ပညာရေးယိုပေါက်ကို ပြည်သူ့အားဖြင့် ပိတ်ပင်တားဆီးရေး
ဒေါက်တာမောင်သင်း
ကျွန်တော်တို့နိုင်ငံတွင် နှစ်စဉ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျှင် ကျောင်းအပ်သည့်နှုန်းမှာ အားရစရာပင် ဖြစ်ပါသည်။ ကျောင်းသင်ပညာရေးသည် “စ” (ကျောင်းအပ်နှံခြင်း)၊ “လယ်” (ကျောင်းတက်မှန်၍ ကျောင်းမြဲနှုန်း မြင့်မားခြင်း)၊ “အဆုံး” (သိသင့်၊ တတ်သင့်သည်တို့ကို တတ်မြောက်စေပြီး လူသား၏အခြေခံစွမ်းရည်များ ပိုင်ဆိုင်အောင် လေ့ကျင့်မွေးထုတ်ခြင်း) ဆိုသည့် သုံးပါးစလုံးကို အောင်မြင်အောင်လုပ်ဆောင်ရမည့် နိုင်ငံ့အရေးပင် ဖြစ်ပါသည်။
ကျောင်းအပ်ခြင်းသည် ပညာရေး၏ တာထွက်အဆင့်သာဖြစ်ပြီး အပ်ထားသော ကျောင်းသားအားလုံးကို နှစ်လယ်မှ နှစ်ဆုံးအထိ သင်ကြားနိုင်မှုရှိပါမှ ပညာသင်နှစ်တစ်နှစ်၏ ပန်းတိုင်သို့ရောက်ရှိခြင်း ဖြစ်ပါသည်။ ထိုကိစ္စသုံးပါးစလုံး အောင်မြင်ရေးသည် ဆရာ ဆရာမများနှင့် ပညာရေးဌာနတွင် အဓိကတာဝန်ရှိသည်မှာ မှန်သော်လည်း မိဘများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် နိုင်ငံကိုဆင်းရဲမှုမှ ကင်းလွတ်စေချင်သည့် နိုင်ငံသားများအားလုံး ပါဝင်ပူးပေါင်းပါမှ အောင်မြင်မည့် နိုင်ငံ့အရေး၊ တစ်နည်းအားဖြင့် အမျိုးသားရေးလုပ်ငန်းတစ်ရပ်ပင် ဖြစ်ပါသည်။
ပညာရေးယိုပေါက်ဆိုသည်မှာ
၂၃-၇-၂၀၂၂ ရက်နေ့တွင်ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုဆုပေးပွဲအခမ်းအနားတွင် ပြောကြားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် “ယနေ့ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများသည် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သူငယ်တန်းကို တက်ရောက်သူများဖြစ်ကြပြီး ၁၁၈၇၃၉၂ဦး ရှိကြောင်း၊ မူလတန်းအောင်မြင်၍ အလယ်တန်းအဆင့် ပဉ္စမတန်းသို့ တက်ရောက်နိုင်သူ ၈၀၈၈၇၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၈ ဒသမ ၁၂ ရာခိုင်နှုန်းသာ အတန်းစဉ်ကူးပြောင်းနိုင်ခဲ့ကြောင်း၊ ၃၁ ဒသမ ၈၈ရာခိုင်နှုန်းသည် မူလတန်းတွင် ကျန်ရှိနေခဲ့ကြောင်း၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့် နဝမတန်းသို့တက်ရောက်နိုင်သူ ၅၈၅၁၈၂ ဦးရှိသည့်အတွက် စတင်ကျောင်းနေသူဦးရေ၏ ၄၉ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်ပြီး ၅၀ ဒသမ ၇၂ ရာခိုင်နှုန်းကျန်ရှိနေခဲ့သည်ကို တွေ့ရှိရကြောင်း၊ နဝမတန်းမှ တက္ကသိုလ်ဝင်တန်းသို့ တက်ရောက် နိုင်သူ ၂၃၂၁၄၈ ဦးရှိသဖြင့် စတင်ကျောင်းနေသူဦးရေ၏ ၁၉ ဒသမ ၅၅ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၄၅ ရာခိုင်နှုန်းမှာကျန်ရှိခဲ့သည်ကို တွေ့ရှိရကြောင်း” ဟူ၍ ပါရှိခဲ့ပါသည်။
အခြေခံပညာပြီးမြောက်ခြင်းမရှိဘဲ ကျောင်းထွက်မှုရာခိုင်နှုန်းသည် ၈၀ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်၍ ဤသို့ကျောင်းနေအရွယ်ကလေးများ အခြေခံပညာကျောင်း ပြီးမြောက်အောင် တက်ရမည်ကို မတက်နိုင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်သွားရသူများကို “ပညာရေးယိုပေါက် (Education Dropout)” ဟု သုံးနှုန်းကြပါသည်။
နှစ်စဉ် ကျောင်းထွက်ရသည့် “ပညာရေးယိုပေါက်” ဖြစ်ပေါ်နေရခြင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ မိဘများအနေဖြင့် စီးပွားရေးမပြေလည်၍ ကလေးများက ကျောင်းထွက်ပြီး ဝင်ငွေရှာရခြင်း၊ ကောက်ရိတ်သိမ်းချိန်တွင် ကူညီရခြင်း၊ ကလေးငယ်များကို ဝိုင်းထိန်းရခြင်း စသည့် အခက်အခဲတို့ကြောင့် ကလေးများသည် ပညာသင်နှစ်ဆုံးအောင် ကျောင်းကို ဆက်လက်မတက်နိုင်ဘဲ ကျောင်းထွက်ခဲ့ကြရပါသည်။
အဆိုပါ ပညာရေးယိုပေါက်ကို ပညာရေးအဟောသိကံဟုလည်း သုံးနှုန်းကြပါသည်။ ထိုဖြစ်စဉ်သည် ကျွန်တော်တို့နိုင်ငံတွင် အမြစ်တွယ်နေခဲ့သည်မှာ ရာစုနှစ်တစ်ဝက်ကျော်ပင် ကြာခဲ့ပြီဖြစ်ပါသည်။ နိုင်ငံတကာပညာရေးပညာရှင်များနှင့် စီးပွားရေးပညာရှင်တို့၏ လေ့လာမှုများအရ လူ့အဖွဲ့အစည်းတွင် ပညာရေး အဟောသိကံဖြစ်မှု နှုန်းများလေလေ ဆင်းရဲမှုသံသရာလည်လေလေဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပညာရှင်များ လေ့လာတွေ့ရှိသည့် ဤအချက်ကို အထူးသတိပြုရပါလိမ့်မည်။ လျစ်လျူရှုထား၍ မရနိုင်ပါ။ နိုင်ငံတော်အနေဖြင့် တိကျသည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရလိမ့်မည်ဟု မြင်မိပါသည်။ သို့ပါ၍ ဆင်းရဲမှုကင်းဝေးပြီး ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးယိုပေါက်ကို ကျွန်တော်တို့ မဖြစ်မနေ အရင် ပိတ်ရပါလိမ့်မည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူလတန်းပညာရေးကို မသင်မနေရ အဆင့်ထားရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော်ရသည့် အဓိကရည်မှန်းချက် နှစ်ချက်မှာ -
(၁) မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် အလုပ်ခွင်တို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများကို စနစ်တကျ ရင်ဆိုင်ဖြေရှင်းပေးနိုင်မည့် စာပေတတ်မြောက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးရန်၊ (၂) ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာပညာသင်ယူနိုင်မှု အရည်အသွေးကို ပိုင်ဆိုင်နိုင်သည့် အခြေခံအုတ်မြစ်များကို ချထားပေးနိုင်ရန်တို့ ဖြစ်ပါသည်။
အထက်ပါရည်မှန်းချက်များကို ဆောင်ရွက်နိုင်ပြီဆိုလျှင် လူသားတစ်ဦးစီတွင် -
(က) လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန် ကြိုးပမ်းအားထုတ်နိုင်စွမ်းရှိလာခြင်း၊
(ခ) အသိပညာနှင့် နားလည်သဘောပေါက်မှု မြင့်မားလာခြင်း၊
(ဂ) စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေခြင်း၊ စူးစမ်းလေ့လာလိုစိတ် ပွားများလာခြင်း၊ ကိုယ်ကျင့်တရား ခိုင်မာမှုကို တန်ဖိုးထားခြင်း၊ အမြင်ကျယ်ခြင်းနှင့် ရှေ့ရေးကို ကြိုတင်မြော်မြင်တတ်ခြင်း၊ အလုပ်ကို ဇွဲရှိရှိ လုပ်ဆောင်နိုင်ခြင်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရပ်ရွာ၏ ဘုံရည်မှန်းချက်အကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများကို ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်ပါသည်။
“မူလတန်းပညာရေး” ဆိုသည်မှာ စာရေး၊ စာဖတ်တတ်ရန် သက်သက်သာ သင်ကြားဖို့မဟုတ်ပါ။ စာသက်သက်သာသင်သည့် မူလတန်းပညာရေးမှာ အောင်မြင်သော ပညာရေးမဟုတ်ကြောင်း သတိပြုသင့်ပါသည်။ စာပေကိုအခြေပြု၍ အသက်အရွယ်အလိုက် သိသင့်၊ တတ်သင့်သည်များကို တတ်မြောက်မှုနှင့်အပြိုင် လူသားတိုင်းတွင် ရှိနေရမည့် အခြေခံပညာအရည်အသွေးများကို ပိုင်ဆိုင်နိုင်အောင် လေ့ကျင့်ပေးနေခြင်း ဖြစ်ပါသည်။ အသိပညာမြင့်မားလျှင် ဆင်းရဲမှု သံသရာမှ ရုန်းထွက်လိုစိတ် ထက်သန်ရေးကို ပိုင်ဆိုင်လာလိမ့်မည်။
ဆင်းရဲမှုကင်းမှ ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်၍ “လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအစ မူလတန်းပညာရေး ပြီးမြောက်မှုက” ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက လက်ခံကျင့်သုံးနေပါသည်။ ထို့ကြောင့် မူလတန်းပညာရေးကို မသင်မနေရအဆင့်ဆိုပြီး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ သို့သော်လည်း ယနေ့ အာရှနိုင်ငံများတွင် ဘဂလားဒေ့ရှ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့သာ မသင်မနေရ မူလတန်းပညာရေးသာရှိ၍ အခြားနိုင်ငံများတွင် မသင်မနေရပညာရေးကို အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်သည်အထိ ရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပညာရေးယိုပေါက်ပိတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့အစည်းတွင် အဓိကတာဝန်ရှိသော်လည်း ကျွန်တော်တို့နိုင်ငံသားတိုင်းတွင်လည်း တာဝန်ရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မဖြစ်မနေပါဝင်သင့်သူများမှာ -
(၁) ကျွန်တော်တို့ ကျောင်းဆရာ ဆရာမများ
ကျေးလက်နှင့် မြို့ပြ၏ဆင်ခြေဖုံးရပ်ကွက်တွင်ရှိသော မူလတန်းကျောင်းများမှ ဆရာ ဆရာမများသည် ကလေးများ ကျောင်းမတက်လျှင် နေမကောင်းလို့လား၊ ဘာအဆင်မပြေလို့လဲဆိုပြီး အိမ်တိုင်ရာရောက် မေးမြန်းဆွေးနွေးပါသည်။ မိဘများကို နှစ်သိမ့်ပေးပြီး ကလေးငယ်ထိန်းရန် လိုအပ်လျှင် ကျောင်းသို့ ခေါ်လာစေပါသည်။ ထို့အတူ မိဘများအား ကူညီသည့် ကျောင်းပျက်သောကလေးများကို ညဘက်တွင် အိမ်ခေါ်ပြီး သင်ပေးပါသည်။ ငွေပေးရသည့် ကျူရှင်မျိုးလုံးဝ မဟုတ်ပါ။ ကျောင်းဆရာဆိုသည်မှာ မိမိတို့၏ ကျောင်းသားများကို ပညာမျက်စိဖွင့်ပေးရေးမှာသာလျှင် တာဝန်ရှိသည်မဟုတ်ပါ။ ကျောင်းတည်ရှိသည့် ပတ်ဝန်းကျင်တွင်ရှိသော လူ့အဖွဲ့အစည်း၏ အသိပညာ ထွန်းတောက်ရေးကိုပါ ဆောင်ရွက်ပေးရမည်ဖြစ်၍ မိဘများ၏ ပညာရေးအမြင်ကျယ်အောင်လည်း ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ အသိဉာဏ်ဖွင့်ပေးရန် လိုအပ်ပါသည်။ သို့မှသာ သူတို့ကလေးများအား အနိမ့်ဆုံး မူလတန်းပညာပြီးမြောက်အောင် သင်ကြားပေးပြီး အလယ်တန်းအဆင့်သို့ ဆက်လက်စေလွှတ်ကာ ကလေးများ၏ အသိဉာဏ်ပညာ မြင့်မားအောင် ဆောင်ရွက်ကြလိမ့်မည်။ ထိုသို့လုပ်ဆောင်နိုင်မှသာ ပညာရေးယိုပေါက်ကို ပိတ်နိုင်လိမ့်မည် ဖြစ်ပါသည်။
(၂) ကျောင်းအကျိုးတော်ဆောင်အဖွဲ့
ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ အဓိကအလုပ်မှာ ကလေးများ၏ ပညာရေးကောင်းရန်အတွက် သင်ကြားသင်ယူမှုကောင်းသည့် ဝန်းကျင်များ ဖြစ်ထွန်းစေရေးကို ဝိုင်းဝန်းကူညီပံ့ပိုးပေးခြင်းပင်ဖြစ် ပါသည်။ ကျောင်းတွင် လိုအပ်သော သင်ထောက်ကူပစ္စည်း၊ သောက်ရေ၊ ကျောင်းအဆောက်အအုံများ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်းနှင့် ယနေ့ဆိုလျှင် ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ခြင်း များလောက်သာ ဆောင်ရွက်ရန်သက်သက်မဟုတ်ပါ။ ကိုယ့်ကျောင်းက ကျောင်းသားများ စာသင်နှစ်မပြီးဆုံးခင် ကျောင်းထွက်သည့် ယိုပေါက်ကိုလည်း သတိပြုပြီး ပိတ်နိုင်စွမ်းရှိရပါမည်။ ကလေးများ မဖြစ်မနေ ကျောင်းပြန်တက်နိုင်အောင် မိဘများနှင့် ဆွေးနွေး၊ နှစ်သိမ့်၊ အကြံပြု၊ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးပြီး ကျောင်းကို မရောက်ရောက်အောင် ပြန်ပို့သောအလုပ်သည်လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ တာဝန်ပင်ဖြစ်ပါသည်။ ထိုအဖွဲ့သည် ရပ်ရွာအပေါ်တွင် စေတနာအလွန်ကြီးမားကြပြီး လူမှုဆက်ဆံရေးကောင်းမွန်သည့် ဩဇာတိက္ကမကြီးသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် ပညာရေးယိုပေါက်ကိုပိတ်နိုင်သော စွမ်းအားလည်း ရှိကြပါသည်။ ကလေးများပညာကောင်းဖို့တို့တာဝန်၊ ကလေးတစ်ယောက် ကျောင်းထွက်မှုသည် တို့ရပ်၊ တို့ရွာကို ဆင်းရဲမွဲတေမှုနှုန်း မြင့်စေသောကြောင့် တို့ရပ်၊ တို့ရွာ ဖွံ့ဖြိုးစေရန် ကလေးအားလုံး ကျောင်းမြဲ၍ အနိမ့်ဆုံး မူလတန်းအဆင့်ပညာရေး ပြီးမြောက်ရေးနှင့် ထိုမှတစ်ဆင့် အခြေခံပညာအလယ်တန်းအဆင့် (KG + 9) အောင်မြင်ရန် လိုအပ်သည်ဆိုသောအချက်ကို အမြဲသတိပြုပြီး ဆောင်ရွက်ပေးကြရန် အထူး တာဝန်ရှိပေသည်။
(၃) မိဘများ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများ
တိုင်းပြည်ဆင်းရဲနွမ်းပါးမှု၏ တရားခံမှာ ရုပ်ဝတ္ထုရှားပါးခြင်း မဟုတ်ပါ။ ပြည်သူများ၏ အသိဉာဏ်ပညာ ဆင်းရဲမွဲတေမှုကြောင့်သာလျှင်ဖြစ်ကြောင်းကို မိဘများအနေဖြင့် သတိပြုရပါလိမ့်မည်။ ဆင်းရဲမှုသံသရာကို ယနေ့ မိဘများဆီကနေ လက်ရှိကလေးငယ်တို့နှင့် သူတို့၏ နောက်မျိုးဆက်များဆီသို့ မရောက်ရလေအောင် အပြီးတိုင် အမြစ်ဖြတ်ရပါလိမ့်မည်။ ဖြတ်ဖို့နည်းလမ်းမှာ “ကလေးများကို အသိဉာဏ်ကြွယ်ဝစေရန် ဝိုင်းဝန်းကူညီပေးရေးက အဓိက” ဖြစ်ပါသည်။ ကျောင်းအပ်ပြီးလျှင်၊ ကျောင်းရောက်ပြီးလျှင် စာတတ်မြောက်ရန် ဆရာ ဆရာမတို့၏ တာဝန်ဆိုသည့်အစွဲကိုရပ်မိရပ်ဖများနှင့် မိဘများအနေဖြင့် ဖျောက်နိုင်ရမည် ဖြစ်ပါသည်။ မိဘများနှင့်အတူ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူအားလုံးသည် တို့ရပ်၊ တို့ရွာ ဖွံ့ဖြိုးရေးသည် ကလေးများ၏ အနိမ့်ဆုံး မူလတန်းအဆင့်ပညာရေး ပြီးမြောက် အောင်မြင်မှုအပေါ်တွင် မူတည်နေသည်ဆိုသည့်အချက်ကို မြင်တတ် ကြရန်ဖြစ်ပါသည်။ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးမှသည် တစ်နိုင်ငံလုံး မူလတန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး ပညာရည်မြင့်မားစေရန် ဖြစ်ပါသည်။ ထို့ကြောင့် ဝိုင်းပြီးကူကိုကူညီ ရမည်ဆိုသည့် “တိုင်းပြည်အကျိုးပြု အသိတရားအမြင်” ဖြင့် ရပ်မိရပ်ဖများ၊ ကျေးရွာ၊ ရပ်ကွက် အာဏာပိုင်အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီရန် လိုအပ်ပေလိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်)