Skip to main content

အမျိုးသားစာပေ တစ်သက်တာဆု၏ အတိတ်ခြေရာ

မောင်ဆွေငယ်

၂ဝ၂ဝ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ၄-၁၂-၂ဝ၂၁ ရက် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ စာဆိုတော်နေ့) စနေနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း မြဝတီမီဒီယာစင်တာ၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

ယခင့်ယခင်က မြန်မာ့အသံ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။ ထိုစဉ်က မြန်မာ့ရုပ်မြင်သံကြားမပေါ် သေး။ နောင်တော့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံဟောင်းနှင့် ယင်း၏တစ်ဖြစ်လဲ အမျိုးသား ဇာတ်ရုံသစ်ကြီးတွင်လည်း ကျင်းပခဲ့သည်။ မြန်မာ့ အသံ မြက်ခင်းပြင်နှင့် အမျိုးသားဇာတ်ရုံအဟောင်း မှာ ဖြစ်စေ၊ အသစ်မှာဖြစ်စေ ကျင်းပရာ နေရာတိုင်း တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖျော်ဖြေတင်ဆက်မှု များ ရှိခဲ့သည်။ အငြိမ့်ကတော့ အမြဲတမ်းပါသည်။ လူရွှင်တော်ကြီးများက စာပေဆိုင်ရာ ဟာသပြက်လုံး များကိုလည်း ထုတ်သည်။ ဆုရစာရေးဆရာများ ၏ ပြောပုံ၊ ဆိုပုံ၊ ဟန်ပန်အမူအရာတွေကိုလည်း ဟာသလုပ်သည်။ တစ်ချိန်လုံး အူနှိပ်ရယ် နေရသည်ကို ပြန်ပြောင်းအမှတ်ရမိသည်။

တစ်ခါတစ်ရံ စာပေသမိုင်းမှီးသည့် ဇာတ်ကြီးများ၊ ရုပ်ရှင်ဇာတ်ကားများကိုပင် ထည့်သွင်းဖျော်ဖြေ တတ်သည်။ ရန်ကုန်တိုင်းအတွင်းရှိ စာရေးဆရာ များကို အကုန်ဖိတ်သည်။ ဖိတ်စာပါလျှင် ကြိုက်သူ လာတက်၍ ရသည်။

လွမ်းမောစရာ အတိ

နောင်တော့ ခေတ်၏အရွေ့တွေ များလာသည်။ နေရာအမျိုးမျိုး ပြောင်းလာရသည်။ ဟိုတယ်ကြီး များမှာပင် ကျင်းပလာခဲ့သည်။ နောက်ပိုင်း စာရေး ဆရာတိုင်းကို မဖိတ်တော့။ မြို့နယ်စာပေဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ကိုသာဖိတ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်သာ ဆင်နွှဲကြရတော့သည်။ ဤအကြောင်း ပြန်ပြောရလျှင် လွမ်းမောစရာ အတိသာ။

၂ဝ၂ဝ ပြည့်နှစ်အတွက် စာရေးဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ ဦးစိန်လှိုင်(သူရဇော်) နှင့် ဆရာမ ဒေါ်ချိုချိုတင် (မစန္ဒာ) တို့က အမျိုးသား စာပေတစ်သက်တာဆုကို ဆွတ်ခူးရရှိခဲ့သည်။

၂ဝဝ၁ ခုနှစ်မှစ၍ ယခုနှစ် ၂ဝ၂၁ ခုနှစ်တွင် ချီးမြှင့်သည့် ၂ဝ၂ဝ ပြည့်နှစ်(အတွက်) အထိ စာရေး ဆရာနှင့် စာပေပညာရှင်များ စုစုပေါင်း ၃၄ ဦးပင် ရှိခဲ့ပေပြီ။

ဤအကြောင်းတို့ကို တွေးရင်းမှ အမျိုးသား စာပေတစ်သက်တာဆု စတင်မွေးဖွားရာ၊ တစ်နည်း အားဖြင့် ထိုဆုကြီး၏ အတိတ်ခြေရာကို ကောက်ကြောင်းလိုက်မိသည်။

ကနဦး စီစဉ်ကြံဆကြသူများအဖြစ် ဗိုလ်ချုပ် ကြည်အောင် (ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး)၊ ဆရာဦးမျိုးသန့် (မောင်ဆုရှင်)၊ ဆရာကြီး ဒေါက်တာသော်ကောင်း၊ ဦးတင်ခ (တက္ကသိုလ် တင်ခ) တို့ကို ရည်ညွှန်းရမည်ဖြစ်ပါသည်။ စာရေးသူမှာ တာဝန်ယူ အကောင်အထည်ဖော် ရသူဖြစ်ပါသည်။

ကိုယ်ရည်သွေးရခြင်းမဟုတ်

၎င်းတို့အနက် အမျိုးသားစာပေ တစ်သက်တာဆု ဖြစ်ပေါ်လာရသည့် အဓိကဇာတ်ဆောင်နှစ်ဦးကို ပြောရလျှင် ဆရာကြီးဦးလှကြိုင် (ပါရဂူ) နှင့် ဗိုလ်ချုပ်ကြည်အောင်တို့ကို ညွှန်းဆိုရပါမည်။

ပို၍ပေါ်လွင်စေရန် တင်ပြရပါမူ ထိုခေတ် ထိုအခါက နိုင်ငံရေးအခြေအနေနှင့် အခင်းအကျင်းကို ဦးစွာဖော်ပြမှ ပြည့်စုံပါမည်။ စာရေးသူ၏ ကိုယ်တိုင် ပါဝင်ရမှုကိုမူ မဖော်၍ မဖြစ်သဖြင့် ဖော်ပြရပါမည်။ ကိုယ်ရည်သွေးရခြင်း မဟုတ်ပါဟု ရိုးသားစွာ မေတ္တာရပ်ခံလိုပါသည်။

မြန်မာနိုင်ငံ၏ အမျိုးသားစာပေဆု ဖြစ်ပေါ်လာပုံမှာ ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် ‘အရှေ့တောင်အာရှ စာပေဆု’ နှင့် နွှယ်ခဲ့လေသည်။ သို့ဖြစ်ပေရာ အရှေ့တောင်အာရှ စာပေဆုအကြောင်း ကို အကျဉ်းအားဖြင့် ဖော်ပြပါမှ ပြည့်စုံပါမည်။

အများသိကြသည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (Association of South East Asian Nations) ကြီးကို ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။ အာဆီယံ (ASEAN) အသင်းကြီးဟု ထင်ရှားပါသည်။ စတင်ဖွဲ့စည်းစဉ်က အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်ဟူ၍ နိုင်ငံပေါင်း ငါးနိုင်ငံသာ ရှိခဲ့သည်။ နောင်မှ နိုင်ငံများအသီးသီးအဖွဲ့ဝင် ဖြစ်လာကြသော်လည်း မြန်မာနိုင်ငံ မပါဝင်ခဲ့ပေ။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ကျမှ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာသည့် မြန်မာနိုင်ငံအား အသိအမှတ်ပြု၊ ဂုဏ်ပြုသောအားဖြင့် အနီးစပ်ဆုံး အခါသမယဖြစ်သည့် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် ချီးမြှင့်သော အရှေ့တောင်အာရှ စာပေဆု အခမ်းအနားသို့ ဖိတ်ခေါ်ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံက ပထမဦးဆုံး ရွေးချယ်စေလွှတ်ခံရပြီး ဆုလက်ခံရသူမှာ စာရေးဆရာကြီးဆင်ဖြူ ကျွန်း အောင်သိန်း (ဦးကြည်အေး) ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်အတွက် ရွေးချယ်ခံရသူမှာ ဆရာ ကျော်အောင် (ဦးကျော်အောင်) ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်အတွက် ရွေးချယ်ခံရသူမှာ ဆရာမကြီး စောမုံညင်း (ဒေါ်ရင်ရင်) ဖြစ်ပါသည်။ ၂ဝဝ၁ ခုနှစ် အတွက် ရွေးချယ်စေလွှတ်ခံရသူမှာ ဆရာတက္ကသိုလ်ထင်ကြီး (ဦးတင်မောင်) ဖြစ်ပါသည်။

ကျွန်တော်သည်ကား ၂ဝဝဝ ပြည့်နှစ်၊ ဩဂုတ်လလယ်အထိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ထိုစဉ်က အထူးဖွဲ့စည်းပေးထားသည့် ‘သတင်းနှင့် အချက်အလက် စုဆောင်းမှတ်တမ်း တင်ရေး ဌာနစိတ်’ (Data Collection and Recording Section - DCRS) တွင် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ ကျွန်တော် လုပ်ဆောင်ရသည့် မူလတာဝန်များအပြင် အရှေ့ တောင်အာရှ စာပေဆုကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းရေးသားပြုစုရခြင်း၊ ဆုယူမည့် စာရေး ဆရာကြီးများ၏ လက်ရာအချို့ကို ဘာသာပြန် ပေးရခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရခြင်း၊ နိုင်ငံကူးလက်မှတ်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရခြင်းတို့ကို ကျွန်တော်ကပင် တာဝန်ယူရသည်။

ဆက်သွယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ပေးရ

ထိုစဉ်က ဆုလက်ခံမည့်သူ ပြောရမည့် မိန့်ခွန်းကို အင်္ဂလိပ်ဘာသာနှင့် ရေးပေးလိုက်ရုံနှင့် မပြီးပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပို့၍ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ (Foreign Affairs Policy Committee) သို့ တင်ပြပြီး အတည်ပြုချက်ရယူ ရသည်။ အတိုကောက်အားဖြင့် FAPC ဟု လူသိများ ပါသည်။ ထို့ပြင် ဆုရ စာရေးဆရာကြီးများနှင့်အတူ စကားပြန်အဖြစ် သော်လည်းကောင်း၊ ဆက်သွယ် ရေးအရာရှိအဖြစ် သော်လည်းကောင်း နှစ်စဉ် လိုက်ပါဆောင်ရွက်ပေးရသည်။ (၂ဝဝ၁ ခုနှစ် အတွက် ဆုလက်ခံရယူသူ ဆရာတက္ကသိုလ် ထင်ကြီး၏ ခရီးစဉ်တွင်မူ ဆရာမောင်မြင့်ကြွယ်က လိုက်ပါသွားသည်။)

၂ဝဝ၂ ခုနှစ်အတွက် အရှေ့တောင်အာရှ စာပေဆု လက်ခံရယူရန် ရွေးချယ်ခံရသူမှာ ဆရာကြီးပါရဂူ (ဦးလှကြိုင်) ဖြစ်ပါသည်။ ကျွန်တော် စာပေဗိမာန် ရောက်ပြီးသည်မှစ၍ စာပေဆု ကိစ္စရပ်များအပြင် အခြား စာပေကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆရာပါရဂူနှင့် များစွာရင်းနှီးခဲ့သည်။ ကျွန်တော်က သူ့ကို ချစ်စနိုးဖြင့် ‘ဘပါ’ ဟု ခေါ်လေ့ရှိသည်။ သို့နှင့် ယခင်ပုဂ္ဂိုလ်များနည်းတူ သူ့အတွက် ဘာသာပြန်ခြင်း၊ မိန့်ခွန်းရေးခြင်း၊ နိုင်ငံကူးလက်မှတ်ကိစ္စ ဆောင်ရွက်ခြင်းတို့ကို လုပ်ကိုင်ပေးရပါတော့သည်။

ဆရာပါရဂူ ရွေးချယ်ခံရသည့်အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျွန်တော် မရှိတော့ပါ။ စာပေဗိမာန်သို့ စာတည်းမှူးချုပ် တာဝန်ဖြင့် ပြန်ရောက်နေသည်မှာ နှစ်နှစ်ပင် ပြည့်ခဲ့ပြီ။ ဆရာပါအတွက် လုပ်ဆောင်ပေးရသည်မှာ အားလုံးအဆင်ပြေသည်။ စက်တင်ဘာလတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာရန် စောင့်ဆိုင်းနေရုံပင်။ သို့သော် အခြေအနေတို့ကား ပြောင်းကုန်သည်။ အရင်းခံကိုတော့ တင်ပြမှ ပြည့်စုံမည်ထင်ပါသည်။

အရှေ့တောင်အာရှ စာပေဆုများကို ၁၉၉၈၊ ၁၉၉၉၊ ၂ဝဝဝ နှင့် ၂ဝဝ၁ ခုနှစ်များအတွက် ဆက်တိုက် လက်ခံခဲ့သော်လည်း ဆရာပါရဂူ ရယူ မည့် ၂ဝဝ၂ ခုနှစ်အတွက်ကျမှ အစိုးရက မူပြောင်း၍ ငြင်းပယ်ခဲ့ပါတော့သည်။ ‘ဘပါ’ ခမျာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်ခဲ့ရလေသည်။

မည်သည့်အကြောင်းကြောင့်ဟု ဖော်ပြခဲ့ခြင်း မရှိသော်လည်း ၁၉၉၉ ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်း (အောက်တိုဘာလ ၇ ရက်ဟု ထင်ပါသည်။) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး အစီးခံရသည့် ပြဿနာ၏ နောက်ဆက်တွဲကြောင့် ထင်ပါသည်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ တွင် ဆရာကျော်အောင် အရှေ့တောင်အာရှစာပေဆု သွားယူသည့်အခါ ကျွန်တော်ပါ လိုက်ပါသွားခဲ့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ဤသတင်းကို ကြားခဲ့ရသည်။ ထိုစဉ်က နိုင်ငံပိုင် သတင်းစာများတွင် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ တော်တော်များများ ရေးသားဖော်ပြခဲ့ ကြသည်။ ဤကား စာရေးသူ၏ ထင်ကြေးဖြစ် ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံက နှစ်စဉ်မပျက် ဖိတ်ခေါ်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်နှင့် ၂ဝဝ၁ ခုနှစ်တို့အတွက် ခွင့်ပြုခဲ့သော်လည်း ၂ဝဝ၂ ခုနှစ်အတွက် ကျမှ ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

ဆရာပါရဂူကား သိပ်ပြီးထူးထူးခြားခြား ခံစား ရပုံ မပေါ်ပါ။ “မသွားနဲ့ ဆိုတော့လည်း မသွားရုံပဲ ရှိတာပေါ့ ကိုလှိုင်ရာ” ဟု စာရေးသူအား ပြုံးပြုံး ကလေး ပြောနေသော ‘ဘပါ’ ၏ မျက်နှာကို ယနေ့တိုင် မြင်ယောင်မိပါသေးသည်။

ထူးကဲသော စာပေဆု

သို့ရာတွင် ဆရာပါရဂူ၏ ကိစ္စအတွက် အထူးစိတ်မကောင်းဖြစ်နေသူမှာ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြည်အောင်ပင်။ ဗိုလ်ချုပ် ကြည်အောင်သည် ဆရာပါရဂူကို အထူးလေးစားသူ ဖြစ်ပြီး ဆရာပါရဂူ၏ စာအုပ်များစွာကို ဖတ်ထား သူလည် ဖြစ်သည်။ နိုင်ငံတော်၏မူအရ အရှေ့တောင်အာရှစာပေဆုကို သွားရောက်မယူဖြစ်ခဲ့ သော်လည်း အလားတူ စာပေဆုမျိုး၊ သူ့ထက်ပင် ထူးကဲသော စာပေဆုမျိုး မြန်မာနိုင်ငံတွင် တီထွင် ၍ပေးရန် စဉ်းစားမိသည်။

ဤကိစ္စဖြစ်ပြီး မကြာမီတစ်ရက်တွင် ဗိုလ်ချုပ်ကြည်အောင်က ကျွန်တော်နှင့် ဆရာဦးမျိုးသန့် (မောင်ဆုရှင်) တို့ကို ခေါ်ပါတော့သည်။ ဆရာပါ ကိစ္စကို သူအထူးစိတ်မကောင်းကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက ချီးမြှင့်သည့် ‘အမျိုးသားစာပေဆု’ မှာ စာပေပိုင်းတွင်အမြင့်ဆုံးဆု ဖြစ်ကြောင်း၊ ထို့ထက်မြင့်သော စာပေဆုတစ်ခုခုကို ရွေးချယ်ချီးမြှင့်လိုကြောင်း ပြောခဲ့သည်။

ဆရာမောင်ဆုရှင်က အဖွဲ့နှင့်ပြန်တိုင်ပင်ပြီး အသေးစိတ် ပြန်တင်ပြမည်ဖြစ်ကြောင်းကိုသာ တင်ပြနိုင်ခဲ့သည်။ ရုံးသို့ ပြန်ရောက်သည့်အခါ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်အားလုံးကို မခေါ်သေးဘဲ ဆရာဦးသော် ကောင်း (စည်သူဒေါက်တာသော်ကောင်း)၊ ဆရာ ကြီး ဒေါက်တာကျော်စိန် (ပညာရေးဝန်ကြီးဟောင်း)၊ ဦးတင်ခ (တက္ကသိုလ် တင်ခ) တို့ အပါအဝင် အခြား ပညာရှင်သုံးလေးဦး ပါသေးသည်ကို မှတ်မိနေပါ သည်။ ဆရာမောင်ဆုရှင်သည် ထိုစဉ်က အကြံပေး ဖြစ်နေပါပြီ။ စာတည်းမှူးချုပ်ဖြစ်နေသော ကျွန်တော်ကား အစည်းအဝေးတိုင်းတွင် ပါရပါသည်။ ဤစားပွဲဝိုင်းတွင် အမျိုးသားစာပေဆု ထက်မြင့်သော စာပေဆုတစ်ခုကို တီထွင်ရန် ဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က ပခုက္ကူဦးအုံးဖေ စာပေဆု ပေါ်ပေါက် နေပါပြီ။ ဤစာပေဆုတွင် ‘တစ်သက်တာစာပေဆု’ ကို စတင်ကတည်းက ချီးမြှင့်နေပြီဖြစ်သည်။ ပညာရှင်များ အချိန်ကြာ ဆွေးနွေးကြပြီးနောက် ပခုက္ကူ ဦးအုံးဖေ စာပေဆုထက် မြင့်သဖြင့် ‘အမျိုးသား’ဟူ သော ဝိသေသထည့်ကာ ‘အမျိုးသား စာပေ တစ်သက်တာဆု’ ဟု ရွေးချယ်ကာ ဆုံးဖြတ် ခဲ့ကြလေသည်။ ဤဆုံးဖြတ်ချက်ကို ဝန်ကြီးထံ သွားရောက်တင်ပြသည့်အခါ ဆရာမောင်ဆုရှင် အပြင် ဆရာကြီး ဦးသော်ကောင်း၊ ဒေါက်တာ ကျော်စိန်၊ တက္ကသိုလ်တင်ခတို့ပါ ပါလာကြသည်ကို ကျွန်တော် ကောင်းစွာမှတ်မိနေပါသည်။

‘အမျိုးသားစာပေ တစ်သက်တာဆု’ စီမံချက်ကို ဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်က အထူးသဘောကျကာ မရရအောင် အထက်ကို တင်ပြပြီး မဖြစ်ဖြစ် အောင်လုပ်မည်ဟု ပညာရှင်များကို ကတိပေးခဲ့သည်။ ထိုစဉ်အခါက တပ်မတော်အစိုးရလက်ထက် ဖြစ်၍ ဤသို့တီထွင်မှုကို ရမှရပါ့မလားဟု ပညာရှင်များက စိုးရိမ်ခဲ့ကြသေးသည်။ ခြုံဆိုရလျှင်နောက်ဆုံး ဗိုလ်ချုပ်ကြည်အောင်၏ အားထုတ်မှုကြောင့် အကောင်အထည် ပေါ်လုနီးနီး အခြေအနေ သို့ ရောက်လာခဲ့ပါသည်။

ထိုအခါ အပြောင်းအလဲတစ်ခု ကြုံလာပါသည်။ ဤဆုကို အတည်ပြုခါနီး ၁၃-၉-၂ဝဝ၂ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်သည် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြောင်းသွားရပါတော့ သည်။ ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဖြစ်လာသည်။ အမျိုးသား စာပေဆုကိစ္စနှင့် အသစ်ထွင်ထားသော ‘အမျိုးသား စာပေတစ်သက်တာဆု’ အကြောင်းကို ဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဆန်းအား ကျွန်တော်က သီးခြားတင်ပြရပါသည်။ ဗိုလ်မှူးချုပ်ကျော်ဆန်း ပြန်ကြား ရေးဝန်ကြီးဌာနသို့ရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် ဖြစ်သည်။ ဤကိစ္စအားလုံးကို သူကပင် ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

နောက်ဆုံး ‘အမျိုးသားစာပေ တစ်သက်တာဆု’ ကို မူအားဖြင့် သဘောတူပြီး အနီးစပ်ဆုံး စာပေ ဆုနှင်းသဘင်တွင် ချီးမြှင့်ရန်အထိ အောင်မြင်ခဲ့သည်။ ဆရာကြီး ဦးလှကြိုင် (ပါရဂူ) ကိုလည်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ကပင် တင်ရန် မှာကြားခဲ့သည်။

ကျွန်တော်သည် ထိုစဉ်က အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့၊ ပခုက္ကူဦးအုံးဖေ စာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အားလုံး၏ အတွင်းရေးမှူး ဖြစ်သည့်အပြင် အခါအားလျော်စွာ ပေါ်လာသမျှ စာပေကိစ္စ၊ စာပေပညာရှင်များကိစ္စ၊ နိုင်ငံတော် အတွက် ထုတ်ဝေရန် အထူးကိစ္စ ဖွဲ့စည်းလေသမျှ အဖွဲ့တိုင်း၏ အတွင်းရေးမှူး ဖြစ်ခဲ့သည်။

ထိုနှစ်က (၂ဝဝ၁ ခုနှစ်အတွက်) အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ အပြီးသတ် အဖွဲ့ကြီးအစည်းအဝေးကို ၁-၁၁-၂ဝဝ၂ ရက်တွင် ကျင်းပခဲ့သည်။ အဖွဲ့ဥက္ကဋ္ဌမှာ ဦးတင်ခ (တက္ကသိုလ် တင်ခ) ဖြစ်ပါသည်။ အစည်းအဝေးတွင် စာပေဆု များအနက် အမြင့်ဆုံးဆုဖြစ်သော ‘အမျိုးသားစာပေ တစ်သက်တာဆု’ ကို နှစ်စဉ်ချီးမြှင့်ခွင့်ရပြီဖြစ် ကြောင်း၊ ယခုနှစ်အတွက် ဆရာပါရဂူကို ရွေးထားကြောင်း ကြေညာခဲ့ရာ အဖွဲ့ဝင် ဆရာ၊ ဆရာမကြီး များက လက်ခုပ်သံများဖြင့် ဝမ်းသာအားရ အားပေး ခဲ့ကြသည်။

ဆရာဦးလှကြိုင် (ပါရဂူ) အား ၂ဝဝ၂ ခုနှစ်တွင် ရွေးချယ်ခဲ့သော်လည်း စာပေဆုများမှာ ၂ဝဝ၁ ခုနှစ် အတွက်ဖြစ်သဖြင့် စာပေဆု ပြက္ခဒိန်အရ ၂ဝဝ၁ ခုနှစ် အတွက်ဟူ၍ ကြေညာခဲ့ရသည်။ ယင်းအစီရင် ခံစာကို တင်ပြီး တစ်ပတ်ခန့်ကြာမည် ထင်ပါသည်။ ဝန်ကြီးက ကျွန်တော့်အား ခေါ်ကာ ‘ အမျိုးသား စာပေ တစ်သက်တာဆု’ ကို ယခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်ရန်၊ ယခုနှစ် (၂ဝဝ၁ ခုနှစ်)အတွက် ဆရာ ပါရဂူကို ချီးမြှင့်ရန်၊ ချီးမြှင့်ငွေကို အမျိုးသားစာပေ တစ်သက်တာဆုအတွက် ငွေသားကျပ် ၄ဝဝဝဝဝ (ကျပ် လေးသိန်းတိတိ) နှင့် အမျိုးသားစာပေဆု တစ်ဆုကို ငွေသား ကျပ် ၂ဝဝဝဝဝ (ကျပ်နှစ်သိန်း တိတိ) ချီးမြှင့်ရန် သဘောတူကြောင်းပြောပြီး သတင်းထုတ်ပြန်ခွင့်ပါ ပေးလိုက်ပါသည်။

ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့

ဤသို့ဖြင့် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ ကျင်းပသည့် ၂ဝဝ၁ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုး သားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် (၁၃) ကြိမ် မြောက် အမျိုးသားရေးဆောင်ပုဒ်၊ စာပေနှင့်ဓာတ်ပုံ ပြိုင်ပွဲဆု ဆုချီးမြှင့်ပွဲအခမ်းအနားကြီးတွင် အမျိုးသားစာပေ တစ်သက်တာဆုကို ပထမဆုံးအကြိမ် အဖြစ် ဆရာကြီးပါရဂူ (ဦးလှကြိုင်) အား ချီးမြှင့်ခဲ့ လေသည်။

ဤစာပေဆုများ ချီးမြှင့်စဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ဖြစ်ပေရာ ထိုစဉ်က အတွင်းရေးမှူး (၁)က ဆုချီးမြှင့်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် “အမျိုးသားစာပေ တစ်သက်တာဆုသည် မိမိ၏ ဘဝတစ်သက်တာပတ်လုံး စာပေတွင် မြှုပ်နှံပြီး ကိုယ်ကျိုးစီးပွား အလေးမထားဘဲ စာပေနှင့် မွေ့လျော်ကာ စာပေနှင့်သာ အသက်မွေး ဝမ်းကျောင်းပြုရင်း မိမိနိုင်ငံ၊ မိမိလူမျိုး၏ အကျိုး စီးပွားကို စာပေစွမ်းပကားဖြင့် တစိုက်မတ်မတ် သယ်ပိုးထမ်းရွက်လျက်ရှိသည့် စာပေပညာရှင်ကြီး များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည့်အတွက် စာပေ လောကအတွက် အမြင့်ဆုံး၊ တန်ဖိုးအရှိဆုံး စာပေဆုဟု ဆိုရမှာဖြစ်ကြောင်း” ဟူ၍ ထည့်သွင်း ပြောကြားခဲ့လေသည်။

ဆရာဦးလှကြိုင် (ပါရဂူ) ကို ရွေးချယ်သည့်နှစ် က သူတစ်ဦးတည်းကိုသာ နိုင်ငံတော်က ရွေးချယ် ပေးခဲ့သဖြင့် အခြားပြိုင်ဘက် မရှိခဲ့။ နောက်နှစ် (၂ဝဝ၂ ခုနှစ်အတွက်) မှစ၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များက မိမိတို့ နှစ်သက်ရာ အမည်စာရင်း (သုံးဦးကို)ရွေး၍ တင်နိုင် ပြီး ရရှိသည့် ဆန္ဒမဲပေါ် မူတည်၍ ရွေးခဲ့ကြသည်။ နောင်အခါ အတွင်းရေးမှူးအဖွဲ့က သက်ရှိထင်ရှား ရှိနေသည့် စာရေးဆရာများ၊ စာပေပညာရှင်များ စာရင်းပြုစု၍ လျှို့ဝှက်ဆန္ဒမဲများပေးကာ ရွေးချယ်ခဲ့ကြသည်။

၂ဝ၁၇ ခုနှစ်မှစ၍ စာရေးဆရာနှင့် စာပေပညာ ရှင်ဟူ၍ ခွဲကာ ရွေးချယ်လာကြခြင်းသည် ပိုမိုစနစ် ကျလာပါသည်။ ယခင်ကထက် ပို၍ပွင့်လင်း မြင်သာလာသည်။

အမျိုးသားစာပေ တစ်သက်တာဆုရှင်

စတင်ရွေးချယ်ခဲ့စဉ်က တစ်ဦးတည်းသာ ရွေးခဲ့သော်လည်း နောင်နှစ်များတွင် နှစ်ဦးရွေးခဲ့သည် လည်းရှိသည်။ သုံးဦးရွေးခဲ့သည့် နှစ်များလည်း ရှိသည်။ ၂ဝ၁၇ ခုနှစ်မှစ၍ စာရေးဆရာ တစ်ဦးနှင့် ပညာရှင်တစ်ဦးစီ ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီး၊ ဆရာမကြီးများကို မှတ်တမ်းတင် ဖော်ပြလိုပါသည်။

၁။ ဦးလှကြိုင် (ပါရဂူ) (၂ဝဝ၁)၊ ၂။ ဦးထင်ဖတ် (မောင်ထင်) (၂ဝဝ၂)၊ ၃။ ဦးဌေးမောင် (ဌေးမောင်) (၂ဝဝ၃)၊ ၄။ ဦးလေးမြိုင် (လေးမြိုင်) (၂ဝဝ၄)၊ ၅။ ဒေါ်ရင်ရင် (စောမုံညင်း) (၂ဝဝ၅)၊ ၆။ ဒေါ်ကြန် (မကြန်) (၂ဝဝ၆)၊ ၇။ ဦးကြည်အေး (ဆင်ဖြူကျွန်း-အောင်သိန်း) (၂ဝဝ၇)၊ ၈။ ဒေါက်တာကျော်စိန် (ဒေါက်တာကျော်စိန်) (၂ဝဝ၈)၊ ၉။ ဒေါက်တာ ခင်မောင်ညွန့် (ဒေါက်တာခင်မောင်ညွန့်) (၂ဝဝ၉)၊ ၁ဝ။ ဒေါက်တာသော်ကောင်း (ဒေါက်တာသော် ကောင်း) (၂ဝ၁ဝ)၊ ၁၁။ ဦးဝင်းမောင် (မင်းယုဝေ) (၂ဝ၁၁)၊ ၁၂။ ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး) (၂ဝ၁၂)၊ ၁၃။ ဦးအောင်သင်း (အောင်သင်း) (၂ဝ၁၂)၊ ၁၄။ ဦးတင်မောင် (သိပ္ပံမှူးတင်) (၂ဝ၁၂)၊ ၁၅။ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ) (၂ဝ၁၃)၊ ၁၆။ စည်သူဦးတင်လှိုင် (လယ်တွင်းသား စောချစ်) (၂ဝ၁၃)၊ ၁၇။ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး) (၂ဝ၁၃)၊ ၁၈။ ဦးဝင်းဖေ (မြဇင်) (၂ဝ၁၄)၊ ၁၉။ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) (၂ဝ၁၄)၊ ၂ဝ။ ဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်)(၂ဝ၁၄)၊ ၂၁။ ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)(၂ဝ၁၅)၊ ၂၂။ ဦးတင်ခ (တက္ကသိုလ်တင်ခ) (၂ဝ၁၅)၊ ၂၃။ ဦးကျောက်ဆောက်သာနိုး (မောင်သာနိုး) (၂ဝ၁၆)၊ ၂၄။ ဦးသန်းထွန်း (သိန်းသန်းထွန်း) (၂ဝ၁၆)၊ ၂၅။ ဦးကျော်ဝင်း (ညိုဝင်း) (၂ဝ၁၆)၊ ၂၆။ ဦးမြင့်လွင် (ဖိုးကျော့) (၂ဝ၁၇)၊ ၂၇။ ဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်းသုတေသီ) (၂ဝ၁၇)၊ ၂၈။ ဦးတင်မောင်မြင့် (တင်မောင်မြင့်) (၂ဝ၁၈)၊ ၂၉။ ဦးထွန်းအောင်ချိန် (ထွန်းအောင်ချိန်) (၂ဝ၁၈)၊ ၃ဝ။ ဦးအံ့မောင် (အံ့မောင်) (၂ဝ၁၉)၊ ၃၁။ ဦးညွန့် မောင် (မောင်မောင်ညွန့် - မန်းတက္ကသိုလ်) (၂ဝ၁၉)၊ (၃၂)။ ဦးမောင်မောင်လတ် (နောင်) (၂ဝ၂ဝ)၊ ၃၃။ ဦးစိန်လှိုင် (သူရဇော်)(၂ဝ၂ဝ)၊ ၃၄။ဒေါ်ချိုချိုတင် (မစန္ဒာ) (၂ဝ၂ဝ)။

အမျိုးသားစာပေ တစ်သက်တာဆု စတင်ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ပထမဦးဆုံးအကြိမ် ဤဆုကို ချီးမြှင့်ခံရသည့် ဆရာပါရဂူသည် အရှေ့တောင်အာရှစာပေဆုကို

လက်ခံရယူရန် ရွေးချယ်ခံရပြီးမှ ထိုစဉ်က အစိုးရ ၏ မူဝါဒအရ သွားရောက်ရယူရန် ပယ်ဖျက်ခံရ သည်။ ဤသည်ကိုအကြောင်းပြု၍ အမျိုးသား စာပေတစ်သက်တာဆု ဖော်ဆောင်ရန် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်နေစဉ် ဝန်ကြီးတစ်ဦး ပြောင်းသွားသည်။ နောက်ဆက်ခံသည့် ဝန်ကြီးက ဆက်လက်လုပ်ဆောင်ခဲ့၍ အကောင်အထည် ပေါ်ခဲ့ရသည်။

 

ဆုစတင်ချီးမြှင့်စဉ်က ငွေသားဆု ကျပ် လေးသိန်း ရခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ်အတွက် ကျပ်သိန်းတစ်ရာအထိ တိုးမြှင့်ချီးမြှင့်နိုင်ခဲ့ပြီဖြစ် သည်။ ဤဆုကို ရပြီးမှ စာပေလောကကြီးကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာခဲ့သူများလည်း ရှိသည်။ ထို့အတူ သက်ရှိထင်ရှား ရှိနေသူများလည်း ရှိနေသည်။ ရှိနေသေးသူတို့ကိုလည်း သက်တော် ရာကျော် ရှည်ကြပါစေဟုလည်း ဆုတောင်းမိသည်။

ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်ခဲ့သည့် စာပေဆုများအကြောင်းကို များသောအားဖြင့် ရေးသား ထားကြသည့် စာအုပ်စာတမ်းများမှ သိခွင့်ရကြ သည်။ ကိုယ်တိုင်ပါဝင်ခဲ့ရသည့် စာပေရေးရာကိစ္စ များကိုမူ ကိုယ်တိုင်ရေးမှသာ မှတ်တမ်းမှတ်ရာ အဖြစ် ကျန်ရှိပါမည်။ ဤသို့ ကောင်းမြတ်သော အစဉ်အလာကို မွေးဖွားပေးခဲ့သူတို့သည် လည်းကောင်း၊ ဤဆု၏ အသီးအပွင့်ကို ခံစားရသူများ တို့သည် လည်းကောင်း မြတ်နိုးတန်ဖိုးထားကြ ပါမည်။

‘အမျိုးသားစာပေ တစ်သက်တာဆု’ ပေါ်လာရ ပုံကို ရေးရသည်မှာ စာပေလောကသားများ သိစေလိုသော ရည်ရွယ်ချက်မှတစ်ပါး အခြားရည်ရွယ် ချက်မရှိပါ။ ပုဂ္ဂိုလ်စွဲ၊ ဌာနစွဲ၊ ဆန္ဒစွဲ မရှိရိုးအမှန်ပင်။ တပ်မတော်အစိုးရလက်ထက်က ဖြစ်ခဲ့စေကာမူ ကောင်းသောအစဉ်အလာတစ်ရပ် မွေးဖွားခဲ့သည် ကို ကြည်နူးစွာ သာဓုခေါ်ရပါမည်။ ကောင်းသော အစဉ်အလာတစ်ရပ်ကို အစဉ်အဆက် ဆက်လက် သယ်ဆောင်သွားရင်း ပို၍ကောင်းသည်ထက် ကောင်းအောင် အရောင်တင်ကြရမည်မှာနှောင်းလူ တို့၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ စာပေဆုများဟု တွင်ခဲ့လေသော စာပေဗိမာန်ဆု (၁၉၄၈-၁၉၆၁)၊ အနုပညာဆိုင်ရာဆု (၁၉၆၂-၁၉၆၄) တို့ကို ဆက်လက်ထိန်းသိမ်း လာခဲ့ရာယနေ့ အထင်အရှားရှိနေသည့် ‘အမျိုးသားစာပေဆု’ ဟူ၍ ထွန်းတောက်နေခြင်း ဖြစ်ပါသည်။

ဆရာပါရဂူကို အကြောင်းပြု၍ ဖြစ်ပေါ်လာ သော်လည်း ဆရာပါရဂူသည် ယနေ့မရှိတော့ပါ။ ဤဆုပေါ်ပေါက်စေရန် ကြိုးပမ်းစဉ်က အကြံဉာဏ် ကောင်းများ ပေးလေ့ရှိသော ဆရာမောင်ဆုရှင်သည်လည်း သူပါဝင်တီထွင်ခဲ့သော ဤဆုကို မစံရမီ ၂ဝဝ၉ ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။ ဆရာ မောင်ဆုရှင်တစ်ယောက် ရမသွားကောင်းလေလား ဟု ကျန်ရစ်သူတို့က မြည်တမ်းမိကြ၏။

 

ဤဆုအကြောင်းကို ကိုယ်တိုင်အားထုတ် သူများထဲမှာ ပါဝင်ပြီး ယခုတိုင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် စာပေတာဝန် ထမ်းဆောင်နေသော မင်းတိုင်ပင်ခံစာပေ သက်တော်ရှည် အမတ်ကြီးဟု ဆိုရလောက်သည့် ဆရာကြီး စည်သူဒေါက်တာသော်ကောင်းကား သက်ရှိထင်ရှား ရှိနေဆဲပင်။ သူနှင့် တွဲဖက်လုပ်ကိုင် ခွင့်ရခဲ့သော ကျွန်တော်သည်ပင်လျှင် နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပြီ။

‘အမျိုးသားစာပေ တစ်သက်တာဆု’ အတွက် ကြိုးပမ်းခဲ့ကြသူ၊ လက်ခံရရှိသူတို့အနက် အချို့က သွားနှင့်ကြပြီ။ အချို့ကား ရှိနေသေးသည်။ ရှိသူတို့ အနက် သိသူတို့က သိသမျှ ပြောရပါတော့မည်။

ဤကား ကျွန်တော်သိသမျှသာ။

စာကိုး။

(၁) ၂ဝဝ၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု ဆုရွေးချယ်ရေး ကော်မတီ၏ အစီရင်ခံစာ။

(၂) ကြေးမုံ နေ့စဉ်သတင်းစာ (၇-၁၂-၂ဝဝ၂)။