Skip to main content

အမေရိကန်ရဲ့ ရပ်တည်ချက် ဘယ်မှာလဲ

ဇင်ငြိမ်း

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ သတင်းထုတ်ပြန်ချက်မှာဆိုရင် ဘင်္ဂါလီတွေကို မြန်မာစစ်တပ်က ရက်စက် ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးကြောင့် ဘင်္ဂါလီ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးခဲ့ရကြောင်း၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေးပဋိပက္ခနဲ့ပတ်သက်လို့လည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံ ဘာလဲ၊ ဘယ်လဲ

အမေရိကန်က မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုတွေ ဘာကြောင့်လုပ်နေရလဲ၊ အမေရိကန်က ဘာရည်ရွယ်ချက်အတွက် ဘင်္ဂါလီကိစ္စကို ဒီလောက်အထိ ပါဝင်ပတ်သက်နေရတာလဲ၊ အမေရိကန်က တကယ့်ကို လူသားချင်းစာနာထောက်ထားမှု လိုလားလို့လား၊ မြန်မာပြည်သူတွေ အကျိုးအတွက်လားဆိုတာ စိတ်ဝင်စားဖို့အလွန်ကောင်းပါတယ်။ ဒီအချက်တွေကို ဆန်းစစ် ကြည့်ရင် အမေရိကန်နိုင်ငံ ဘာလဲ၊ ဘယ်လဲဆိုတဲ့ အမေရိကန်ရဲ့ ရုပ်လုံးအသွင်သဏ္ဌာန်နဲ့ ဦးတည်ရာကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဒီလိုရုပ်လုံးအသွင်သဏ္ဌာန်နဲ့ မြန်မာ့အရေးတစ်ခုတည်းမှာပဲ စွက်ဖက်နေတာတော့ မဟုတ်ပါဘူး။ကမ္ဘာပတ်ပြီး ဝင်ရောက် စွက်ဖက်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့မဟာပြိုင်ဘက်တွေဖြစ်တဲ့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ နိုင်ငံတွေ၊ ရုရှားနဲ့တရုတ်အတွက် စီးပွားရေး၊ စစ်ရေးအရ မဟာဗျူဟာကျတဲ့နိုင်ငံတွေ၊ စွမ်းအင်အချက်အချာကျတဲ့နိုင်ငံတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတာ တွေ့နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ လက်သုံးစကားက ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ ဒီစကားတွေရဲ့ နောက်ကွယ်က ဦးတည်ချက် ကတော့ အမေရိကန်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနဲ့ ကိုယ်ကျိုးစီးပွားမြှင့်တင်ရေးသာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာမှာ အမေရိကန်ရဲ့ဗိုလ်ကျစိုးမိုးတဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချ နေကြတာ တွေ့နိုင်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာဒီမိုကရေစီ အထွန်းကားဆုံးနိုင်ငံ ဖြစ်ပေမယ့် ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်လာရင် ဒီမိုကရေစီစနစ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ လက်ကိုင်တုတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုပဲလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုတာတွေဟာ အမေရိကန်က အကြောင်းပြချက်အဖြစ် အသုံးပြုလေ့ရှိတဲ့ ခေါင်းစဉ်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘင်္ဂါလီအရေးမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး မြန်မာ့နိုင်ငံရေးပဋိပက္ခမှာတော့ ဒီမိုကရေစီနဲ့ အကြမ်းဖက်မှုဆိုတာကို သုံးနေတာ တွေ့ရပါတယ်။

အမေရိကန်ရဲ့သတ်ဖြတ်မှုတွေ

မြန်မာနိုင်ငံက ဘင်္ဂါလီအရေးမှာ အမေရိကန်စွပ်စွဲနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို အမေရိကန်ကိုယ်တိုင်ရဲ့ ကမ္ဘာတစ်ဝန်းသတ်ဖြတ်မှုတွေနဲ့ ယှဉ်လိုက်ရင် အမေရိကန်ရဲ့ သတ်ဖြတ်မှုတွေက လူမျိုးတုံးသတ်ဖြတ်မှု ပိုမြောက်ပါတယ်။ အမေရိကန်ရဲ့ သတ်ဖြတ်မှု ဖြစ်စဉ်အချို့ကို ထုတ်ပြပါ့မယ်။ ၂၀၀၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အမေရိကန် ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အီရတ်နိုင်ငံအတွင်းမှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးသူ ၂၀၉၀၀၀ နဲ့ အိုးအိမ် စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်း ၉ ဒသမ ၂ သန်းရှိခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာဆိုရင် ဗီယက်ကောင်းနဲ့ မြောက်ဗီယက်နမ် ၁ ဒသမ ၁ သန်း သေဆုံးခဲ့ပြီး တောင်ဗီယက်နမ်စစ်သား ၂၅၀၀၀၀သေဆုံး ခဲ့ရပါတယ်။ နှစ်ဖက်စလုံးမှ အရပ်သားပြည်သူ နှစ်သန်းကျော် သေဆုံးခဲ့ရပြီး အမေရိကန်စစ်သား ၅၈၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာအရပ်ရပ်မှာ အမေရိကန်ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေထဲမှာ ကိုရီးယားစစ်ပွဲ (၁၉၅၀ - ၁၉၅၃)၊ ဗီယက်နမ်စစ်ပွဲ (၁၉၅၅ - ၁၉၆၄၊ ၁၉၆၅ - ၁၉၇၄၊ ၁၉၇၅ - ၁၉၇၆)၊ လက်ဘနွန်ပဋိပက္ခ (၁၉၅၈)၊ ဒိုမီနီကန် ပြည်တွင်းစစ် (၁၉၆၅ - ၁၉၆၆)၊ ဂရန်နာဒါကျူးကျော်မှု (၁၉၈၃)၊ ပနားမားကျူးကျော်ခြင်း (၁၉၈၉ - ၁၉၉၀)၊ ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀ - ၁၉၉၁)၊ အီရတ်မပျံသန်းရဇုန် (၁၉၉၁ -၂၀၀၃)၊ ဆိုမာလီယာ ပြည်တွင်းစစ် ဝင်ရောက်စွက်ဖက်ခြင်း (၁၉၉၂ -၁၉၉၅၊ ၂၀၀၇ မှ ယနေ့ထိ)၊ ဘော့စနီးယားစစ်ပွဲ (၁၉၉၂ - ၁၉၉၅)၊ ဟေတီဝင်ရောက်စွက်ဖက်ခြင်း (၁၉၉၄ - ၁၉၉၅)၊ အာဖဂန်နစ္စတန်စစ်ပွဲ (၂၀၀၁ - ၂၀၂၁)၊ အီရတ်စစ်ပွဲ (၂၀၀၃ - ၂၀၁၁)၊ လစ်ဗျားသို့ နိုင်ငံတကာတပ်ဖွဲ့ ဝင်ရောက်ခြင်း (၂၀၁၁)၊ ဆီးရီးယားသို့ အမေရိကန်ဦးဆောင်ဝင်ရောက်ခြင်း (၂၀၁၄) ဖြစ်ပါတယ်။ ဒီစစ်ပွဲတွေက အမေရိကန်ကကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပါတယ်။

ဒီကနေ့ဖြစ်နေတဲ့ ယူကရိန်းလိုစစ်ပွဲမှာ နောက်ကွယ်ကနေ ထောက်ပံ့ပေးပြီး ယူကရိန်းပြည်သူ တွေ သေဆုံးအောင်နဲ့ စစ်ဘေးဒဏ်သင့်အောင် လုပ်နေတာတွေ မပါသေးပါဘူး။ အမေရိကန်ရဲ့ ဒီလို တိုက်ခိုက်မှုတွေ၊ စွက်ဖက်မှုတွေကြောင့် သေဆုံးရသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ဘယ်လောက်များမလဲဆိုတာ မှန်းဆဖို့တောင်ခက်ပါတယ်။ အဲဒီလို ကမ္ဘာတစ်ဝန်း လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာနဲ့လုပ်နေတဲ့ အမေရိကန်က မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်တယ်လို့ စွပ်စွဲနေတာဟာ မြန်မာစကားပုံလိုဆို “သူခိုးက လူဟစ်”နေတာပါပဲ။ တကယ်တော့ လူသားမျိုးနွယ်တွေအပေါ် သတ်ဖြတ်မှုအတွက် တစ်ကမ္ဘာလုံးက အမေရိကန်ကို စွပ်စွဲအရေးယူရမှာ ဖြစ်ပါတယ်။

ဘင်္ဂါလီအရေးရဲ့ ဇာစ်မြစ်

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဘင်္ဂါလီအရေးရဲ့ ဇာစ်မြစ်ကိုကြည့်ရင်လည်း ဘယ်သူကစတင်ခဲ့တယ် ဆိုတာ ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းရေး ကော်မရှင်အစီရင်ခံစာ (၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်) မှာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီအရေးကိစ္စဟာ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ပြည်တွင်းရေးအဖြစ်နဲ့သာရှိခဲ့ပါတယ်။ နောက်ဆုံးအကြိမ်ဖြစ်ပွားတဲ့ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ဖြစ်တဲ့ ဖြစ်စဉ်အစကို ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ရခိုင်တိုင်းရင်းသူတစ်ဦးကို ဘင်္ဂါလီလူငယ် သုံးဦးက ရက်ရက်စက်စက် မုဒိမ်းကျင့်၊ သတ်ဖြတ်ပြီး ပစ္စည်းတွေကို လုယက်ခဲ့တာက စခဲ့တာဖြစ်ပါတယ်။ ဘင်္ဂါလီတွေ စတင်ခဲ့တဲ့ ဖြစ်စဉ်အစပါ။ အဲဒီဖြစ်စဉ်ဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီအသိုက်အဝန်းအကြား အမျက်ဒေါသဖြစ်စေ ခဲ့ပါတယ်။ အဲဒီကတစ်ဆင့် အပြန်အလှန်လက်စားချေမှုတွေ လုပ်ခဲ့ကြလို့ သေဆုံးမှုတွေ လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာတော့ မောင်တောတစ်ဝိုက်နဲ့ တောင်ပိုင်းဒေသတွေမှာ ဘင်္ဂါလီတွေက ရခိုင်တိုင်းရင်းသားရွာတွေကို အကြမ်းဖက်တိုက်ခိုက် မီးရှို့မှုတွေ လုပ်ခဲ့ကြပါတယ်။

ဆက်တိုက်ဆိုသလို ဘင်္ဂါလီတွေက ရခိုင်ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီး တာ၊ ရခိုင်တိုင်းရင်းသားတွေကို သတ်ဖြတ်တာတွေကို တစ်ရက်တည်း၊ တစ်ချိန်တည်း နေရာ အနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ထိန်းချုပ်နေ သူတွေရှိနေတယ်လို့ ကော်မရှင်ကသုံးသပ်ခဲ့တာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့အပါအဝင် အခြားမြို့တွေမှာလည်း ဘင်္ဂါလီတွေက ဆက်ပြီးအကြမ်းဖက်တိုက်ခိုက်မှု တွေ လုပ်လာခဲ့လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းမှာလည်း ထပ်မံဖြစ်ပွားခဲ့လို့ သေကျေပျက်စီးဆုံးရှုံးမှုတွေ များစွာ ဖြစ်ခဲ့ပါတယ်။ အဲဒီရခိုင်ဒေသဖြစ်စဉ်ဟာ နောက်ကွယ်က ကြိုးကိုင်သူတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့လို့ ကြီးမားကျယ်ပြန့်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်၊ OIC နဲ့ ကုလသမဂ္ဂတို့ဟာ ဖြစ်စဉ်ဖြစ်ခဲ့ရတဲ့ အရင်းခံ အကြောင်းတရား၊ ပြဿနာဖန်တီးသူနဲ့ နောက်ကွယ်က ကြိုးကိုင်အမိန့်ပေးနေသူတွေကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက် သတ် စွပ်စွဲပြစ်တင်ခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်က တစ်ဖက်တည်းကို အားပေးအားမြှောက် လုပ်ပြီး မြန်မာနိုင်ငံမှာ လူမျိုးရေး၊ နိုင်ငံရေး အကျပ်အတည်းတွေဖြစ်အောင် တမင်တကာ ဖန်တီးနေကြတာပဲဖြစ်ပါတယ်။ ရခိုင်ဖြစ်စဉ်မှာ အမေရိကန်ကလည်း သူ့ရည်ရွယ်ချက်နဲ့သူ၊ OIC ကလည်း သူ့ရည်ရွယ်ချက်နဲ့သူ ကုလသမဂ္ဂကို ခုတုံးလုပ်ပြီး မြန်မာနိုင်ငံအပေါ်ဖိအားပေးဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ တကယ်လို့ အမေရိကန်နိုင်ငံထဲ တရားမဝင်ခိုးဝင် ရောက်ရှိနေသူတွေက အခုလို အမေရိကန်ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်လာ မယ်ဆိုရင် အမေရိကန်ဘယ်လိုတုံ့ပြန်မလဲ မေးစရာရှိလာပါတယ်။ အဖြေကတော့ ၉/၁၁ ဖြစ်စဉ်ကိုပဲ ကြည့်ပါ။

ဘင်္ဂါလီဆိုတာ တရားမဝင် ခိုးဝင်ရောက်ရှိလာတဲ့သူတွေ

မြန်မာနိုင်ငံထဲရှိနေတဲ့ ဘင်္ဂါလီဆိုတာ တရားမဝင် ခိုးဝင်ရောက်ရှိလာတဲ့သူတွေဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ကိုယ့်နိုင်ငံထဲ ခိုးဝင်ရောက်ရှိလာတဲ့သူမှန်သမျှကို လက်မခံကြပါဘူး။ လူသားချင်း စာနာထောက်ထားမှုလို့ အသံကောင်းဟစ်နေတဲ့ အမေရိကန်နိုင်ငံလည်း တရားမဝင်ခိုးဝင်လာတဲ့သူတွေကို သူ့နိုင်ငံမှာလက်မခံပါဘူး။ အမေရိကန်နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုတာ လိုချင်တစ်မျိုး မလိုချင်တစ်မျိုး ဖြစ်ပါတယ်။ ဗဟိုအမေရိကကနေ ရွှေ့ပြောင်း နေထိုင်သူတွေကို အမေရိကန်နိုင်ငံအနေနဲ့ လက်တွေ့ကျကျ ဖြေရှင်း နိုင်ခဲ့သလား။ လူသားချင်းစာနာထောက်ထားစွာ လက်ခံပေးခဲ့သလား။ တရားမဝင် ခိုးဝင်လာသူတွေကို ကြည်ဖြူကျေနပ်စွာ လက်ခံပေးခဲ့သလား။ တရားမဝင်ခိုးဝင်လာသူတွေကို လူသားချင်း စာနာထောက်ထားစွာနဲ့ အမေရိကန်အနေနဲ့ လက်ခံသင့်ပါတယ်။ လက်ခံမပေးဘူးဆိုရင် အမေရိကန်နိုင်ငံဟာ လူ့အခွင့်အရေးကို မလေးစားမလိုက်နာတဲ့နိုင်ငံ၊ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့တဲ့နိုင်ငံပဲ ဖြစ်ပါလိမ့်မယ်။

တရားမဝင်ခိုးဝင်လာသူတွေအရေးကို အမေရိကန်နိုင်ငံက မဖြေရှင်းပေးနိုင်လို့ မက္ကဆီကိုနိုင်ငံ လက်တင်အမေရိကတိုက် လူမှုသိပ္ပံအကယ်ဒမီ ရွှေ့ပြောင်းနေထိုင်သူရေးရာ ပညာရှင် Rodolfo Casillas က အမေရိကန်အစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူအရေးထက် အခြားကိစ္စတွေကို ပိုပြီးအလေးပေးကြောင်း၊ ကတိကဝတ်တွေက မိုးခြိမ်းသံလိုကျယ်ပြီး မိုးကတော့ မဆိုစလောက်ပဲရွာသလိုဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်ဆာဗေးဒိုးနိုင်ငံ ရွှေ့ပြောင်းနေထိုင်သူရေးရာပညာရှင် Cesar Rios ကလည်း အမေရိကန်နိုင်ငံဟာ ရွှေ့ပြောင်း နေထိုင်သူများပြားလာတာနဲ့ပတ်သက်လို့ ဦးတည်ချက်ရှိတဲ့ မူဝါဒတွေ မရေးဆွဲနိုင်သလို ယင်းအပေါ် စီမံထိန်းချုပ်နိုင်စွမ်းလည်း အခြေခံအားဖြင့် မရှိကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူကိစ္စ ရေသောက်မြစ်ကနေ ဖြေရှင်းမယ်လို့ အမေရိကန်က အမြဲကြေညာပြောကြားခဲ့ပေမယ့် ဒီကနေ့အထိ အယ်လ်ဆာဗေးဒိုးတို့လို ဗဟိုအမေရိကတိုက်နိုင်ငံတွေမှာ အမေရိကန်ရဲ့ တိကျတဲ့ လုပ်ဆောင်မှုတွေမရှိသေးကြောင်း၊ နိုင်ငံရေးဝါဒဖြန့်ရုံဖြင့် ရွှေ့ပြောင်းနေထိုင်သူအရေး ဖြေရှင်းဖို့ရာမဖြစ်နိုင်ကြောင်း ပြောကြားခဲ့တာကိုကြည့်ရင် အမေရိကန်နိုင်ငံဟာ အပြောတစ်မျိုး အလုပ်တစ်မျိုးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီတော့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီအရေးတွေ၊ လူသားချင်း စာနာထောက်ထားမှုတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေဆိုတာ အခြားနိုင်ငံတွေကို တိုက်ခိုက်ဖို့၊ ကျူးကျော်ဖို့နဲ့ ဝင်ရောက်စွက်ဖက်ဖို့အတွက် အကြောင်းပြချက်ပေးတဲ့ လက်ကိုင် ဆောင်ပုဒ်တွေသာဖြစ်ပြီး သူကိုယ်တိုင်ကတော့ အဲဒီဆောင်ပုဒ်တွေကို ပြောင်ပြောင်တင်းတင်းရော၊ နောက်ကွယ်ကနေရော ဖောက်ဖျက်နေတာကို သူ့ရဲ့လုပ်ရပ်တွေကိုကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။

မရိုးနိုင်တဲ့လက်သုံးနည်းလမ်းတစ်ခု

မြန်မာနိုင်ငံက ဘင်္ဂါလီအရေးမှာလည်း အမေရိကန်က သူ့ရဲ့မရိုးနိုင်တဲ့လက်သုံးနည်းလမ်းတစ်ခု အတိုင်း လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံက ဘင်္ဂါလီအရေးကို အမေရိကန်နဲ့ OIC တို့ အလိုကျဖြစ်ဖို့ဆိုရင် သူတို့ဩဇာခံတဲ့အစိုးရတစ်ရပ် အာဏာရရှိမှ သူတို့ရည်ရွယ်ချက်တွေ အောင်မြင်မှာမို့လို့ အဘက်ဘက်ကဖိအားပေးပြီး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ စနက်ကြောင့် စတေးကြရတာက အပြစ်မဲ့ပြည်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံကြီး၊ လူ့အခွင့်အရေးနိုင်ငံကြီး အမေရိကန်ကတော့ ဘယ်သူသေသေငတေမာ ပြီးရောပါ။ ဒါကြောင့်လည်း အမေရိကန်ရဲ့ သွေးထိုးမှု၊ ကြိုးကိုင်မှုနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာ ကမ္ဘာနဲ့အဝန်းပါပဲ။

အမေရိကန်နိုင်ငံကတော့ သူတို့လိုလားချက်ရဖို့ဆိုရင် ဘာမဆိုလုပ်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားရှိပါတယ်။ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အယ်ခိုင်ဒါ အဖွဲ့ကို ဘယ်သူပြုစုပျိုးထောင်မြေတောင်မြှောက်ပေးခဲ့တာလဲဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီတွေ၊ လူသားချင်းစာနာ ထောက်ထားမှုတွေ တစာစာအော်နေတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်ပါပဲ။ အဲဒီတော့ ကမ္ဘာ့အဆင့် အကြမ်းဖက်အဖွဲ့ကိုတောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ရုပ်လုံးအသွင်သဏ္ဌာန်က ဘာလဲဆိုတာ အထင်းသား မြင်တွေ့ရပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုတာ ငါ့နိုင်ငံနဲ့ ငါ့နိုင်ငံသားတွေအတွက်ပဲလို့ အမေရိကန်နိုင်ငံက သတ်မှတ်ထားပုံရပါတယ်။ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေ၊ လူသားတွေရဲ့ အခွင့်အရေးနဲ့ယှဉ်လာရင် တော့ အမေရိကန်ရဲ့ကိုယ်ကျိုး စီးပွားသာ ပဓာနဖြစ်ပါတယ်။

ခုတုံးလုပ်ဖို့ ဝန်လေးနေမှာမဟုတ်

အဲဒီလို ကိုယ်ကျိုးစီးပွားကိုသာ ဦးထိပ်ထားတဲ့ အမေရိကန်နိုင်ငံကတော့ အခြားနိုင်ငံတွေနဲ့ ပြည်သူတွေကို ခုတုံးလုပ်ဖို့ဝန်လေးနေမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဘင်္ဂါလီအရေးကိစ္စကို ပြည်တွင်းရေးအဖြစ်ကနေ နိုင်ငံတကာအရေးဖြစ်အောင် ဖန်တီးခဲ့တာရဲ့ နောက်ကွယ်မှာ အမေရိကန်နိုင်ငံလည်း ပါဝင်ပါတယ်။ ရခိုင်ပဋိပက္ခအရေးကို နိုင်ငံတကာအရေးဖြစ်အောင် ကိုဖီအာနန်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခဲ့ပြီး သူတို့အလိုကျ လမ်းခင်းပေးခဲ့လို့ ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။

အခုဆို အမေရိကန်နိုင်ငံရဲ့ စွက်ဖက်မှုဟာ ဘင်္ဂါလီကိစ္စအပြင် နိုင်ငံရေးအကျပ်အတည်းမှာလည်း စွက်ဖက်နေပါတယ်။ မြန်မာ့နိုင်ငံ ရေးအကျပ်အတည်းမှာ ကုလသမဂ္ဂကတစ်ဆင့်၊ အာဆီယံအဖွဲ့ကတစ်ဆင့် ဖိအားပေး၊ အတိုက်အခံတွေကို ထောက်ပံ့ကူညီနေတာတွေ လုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်အလိုကျ ဩဇာခံအစိုးရ အာဏာရရှိဖို့ အမျိုးမျိုးလုပ်နေမယ့်သဘောပါပဲ။

ဒီလို ကမ္ဘာတစ်ဝန်းဖြစ်စဉ်တွေ ချပြီးပြောနေတာဟာ အမေရိကန် မုန်းတီးရေး မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ မင်းသားမျက်နှာဖုံးကို ဖယ်ခွာပြီး တကယ့်ရုပ်လုံးအသွင်သဏ္ဌာန်ကို သိနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူသားမျိုးနွယ် အနာဂတ်အပေါ် ခြိမ်းခြောက်မှုအရှိဆုံးနိုင်ငံကို ပြပါဆိုရင် အမေရိကန် နိုင်ငံက ထိပ်ဆုံးက ဖြစ်ပါလိမ့်မယ်။ အဲဒီနေရာက အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်အမှန်ပဲ ဖြစ်ပါတယ်။ ။

ရည်ညွှန်းကိုးကား

၁။      ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာ (၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်)

၂။       https://xinhuamyanmar.com/mm-cn/%E1%80%9C%E1%80%80%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%B7%E1%80 %95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84/

၃။ https://news-eleven.com/article/215467

၄။ https://news-eleven.com/article/215178