အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး
နွေကံ့ကော်(မြို့လှ)
ယခုဆိုလျှင် ပြည်သူတို့နှင့် ကာလတစ်ခုကြာ ကင်းကွာခဲ့သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာမီအချိန်အတွင်း ကျင်းပတော့မည် ဖြစ်ပေသည်။ တိုင်းရင်းသားပြည်သူ အပေါင်းအတွက် အမျိုးသားရေး ကိုယ်ခံစွမ်းအားကြံ့ခိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည့်အတွက် အမျိုးသားရေး အားဆေးတိုက်ကျွေးသော ပွဲကြီးဟုပင် ဆိုနိုင်ပါသည်။
မကြာမီကျင်းပတော့မည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၏ ဦးတည်ချက်များမှာ-
(က) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
( ခ ) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊
( ဂ ) အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊
(ဃ) ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး ဟူသည့်အချက် (၄)ချက်ဖြင့် ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။
(က) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
ယဉ်ကျေးမှုသည် တိုင်းပြည်တစ်ခုတွင်ရှိသည့် တိုင်းရင်းသားလူမျိုးအပေါင်း၏ နှလုံးသားဟု တင်စားတတ်ကြသည်။ ထိုသို့တင်စားရန်အတွက်လည်း လုံလောက်သော သမိုင်းအထောက်အထားများက မှတ်တမ်းအဖြစ် သမိုင်းစာမျက်နှာအသီးသီးတွင် ကျန်ရစ်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ မှီတင်းနေထိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ၊ ပိုင်ဆိုင်ခဲ့သည့် အထောက်အထားများစွာ ရှိနေပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်မှုကြောင့် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးကဏ္ဍများ အနည်းငယ် ထွေးရောယှက်တင်ရှိခဲ့သည့်တိုင် မြန်မာ့ဟန် မြန်မာ့သဏ္ဌာန်ဖြင့်သာ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်ကို တွေ့ရှိရပေသည်။ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း စသော ပျူမြို့ပြ နိုင်ငံများ၏ သမိုင်းအထောက်အထားအပြင် ရခိုင် ဝေသာလီနှင့် မွန်တို့၏ သုဝဏ္ဏဘူမိ မြို့ပြနိုင်ငံများကို လေ့လာကြည့်ရာတွင်လည်း ထိုခေတ်ထိုအခါက ယဉ်ကျေးမှုအဆင့်အတန်းများကို တွေ့ရှိခဲ့ရပါသည်။
ထိုဒေသများမှ တူးဖော်ရရှိသော အရာဝတ္ထုများကို သုတေသနပြုကြရာတွင် ပုတီးနားတောင်း၊ လက်စွပ်အဆင်တန်ဆာများမှတစ်ဆင့် ပျူတို့၏ လယ်ယာလုပ်ငန်းအကြောင်း၊ ပန်းပဲ၊ ရက်ကန်းနှင့် အိုးလုပ်ငန်းများအကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်းကန်များမှ တစ်ဆင့် ခဲပြား၊ သံဖြူ၊ ကြေးပြားနှင့် ကြေးခတ် လုပ်ငန်းလည်းရှိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပါသည်။ ရုပ်တုရုပ်ပွားများကြောင့် ကျောက်ဆစ် အတတ်ပညာ ထွန်းကားခဲ့သည်ဟု မှတ်သားနိုင် သည့်အပြင် ဗိသုကာ အတတ်ပညာများကိုပါ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ မြှုပ်နှံထားသော ပျူငွေဒင်္ဂါးများ၊ ရေသွင်း ရေထုတ်တူးမြောင်းများ နံရံဆေးရေးပန်းချီ အတတ်ပညာနှင့် အိုးခွက်ပေါ်မှ ဆေးရေးပညာရပ်များအပြင် အခြားသောတူရိယာ ဂီတ အဆို သုခုမ ပညာရပ်များ၏ အဆင့်အတန်းမြင့်မားခဲ့ပုံများကို လေ့လာသိရှိခဲ့ရပါသည်။
ယဉ်ကျေးမှုဟုဆိုရာတွင် ခေတ်၏အခြေအနေ၊ လူသားတို့ ဝတ်စားဆင်ယင်မှု၊ ပန်းချီ၊ ပန်းပု လက်မှု အနုပညာလက်ရာများ၊ အဆို၊ အတီး၊ အက စသော သုခုမပညာရှင်များ၊ အရေးအသား အတွေးအခေါ် အမြော်အမြင်စသည့် စာပေရေးသားခြင်းဆိုင်ရာများနှင့် ရိုးရာဓလေ့ထုံးစံ ဘာသာအယူဝါဒ၊ ယုံကြည်မှုအပြင် လူနေမှုစနစ်များလည်း ပါဝင်လျက်ရှိနေပေသည်။ စာပေနှင့် ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု လက်မှုအတတ်ပညာများသည်လည်း အနုပညာ ဖြစ်၍ အဆို၊ အက၊ အရေး၊ အတီး ပညာမှာ သုခုမ ပညာရပ်ပင် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ထိုသုခုမပညာရပ်များသည် တိုင်းရင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာအဆင့်အတန်းကို ဖော်ညွှန်းနေသော အရာများပင် ဖြစ်ချေသည်။ ကျွန်ုပ်တို့မှီတင်းနေထိုင်သော အမိနိုင်ငံတော်ကြီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ပိုင်ဆိုင်ထားပြီးဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေး လက္ခဏာများကို ပျောက်ပျက်ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကာကွယ်သွားကြရမည် ဖြစ်ပေသည်။
(ခ ) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး
တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော် မှီတင်းနေထိုင်သည့် အမိနိုင်ငံတော်ကြီးတွင် လူမျိုး တစ်မျိုးနှင့်တစ်မျိုး အကြားရှိကြသည့် မတူညီသည့် ရိုးရာယဉ်ကျေးမှုများကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလိုပင် သူ့အရပ် သူ့ဒေသအလိုက် အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များနှင့် အခြားသော ဆိုရိုးစကားများ၊ ရာသီပွဲသဘင်များလည်း ရှိကြပေသည်။ မြန်မာတို့သည် ရန်အပေါင်း အောင်မြင်ရန် အထိမ်းအမှတ်အဖြစ် သပြေပန်းကို ဆင်ယင်တတ်ကြသကဲ့သို့ ကချင်တွင် မနောတိုင်၊ ကယားတွင် ကိန္နရာ ကိန္နရီ၊ ကရင်တွင် ဖားစည်၊ ချင်းတို့က အောက်ချင်းငှက်နှင့် တောင်ဇလပ်၊ မွန်တွင် ဟင်္သာငှက်၊ ရခိုင်တို့သည် သီရိဝစ္ဆပန်းဒင်္ဂါး၊ ရှမ်းတို့က ကျားခေါင်းနှင့် အိုးစည် စသည်တို့သည် တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြယုဂ်များပင် ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တို့၏ အထက်ပါ အမျိုးသားရေး အထိမ်းအမှတ်သင်္ကေတများတွင် သက်ဆိုင်ရာ ရာဇဝင်အသီးသီး ရှိကြပေသည်။ ထိုရာဇဝင်များမှတစ်ဆင့် တိုင်းရင်းသားအသီးသီးတို့၏ ရိုးရာ ယဉ်ကျေးမှုများကို စာရေးသူတို့ သိရှိခွင့်ရခဲ့ပါသည်။ မည်သည့်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေး မှုအမွေအနှစ်များပင်ဖြစ်စေ အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူများ ဖြစ်ကြသည့်အလျောက် We are Myanmar တည်းဟူသော ခံယူချက်ဖြင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မြှင့်တင်သွားကြဖို့ လိုအပ်ပေသည်။
(ဂ ) အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်းပေးနိုင်ရေး
ရိုးရာယဉ်ကျေးမှုဟုဆိုရာတွင် ဝတ်စားဆင်ယင်မှု၊ စားသောက်နေထိုင်မှု၊ အနုပညာစာပေ ဖန်တီးမှုလက်ရာ စသဖြင့် အလွှာစုံပါဝင်လျက်ရှိပါသည်။ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အကွေ့အကောက်များနှင့်အတူ မိမိတို့၏ ပင်မရေသောက်မြစ် လူနေမှုစနစ်ကြီးတစ်ခုလုံး လိုက်ပါပြောင်းလဲသွားမည်ဆိုပါလျှင် ကမ္ဘာတွင် ကွယ်ပျောက်ခဲ့သည့် နိုင်ငံကြီးများကဲ့သို့ တစ်နေ့နေ့ ယဉ်ကျေးမှုလှိုင်း၏ ဝါးမျိုခြင်းကို ခံသွားကြရမည် ဖြစ်ပေသည်။ တိုင်းပြည်ရှေ့ရေးကို ရေရှည်မြော်တွေးသည့် နိုင်ငံ့အစိုးရတိုင်းသည် လူငယ်များ၏ စာရိတ္တမဏ္ဍိုင် ခိုင်ခံ့မှုရှိစေရေးအတွက် ရိုးရာယဉ်ကျေးမှု အစဉ် အလာများမှပေးသော နိုင်ငံ့စွမ်းအားများကို တစ်နည်းတစ်ဖုံဖြင့် ဖော်ထုတ်ပေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ အကျိုးဆက်အားဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ထိန်းလိုသော မျိုးဆက်သစ်များ တိုးပွားခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် စားသောက်နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ စာပေဂီတများကို တန်ဖိုးထားခြင်းအပေါ် ရှေးရိုးဆန်သည်ဟု မှတ်ယူ၍မရပေ။ ရိုးရာအပေါ် ခေတ်သစ်နှင့် ပေါင်းစပ်ဖန်တီးရာတွင် ရှေးရိုးရာမပျက် တင်ဆက်နိုင်ရန် အရေးကြီးပေသည်။ သို့မှသာ မျိုးဆက်သစ်လူငယ်များ၏ နှလုံးအိမ်အတွင်း မှန်ကန်သော အမျိုးသားရေး စိတ်ဓာတ်ကောင်းများ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုအမျိုးသားရေး စိတ်ဓာတ်များဖြင့်သာ တိုင်းပြည်အပေါ် ကျေးဇူးဆပ်နိုင်မည့် လူသားများ ဖြစ်လာကြလိမ့်မည် ဖြစ်ပေသည်။
(ဃ) ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူ ပြုနိုင်ရေး
“တစ်ဦးအကြောင်းတစ်ဦး သိရှိနားလည်မှုမှသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး တစ်ပြည်နယ်နှင့် တစ်ပြည်နယ် ချစ်ကြည်ရင်းနှီးရေးသို့” ဟူသည့်အတိုင်း လူတစ်ဦးနှင့်တစ်ဦးမှ အစပြုလျက် လူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် နားလည်မှုရှိခြင်းများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူကောင်း တစ်ခုပင် ဖြစ်ပါသည်။
နိုင်ငံများကြားတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များစေလွှတ်၍ အပြန်အလှန် ချစ်ခင်ရင်းနှီးမှုကို ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ရေးအတွက်ပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့နိုင်ငံတော်တွင် ကချင်တောင်တန်းနှင့် ရှမ်းရိုးမပေါ်မှ တေးသီချင်းများကို မြေပြန့်မှလူများက နှစ်သက်မြတ်နိုးစွာ သီဆိုကြသကဲ့သို့ ကရင်ဒုံးယိမ်းသီချင်းများကိုလည်း သဘောကျကြပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့၏ တေးသီချင်းများနှင့် အဝတ်အထည် အစားအသောက်များကို တိုင်းရင်းသားအားလုံးက နှစ်သက်မြတ်နိုးစွာ သုံးစွဲကြခြင်းသည် သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှုကို အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် အသိအမှတ်ပြုမှုများသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု၏ မြစ်ဖျားခံရာပင် ဖြစ်သည့်အတွက် ယဉ်ကျေးမှုဟူသည် စကားလုံးအားဖြင့် တိုတောင်းသော်ငြား လေးနက်မှုနှင့် အနှစ်သာရများစွာ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။
အနှစ်ချုပ်ဆိုရပါလျှင် ယဉ်ကျေးမှုသည် လူသားတိုင်း၏ နှလုံးသည်းပွတ်ပမာ ဖြစ်သကဲ့သို့ လူသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတိုင်းအတွက်လည်း အဖိုးထိုက်သည့် အင်္ဂါတစ်ရပ်ပင် ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မြေပေါ်မြေအောက် သယံဇာတများ မည်သို့ပင် ကုံလုံကြွယ်ဝသည့်တိုင် တိုင်းပြည်၏ အမျိုးသားရေး လက္ခဏာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မထိန်းသိမ်းနိုင်ပါက တိုင်းပြည်သည် တစ်စတစ်စ လျှောကျပျက်စီးရစမြဲ ဖြစ်ပါသည်။ အတိတ်ကမ္ဘာ့သမိုင်းတွင် ပေါ်ထွန်းခဲ့သော ယဉ်ကျေးမှု ထွန်းကားခဲ့သည့် နိုင်ငံအချို့ ယနေ့ကမ္ဘာကြီးပေါ်တွင် ပျောက်ကွယ်ခဲ့သည်ကိုကြည့်ပြီး သင်ခန်းစာ ယူတတ်ကြဖို့ လိုအပ်ပါသည်။ တစ်ချိန်တစ်ခါက နှစ်စဉ်နှစ်တိုင်း ကျင်းပဖြစ်ခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှုကို ဖော်ညွှန်းသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် အမျိုးသားရေးကို လွဲမှားစွာ ပုံဖော်သော လူတစ်စုကြောင့် ကာလတစ်ခုအတွင်း မှေးမှိန်ခဲ့ရသည်။ ယခုမှာမူ စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်များဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ဆောင်မည့် အစိုးရ၏ ဦးဆောင်မှုနှင့်အတူ အမျိုးသားရေးလက္ခဏာများကို ပြန်လည်ဖော်ထုတ်တော့မည် ဖြစ်ပေသည်။ မျိုးဆက်သစ် လူငယ်များအတွက်သာမက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် လိုအပ်နေသော အမျိုးသားရေးအားဆေး တိုက်ကျွေးမည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား တိုင်းပြည်ကို စစ်မှန်စွာချစ်သော ပြည်သူတစ်ဦး၏ ခံစားချက်ဖြင့် လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆို လိုက်ရပါသည်။ ။