ပြည်ထောင်စုအတွက် ထာဝစဉ်
မြင့်စိုး(နတလ)
ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
ဒို့မြန်မာနိုင်ငံ တစ်ဝန်းလုံးက x x x
တိုင်းရင်းသားလူငယ်အချင်းချင်း x x x ရင်းနှီးချစ်ကြည်
နယ်စပ်ဒေသ x x x တိုင်းရင်းသားလူငယ်များ
ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသည် x x x
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို x x x ရည်ရွယ်သည်
တိုင်းရင်းသား ဒို့လူငယ်များ x x x
မျိုးချစ်စိတ် ရှင်သန်နိုးကြားသူများ x x x
ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲတည်ကြည် x x x
ဒို့မိခင်ကျောင်းကအမှာစကားနှင့်အညီ x x x
ရာသက်ပန်အတူမခွဲ x x x ဥမကွဲသိုက်မပျက်
အေးအတူပူအမျှ x x x ပူးပေါင်းနေထိုင် x x x
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်သည် x x x
နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ ရည်ညွှန်းစပ်ဆိုထားသော “ပြည်ထောင်စုအတွက်ထာဝစဉ်” တေးသီးချင်း၏ ပထမအပိုဒ် ဖြစ်ပါသည်။ တေးရေးဂီတစာဆို အင်္လကာကျော်စွာဟင်္သာတ ဦးမြင့်ငွေ၏ လက်ရာ၊ လွန်ခဲ့သည့် ၁၇ နှစ်လောက်ကတည်းက ရေးစပ်သီကုံးပေးထားခြင်း ဖြစ်၏။ ရာသက်ပန်အတူမခွဲx x xဥမကွဲ သိုက်မပျက် x x x အေးအတူပူအမျှ x x x ပူးပေါင်းနေထိုင်… တဲ့။
မည်မျှလှပသေသပ်၍ ရသအလင်္ကာမြောက်လိုက်ပါသလဲ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ခိုင်မာရေးအတွက် အားဖြစ်လိုက်ပါသလဲ၊ လူငယ်သင်တန်းကျောင်းများသို့ ရောက်ဖူးသူတိုင်း၊ ထိုသီချင်းဆိုသံကို ကြားဖူးသူတိုင်း ကျွန်တော်ကဲ့သို့ပင် ကောက်ချက် ချမည်မှာမလွဲပေ။
သီချင်းလေး၏ ရာဇဝင်
လွန်ခဲ့သောငါးနှစ်က ကျွန်တော်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နတလဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေဆဲအချိန်ကာလဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏တာဝန်ပေးချက်အရ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်း ကျောင်းများအတွက် စပ်ဆိုထားသော အထက်ဖော်ပြပါ “ပြည်ထောင်စုအတွက်ထာဝစဉ်” သီချင်းကို သင့်တော်ရာအရုပ်များဖြင့် Editing လုပ်ပေးခွင့်ရခဲ့သည်။ ဤနေရာမှာ ကျွန်တော်တစ်ချက်စဉ်းစားမိသည်က မူလတေးသီချင်းတွင်ပါရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်သည် x x x ဆိုသည့်တေးစာသား။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးနှင့် ရွေးချယ်တင်မြှောက်ထားသော သမ္မတလည်းရှိနေပြီ ဖြစ်သောကြောင့်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်သည် x x x လို့ ပြင်သင့်ကြောင်း တွေးမိခြင်း ဖြစ်၏။ ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာသား၊ ဆရာကလည်း ဟင်္သာတအမည်ယူထားသော်ငြား လေးမျက်နှာမြို့နယ် အိုင်သပြုဇာတိဖွား၊ ဘာမှအားနာစရာမရှိ၊ ဆရာ့ဇနီး အစ်မတက္ကသိုလ် ချိုလတ်အပါအဝင် မိသားစုနှင့်လည်း ရင်းနှီးနေ၍ ဆရာရေ ဒီလိုလေးတော့ ပြင်ချင်ပါတယ်ခင်ဗျာဟု သွား၍အပူကပ်ခဲ့ပါသည်။
မူလတေးသံရှင်များကတော့ မည်သူတွေလဲ မမေးမိခဲ့ပါ။ သီချင်း အသစ်ကိုမူဆရာက လူငယ်တေးသံရှင်များဖြစ်သည့် ဝိုင်းလမင်းအောင်၊ မင်းခန့်ဘုန်း၊ စွမ်းထက်၊ မေသက်ထားဆွေ၊ ခင်လပြည့်ဝန်းတို့နှင့် အသစ်ပြန်လည်သွင်းပေးခဲ့သည်။ အသံနည်းနည်းမာအောင် ဟုဆိုကာ တေးသံရှင် ယုဇန၊ မို့မို့ဇော်ဝင်းတို့ကိုပါ အားဖြည့်သီဆိုစေခဲ့ပါသည်။ ရခဲ့ပါပြီ ပြည်ထောင်စုအတွက်ထာဝစဉ်သီချင်းအသစ်၊ သင့်တော်ရာအရုပ်များနှင့် Edit လုပ်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၄ ကျောင်း (ယခု ၄၅ ကျောင်း ရှိနေပေပြီ) တို့မှပေးပို့လာသော VCD အချပ်ပေါင်း များစွာကို အိမ်သို့ယူ၍ ကြည့်ရပါတော့သည်။ ၁၀ စက္ကန့်စာ အားရှိ သော အရုပ်ကောင်းကောင်းလေးရဖို့အတွက် ၁ နာရီခန့် ကြာမြင့်သည့် VCD ကို မပျင်းမရိ ထိုင်ကြည့်ခဲ့ရဖူးသည်။ သီချင်းကြာမြင့်ချိန်က ငါးမိနစ်မျှသာ။ စုစုပေါင်းအရုပ် ၁၄၅ ကတ်ဖြင့် ကျွန်တော်ရန်ကုန်က ဆိုင်တစ်ဆိုင်မှာ Editing လုပ်ပေးခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော ကဏ္ဍ ၃ ရပ်ရှိပါသည်။ ၎င်းတို့မှာ အဆင့်မြင့်ပညာရပ်များသင်ကြားပေးခြင်း၊ အခြေခံပညာရပ်များသင်ကြားပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များသင်ကြားပေးခြင်းတို့ဖြစ်ပါသည်။ အဆင့်မြင့် ပညာသင်ကြားခြင်းကဏ္ဍ၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် မဟာပညာရေးဘွဲ့နှစ်နှစ်သင်တန်း ၁၃၁ ဦး၊ မဟာဒဿနပညာရေးဘွဲ့ တစ်နှစ်သင်တန်း ၃၅ ဦး၊ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း၄၄၈၁ဦးတို့ကို မွေးထုတ်ပေးနေသည့်အပြင် ရှေးယခင်ကာလ နိုင်ငံတော်၏လိုအပ်ချက်အရ ဆရာအတတ်ပညာ ဒီပလိုမာတစ်နှစ်သင်တန်း ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ် တစ်နှစ်သင်တန်း ၉၅၆ ဦး၊ မူလတန်းဆရာအတတ် သုံးနှစ်သင်တန်း ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာအတတ်တစ်နှစ်သင်တန်း ၄၆၁ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်းနှင့် ရန်ကုန်)များမှလည်း ဝိဇ္ဇာဘွဲ့ ၉၆၅ ဦး၊ သိပ္ပံဘွဲ့၂၀၆၃ ဦး၊ A.G.T.Iဒီပလိုမာ ၁၃၉၆ ဦး၊ B.Tech ၂၇၄ ဦး စုစုပေါင်း ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ ၄၆၉၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ အဆင့်မီသူများက မဟာဝိဇ္ဇာဘွဲ့ ၁၄၉ ဦး၊ မဟာသိပ္ပံဘွဲ့ ၃၂၇ ဦး၊ မဟာသုတေသနဘွဲ့ ၈၂ ဦး၊ ပါရဂူဘွဲ့ ၃၃ ဦး၊ အင်ဂျင်နီယာဘွဲ့၈၁၂ ဦး၊မဟာအင်ဂျင်နီယာဘွဲ့ ၃၇ ဦး တက်ရောက်အောင်မြင်ခဲ့ကြသည်။ အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း ကိုးကျောင်းကိုဖွင့်လှစ်ထားပြီး လက်သမား၊ ပန်းရန်၊ သံချည်သံကွေး၊ အိမ်ပုံစံများရေးဆွဲခြင်း၊ အခြေခံစက်ပြင်၊ အခြေခံယာဉ်ပြင်၊ အခြေခံလေအေးပေးစက်ပြင်၊ အခြေခံလျှပ်စစ်ဂဟေဆက်သင်တန်းများကို သင်ကြားပေးလျက်ရှိသည်။ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကိုလည်း ၄၆ ကျောင်း ဖွင့်လှစ်ထားပြီး အခြေခံအိမ်တွင်းမှု၊ အဆင့်မြင့်စက်ချုပ်၊ သိုးမွှေးစက်ဆွဲ၊ အခြေခံရက်ကန်း၊ ကနုကမာ ကျောက်စီ၊ ကြိမ်နှင့်ဝါးလက်မှုပညာ၊ ဟင်းလျာချက်ပြုတ်နည်း၊ ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းများ သင်ကြားပေးနေသည့်အပြင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။
ကျွန်တော်နှင့် မြစ်ကြီးနား လူငယ်သင်တန်းကျောင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရသဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတော်တော်များများရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မကြာမီကမှ ကျွန်တော်တို့ဆီ ပြန်လည်သွတ်သွင်းဖွဲ့စည်းခွင့်ရခဲ့သော ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနများ၏ လုပ်ငန်းဆိုင်ရာများကို လိုက်လံကွင်းဆင်းညှိနှိုင်းဆောင်ရွက်ခဲ့ရသည်။ အချို့ မြို့ရွာဒေသများတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်က နတလရုံးများ၊ အိမ်တွင်းမှု၊ လူငယ်သင်တန်းကျောင်းများ ရှိနေပါသည်။ အချိန်မရ၍ ဝင်ရောက်တွေ့ဆုံ နှုတ်ဆက်ခြင်းမပြုနိုင်ခဲ့ပါ။ မှတ်မှတ်ရရ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း)သို့ဝင်ရောက်ပြီး လိုအပ်သည်များ ညှိနှိုင်း မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)သို့ ရောက်အောင်သွား၍ ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများကိုနှုတ်ဆက်ခဲ့သည်။ ထိုဒီဂရီကောလိပ်၌ တက်ရောက်သင်ကြားနေသော မြစ်ဝကျွန်းပေါ်ဒေသက ကလေးများကို တွေ့ဆုံခဲ့သည်။
ထိုနည်းတူစွာပင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို လိုက်လံကြည့်ရှု ဆောင်ရွက်ပြီးနောက် မြစ်ကြီးနားမြို့ရှိ အမှတ် ၂ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသူလေးများနှင့်တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်ဟောင်း) ဖြေဆိုမည့်ကျောင်းသူရှစ်ဦးအား စာမေးပွဲအောင်မြင်အောင်ဖြေဆိုကြရန်နှင့် ဂုဏ်ထူးထွက်လျှင် တစ်ဘာသာ တစ်သိန်းဆုချ မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ ယောကျ်ားလေးကျောင်းဖြစ်သည့်အမှတ် ၁ လူငယ်သင်တန်း ကျောင်းကိုမူ မဝင်ဖြစ်ခဲ့ပါ။
ကျွန်တော်နှင့် ကျိုင်းတုံလူငယ်သင်တန်းကျောင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် အစောဆုံးဖွင့်လှစ် ခဲ့သောကျောင်းများထဲတွင် ပါဝင်ခဲ့ပါသည်။ မှတ်သားထားမိသမျှ ပြန်လည်တင်ပြရလျှင် ၁၉၈၉ ခုနှစ်၌ တန့်ယန်းမြို့ရှိ လူငယ်သင်တန်းကျောင်းကို အစောဆုံးဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ထဲက (ကျား) ကျောင်းအား ၁၉၉၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကျိုင်းတုံလူငယ် သင်တန်းကျောင်းကို တတိယမြောက်ကျောင်းအနေနဲ့ ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်မူ ကချင်ပြည်နယ်ထဲက ပူတာအို၊ မြစ်ကြီးနား-၁ လူငယ်ကျောင်းနှင့် ဗန်းမော်လူငယ်ကျောင်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကွမ်လုံလူငယ်ကျောင်း၊ ရှမ်း (အရှေ့)တွင် လွယ်မွေလူငယ်ကျောင်း၊ ကယားပြည်နယ် လွိုင်ကော်လူငယ်ကျောင်း၊ ချင်းပြည်နယ်၌ ဟားခါး၊ တီးတိန်၊ မင်းတပ် ၁၊ မင်းတပ် ၂ လူငယ်ကျောင်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးထဲ၌ ခန္တီးလူငယ်သင်တန်းကျောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ က လေရှီးနှင့် လဟယ်လူငယ်သင်တန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ချိန်ထိဆိုလျှင် လူငယ်သင်တန်းကျောင်းပေါင်း ၄၅ ကျောင်း ရှိသွားပေပြီ။
ကျိုင်းတုံမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ယခင်ကတည်းကလည်း ကျွန်တော်ရောက်ဖူးခဲ့ပါသည်။ သံယောဇဉ်လည်းရှိပါသည်။ သည့်အတွက် ယခုတစ်ခေါက်သွားရောက်ခဲ့သည့် ဩဂုတ်လ ၂၀ရက်နေ့ကျိုင်းတုံ/ မိုင်းယောင်း ခရီးစဉ်၌ အဆိုပါကျောင်းသို့ဝင်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ(စနစ်ဟောင်း) ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးခဲ့သည်။ ဂုဏ်ထူးထွက်လျှင် ဘဘ နေပြည်တော်ကစောင့်ပြီး ဆုချမည်ဟူ၍လည်း ကတိပေးခဲ့ပါသည်။ ကြိုးစားဖို့ကတော့သူတို့ တာဝန်။ သည်ကျောင်းကိုရောက်တော့ ထူးထူးခြားခြား ကျွန်တော့်စိတ်အာရုံထဲမှာ “ပြည်ထောင်စုအတွက်ထာဝစဉ်” သီချင်းလေးကို ပြန်လည်၍နားထောင်လိုသည့် အာသီသ ပြင်းပြစွာပေါ်လာခဲ့သည်။ သူတို့လေးတွေကလည်း လက်ခုပ်လေးတွေ ညီညီညာညာတီးလို့ ရွှင်လန်းတက်ကြွစွာသီဆိုခဲ့ကြသည်။ ကျေနပ်အားရမိပါသည်။ တစ်နည်းပြောရလျှင် နယ်စပ်ဒေသများအပေါ်ထားရှိသော သံယောဇဉ်ကြောင့် သတိရတမ်းတမိသောအလွမ်းတွေ အတန်အသင့် ပြေခဲ့ပါသည်။
ပြည်ထောင်စုအတွက် ထာဝစဉ်
ပြည်ထောင်စုအတွက်ထာဝစဉ် ဆိုသည့်သီချင်းခေါင်းစဉ်ပါအတိုင်း နယ်စပ်ရေးရာဝန်ကြီးဌာနက မွေးထုတ်ပေးလိုက်သော နယ်စပ်ဒေသတိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်လေးများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ထာဝစဉ် ရှင်သန်ထက်မြက်အောင်၊ ထွန်းကားပြန့်ပွားအောင် မပြတ်ဖော်ဆောင်လျက် နယ်စပ်ဒေသတိုင်းရင်းသားသွေးချင်းများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နယ်မြေဒေသများတည်ငြိမ်အေးချမ်းမှုရစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
“ကျွန်ုပ်တို့သည် နိုင်ငံတော်မှကျွေးသော ထမင်းနှင့်ဟင်းများကို စား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်” ဆိုသော ထမင်းစားသစ္စာကို သူတို့လေးတွေ နေ့စဉ်ရွတ်ဆိုလျက်ရှိကြသည်။ ထိုသစ္စာစကားအတိုင်းနိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် အမြဲထာဝရသစ္စာစောင့်သိသော၊ နိုင်ငံတော်ကအားထားရသော လူငယ်လူရွယ်များ ဖြစ်လာအောင်ဝိုင်းဝန်းပြုစုပျိုးထောင်ကြပါစို့…။ ။