Skip to main content

ကမ္ဘာ့ကုလသမဂ္ဂ သမာသမတ်ရှိပါစ ....

မင်းခေါင်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဩဂုတ်လ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့မှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၁၉ ရက်နေ့တွင် အပြည့်အစုံအကျယ်တဝင့် ဖော်ပြခဲ့ပါသည်။

သာမန်အားဖြင့် အထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာမှ ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံ့ခေါင်းဆောင်များ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ထိုသို့အပြည့်အစုံအကျယ်တဝင့် သတင်းထုတ်ပြန်ဖော်ပြလေ့မရှိပါ။ အထူးကိုယ်စားလှယ်နှင့် ယခုတွေ့ဆုံ ဆွေးနွေးခဲ့မှုများကိုမူ အဘယ်ကြောင့် အပြည့်အစုံအကျယ်တဝင့် ဖော်ပြခဲ့ရပါသနည်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြုသဘောမဆောင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် ၎င်းတို့မှအများပြည်သူသို့ ထုတ်ပြန်ချက်များတွင် အစိုးရ၏ တုံ့ပြန်ပြောကြားချက်များကို မျှတစွာထည့်သွင်းဖော်ပြရန် ကျင့်ဝတ်အရ လိုအပ်သော်လည်း အထူးကိုယ်စားလှယ်၏ ၁၇-၈-၂၀၂၂ ရက်နေ့ ထုတ်ပြန်ချက်သည် ယင်းကိုလိုက်နာခြင်းမရှိကြောင်း တွေ့ရှိရသည်။ ယင်းထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာ အသိုက်အဝန်းက အထင်အမြင်လွဲမှားနိုင်စေပြီး အများပြည်သူက နားလည်မှုလွဲမှားစေနိုင်သည် စသည်ဖြင့် ထုတ်ပြန်ချက်နိဒါန်းနှင့်နိဂုံးတွင် ဖော်ပြခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့စဉ်က “အခြေအနေကောင်းများကို ကောင်းစွာထိန်းသိမ်းနိုင်ရန် နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည် ယုံကြည်မှုများ လိုအပ်မည်ဖြစ်ပါသည်။ ပထမတင်ပြလိုသည့်အချက်မှာ အဆွေတော်နှင့် မိမိတို့အကြား အမြဲမပြတ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ တိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားရန် အဆိုပြု ပြောကြားလိုပါသည်” ဟူသည့် အထူးကိုယ်စားလှယ်၏ အမှန်တကယ် ဆွေးနွေးခဲ့မှုများအစား များစွာကွဲလွဲစွာထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်ကြောင့် မေးခွန်းထုတ်စရာ ဖြစ်ရသည်။ ထို့အတူ ကမ္ဘာ့မိသားစုဝင် ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ကုလသမဂ္ဂ၏ သမာသမတ်ကျမှုအပေါ် ထပ်ဆင့်မေးခွန်းထုတ်စရာ ဖြစ်ရသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့

ကုလသမဂ္ဂအဖွဲ့ကြီးကို စစ်ပွဲများတားဆီးရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတည်တံ့စေရန် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း ၅၁ နိုင်ငံ၏သဘောတူညီချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး လပိုင်းအတွင်း ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ယခုတိုင် ကျင့်သုံးလိုက်နာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အတိတ်က ကိုရီးယား၊ ဟန်ဂေရီ၊ အီဂျစ် စသည့် ကမ္ဘာ့အရေးအခင်းများတွင် ကျူးကျော်သူနိုင်ငံများကို ဘက်မလိုက်ဘဲ ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။ ထို့ကြောင့်ကုလသမဂ္ဂ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံသားများ ပါဝင်ခွင့်မရရှိစေရန် အမေရိကန်ဘက်က ကြိုးပမ်းခဲ့လေသည်။ ၁၉၅၆ခုနှစ်က ကိုလိုနီ လွတ်မြောက်ရေးဆိုင်ရာကောင်စီတွင် မြန်မာပါဝင်ခွင့်ရရှိနိုင်ရန် ထိုစဉ်ကအမေရိကန်၏နောက်လိုက် လိုက်ဘေးရီးယားနိုင်ငံနှင့်အပြိုင် အကြိမ်ကြိမ်မဲခွဲခဲ့ရဖူးသည်။

သို့ရာတွင် ထိုစဉ်က ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သည့် မြန်မာအစိုးရ၏ လွတ်လပ်တက်ကြွသော နိုင်ငံခြားရေးမူဝါဒဆောင်ရွက်ချက်များနှင့် မြန်မာသံတမန်ရေးရာ ပုဂ္ဂိုလ်များ၏ ကျွမ်းကျင်လိမ္မာမှုကြောင့် ဖဆပလခေတ်တွင် မြန်မာနိုင်ငံသားများ ကုလသမဂ္ဂ၌ အဆင့်မြင့်ရာထူးကြီးများကို ထမ်းဆောင်ခွင့် ရရှိခဲ့ကြသည်။ ယင်းတို့အနက် မြန်မာနိုင်ငံသား ဦးသန့်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆယ်စုနှစ်တစ်ခုတိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တာဝန်ထမ်းဆောင်စဉ်အတွင်း အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့ အင်အားကြီးနှစ်နိုင်ငံအကြား တတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလုမတတ် ထိပ်တိုက်ရင်ဆိုင်ခဲ့သော ကျူးဘားပဋိပက္ခ အပါအဝင် အီရီယန်အရေး၊ အယ်လ်ဂျီးရီးယားအရေးတို့ကို ပြေလည်အောင် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။ ကုလသမဂ္ဂ၏ဂုဏ်သိက္ခာသည်လည်း ကမ္ဘာတစ်ခွင်မြင့်မားစေခဲ့သည်။

ထိုကဲ့သို့ သမိုင်းအစဉ်အလာနှင့် ရည်ရွယ်ချက်မြင့်မားခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် စစ်အေးခေတ်လွန် အာဖဂန်နစ္စတန်စစ်ပွဲ၊ အီရတ်စစ်ပွဲတို့မှအစပြု၍ အမေရိကန်အပါအဝင် နိုင်ငံကြီးများ၏ လွှမ်းမိုးချုပ်ကိုင်အသုံးချမှုကြောင့် သမာသမတ်ရှိပါစဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

အမေရိကရဲ့အတွင်းရေးမှူးချုပ်ဟု သုံးနှုန်းတိုက်ခိုက်

အီရန်သမ္မတ အာမာဒီနီဂျက်က (၆၄) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် “အင်အားကြီးနိုင်ငံများက နိုင်ငံငယ်အချို့ကို ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့လို့ ဆိုပေမယ့် အစ္စရေးကို မျက်ကွယ်ပြုထားတယ်”ဟု ဆိုခဲ့သည်။ အာရပ်နိုင်ငံများကမူ ကိုဖီအာနန်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟု မခေါ်ဘဲ အမေရိကရဲ့ အတွင်းရေးမှူးချုပ်ဟု သုံးနှုန်းတိုက်ခိုက်ခဲ့ပြီး ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း နေရာအနှံ့အပြားတွင် ကိုဖီအာနန်၏ မျက်စိတစ်ဖက်တွင် အမေရိကန် အလံနှင့် ကျန်တစ်ဖက်တွင် အစ္စရေးအလံကို အစားထိုးပုံဖော်ထားသည့် ပိုစတာများ ကပ်ခဲ့ကြသည်။

အီရတ်စစ်ပွဲကာလတွင်မူ ငြိမ်းချမ်းရေးကိုလိုလားသော ကမ္ဘာ့နိုင်ငံ များသာမက အမေရိကန်၏ မဟာမိတ်အင်အားကြီးနိုင်ငံများကပါ ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်ရှိအခန်းကဏ္ဍနှင့် ရပ်တည်မှုအပေါ် အပြင်းအထန် ဝေဖန်မေးခွန်းထုတ်လာခဲ့ကြသည်။

နယူးစ်ဝိခ်မဂ္ဂဇင်းက “ကုလသမဂ္ဂကြီးဟာ ဖောင်းပွပြီး ဘာမှအလုပ်ဖြစ်အောင် မလုပ်နိုင်ဘူး”ဟု ဝေဖန်ရေးသားသည်။ လန်ဒန်ထုတ် ဂါဒီးယန်းသတင်းစာကြီးက အီရတ်ကိစ္စတွင် အမေရိကန်က လုပ်ချင်ရာလုပ်ပြီး ဘေးကျပ်နံကျပ်၊ ထိန်းမနိုင်သိမ်းမရဖြစ်လာသည့်အခါမှ ကုလသမဂ္ဂက တာဝန်ယူရန် လူရာသွင်းလာခဲ့မှုအပေါ် “ကုလသမဂ္ဂဟာ မအောင်မြင်တဲ့ အမေရိကန်စွန့်စားခန်းတွေအတွက် အမှိုက်ပုံကြီးတစ်ခုအဖြစ် အသုံးချတာမခံသင့်ဘူး”ဟု ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့သည်။

အမှန်တကယ်အားဖြင့်လည်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ သဘောတူအတည်ပြုချက်မရဘဲ အီရတ်ကို ဝင်တိုက်ခဲ့ကြသည်။ စစ်ပြီးခေတ် အီရတ်နိုင်ငံ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရန်အတွက်လည်း ကုလသမဂ္ဂက ဦးစီးဦးဆောင်လုပ်စရာ မလိုဘူးဟူ၍ ဘေးဖယ်ထားပြီး လူလူချင်းစာနာထောက်ထားရေး အကူအညီကိစ္စတွေမှာသာ ကုလသမဂ္ဂအခန်းကဏ္ဍကို သုံးမည်ဟုဆိုကြသည်။ ထို့အပြင်အီရတ်ဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ရွေးချယ်စေလွှတ်ရာတွင်လည်း ကုလသမဂ္ဂသည် အမေရိကန်၏တောင်းဆိုချက်အရ ရွေးချယ်စေလွှတ်ပေးခဲ့ရသည်။

ထို့ကြောင့် (၅၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် အီရတ်ပြဿနာနှင့်ပတ်သက်၍ ပွက်လောရိုက်ခဲ့လေသည်။ ကမ္ဘာ့နိုင်ငံအများစုက ကမ္ဘာ့အဖွဲ့အစည်းကြီး ပျက်စီးမသွားစေရေးနှင့် ပတ်သက်၍ “ကုလသမဂ္ဂကြီး အားကောင်းဖို့နှင့် ကုလသမဂ္ဂကိုဘေးချိတ်ပြီး လုပ်ချင်ရာမလုပ်ကြဖို့”၊ “ကုလသမဂ္ဂကြီးဟာ အင်အားနည်းတဲ့ နိုင်ငံတွေရဲ့ရှေ့က မားမားမတ်မတ်ရပ်ပေးတဲ့ လူရိုသေရှင်ရိုသေ အဖွဲ့ကြီးဖြစ်ဖို့”၊ “ပြုပြင်ပြောင်းလဲရေးတွေကို ထိထိရောက်ရောက်လုပ်ပြီး ခိုင်မာတောင့်တင်းတဲ့ အဖွဲ့အစည်းကြီးဖြစ်အောင် လုပ်ကြဖို့” စသည်ဖြင့် စေတနာရှေ့ထား ဆွေးနွေးခဲ့ကြသည်။

ပြင်သစ်သမ္မတ ဂျက်ရှီရက်က ကုလသမဂ္ဂအခန်းကဏ္ဍမြှင့်တင် ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတိုးချဲ့ရန် အကြံပြုခဲ့သည်။ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က “ကုလသမဂ္ဂရဲ့ အခွင့်အာဏာမပါရှိဘဲ တစ်ဖက်သတ် လက်ဦးမှုရယူပြီး စစ်တိုက်တာဟာ ကမ္ဘာကြီးကိုကြီးနိုင်ငယ်ညှဉ်း တောတွင်းဥပဒေသဆီသို့ ပြန်လည်ပို့ဆောင်ရာရောက်ကြောင်း” အမေရိကန်၏လုပ်ရပ်အပေါ် ထူးထူးခြားခြား ဝေဖန်ပြောကြားခဲ့လေသည်။

ကုလသမဂ္ဂပဋိညာဉ်တွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် တန်းတူညီမျှဆက်ဆံရေးတို့နှင့်ပတ်သက်၍ တိကျစွာ ပြဋ္ဌာန်းထားသော်လည်း လက်ရှိမြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ကြီး၏ သဘောထားနှင့်ရပ်တည်ချက်သည် ဘက်လိုက် မှုကင်းကင်းနှင့် သမာသမတ်ရှိပါလေစဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ကောင်းမွန်သောသမိုင်းကြောင်း ရေစက်ရှိခဲ့ရုံမက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လက်ရှိအချိန်အထိ ကုလသမဂ္ဂပဋိညာဉ်ကို ဖောက်ဖျက် ကျူးလွန်ခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂ၏အရိပ်အာဝါသကြောင့် အေးမြသည့်အရသာကို လိုလားတောင့်တသောနိုင်ငံများ ဖြစ်ပါသည်။

အတိတ်ကလည်း နိုင်ငံကြီးအချို့၏ အလိုကျကြိုးဆွဲရာကခဲ့

သို့ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီးသည် အတိတ်ကလည်း မြန်မာနိုင်ငံသို့ ကူမင်တန် တရုတ်ဖြူတပ်များ ကျူးကျော်မှုအရေးကိစ္စတွင် နိုင်ငံကြီးအချို့၏ အလိုကျကြိုးဆွဲရာ ကခဲ့ပါသည်။ တရုတ်ဖြူတပ်များ ဆုတ်ခွာပေးရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အရေးဆိုမှုတွင် ကျူးကျော်သူ ကူမင်တန်တပ်များဟူသည့် စကားရပ်အစား ကူမင်တန်အစိုးရကို ထောက်ခံသူ အမေရိကန်အလိုကျ ပြည်ပတပ်ဟုသာ ပြောင်းလဲ အဆိုတင်သွင်းခဲ့ရပါသည်။

လက်ရှိကာလတွင်လည်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်၍ ကုလသမဂ္ဂသည် နိုင်ငံကြီးအချို့နှင့် အဖွဲ့အစည်းအချို့၏အလိုကျ မြန်မာနိုင်ငံအပေါ်တစ်ဖက်သတ် ခွဲခြားဆက်ဆံခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ရာ အခြားနိုင်ငံများနည်းတူ ကုလသမဂ္ဂ စသည့်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို မျှော်လင့်ခဲ့ပါသော်လည်း “ကျန်ရစ်သူမရှိစေရ (Leave No One Behind)” ဟူသည့် ကုလသမဂ္ဂ၏ မူဝါဒအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပင်လျှင် လွန်စွာဝမ်းနည်းစရာကောင်းလောက်အောင် မြန်မာနိုင်ငံကို မည်သည့်အကူအညီမျှ ပေးအပ်ခဲ့ခြင်းမရှိခဲ့ချေ။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နှစ်ဖက်ဆွေးနွေးခဲ့စဉ်က “မြန်မာနိုင်ငံဘက်က အမြဲတမ်း ထုတ်ဖော်ပြောကြားလေ့ရှိသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟူသော အချက်နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်းအသိအမှတ်ပြု လေးစားလျက်ရှိပါသည်”ဟူသည့် ပြောကြားချက်အစား သတင်းထုတ်ပြန်ချက်တွင် “ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနှင့်မျှတရားဝင်မှုကို ပေးဆောင်ခြင်း မဟုတ်ပါ” ဟူသည့် ကွဲလွဲစွာဖော်ပြချက်များသည် ကုလသမဂ္ဂ၏ဂုဏ်သိက္ခာယုံကြည်မှုအပေါ် ထိခိုက်စရာဖြစ်ရသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် ချမှတ်ထားသည့် ပဋိညာဉ်နှင့်အညီ ထိတွေ့ဆက်ဆံဆောင်ရွက်မှုကို မျှော်လင့်ပါသည်။ ထို့အတူ မြန်မာနိုင်ငံသားဦးသန့်နည်းတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပုဂ္ဂိုလ်မျိုးဖြစ်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ မျက်မှောက်ကာလတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာ့မိသားစုဝင်နိုင်ငံအများစု၏ ကမ္ဘာ့ ကုလသမဂ္ဂ သမာသမတ်ရှိပါစဟူသည့် မေးခွန်းအစား ကမ္ဘာ့ကုလသမဂ္ဂ သမာသမတ်ရှိပါစေဟူ၍သာ မေတ္တာရပ်ခံ တောင်းဆိုချင်ပါသည်။။