဘယ်လို ရှင်သန်ရပ်တည်မလဲ၊ ကိုယ့်ရဲ့အမှန်တရားတွေနဲ့ တာဝန်ယူမှုတွေက ဘာတွေလဲ၊ အမှား/အမှန် ဘယ်လိုတိုင်းတာ ဆုံးဖြတ်ကြသလဲ၊ အကောင်းအဆိုးတွေကို ကိုယ်ကျင့်တရားဆိုင်ရာ ဘယ်လိုဆုံးဖြတ်ကြသလဲဆိုတာတွေနဲ့ ဆက်စပ်ပတ်သက် နေပါ တယ်။

ကျင့်ဝတ်သတ်မှတ်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာကဏ္ဍအလိုက် ကျင့်ဝတ်တွေကတော့ အများကြီးပါပဲ။ ဥပမာ လူမှုကျင့်ဝတ်၊ စီးပွားရေးဆိုင်ရာကျင့်ဝတ်၊ လုပ်ငန်းဆိုင်ရာကျင့်ဝတ်၊ နိုင်ငံရေးကျင့်ဝတ် စသဖြင့်ပေါ့။ လူမှုကျင့်ဝတ်ဆိုပြန်ရင်လည်း အမျိုးမျိုးရှိနေပါတယ်။ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ အကြီးအကဲ ကျင့်ဝတ် စသဖြင့် အများကြီးရှိပါတယ်။ ကျင့်ဝတ်တွေဟာ ဥပဒေလို စည်းနှောင်မှုမရှိဘဲ တစ်ဦးချင်းစီရဲ့ အသိတရားနဲ့ အမှား/အမှန် ဆုံးဖြတ်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုနေထိုင်ပြုမူ လုပ်ဆောင်ရမယ်လို့ ကျင့်ဝတ်များက သတ်မှတ်မထားဘဲ လုပ်ဆောင် သင့်တဲ့နည်းလမ်းကိုသာ ညွှန်ပြပါတယ်။ ဒါကြောင့် လူ့တွေရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးကို ထိန်းသိမ်းဖို့ဆိုရင် ကျင့်ဝတ်တွေကို တစ်ဦးချင်းစီက လိုက်နာဖို့ ဝတ္တရားရှိပါတယ်။ အဲဒီလို ကျင့်ဝတ်တွေ ရှိနေပေမယ့် ကျင့်ဝတ်တွေကို လိုက်နာမှ သူ့ရဲ့တန်ဖိုးတွေ၊ သူ့ရဲ့အနှစ်သာရတွေက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကိုရော အကျိုးပြုစေမှာပါ။

ပြောင်းလဲလာသည့် အခြေအနေ

လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်တွေ လိုက်နာဖို့ အရေးပါတယ် ဆိုသော်လည်း ပြောင်းလဲနေတဲ့ ခေတ်အခြေအနေအောက်မှာ ကျင့်ဝတ်တွေရဲ့ အရေးပါမှု၊ လိုက်နာမှုနဲ့ တန်ဖိုးထားမှုတွေ လျော့နည်း ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒီကနေ့ခေတ်မှာ သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေး၊ ဆက်သွယ်ရေးစနစ်နဲ့ ယဉ်ကျေးမှုတွေ ဆက်စပ်လာမှုတွေကြောင့် လူတွေရဲ့နေ့စဉ်ဘဝတွေ၊ သူတို့ရဲ့ အလုပ်အကိုင်နဲ့ ပြောဆိုဆက်ဆံရာမှာ အရေးပါတဲ့ ကျင့်ဝတ်ဆိုင်ရာကိစ္စတွေကို လျစ်လျူရှုလာကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ယှဉ်ပြိုင်မှုတွေ များပြားလာပြီး တစ်ဦးချင်းစီရဲ့ အတ္တတွေ၊ လောဘတွေ မြင့်မားလာတာကလည်း ကျင့်ဝတ်လျော့နည်းလာရခြင်း အကြောင်းရင်းတစ်ရပ်အဖြစ် တွေ့ရပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေး မှု၊ သဘာဝ ပတ်ဝန်းကျင်နဲ့ အခြားအခြားသော ကိစ္စရပ်တွေ ကျယ်ပြန့်လာ၊ ဆက်စပ်လာတဲ့အတွက် လူတန်းစားမညီမျှမှု၊ ဆင်းရဲချမ်းသာ မညီမျှမှုဆိုတာ နောက်မှာတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လျော့နည်း ကျဆင်းမှုတွေနဲ့ တွေ့ကြုံနေရပါတယ်။ ဒါ့အပြင် လူတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာအပေါ် မှီခိုမှုတွေ ပိုများလာပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ကျင့် တရား၊ ကျင့်ဝတ်ဆိုင်ရာတွေမှာ အားနည်းလာတာ တွေ့ရပါတယ်။

လိုက်နာသင့်သောအချက်အချို့

ကိုယ်လုပ်မယ့်အလုပ်တစ်ခုအပေါ် လုပ်သင့်နဲ့ မလုပ်သင့်၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားအကြား ခွဲခြားဆုံးဖြတ်ရာမှာ ကျင့်ဝတ်တွေက အရေးကြီးပါတယ်။ အချို့နယ်ပယ်တွေမှာ လိုက်နာ သင့်တဲ့ကျင့်ဝတ်တွေကို ရေးသားဖော်ပြထားတာတွေ ရှိပါတယ်။ အချို့နယ်ပယ်တွေမှာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရား၊ အသိတရားတို့နဲ့ အမှား/အမှန်၊ အကောင်း/ အဆိုး၊ လုပ်သင့်/ မလုပ်သင့် ခွဲခြားဆုံးဖြတ်ကြရပါတယ်။ အချို့သူတွေ ကတော့ ကိုယ်ကျင့်တရားကို လက်ကိုင်ထားတတ်ကြပြီး မိမိအပေါ် ပြုမူပြောဆိုစေချင်သလို အခြားသူတွေအပေါ်မှာ ပြုမူပြောဆိုတဲ့ မိမိနဲ့ယှဉ်တဲ့ ကိုယ်ချင်းစာတရားနဲ့ ပြုမူပြောဆို လုပ်ကိုင် တတ်ကြပါတယ်။

ကျင့်ဝတ်တွေမှာ တစ်ဦးချင်းဆိုင်တဲ့ကိစ္စတွေ၊ လူ့ကျင့်ဝတ်၊ ဥပဒေ ရေးရာနဲ့ လူမှုရေးစံနှုန်း၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံတွေ ပေါင်းစပ်ပြီး တွေးခေါ်မှုနဲ့အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေဖြစ်လို့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းနဲ့ နယ်ပယ်အလိုက် ကွဲပြားမှုတွေရှိကြ ပါတယ်။ အခြေအနေတွေနဲ့ ယဉ်ကျေးမှုတွေ မတူကွဲပြားရင်လည်း ကျင့်ဝတ်တွေ ကွဲပြားတတ်တာကြောင့်မို့လို့ အမှန်တရားဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာလည်း ကွဲပြားမှုရှိနိုင်ပါတယ်။ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ကွဲပြားမှုတွေရှိပေမယ့် လိုက်နာသင့်တဲ့အချက်အချို့ကို အမေရိကန်နိုင်ငံ Cal Poly State University မှ ဂုဏ်ထူးဆောင် ပါမောက္ခ Steven Mintz က ပြောထားပါတယ်။ အဲဒီအချက်တွေထဲမှာ ဆိုရင် -

အခြားသူတွေကို ဒုက္ခမရောက်ပါစေနဲ့။ ကျင့်ဝတ်တွေထဲက အရေးကြီးဆုံး အချက်တစ်ချက်လို့ ဆိုနိုင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ဆန္ဒနဲ့လုပ်ငန်းအောင်မြင်တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ ကိုယ့်ကြောင့် အခြားသူတွေကို ဒုက္ခမရောက် စေသင့်ပါဘူး။ လူတိုင်းမှာ ကိုယ့်အခွင့်အရေးကို လွတ်လပ်စွာ အသုံးချပိုင်ခွင့်ရှိကြပါတယ်။ သို့သော်လည်းပဲ ကိုယ့်အခွင့်အရေးကို အသုံးချရာမှာ အခြားသူတွေရဲ့ အခွင့်အရေးတွေကို မထိခိုက်စေဖို့၊ သူတစ်ပါးကို ဒုက္ခမရောက်စေဖို့ လိုပါတယ်။ လူတိုင်းစောင့်ထိန်း လိုက်နာသင့်တဲ့ ကျင့်ဝတ်လို့လည်း ဆိုနိုင်ပါတယ်။

ပိုကောင်းအောင် ပြုလုပ်ပါ။ ကျင့်ဝတ်တွေဟာ ကိုယ်ရဲ့ဘဝအခြေ အနေကို ချမ်းသာကြွယ်ဝမှု၊ အောင်မြင်မှုရှုထောင့်ကနေ ရပ်တည် လုပ်ဆောင်တာမဟုတ်ဘဲ ကောင်းမွန်တဲ့ အမူအကျင့်တွေ လိုက်နာ စောင့်ထိန်းပြီး တိုးတက်အောင်ပြုလုပ်တာဖြစ်ပါတယ်။ ကိုယ်ပြုလုပ် တဲ့အရာတွေကို ကျင့်ဝတ်တွေနဲ့အညီ ပိုမိုကောင်းအောင်ပြုလုပ်တာကြောင့် ကိုယ်လည်းပျော်ရွှင်မှုရ၊ သူတစ်ပါးကိုလည်း မထိခိုက်စေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

အခြားသူတွေအပေါ် မျှတစွာဆက်ဆံပါ။ သူတစ်ပါးကို မျှတစွာဆက်ဆံဖို့ဆိုရင် ကိုယ်ချင်းစာတရားနဲ့ လေးစားမှုရှိဖို့လိုပါတယ်။ ကိုယ်နဲ့ယှဉ်တဲ့ ကိုယ်ချင်းစာတရားနဲ့ လေးစားမှုရှိမှ သူတစ်ပါးအပေါ် ကို မျှမျှတတဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်အပြုအမူတွေကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စဉ်းစားပါ။ လူတွေနဲ့ စုပေါင်းနေထိုင်လုပ်ကိုင်နေတဲ့ လူ့အဖွဲ့အစည်း မှာ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ အခြားသူတွေအပေါ် အကျိုးသက်ရောက် နေတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ကိုယ့်လုပ်ရပ်က အခြားသူတွေ အပေါ် သက်ရောက်သလို အခြားသူတွေရဲ့လုပ်ရပ်တွေကလည်း ကိုယ့်အပေါ် အကျိုးသက်ရောက် နေပါတယ်။ ဒီနေရာမှာ သတိထားဖို့က ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ဘယ်သူ့ကို အကျိုးပြုစေမလဲ၊ ဘယ်သူ့ကို ထိခိုက်စေနိုင်သလဲ၊ အများအတွက်ရော ကောင်းကျိုးတွေဖြစ်စေ မလား၊ ဆိုးကျိုးတွေ ဖြစ်စေမလား၊ ရေတိုရေရှည် အကျိုးကျေးဇူးနဲ့ ဆုံးရှုံးနိုင်မှု စတဲ့အကျိုးဆက်တွေကို ကိုယ်စီကိုယ်စီက ထည့်ပြီးစဉ်းစားဖို့ လိုပါတယ်။ အခြားသူတွေရဲ့အခွင့်အရေးကို လေးစားပါ။ လူတစ်ဦး ချင်းစီရဲ့ ဘဝနေထိုင်မှု ပုံစံတွေဟာ မိမိကိုယ်မိမိ လေးစားမှု၊ သူတစ်ပါးအပေါ် လေးစားမှု၊ အပြန်အလှန် လေးစားမှုအပေါ် များစွာ မူတည်ပါတယ်။ အခြားသူတွေအပေါ် ပြုမူဆက်ဆံရာမှာ ကိုယ့်ကို အခြားသူတွေက ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း ပြုမူဆက်ဆံနိုင်ဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး သူ့အခွင့်အရေး ကိုယ့်အခွင့်အရေး အပြန် အလှန် လေးစားကြမယ်ဆိုရင် ငြိမ်းချမ်းတဲ့ ဝန်းကျင်၊ ပဋိပက္ခ လျော့နည်းတဲ့ဝန်းကျင်အဖြစ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာရှိရှိလုပ်ဆောင်ပါ။ ကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာဟာ အပြန် အလှန် ဆက်စပ်နေပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာမကျဆင်းဖို့ ကျင့်ဝတ် တွေလိုက်နာဆောင်ရွက်ဖို့ လိုသလို ကျင့်ဝတ်တွေ လိုက်နာခြင်းနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိန်းနိုင်ပါတယ်။ ဥပမာအနေနဲ့ စီးပွားရေး သမားတစ်ဦးဖြစ်စေ၊ ဝန်ထမ်းတစ်ဦးဖြစ်စေ ကိုယ်နဲ့သက်ဆိုင်တဲ့ နယ်ပယ်အလိုက် ကျင့်ဝတ်နဲ့ လူမှုကျင့်ဝတ်တွေကို လိုက်နာမှ ဂုဏ် သိက္ခာကို မြှင့်တင်နိုင်မှာပါ။ ဝိသမလောဘသားတွေဟာ ဂုဏ်သိက္ခာ ကို အလေးမထားဘဲ ကျင့်ဝတ်မဲ့လုပ်ဆောင်မှုတွေကြောင့် သူ့တစ်ကိုယ်စာအတွက် အဆင်ပြေနိုင်ပေမယ့် ဖြစ်လာတဲ့ အကျိုးဆက်တွေက အခြားသူတွေအပေါ် ထိခိုက်နစ်နာ စေနိုင်ပါတယ်။ ဒါကြောင့် ကျင့်ဝတ်ဆိုတာ လုပ်သင့်တာကိုသိပြီး လုပ်ခြင်းနဲ့ မလုပ်သင့်တာကို သိပြီး ရှောင်ရှားတာလို့ဆိုတာ ဖြစ်ပါတယ်။

မြန်မာမှုနယ်ပယ်မှာဆိုရင် လူတစ်ယောက်ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကို ထိန်းသိမ်းပေးတဲ့ လောကပါလတရား၊ ကျင့်ဝတ်၊ နီတိ၊ စာရိတ္တဆိုင်ရာတွေအပြင် လောကီ၊ လောကုတ္တရာဆိုင်ရာ အဆုံးအမ တွေ များစွာရှိပါတယ်။ လိုက်နာကျင့်ကြံနိုင်ဖို့ပဲ လိုတာပါ။

လိုက်နာသင့်

လူတစ်ဦးချင်းစီတိုင်းနဲ့ လူ့အဖွဲ့အစည်းတွေမှာ ကျင့်ဝတ်တွေ လိုက်နာကြဖို့ လိုအပ်တယ်ဆိုပေမယ့် ကျင့်ဝတ်လိုက်နာမှု အားနည်း တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ အများအားဖြင့်တော့ လုပ်သင့် လုပ်ထိုက်တဲ့အရာတွေကို လုပ်ဖို့ရာမှာ ကာယကံရှင် ကိုယ်တိုင်ရဲ့ မလိုက်နာမှုနဲ့ ပတ်ဝန်းကျင်ရဲ့ဖိအား အခြေအနေတွေကြောင့် ကျင့်ဝတ်စောင့်ထိန်းမှုအားနည်းတာ တွေ့ရပါတယ်။ အဲဒီလိုအားနည်း သူတွေ ရှိကြသလို ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ခါးဝတ် ပုဆိုးလို ကျင့်ဝတ်မြဲမြံသူတွေလည်း ရှိကြပါတယ်။

ကိုယ့်အကျိုး၊ အများအကျိုးမျှတဖို့ဆိုရင်တော့ ကျင့်ဝတ်တွေကို လိုက်နာသင့်ပါတယ်။ လူမှုပတ်ဝန်းကျင်တွေ၊ အဖွဲ့အစည်းတွေ၊ အသိုက်အဝန်းတွေမှာ ကျင့်ဝတ်တွေ ကင်းမဲ့နေမယ်၊ အားနည်းနေမယ်ဆိုရင် အဲဒီဝန်းကျင်ဟာ အကွပ်မဲ့ကြမ်းလို ဖြစ်လာနိုင်ပါတယ်။ လူ့အသိုက်အဝန်းတွေ၊ လူမှုအဖွဲ့အစည်းတွေဆိုတာက အများနဲ့ စုပေါင်းနေထိုင်လုပ်ကိုင်ကြရတာမို့ အပြန်အလှန် အကျိုးသက်ရောက် မှုတွေ၊ ကောင်းကျိုး/ ဆိုးကျိုးတွေ ဆက်စပ်နေကြပါတယ်။ လူ တစ်ယောက်ရဲ့ကောင်းမွေဆိုးမွေက အဖွဲ့အစည်းအပေါ် ကောင်းကျိုး ဆိုးကျိုးသက်ရောက်နိုင်သလို အဖွဲ့အစည်းရဲ့ ကောင်းမွေ ဆိုးမွေတွေကလည်း လူတစ်ယောက်ချင်းစီအပေါ် အကျိုးသက်ရောက်နေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အသေးငယ်ဆုံးဖြစ်တဲ့ မိသားစုတစ်ခုအတွင်းမှာပဲ သားသမီးနဲ့ မိဘအကြား၊ မောင်နှမတွေအကြား၊ အကြီးနဲ့အငယ် အကြား၊ မိသားစုနဲ့ ပတ်ဝန်းကျင်အကြား လူမှုကျင့်ဝတ်တွေ အားနည်းလာမယ်ဆိုရင် အဲဒီမိသားစုအတွင်း အပြုအမူဆိုင်ရာ၊ ကိုယ်ကျင့်တရား ဆိုင်ရာတွေမှာလည်း အားနည်းလာနိုင်ပါတယ်။ ဒီတော့ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တွေ တည်ဆောက်ဖို့ဆိုရင် ကျင့်ဝတ်လိုက်နာတတ် တဲ့အလေ့အကျင့်တွေ ပြုစုပျိုးထောင်ပေးဖို့ လိုမှာပါ။

ကိုယ်ရည်ကိုယ်သွေး

ကျင့်ဝတ်တွေဟာ အမူအကျင့်ဆိုင်ရာစံနှုန်းတွေဖြစ်ပြီး လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးကို ဖော်ပြနေတာကြောင့် ကျင့်ဝတ်လိုက်နာတဲ့ အလေ့အကျင့်ရှိဖို့ လိုအပ်မှာပါ။ ရိုးသားမှု၊ ယုံကြည်စိတ်ချရမှု၊ တာဝန်ယူမှု စတဲ့ကျင့်ဝတ်တန်ဖိုးတွေဟာ အခြား သူတွေကို မထိခိုက် မနစ်နာစေဘဲ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျင့်ဝတ်တွေကို လိုက်နာတယ်၊ မလိုက်နာဘူးဆိုတာ ကိုယ့်ရဲ့ရွေးချယ် ဆုံးဖြတ်မှုနဲ့သာ သက်ဆိုင်ပါတယ်။

သတိပြုရမှာက ကိုယ်ရွေးချယ်ဆုံးဖြတ်လိုက်တာတွေဟာ ကိုယ့်ရဲ့ ဘဝ အရည်အသွေးအပေါ် အမြဲပဲလွှမ်းမိုးနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲမှာ လူတစ်ဦး ချင်းစီရဲ့ တွေးခေါ်မှုပုံစံတွေ၊ စိတ်ခံစားချက်တွေနဲ့ အပြုအမူပုံစံတွေ ပါဝင်တာမို့ ကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ဆိုရင် ကျင့်ဝတ်နဲ့ညီတဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ပြောဆိုပြုမူမှုတွေ ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။

ကိုးကား

Steven Mintz / Everyday Ethics/ November 1, 2016.

https://www.ethicssage.com/ 2016/11/everyday-ethics-.html