Skip to main content

အနုပညာဖန်တီးမှုနှင့် ရာမာယဏ

ကိုဇော်ဌေး(ယဉ်ကျေးမှု)

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ဇာတ်သဘင် ဘာသာရပ်၌ ရာမာယဏဇာတ်တော်ဖြင့် ပါဝင်ယှဉ်ပြိုင်စေမည်ဟု သိရသည်။ ရာမာယဏသည် ရာမ၏အကြောင်းအရာပင်ဖြစ်သည်။ ရာမာယဏသည် ဂါထာပေါင်း၂၄၀၀၀ ဖြင့် စီရင်ထားသော လင်္ကာကြီးဖြစ်သည်။ “ဝလ္မိကီ” မည်သော ပညာရှင်က ဘီစီ ၃၀၀ လောက်တွင် ရှေးယခင်က ရှိခဲ့ပြီးသော ကဗျာလင်္ကာတို့ကိုအခြေခံ၍ စီရင်ခဲ့သည်ဟုသက္ကတစာပေပညာရှင် စိတ္တနျာက ဆိုပါသည်။ အေဒီ ၂၀၀ ခန့်တွင် ပညာရှင်အဆက်ဆက်က ပြုပြင်ခဲ့ကြပြန်သည်။

ယနေ့ မြင်တွေ့နေရသော ရာမာယဏသည် “ဝလ္မိကီ” ၏ မူအတိုင်းပင်ရှိသည်ဟုလည်းဆိုကြသည်။ သက္ကတစာပေပညာရှင် စိတ္တနျာကဝလ္မိကီ ရသေ့ကြီးသည် ဝတ္ထုကြောင်းပြောသော အဖွဲ့အနွဲ့၌ အလွန်ကျွမ်းကျင်တတ်မြောက်ကြောင်း၊ လူ၏သဘာဝကိုလည်း နက်နက်နဲနဲ သိကျွမ်းသူဖြစ်ကြောင်း၊ ယင်းလူ့သဘာဝကိုမိမိဖန်တီးသော ဇာတ်ဆောင်သူများအဖြစ် ထိရောက်စွာသရုပ်ဖော်ပေးနိုင်သော အစွမ်းရှိကြောင်း ချီးပခဲ့သည်။ သက္ကတစာပေပညာရှင်တို့က ရာမာယဏကို အာဒိကာဗျ ( အဦးဆုံးကဗျာ) စာရင်း၌ထည့်သွင်း၍ စာဆိုရှင်ဝလ္မိကီအား အာဒိကဝိ (အဦးဆုံးကဗျာဆရာ) ဟူ၍ အသိအမှတ်ပြုကြလေသည်။

မြန်မာပြည်၌ ရာမဝတ္ထုသည် ပုဂံခေတ်ကပင် ရောက်ရှိနေသည်၊ အနော်ရထာတည်သည်ဟု ယူဆရသောနတ်လှောင်ကျောင်းဘုရားနံရံရှိ ရာမရုပ်တုထောက်ထား၍လည်းကောင်း၊ မွန် ဘာသာဖြင့်ရေးထိုးထားသော ကျန်စစ်သားကျောက်စာ၌ပါရှိသည့် “မိမိသည် အယုဒ္ဓယပူရမြို့ ရာမဘုရင်၏ အနွယ်တော်၌ဖွားမြင်ခဲ့ဖူးသည်ဟူသောအချက်ကို ထောက်ထား၍လည်းကောင်း ပုဂံခေတ်ကပင် ရာမဝတ္ထုအကြောင်းကိုအဟော အပြောရှိနေပြီဟုသိနိုင်သည်။ အင်းဝခေတ် ရောက်သောအခါ ရာမဝတ္ထုသည် စာထဲပေထဲတွင် ခြေချလာတော့သည်။ ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏသျှံသူဌေးခန်းပျို့တွင်သီတာနှင့်ဟာနုမန်အကြောင်း ပါလာသည်။ မဏီကက်ပြဇာတ်တွင် ဒသရဠမင်းကြီး၏ ဆုတောင်းခန်းကို တွေ့လာရသည်။ဆင်ဖြူရှင် (အေဒီ ၁၇၆၃-၁၇၇၆) လက်ထက်တွင် ရာမဝတ္ထုသည် နန်းတော်အတွင်း စတင်ကပြသည့် ဇာတ်လမ်းတစ်ခု ဖြစ်လာသည်။ စစ်ရေးရှုံးနိမ့်သွားခဲ့သည့် ယိုးဒယားနိုင်ငံမှ ခေါ်ဆောင်လာသော သုံ့ပန်းများထဲတွင် သဘင်ပညာတတ်ကျွမ်းသူများ ပါလာသည်။ ယင်းတို့ကို ယိုးဒယားနန်းတွင်း၌ ကပြနေသည့် ရာမဇာတ်ကို နန်းတွင်း၌ ကပြစေခဲ့သည်။ ဘိုးတော်ဘုရား(အေဒီ ၁၇၈၂-၁၇၇၆)လက်ထက်တွင်လည်း သားတော်အိမ်ရှေ့မင်းဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် အယုဒ္ဓယတိုင်း ဂျွမ်းပြည်၊ဟရိ ဘုဉ္စတိုင်း ယွန်းပြည်တို့မှ ဇာတ်များကို မြန်မာပြန်ဆို ၍မြန်မာ့ဇာတ်သဘင်တွင်ခင်းကျင်းကပြခဲ့ကြသည်။ ယင်းတို့တွင် ရာမဇာတ်လည်း ပါဝင်သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ရာမဝတ္ထုအကြောင်းကို ရေးသားသည့် ဦးအောင်ဖြိုး၏ ရာမသာချင်း ပေါ်လာသည်။ထို့နောက်ဦးတိုး၏ရာမရကန် ပေါ်လာသည်။

အနုပညာ

စင်စစ်ရာမသည်အနုပညာဖန်တီးမှုတစ်ခုပင် ဖြစ်သည်။ “အနုပညာဆိုသည်ကားရုပ်ကမ္ဘာကြီး၏ အဖြစ်အပျက်များကို တွေ့ကြုံခံစားကာ ဤတွေ့ကြုံခံစားချက်(ဝါ) စိတ်ကူးတွင် လာ၍ဟပ်သော ထင်မြင်ချက်များကို တစ်ဖန်ပြန်၍ ဖော်ပြမှုပင်ဖြစ်ပေသည်။ အနုပညာဆိုသည်ကား စိတ်ကူး၍လုပ်ယူရပေသည်။ ဥပမာအားဖြင့် သစ်ရွက်တစ်ရွက် ကော့ကာနှင်းပွင့်များဖြင့် ပေကျံနေသည်ကိုတစ်ဖန်ပြန်၍ ဖော်ပြခြင်းသည် အနုပညာမှုဖြစ်သည်။ နှင်းပွင့်များပေကျံနေသော သစ်ရွက်ကိုယူလာကာ ကြည့်ရှုခြင်းကား အနုပညာမဟုတ်ပေ” ဟု ဆရာဒဂုန်တာရာက ဆိုပါသည်။

“အနုပညာသည်လူနှင့်စပ်ဆိုင်သောကိစ္စဖြစ်သည်။ လူကသူ့စိတ်ခန္ဓာနှင့် ရုပ်ခန္ဓာကို အသုံးပြု၍ ဖန်တီးသောကိစ္စဖြစ်သည်။ အနုပညာဟူသည် လူ့ဘဝခရီးကြမ်းကို ဖြတ်သန်းလာရာတွင် ကြမ်းတမ်းလှသောခရီးလမ်းဝယ် ဖျော်ဖြေမှု၊ သက်သာမှုရစေရန် သဘာဝဖြစ်ရပ်များကို သူ့ပတ်ဝန်းကျင်ရှိပစ္စည်း (ဥပမာ- ကြေး၊ ကြိုး၊ လေ၊ လက်ခုပ်)တို့ကို အသုံးပြု၍ အတုပြုလုပ်ခံစားခြင်းသည် အနုပညာပင်ဖြစ်သည်။ လူသည် သူ့ခန္ဓာကိုယ်ဖြင့် လက်ခုပ်တီးကာ လေချွန်၍ ကခုန်ကာဖြင့် လှုပ်ရှားမှုအတုပြုလုပ်ခံစားသည်။ အနုပညာသည် အတုပြုလုပ်ခံစားခြင်းဖြစ်သည် ဆိုသောအချက်ကို ကနဦးကတည်းက သိရှိသူသည် “ပလေတို” ဖြစ်သည်။ ပလေတိုက အနုပညာသည် ပုံတူကူးချခြင်းဖြစ်သည်ဟု သူ့လက်ထက်ကပင် သူပြောဆိုခဲ့သည်။ အနုပညာသည်စိတ်ကူးယဉ်မှုပင်ဖြစ်သည်။ နည်းစနစ် တတ်ကျွမ်းရုံနှင့်မရ။ အနုပညာတွင် မှော်အတတ်ပါဝင်သည်။ “အနုပညာသည် သိပ္ပံပညာရပ်နှင့် ကွာခြားသည် ဆိုသောအယူအဆများကို ပလေတိုက ပြောကြားခဲ့သည်” ဟု ဆရာချစ်စံဝင်း၏ အနုပညာအတွေးအမြင် ဆန်းစစ်ချက်စာတမ်း၌ ဖော်ပြထားသည်။

ဖန်တီးမှု

မြန်မာရာမာယဏ ဇာတ်လမ်းသည်မြန်မာ့ မျိုးနွယ်၊ မြန်မာ့ယဉ်ကျေးမှုတို့ဖြင့် မွမ်းထုံခြယ်သထားသည့် ခံစားမှုရသ၊ မှန်ကန်သည့်ဦးတည်မှုကိုဖော်ညွှန်းသည့် သရုပ်မှန်အတွေး၊ ဓမ္မနှင့် အဓမ္မတို့အားပြိုင်မှု၏တုံ့ပြန်ရိုက်ခတ်မှုအမြင်တို့ဖြင့် ဇာတ်အိမ်လှပစွာ ဖွဲ့စည်းတင်ပြထား ကြောင်းတွေ့ရသည်။ စီရင်ရေးသားသူသည် ပရိသတ်၏ ခံစားမှုကိုပြည့်ဝစွာရရှိစေရန် ကာလဒေသနှင့်လျော်ညီစွာ သုံးနှုန်းတန်ဆာဆင်ထားသည်။ ဇာတ်လမ်းကောင်းတစ်ပုဒ်၏ ကုံလုံပြည့်စုံသောအင်္ဂါရပ်များနှင့် ညီညွတ်စေသည်။ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်နိုင်ရန် အစီအစဉ်ကျနသော ရေးသားဖွဲ့နွဲ့မှု၊ ဆစ်ပိုင်းထားရှိမှု၊ ဖော်ညွှန်းတင်ပြမှုတို့သည် နေရာ တကျဖန်တီးထားရှိပြီးဖြစ်သည်။ တင်ပြသူ၏ စိတ်ညွှန်းပြမှုမှသည် ဖော်ကျူးမှုရသအမျိုးမျိုး ထွက်ပေါ်လာနိုင်သည်။ မြန်မာရာမာယဏသည်ဖန်ဖွဲ့မှုတို့ ပြည့်စုံ၍ အစ၊ အလယ်၊ အဆုံး ညီညွတ်မျှတသော ဇာတ်လမ်းစဉ်ကို ခံစားတွေ့မြင်နိုင်သည်။ ဤသည်ပင်လျှင် မြန်မာရာမာယဏ၏ ညှို့ငင်မှုစွမ်းအား ဖြစ်နေတော့သည်။ ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်နိုင်ရန် အစီအစဉ်ကျနသော ရေးသားဖွဲ့နွဲ့မှု၊ ဆစ်ပိုင်းထားရှိမှု၊ ဖော်ညွှန်းတင်ပြမှုတို့သည် နေရာတကျ ဖန်တီးထားပြီးဖြစ်သည်။ တင်ပြသူ၏ စိတ်ညွှန်းပြမှုမှသည် ဖော်ကျူးမှုရသအမျိုးမျိုး ထွက်ပေါ်လာသည့် ဇာတ်လမ်းတစ်ခုသည်-

(က) ဇာတ်လမ်းအစဖော်ခြင်း၊ အစပျိုးခြင်း

(ခ) ဇာတ်ကွက်၊ ဇာတ်အိမ်ဖွဲ့ခြင်း၊ခန်းစဉ်ချဲ့ထွင်ခြင်း

(ဂ) ဇာတ်လမ်းခေါင်ခိုက်အောင် သယ်ဆောင်ခြင်း

(ဃ) ဇာတ်ကွက်အခက် ဖြေရှင်းခြင်းနည်းတို့ဖြင့် သုံးစွဲကျင့်သုံးရေးသားကြလေသည်။

အချို့ကလည်း

(က) အခင်း (ဇာတ်လမ်းကိုဖန်တီးခြင်း)

(ခ) အခက် (ဇာတ်အိမ်ဖွဲ့ခြင်း)

(ဂ) အဖြေ(ဇာတ်ပေါင်းခြင်း) ဟူ၍ ခွဲပိုင်းရေးသား ကြလေသည်။

ထို့ပြင်

(က) ဇာတ်ပျိုးခြင်း၊ ဇာတ်နှိုးခြင်း

(ခ) ဇာတ်တက်ခြင်း

(ဂ) ဇာတ်ထွက်ခြင်း

(ဃ) ဇာတ်ဆင်းခြင်း

(င) ဇာတ်သိမ်းခြင်းဟူ၍ ဖန်တီးသူ ဉာဏ်ကွန့်မြူးသမျှ သတ်မှတ်ဖော်ညွှန်းမှုလည်း ရှိပေသည်။

မြန်မာရာမာယဏသည် ဖော်ပြပါဖန်တီးမှုတို့ဖြင့် ပြည့်စုံ၍ အစ၊ အလယ်၊ အဆုံး ညီညွတ်မျှတသော ဇာတ်လမ်းစဉ်ကို ခံစားတွေ့မြင်နိုင်လေသည်။ မြန်မာရာမာယဏကို ဖန်တီးမှုပေတံဖြင့် တိုင်းတာကြည့်ပါက အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။

အနုပညာဖန်တီးမှုသဘောအရ မြန်မာတို့သည် ရာမဇာတ်ကို “သူရသတ္တိဇာတ်” ဟု ခေါ်ကြ လေသည်။ ရာမနှင့်လက္ခဏတို့၏ သူရသတ္တိကို ဖော်ညွှန်းပြဆိုသည့်သဘောဟု မှတ်ယူနိုင်သည်။ တစ်ဖန် ရာမ၊ လက္ခဏ ညီနောင်နှစ်ပါး၏တစ်ဦး အပေါ်တစ်ဦးထားရှိကြသည့်မေတ္တာကိုလည်း ဖွဲ့ဆိုပြထားသည်။ မေတ္တာဘွဲ့ကိုဒဿဂီရိ၏ အားပြိုင်မှုဖြင့် သွန်းလောင်းထုဆစ်ပြထားသည်။

ဒဿဂီရိသည်မည်ကာမတ္တသူမဟုတ်။ လေးတင်ပွဲဖိတ်စာကိုမမျှော်လင့်ဘဲရရှိလာသူ ဖြစ်သည်။ သီတာ၏ ရုပ်ပုံလွှာကိုမြင်ကာ အချစ်ကြီးချစ်မိသဖြင့် လေးတင်ပွဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သီတာဒေဝီအား ခိုးယူဆောင်ကြဉ်းသွားသည်မှာလည်း နှမတော်အတွက် လက်စားချေရန်ထက်သီတာအား ရယူလိုမှုကြောင့်သာ ဤမျှစွန့်စားခြင်း ဖြစ်တန်ရာ၏။ ထို့ပြင်မိမိလက်ဝယ်ရောက်ရှိနေသော သီတာကို မိမိအလိုဆန္ဒအတိုင်းဖြည့်စွမ်းနိုင်သော်လည်း အကြမ်းနည်းကိုမသုံးရှာခဲ့ချေ။ ဤသည်ပင်ဒဿဂီရိ၏ သီတာ့အပေါ်ထားရှိသည့် ဖြူစင်သောမေတ္တာကို ဖန်တီးပြထားလေသည်။

သင်ခန်းစာများအဖြစ် ဒဿဂီရိ ဦးဆောင်သည့်အုပ်စု၏ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှု၊ ရန်သူအားအထင်သေးမှု၊ အချိန်ဆွဲထားရှိမှုတို့က စစ်ရှုံးသူများအတွက်သင်ခန်းစာများပင်ဖြစ်သည်။ ယင်းကို ဖန်တီးပြဆိုရာ၌ “ဣန္ဒဇိတ္တသည်ရာမမင်းအား နဂါးပတ်ကျော့ကွင်းဖြင့် ပစ်လေသည်။ နဂါးပတ်ကျော့ကွင်းမိကာ ရာမမင်းသည် မြေသို့လဲလေသည်။ ဣန္ဒဇိတ္တက လူသားရာမသည် ငါ၏ နဂါးပတ်ကျော့ကွင်းတွင် မိလေပြီ၊ ယနေ့ မိုးချုပ်ပြီဖြစ်၍ နက်ဖြန်မှ လာပြီးရာမအလောင်းကိုယူ၍သီတာဒေဝီကို ပြရတော့မည်ဟုဆိုကာ မြို့ထဲသို့ ပြန်ဝင်လေသည်။ ရာမသည် ဂန္ဓမာတောင်မှသုဝဏ္ဏပတ္တဆေးပင်၏ အစွမ်းဖြင့် ပြန်ရှင်ခဲ့လေသည်။ ထို့ကြောင့် ဣန္ဒဇိတ္တ သေဆုံးခြင်းသို့ ရောက်လေသည်။”

ထို့ပြင် ဂုမ္ဘာဒီပဘီလူးမင်းသည်သူ၏ စစ်ဗျူဟာဖြင့် ရာမမင်းကို ဆောင်ယူနိုင်လေသည်။ ဒဿဂီရိက ရန်သူကို ကြာရှည်စွာမထားလိုပေ။

စစ်နိုင်သူဂုမ္ဘာဒီပက စစ်နိုင်သူတို့ ထုံးစံအတိုင်း ကြွားဝါလိုသည်။ အပိုချဲ့လိုသည်။ ရာမ၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရန်စီစဉ်သည်။ စီစဉ်နေစဉ်မှာပင်ရာမ၏ အသိုင်းအဝိုင်းက ခြေရာကောက်ယူရရှိသွားပြီး နောက်ဆုံးတွင် ဂုမ္ဘာဒီပ အသက်သေဆုံးရလေသည်။

ရာမမင်း၏ မလျှော့သောဇွဲ၊ ရန်သူအပေါ် ထားရှိသည့်သဘောထား၊ လျင်မြန်မှု၊ ထိုးထွင်းထိရောက်မှု၊ မိမိအပေါ်မိမိယုံကြည်စိတ်ချမှုတို့က အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးသွားကြောင်း သင်ခန်းစာကောင်းများဖြင့်ဖန်တီးတင်ဆက်ထားလေသည်။

ရာမာယဏ

ရာမာယဏဇာတ်လမ်းစဉ်ကို ရှေးက နန်းတွင်းဝယ် ရက်ပေါင်း ၆၀ ကျော် ကပြခဲ့သည်ဟုဆိုပါ သည်။ ထိုမှာနောက်ဝယ် ၄၅ ရက်၊ ထိုမှ ၇ ရက်၊ ထိုမှ ၁ ရက်(တစ်ည) ထိတိုင် ချုံ့၍ကပြလာကြသည်။ မဟာဂီတသီချင်းကြီးများဖြင့် အခန့်ကပြနေကြခြင်းဖြင့် ရှည်ကြာနေခြင်းလား စဉ်းစားမိသည်။

ယနေ့အချိန်ဝယ် နှစ်နာရီကျော်မျှ ကပြခြင်းဖြင့် လုံလောက်သောခံစားမှုကိုပေးစွမ်းနိုင်ပေပြီ။ ထို့ပြင် ဇာတ်ကျောရိုးကိုလည်း နားလည်နိုင်စွမ်း ရုံမျှဖြင့်ကျေနပ်စေလေသည်။ ရှေးက ရာမဇာတ်မစတင်မီဇာတ်လမ်းပျိုးကတည်းက ဆန်းကြယ်မှုကိုဖော်ကျူးပြကြလေသည်။ ပိင်္ဂလမည်သောသုံးယူဇနာရှိသော သိန်းငှက်ကြီး၏ ဆင်၊ ခြင်္သေ့၊ ကျွဲ၊ မြင်း စသည့် တိရစ္ဆာန်များကို ဖမ်းယူစားသုံးမှု၊ ယုဂန္ဓိုရ် တောင်နှင့်ညီမျှသော အရိုးစုတို့၏ပုပ်နံစေမှု၊ ထိုသတ္တဝါကို နှိမ်နှင်းသော မိုး၊ နေ၊ လ နတ်သားတို့၏ တိုက်စစ်ဆင်မှု၊ လေနတ်သားကြောင့် သေဆုံး ရသောငှက်ကြီး၏ ကိုယ်၊ ခြေ၊ အမြီး၊ အူတို့လွင့်စဉ်မှု၊ ကိုယ်၊ ခေါင်း၊တောင်ပံ၊ ခြေ၊ အမြီး၊ အူ၊ အသည်းများ ကျရာ၌ မြို့တည်ဖြစ်ပေါ်လာမှုတို့ဖြင့် ဆန်းကြယ် ခမ်းနားမှုများသည် အချိန်ရွေ့လျောလာရာမှ ဇာတ်ကို နားလည်ရုံမျှအထိ ကျုံ့၍လာခဲ့လေသည်။ အချိန်အခါ၊ ကာလဖြစ်စဉ်တို့ကိုမလွန်ဆန်နိုင်ခဲ့သဖြင့် ငယ်ရွယ်နုနယ်သော ရာမ၊ လက္ခဏညီနောင်ကို ဘိုးတော်ရသေ့ကတောကျီးကန်းများကို နှိမ်နင်းရာမှစတင်သည့် ကန်ဆင်းကန်ထခန်းမှသည် ပြည်တော်ပြန်ဝင်ခန်းအထိသာရှုမြင်ကြရလေသည်။

၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲတွင်မူ ပါဝင်ရမည့် သတ်မှတ်ပြဋ္ဌာန်းအခန်း များကို ဖော်ပြထားလေသည်။ ၎င်းတို့ကိုလေ့လာ ကြည့်ပါက-

၁။ ဗြဟ္မာမင်းထံမှဆုခံယူပြီးနောက်ဒဿဂီရိ သည် လက္ခမီနတ်သမီးအား ထိပါးခန်း၊ လက္ခမီ နတ်သမီးကျိန်စာဆို၍ မြေသို့ဝင်ကာသီတာ မင်းသမီးအဖြစ်တစ်ဖန်ပြန်လည်မွေးဖွားလာခန်း။

၂။ ဝိသွာမိတ္တရသေ့၏ အကူအညီတောင်းခံမှုအရ ခုနစ်နှစ်အရွယ် ရာမ၊ လက္ခဏတို့ ဘီလူးရန်ကို နှိမ်နင်းခန်း၊ မြအဆင်း၊ ရွှေအဆင်းသဖွယ် တင့်တယ်စွာဖြင့် အရွယ်ရောက်လာခန်း(ကန်ဆင်း ကန်ထခန်း ဖြစ်ပါသည်။)

၃။ မိထ္ထီလာပြည်၊ ဘုရင် ဇနက္ကမင်း၏ သမီးတော် သီတာဒေဝီအတွက် ကြင်ရာတော်ရွေးရန်

ထီးဆောင်းမင်းများ လေးတင်ခန်း။

(လေးတင်ခန်း)

၄။ ရာမ၊ လက္ခဏ၊ သီတာ တို့တောအရပ်သို့ထွက်ခွာရန် ဒသရဠမင်းက အမိန့်ချမှတ်ခန်း (ပြည်နှင်ခန်း)

၅။ ကိဿကိန္ဒာပြည်ဘုရင် ဗာလီမင်းနှင့် မဟိံသကျွဲဘီလူးတို့၏ ပဋိပက္ခကို အကြောင်းပြုလျက် သုကြိတ်အား ဗာလီမင်းက နှင်ထုတ်သဖြင့် ဂန္ဓာကတောသို့ သုကြိတ်ထွက်ခွာခန်း။

၆။ သဗ္ဗနခ ဘီလူးမကရာမမင်းအားသွေးဆောင် ခြင်းနှင့် လက္ခဏက ဘီလူးမအား ဆုံးမခန်း။

၇။ ခရ-ဒုသနတို့ ရာမ၊လက္ခဏတို့နှင့်စစ်တိုက်ခန်း

၈။ ဦးရီးတော်မာရဇ္ဇသမင်ယောင်ဆောင်ခန်း၊ ရာမသမင်လိုက်ခန်း၊ သီတာအားဒဿဂီရိ ဆောင်ယူခန်း။

၉။ ရာမနှင့် သုကြိတ်တွေ့ခန်း။

၁၀။ သီတာ၏ အချစ်ကိုရယူရန် ဒဿဂီရိကြိုးစားခန်း (ဒဿဂီရိသစ္စာပန်းစိုက်ခန်း)

၁၁။ အသောကဥယျာဉ်ရှိ သီတာထံသို့ဟာနုမန် ရောက်ရှိခန်း။ဣန္ဒဇိတ္တနှင့်ဟာနုမန်တို့ တိုက်ခိုက်ခန်း။ သိန်းဃိုဠ်ပြည်ကို မီးရှို့ခန်း။

၁၂။ မျောက်အပေါင်းက သမုဒ္ဒရာကိုဖြတ်ကျော်ခန်း (ကျောက်တန်းဆည်ခန်း)

၁၃။ ဣန္ဒဇိတ္တ၏ မြားချက်ဖြင့် ရာမမင်းမြားသင့်ခန်း၊ ဇမ္ဗုမာန်၏ ညွှန်ကြားချက်ဖြင့်ဟာနုမာန် ဆေးမြစ်ရှာထွက်ခန်း။

၁၄။    ရာမမင်းနှင့်ဒဿဂီရိတိုက်ခန်း။ ဒဿဂီရီကျဆုံးခန်း။ သီတာက မီးပုံဆင်း၍သစ္စာဆိုခန်း။ အယုဒ္ဓယပြည်တော်ပြန်ဝင်ခန်း။

ဖော်ပြပါ အခန်းစဉ်တို့သည် “နေမျိုးနာဋက ကျော်ခေါင်” ရေးသားသည့် ရာမပြဇာတ်လာ ဇာတ် အသွားများမှ ကောက်နုတ်ရယူထားခြင်း ဖြစ်သည်။ ပြိုင်ပွဲအသွင်ဖြစ်၍ မူများကွဲပြားမသွားရန် ထိန်းညှိပေးသည့် သဘောဖြစ်ပါသည်။ (၁၂)ကြိမ်ပြိုင်ပွဲ တွင်လည်းဤပြဇာတ်စာအုပ်ကိုပင် ရည်ညွန်းပြဋ္ဌာန်းခဲ့ကြသည်။ ရည်ညွန်းကိုးကားနိုင်ရန် “နေမျိုးနာဋကကျော်ခေါင်” ရေးသားသည့်ရာမပြဇာတ်သည် ဝယ်ရလွယ်ကူမည် ထင်ပါသည်။

ရိုးရာသည် သမိုင်းဖြစ်ပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဟူသည် မြန်မာတို့၏ ယဉ်ကျေးမှုသမိုင်းဖြစ်ပါသည်။ ရာမာယဏဇာတ်ကြောင်းကို ကြည့်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု သမိုင်းကြောင်းကို ယနေ့ လူငယ်တို့ အကဲဖြတ်ဆန်းစစ်နိုင်ကြမည်ဟု ယုံကြည်မိပါသည်။ ။

မှီငြမ်း-

၁။ ကမ္ဘာ့စာပေသမိုင်း(အိန္ဒိယ၊အီရန်၊ အာရပ်) (မောင်ထင်)

၂။ မဟာရာမဝတ္ထု (ဒဂုဏ်ဦးထွန်းမြင့်)