အသိနဲ့ အကျင့်
မောင်မိုးတိမ်
“မည်သူမဆို မိမိ၏ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ကောင်းသည်ထက်ကောင်းအောင် အစဉ်ပြုပြင်နေသင့်သည်။ သေသည်အထိ အမြဲပြုပြင်နေရမည်။”
အရှင်ဇနကာဘိဝံသ (၁၉၀၀-၁၉၇၇)
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်
သက်တော် ၅၀၊ ဝါတော် ၃၀၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်တွင် ဆရာတော်သည် နိုင်ငံတော်အစိုးရက “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းမှုအားခံယူတော်မူပါသည်။ မဟာဂန္ဓာရုံ ကျောင်းတိုက်ကို စတင်တည်ထောင်တော်မူခဲ့ပြီး ယနေ့ထက်တိုင် သံဃာတော်စာသင်သား ထောင်ပေါင်းများစွာ စာပေသင်ကြားပျိုးထောင်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ နိုင်ငံတကာပညာရှင်များ၊ လေ့လာသူပုဂ္ဂိုလ်များနှင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များနေ့စဉ်လိုလို ဥဒဟိုလာရောက် လေ့လာကြကာ အံ့ဩဝမ်းသာ ချီးကျူးအားကျနေကြသော စာသင်တိုက်ကြီးဖြစ်ပေသည်။
ကျမ်းကြီး၊ ကျမ်းငယ်ပြုစုတော်မူ
ဆရာတော်က ပြောသလိုလုပ်၍လုပ်သလို ပြောသည်။ သဒ္ဒါ၊ ဝိနည်း၊ အဘိဓမ္မာ၊ သုတ္တန်ကျမ်းများကို သာသနာ့တာဝန်၊ တိုင်းပြည်တာဝန် ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအတွက် မပင်မပန်း ချမ်းသာလွယ်ကူစွာ ပေါက်မြောက်ကျွမ်းကျင်ကြစေရန် သင်ရိုးကုန်အောင် ပြုစုတော်မူခဲ့ပါ၏။ တိုင်းပြည်နှင့် သာသနာကို စည်ပင်ပြန့်ပွားအောင် ထမ်းဆောင်နိုင်ကြစေရန် ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ အနာဂတ်သာသနာ၊ ဗုဒ္ဓဘာသာသင်ခန်းစာအတွဲများ စသည်ဖြင့် ဘာသာဋီကာအမျိုးမျိုးသော ကျမ်းကြီး၊ ကျမ်းငယ် အသွယ်သွယ်ကို မပြတ်မလပ် ပြုစုတော်မူခဲ့သည်။
ဆရာတော်ကြီး၏ ကျောင်းတိုက်စာသင်သားဝင်ခွင့် စိစစ်ရွေးချယ်သောအခါ စဉ်းစားဆုံးဖြတ်ရမည့်မူဝါဒ ၁၀ ချက်ဖြင့် နှုတ်မေးစစ်ဆေးကာ ရွေးချယ်လေ့ရှိသည်။ ပထမဦးစားပေးအချက်မှာ “စိတ်ကောင်းရှိဖို့က ပထမ” ဟူ၍ သတ်မှတ်ပါသည်။ “စာတတ်ဖို့က ဒသမ”ဟု မူချခဲ့သည်။
“မိမိတို့အတွင်းစိတ်က အမြဲကောင်းမွန်နေပါမူ နောက်နောင်ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်းအမွန်ချည်းသာ ဖြစ်ရပေမည်။ တစ်ဘဝပြောင်းသော်လည်း စိတ်ကောင်းရုပ်ကောင်းချည်း ဖြစ်ရမည်။ မိမိတို့အတွင်းစိတ်ကယုတ်မာဆိုးရွားနေပါမူ (ရှေးရှေးတုန်းက စိတ်ကောင်းအတွက် ယခုဘဝမှာ ကောင်းလျက်ရှိပါသော်လည်း) နောက်နောင်ဘဝတို့၌ စိတ်ဆိုးရုပ်ဆိုးချည်းသာ ဖြစ်ရမည်။ ယောနိသောမနသိကာရ၊ သင့်တော်အောင် နှလုံးသွင်းမှုရှိလျှင် အကုသိုလ်စိတ် (မကောင်းစိတ်) မဖြစ်ဘဲ စိတ်ကောင်းချည်းဖြစ်သည်။ ယောနိသောမရှိလျှင်စိတ်ကောင်း ဖြစ်လောက်သော အရာရာကိစ္စများ၌ပင် စိတ်မကောင်းဖြစ်နေတတ်၏။
ထို့ကြောင့် များစွားသော ရှင်လူအပေါင်းတို့ စိတ်ကောင်းရဖို့ရာ “ယောနိသော” သာလျှင် အရေးကြီးဆုံးဖြစ်ပေသည်။ ယောနိသောရှိခြင်း၊ မရှိခြင်းတို့၏ အကြောင်းများကားစာကောင်း ပေကောင်းကြည့်ရှုခြင်း၊ မကြည့်ရှုခြင်း၊ ပညာရှိထံ နည်းခံခြင်း၊ နည်းမခံခြင်းများတည်း။” ကိုယ်ကျင့် အဘိဓမ္မာစာအုပ်တွင် အချီးနိဒါန်း ဤသို့ရေးတော်မူခဲ့ပေသည်။
ဆရာတော်ဘုရား သက်တော် ၇၇ နှစ်အရွယ် နောက်ဆုံးရေးသားပြုစုတော်မူသော “တစ်ဘဝသံသရာ” စာအုပ်၌ “နေ့ပိုင်းမှာ စာသင်စာချတဲ့ ဂန္ထဓုရ တာဝန်ကို ဆောင်ရဖို့နဲ့၊ ညဉ့်ဘုရားဝတ်တက်ပြီးချိန်ကစ၍ အိပ်ဖို့တုံးခေါက်ချိန်အထိ ဝိပဿနာ ဓုရတာဝန်ကို ဆောင်ကြဖို့ရန် စီစဉ်ရပါတယ်။”
အဓိကကျသော ရဟန်းတာဝန်တစ်ရပ်
“စာချဘုန်းကြီးများက ခေါင်းဆောင်ပြီး ဝိပဿနာဘာဝနာအလုပ်ကို အများအားထုတ်အောင် ကြိုးစားကြပါ။”ဟူ၍ အလေးအနက်မှာကြား ရေးသားတော်မူခဲ့ကြောင်း ဖတ်ရှုရပါသည်။ ရဟန်းသံဃာသည် ပိဋကတ်သုံးပုံကို သင်ယူခြင်း၊ ဆောင် ခြင်း၊ အံခြင်း၊ ပို့ချခြင်းတို့ဖြင့် တာဝန်ပြီးသည်ဟု မိမိထင်နေခဲ့သည်။ ဓမ္မပဒကျမ်းမှာ “ချစ်သား ရဟန်း၊ ဂန္ထဓုရ၎င်း၊ဝိပဿနာဓုရ၎င်း၊ဤသို့ အားဖြင့် ဓုရနှစ်ပါးတို့သာရှိ၏ဟု မိန့်တော်မူသည်။ ထိုပိဋကတ်သုံးပုံကိုဆောင်ခြင်း၊ အံခြင်း၊ ပို့ချခြင်းသည် ဂန္ထဓုရမည်၏”ဟု ဖတ်မိဖူးသည်။ ဝိပဿ နာဓုရသာသနာ့တာဝန်ကို မထမ်းဆောင်သော ရဟန်းများလည်း တွေ့ဖူးခဲ့သည်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးက အလေးထားရေးသားပါမှ မြတ်စွာဘုရားသခင် လမ်းညွှန်မူချ အဓိကကျသော ရဟန်းတာဝန်တစ်ရပ်ပါတကားဟု နားလည်သိမြင်ရပေသည်။
ရဟန်းသံဃာမှန်လျှင် အဓိကတာဝန် (၂) ရပ်ကို ထမ်းဆောင်ရသည်-
၁။ ဂန္ထဓုရ။ ပိဋကတ်ကျမ်းစာသင်ယူခြင်း၊ အံခြင်း၊ ပို့ချခြင်းတာဝန်၊
၂။ ဝိပဿနာဓုရ။ ရဟန်းတို့၏ သာသနာ ထမ်းဆောင်မှုတာဝန် နှစ်ခုအနက် ဒုတိယတာဝန်။
အင်းဝခေတ် စာဆိုအကျော် ဆရာတော်အရှင် မဟာရဋ္ဌသာရ (အေဒီ ၁၄၆၈-၁၅၃၁) က တပည့် စာသင်သားတို့အား ဆုံးမလမ်းညွှန်ထားသော ကဗျာလေးတွင် စာဖတ်သူလည်းသိပြီးသားပင် ဤသို့ တွေ့ကြရသည်-
“ သု၊ စိ၊ ပု၊ ဘာ၊ဝိ၊ လိ၊ သိ၊ ဓာ
အက္ခရာစွဲသုံး၊ ဤ ရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊
စာသင်ပျိုနု၊ အခြေပြုတို့”
သု= သုဏေယျ- ကြားနာဖတ်ရှု လေ့လာဆည်းပူးမှုပြုခြင်း
စိ= စိန္တေယျ- ကြံစည်ဆင်ခြင်မြော်မြင် သုံးသပ်တွေးတောခြင်း
အစရှိသဖြင့် အတိုကောက်ထိပ်စည်းပါဠိ ဝေါဟာရတို့၏ အနှစ်ချုပ် လုပ်ငန်းတာဝန် ရှစ်မျိုးတို့ကား မြန်မာလို “ကြား၊ ကြံ၊ မေး၊ ဆွေး၊ စူး၊ ရေး၊ လေ့၊ ကျက်” ဟူသော အချက်တို့ပင် မဟုတ်ပေလား။
လေ့လာဖတ်ရှုကြားနာမှုက စတင်ရသည်။ ကြံစည်မေးမြန်း၊ ဆွေးနွေး၊ စူးစမ်း၊ ရေးသားခြင်း သာမက လေ့ကျင့်ခြင်း(အထပ်ထပ်အခါခါ ကျွမ်းကျင်တတ်မြောက်သည်အထိ ကိုယ်တိုင် လေ့ကျင့်လုပ်ဆောင်ရခြင်း) သဘော၊ ကျက်မှတ်ခြင်းသဘောတို့လည်း ပါပေ၏။ ဝိပဿနာဓုရ ကိုယ်တိုင်လေ့ကျင့်ခြင်း မရှိသေးမီကြားခြင်း၊ ကြံခြင်း၊ မေးခြင်း၊ ဆွေးနွေးခြင်းသဘောများဖြစ်သော ဂန္ထဓုရက ရှေ့မှ ဦးစွာလာရပါတကား။ သဘောပေါက်လာသည်။
သာသနာသုံးရပ်၏ ရှေ့နောက်အစီအစဉ်
ဤသဘောကို ဆက်၍ဆက်၍ စဉ်းစားဆင်ခြင် ကြည့်လိုက်ရာသာသနာသုံးရပ်၏ ရှေ့နောက် အစီအစဉ်အဆင့်ဆင့် အပိုင်းလိုက်ရှိပုံကိုလည်း သိမြင်ရသည်။
၁။ ပရိယတ္တိသာသနာ။ မူလှပထမအရင်း အမြစ်ကန်ပေါင်(ဘောင်) ပမာလေ့ကျက် သင်ယူမှတ်သား ဆွေးနွေးပို့ချခြင်း၊
၂။ ပဋိပတ္တိသာသနာ။ ကန်မှာတည်နေသော ကန်ရေပမာဝိပဿနာသမာဓိတရား အလေ့အကျင့်ပွားများခြင်း၊
၃။ ပဋိဝေဓသာသနာ။ ရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့ကိုအမှန်အတိုင်း တိကျစွာ ထွင်းဖောက်သိမြင် ကျင့်သုံးနိုင်ခြင်း (သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါး ပြည့်စုံခြင်း)
ဥပမာ- ကြာပန်းလန်းစွင့်ပွင့်နေခြင်း၊
၁။ လမ်းကိုလည်း သိမည်၊ သွားပုံလည်း မှန်မည်ဆိုလျှင် ပန်းတိုင်သို့ မည်သူမဆို ဆိုက်ရောက်မည့်သဘော၊
၂။ အပြောနှင့် အလုပ်နှင့် ရှေ့နောက်ညီညွတ်ခြင်းရှိသူသည် စွမ်းဆောင်ပြီးမြောက်မည့်သဘော၊
၃။ အသိနှင့် အကျင့်သည်မှန်ကန်စွာ ဟန်ချက်ညီမည်ဆိုလျှင် လိုအင်ဆန္ဒပြည့်ဝခြင်း သဘော၊ (အသိအားနည်း၊ အကျင့်မကောင်းလျှင်ကား အချည်းနှီးသာ၊ အချိန်ကုန်ရှုံးနိမ့်မှာ)
၄။ လေ့လာမှုနှင့် လေ့ကျင့်ခန်း၊ သဟဇာတဖြစ်ခြင်း၊
၅။ ပို့ချမှုကို ကောင်းစွာနာယူမှတ်သားခြင်းနှင့် ကိုယ်တိုင်လေ့လာ လိုက်နာလေ့ကျင့်သောအခါတတ်မြောက်ကျွမ်းကျင်ခြင်းဖြစ်ပေါ်လာပုံ၊
၆။ အတွေးအမြင်ကျယ်ပြန့်ခြင်းနှင့်အတွေ့ အကြုံပြည့်စုံခြင်းတို့ ပူးပေါင်းပြည့်စုံပါမှ ခေါင်းဆောင်မှုလည်း အောင်မြင်နိုင်ကြပုံ၊
၇။ ဘဝတက်လမ်းနှင့် သင်တန်းအမျိုးမျိုးတွင် ပြောဆိုလေ့ရှိကြသော Theory (သီအိုရီ) နှင့် Practice (လက်တွေ့လုပ်ဆောင်မှု) ကို ပေါင်းစပ် အကောင်အထည်ဖော်တတ်ရမည့် သဘော၊
၈။ သုတ အကြားအမြင်များရုံသာမက မုတ ဟူသော ကိုယ်တိုင်ထိတွေ့ နားလည်ပြီး ဖန်တီးနိုင်ခြင်းသဘော၊
၉။ တက္က (Technique) နည်းနာဗေဒနှင့် သီလ(သီလာ)Precepts ကောင်းသောအကျင့် လေ့ကျင့်လိုက်နာကျင့်သုံးခြင်း (ထို့ကြောင့် ယူနီဗာစီတီကို ဆရာကြီး ဦးဖေမောင်တင်က တက္ကသိုလ်ဟု ခေါ်ဝေါ်သတ်မှတ်ဘာသာပြန်ယူခဲ့)
၁၀။ သဘောတရားသည်ဘဝရှေ့ဆောင် မီးရှူးရောင်ဖြစ်၍ လက်တွေ့ဘဝမှာ သဘောတရားအမြင်၏ သင့်လျော်မှန်ကန်အကျိုးရှိခြင်းကို သိမြင်နိုင်သော မှတ်ကျောက်ပင်ဖြစ်ခြင်းသဘော၊ ဖန်တီးဆန်းသစ်ရခြင်းဖြင့် အောင်မြင်တိုးတက်သော သမိုင်းစာမျက်နှာသစ်များကို နေ့စဉ်မပျက် ဆက်လက်ရေးသားနေကြရခြင်း တာဝန်ကို နိုင်ငံသားအားလုံးက ပါဝင်အကောင်အထည်ဖော်နေကြခြင်း ဖြစ်ကြောင်း။
အကျယ်ဖွင့်ဆိုလျှင် စာတစ်အုပ်စာမက ကျယ်ဝန်းလှမည်ဖြစ်သော်လည်း ပညာပြည့်ဝ နှလုံးလှသည့် စာဖတ်သူတို့အတွက် အရိပ်ပြလျှင် အကောင်ထင်ကြပါပြီ။ တစ်ထွာပြလျှင် တစ်လံမြင် နိုင်ကြလေပြီ။ အသိလည်းမှန်ကန်ကြလျက် အကျင့်လည်းကောင်းမွန်ကြသော မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အနာဂတ်သည်မည်သို့သော အကျပ်အတည်း အခက်အခဲနှင့် ဘေးရန်တို့ကို ရင်ဆိုင်ရစေကာမူ အောင်ပွဲခံယူနိုင်ကြမည်ဟု စာရေးသူက အပြည့်အဝ ယုံကြည်ပါသည်။ အသိမြင့်မား အကျင့်ကောင်းတရားတို့ ပြည့်စုံကြပါစေသော်။။