အာဆီယံပဋိညာဉ်ရေးဆွဲစဉ်က
တက္ကသိုလ် မြတ်သူ
၂၀၀၇ ခုနှစ် မတ်လ အာဆီယံအသင်းကြီးအတွက် အသင်းဝင်နိုင်ငံတိုင်းက လက်မှတ်ရေးထိုးပြီး လိုက်နာရန် ဝန်ခံကတိပြုရသည့် ပဋိညာဉ်စာချုပ်ကြီးကို ရေးဆွဲနေပေသည်။ အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေရေးဆွဲရေး ကျွမ်းကျင်သောပုဂ္ဂိုလ်များကို ဝန်ကြီးအဆင့်၊ ပါမောက္ခအဆင့်ရှိ ပညာရှင်ပုဂ္ဂိုလ်များက ဦးဆောင်ရေးဆွဲ ခရီးပေါက်မြောက်နေပေသည်။ မြန်မာနိုင်ငံမှ ဝန်ကြီးအဆင့်ရှိ စီးပွားရေးပညာရှင် ဒေါက်တာ သန်းညွန့် ခေါင်းဆောင်သောအဖွဲ့ကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပေသည်။
အမြင်သဘောထားဆန္ဒယူ
ထိုစဉ်က အာဆီယံပဋိညာဉ်ရေးဆွဲရေးအဖွဲ့ခေါင်းဆောင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး(ငြိမ်း)ကလည်း မိမိတို့ရေးဆွဲနေသော အာဆီယံ ပဋိညာဉ်ကိုဝန်ကြီးအဆင့်၊ ဥပဒေရေးဆွဲရေး ကျွမ်းကျင်သောပညာရှင်များက ရေးဆွဲနေပေပြီ။ သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှ ပြည်သူတို့၏သဘောထားဆန္ဒ၊ လူမှုရေးအမြင်၊ အမျိုးသားယဉ်ကျေးမှု ရှုထောင့်၊ လူမျိုးစရိုက် လက္ခဏာအမြင်တို့လည်း ဤပဋိညာဉ်ရေးဆွဲရာ၌ ပါဝင်သင့်သည်။ ထို့ကြောင့် အာဆီယံဝင်နိုင်ငံများမှ လူမှုရေးအမြင်များ ထင်ဟပ်တင်ပြနိုင်သော လူမှုရေးကိုယ်စားလှယ်များ ဖိတ်ခေါ် မေးမြန်းမည်။ အမြင်သဘောထားဆန္ဒယူမည်ဟုပြောကာ ဖိတ်ကြားခဲ့သည်။
ထိုဖိတ်ကြားချက်အရ မြန်မာလူမှုရေးကိုယ်စားလှယ်အဖွဲ့ကို စိစစ်ရွေးချယ်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမြင့် (နောင်သံအမတ်ကြီး)က အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များအဖြစ် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။
(၁) ဦးလှမြင့် - နိုင်ငံခြားရေးရုံး (အဖွဲ့ခေါင်းဆောင်)
(၂) ဦးမြတ်သူ - စာရေးဆရာ၊ သတင်းစာဆရာ
(၃) ဒေါက်တာ ဒေါ်သက်သက်ဇင်- အမျိုးသမီးရေးရာအဖွဲ့ခေါင်းဆောင်
(၄) ဦးထွန်းအောင်- UMFCCI ခေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကိုယ်စားလှယ်
(၅) ဒေါက်တာမြင့်ဆွေ- သမိုင်းပါမောက္ခ၊ ဒဂုံတက္ကသိုလ်
(၆) ဒေါက်တာဝါဝါမောင်-(ယခု ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန)တို့ ဖြစ်ကြသည်။
အဖွဲ့လိုက်အကြံပြု
မြန်မာလူမှုရေးအကြံပေးအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ၂၀၀၇ ခုနှစ် မတ်လတွင် သွားရောက်ခဲ့သည်။ မနီလာရောက်ပြီး နောက်တစ်နေ့မှာပင် လူမှုရေးကိုယ်စားလှယ်များ၏ စုံညီအစည်းအဝေး ကျင်းပခဲ့သည်။ မြန်မာကိုယ်စားလှယ်များ အပါအဝင် အာဆီယံဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များ ကဏ္ဍသုံးရပ်ခွဲ၊ လူခွဲပြီး ဆွေးနွေးကြရသည်။ အဖွဲ့လိုက်အကြံပြုစာတမ်းရေးကြရသည်။
ထိုစဉ်က ဦးလှမြင့်၊ ဒေါက်တာမြင့်ဆွေတို့က နိုင်ငံရေးကဏ္ဍ၊ ဦးထွန်းအောင်နှင့် ဒေါက်တာဝါဝါမောင် တို့က စီးပွားရေးကဏ္ဍ၊ ကျွန်တော် (တက္ကသိုလ်မြတ်သူ) နှင့် ဒေါက်တာ ဒေါ်သက်သက်ဇင်တို့က ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍတို့တွင် ပါဝင်ဆွေးနွေးခဲ့ရသည်။
၂၀၀၇ ခုနှစ်ကာလသည် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီလူ့အခွင့်အရေး ဟူသော စကားလုံးနှစ်လုံးကို ရေလဲနှင့်သုံးပြီး နိုင်ငံများစွာ၏ ပြည်တွင်းရေးကို နယ်ချဲ့လက်ဟောင်းလက်သစ်နိုင်ငံများက ဝင်ရောက်စွက်ဖက်နေချိန်ဖြစ်သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နိုင်ငံများက စုဝေးဖွဲ့စည်းခဲ့သည်။ ဖွဲ့စက အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံ၊ ယခုအခါအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ ရှိနေပေပြီ။ အဖွဲ့ဝင်နိုင်ငံတိုင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကိုပါ သက်ဝင်လက်ခံကြရသည်။ အထူးရေးဆွဲထားသော ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကြီးပါ ပြဋ္ဌာန်းချက်အားလုံးကိုလည်း လက်ခံလိုက်နာပါမည်ဟု ပဋိညာဉ်(ကတိပြု) လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းကုလသမဂ္ဂအဖွဲ့ကြီး၏ အဖွဲ့ဝင်တိုင်း လိုက်နာရမည့် ပဋိညာဉ်သည် နိုင်ငံတကာစာချုပ်ကြီးပင်ဖြစ်သည်။ ယင်းပဋိညာဉ် အပိုဒ်(၂)တွင် ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင်လျှင် အဖွဲ့ဝင်နိုင်ငံတို့၏ ပြည်တွင်းစီရင်ပိုင်ခွင့်ကျရောက်သော အရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခွင့်မပြု။ အဖွဲ့ဝင်နိုင်ငံအားလုံးတွင်ပင်လျှင် သူတစ်ပါးပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရဟု ပြဋ္ဌာန်းထားသည်။ ကုလသမဂ္ဂအဖွဲ့ကြီးက နိုင်ငံအားလုံးကြီးကြီးငယ်ငယ် အားလုံးတန်းတူ မဲပေးစရာရှိလျှင် တစ်နိုင်ငံတစ်မဲသာ ပေးရမည်။ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားနိုင်ငံများကလေးစားရမည်။ တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်မစွက်ရ၊ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို ကျူးကျော်တိုက်ခိုက်ခြင်း မပြုရဟုလည်း ကုလသမဂ္ဂရည်ရွယ်ချက် အခြေခံမူများနှင့် ပဋိညာဉ်စာချုပ်ကြီးတွင် အတိအလင်းဖော်ပြ ပြဋ္ဌာန်းထားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ဒုတိယကမ္ဘာစစ်ပွဲအတွင်း ကမ္ဘာ့လူသားသန်း ၇၀ သေဆုံးကာ နိုင်ငံတိုင်းလိုလိုမှာပင် စစ်မြေပြင် စစ်တလင်းဖြစ်ကာ နိုင်ငံမြို့ရွာများ ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့ကြောင့် တတိယကမ္ဘာစစ်ဖြစ်မလာအောင် ကမ္ဘာ့နိုင်ငံအားလုံးက ဝိုင်းဝန်းတားဆီးရေး၊ ကမ္ဘာကြီးစစ်မက်ကင်းဝေးစွာ ငြိမ်းချမ်းသာယာရေး၊ နိုင်ငံအားလုံး၊ လူသားအားလုံးလွတ်လပ်ရေး၊ နိုင်ငံများအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်ဖွဲ့စည်းခဲ့သည်။ ဖက်ဆစ်ဝါဒနှင့် ဖက်ဆစ်ဝါဒီများ ပြန်လည်ခေါင်းထောင်မလာရေးကိုလည်း နိုင်ငံအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် ရည်ရွယ်ခဲ့သည်။ နိုင်ငံများကို အင်အားသုံး ကျူးကျော်သိမ်းပိုက်ကျွန်ပြုသွေးစုပ်သော နယ်ချဲ့စနစ် ကိုလည်း ကုလသမဂ္ဂအဖွဲ့ဝင် ဆန္ဒမဲအများစု၏ မဲပေးဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။
၁၉၄၆ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Human Right Declaration) ကို ရေးဆွဲပြဋ္ဌာန်းကာ အဖွဲ့ဝင်နိုင်ငံတိုင်းက လိုက်နာပါမည်ဟု ကတိပြု ခံဝန်လက်မှတ် ရေးထိုးစေခဲ့သည်။ ထိုစဉ်က နှစ်စဉ်ကုလသမဂ္ဂတွင် ကျင်းပသောလူ့အခွင့်အရေးညီလာခံ ကျင်းပခဲ့ရာတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစု(အထူးသဖြင့် နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေး ပြန်လည်တိုက်ယူခဲ့သည့် အာရှ၊ အာဖရိကနိုင်ငံများ)က အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်အပါအဝင် ဥရောပအရင်းရှင်(နယ်ချဲ့)နိုင်ငံကြီးများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အချက်အလက်အထောက်အထားများဖြင့် တင်ပြဝေဖန်ခဲ့သည်။ ထိုအခါ ပြစ်တင်ဝေဖန်ခံ အရင်းရှင် အင်အားကြီးနိုင်ငံများက လူ့အခွင့်အရေးဆိုသော အသံကိုပင် မကြားချင်ခဲ့ကြပေ။ နောက်ပိုင်း ထိုအင်အားကြီး(နယ်ချဲ့)နိုင်ငံတို့သည် ကောက်ကျစ်ပါးနပ်စွာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အပိုင်စီး ခြယ်လှယ်လာကြသည်။ သူခိုးက လူ...လူ ဟု ဟစ်သောစကားပုံ ကဲ့သို့ထိုနိုင်ငံကြီးများက နည်မျိုးစုံဖြင့်အဖွဲ့ဝင်နိုင်ငံ မဲအများစု အရယူကာ သူတို့ဩဇာမခံသော နိုင်ငံများ၊ သူတို့မလိုလားသော နိုင်ငံများကို လူ့အခွင့်အရေးချိုးဖောက်သည်ဟု လုပ်ကြံစွပ်စွဲလာတော့သည်။
စာရင်းဇယားများဖြင့် ပြန်လည်စွပ်စွဲ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများတွင် နိုင်ငံရေးကျွမ်းကျင်သူအဖြစ် ကျော်ကြားခဲ့သော ဟင်နရီကစ်ဆင်းဂျားက ကမ္ဘာ့နိုင်ငံများ သို့သွားရောက်ဖွင့်လှစ်သော အမေရိကန်သံရုံးများမှ သံအမတ်များ၊ သံတမန်အရေခြုံ စီအိုင်အေထောက်လှမ်းရေးသမားများထံသို့ ညွှန်ကြားချက်ထုတ်ကာ မိမိတို့ရောက်ရာနိုင်ငံမှ အစိုးရများ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း အစီရင်ခံစာများရေးပို့ရမည်။ (အမှန်တကယ် မချိုးဖောက်သည့်တိုင် ချိုးဖောက်သည်ဟု မဖြစ်မနေ အစီရင်ခံရမည်ဟူသောသဘောဖြင့် အမိန့်ပေးညွှန်ကြားခဲ့သည်။) ထိုအချိန်မှစ၍ အမေရိကန်မလိုလားသော နိုင်ငံတို့လူ့အခွင့်အရေး ချိုးဖောက်သည်ဟူ၍ အမေရိကန်နှင့် အပေါင်းအပါများက မြိန်ရေယှက်ရေ စွပ်စွဲပုတ်ခတ်သော အစီရင်ခံစာများ နှစ်စဉ်ထုတ်ပြန်တော့သည်။ ထိုအုပ်စုကပင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးများကပါ အလားတူ စွပ်စွဲပုတ်ခတ်ထိုးနှက်လာသည်။ စွပ်စွဲခံနိုင်ငံများကလည်း ဆတ်ဆတ်ထိမခံခုခံချေပကြသည်။ ထိုစွပ်စွဲချက်များကို လက်မခံပယ်ချကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆိုလျှင် အမေရိကန်နှင့် အပေါင်းအပါ (အနောက်အုပ်စု)၏ လူ့အခွင့်အရေး စွပ်စွဲချက်များကို ဆတ်ဆတ်ထိမခံ ပယ်ချသည့်အပြင် အမေရိကန်ပြည်ထောင်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ အထောက်အထားအချက်အလက် စာရင်းဇယားဓာတ်ပုံများဖြင့် ပြန်လည်စွပ်စွဲ ထိုးနှက်ကြေညာထုတ်ပြန်လေ့ရှိသည်။
ယနေ့ကုလသမဂ္ဂအဖွဲ့ကြီးသည် အဖွဲ့ကြီး၏အသုံးစရိတ် ဝန်ထမ်းကြီးငယ် (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လစာ အပါအဝင်) လစာများ အသုံးစရိတ်၊ ခရီးစရိတ်များ ထောက်ပံ့မှုအများဆုံး အမေရိကန်နှင့် ရေနံဝင်ငွေကောင်းရနေသည့် နိုင်ငံများ ကြီးစိုးသည့် OIC ခေါ် အစ္စလာမ္မစ်ဘာသာ ကိုးကွယ်သောနိုင်ငံ (၅၇ နိုင်ငံ) ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့တို့၏ မျက်နှာကိုထောက်၍ ထိုအုပ်စုနှစ်ခု ဆန္ဒနှင့်အညီ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ချိုးဖောက်၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ အခြေခံမူအစစ်များကို မျက်ကွယ်ပြုပြီး ထိုကုလသမဂ္ဂအဖွဲ့ကြီး၏ ပစ္စည်းလေးပါးဒါယကာ အုပ်စုနှစ်ခုဘက်မှ တစ်ဖက်သတ်ဘက်လိုက်ပြောဆို ဆုံးဖြတ်လာကာ ဆောင်ရွက်ပေးနေရသည်ကို ကမ္ဘာကစိတ်မချမ်းသာစွာ တွေ့နေရပေသည်။
အထက်တွင် တင်ပြခဲ့သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်တို့ကို ငါးဖယ်ကလည်း ပြောင်းပြန်ဆိုသကဲ့သို့ ဇောက်ထိုးပြောင်းပြန်လုပ်ပြီး ကမ္ဘာ့နိုင်ငံများကို ထိုးနှက်နှောင့်ယှက်နေကြသည့် လူ့အခွင့်အရေးအမည်ခံ မလိုတမာ စွပ်စွဲပုတ်ခတ်ထိုးနှက်နေမှုများကြောင့် မနီလာသို့ အာဆီယံပဋိညာဉ် ရေးဆွဲရေး၌ လူမှုရေးအရ အကြံပြုရမည့်ခရီးစဉ်တွင် ကျွန်တော်သည် လူ့အခွင့်အရေးနှင့် ပတ်သက်သော စာအုပ်များ၊ စာရွက်စာတမ်းများ၊ သတင်းစာဖြတ်ပိုင်းများ တစ်ထမ်းတစ်ပိုး သယ်သွားခဲ့သည်။ မနီလာ အကြံပေးအစည်းအဝေးတွင် လူ့အခွင့်အရေးအကြောင်း ပြောရဆိုရပါက အထောက်အထားများပြ၍ တင်ပြတော့မည်ဟု အားခဲခဲ့ပါသည်။
အငြင်းပွားဝိဝါဒ
မနီလာအကြံပြုရေး စုံညီအစည်းအဝေးဖွင့်လှစ်ရာ၌ ပြောကြားသော အာဆီယံပဋိညာဉ်စာချုပ် ရေးဆွဲရေးအဖွဲ့ဥက္ကဋ္ဌက “ရှင်တို့ အာဆီယံပဋိညာဉ်မှာ ပါသင့်ပါထိုက်တဲ့ လူမှုရေးရှုထောင့်၊ ယဉ်ကျေးမှု ရှုထောင့်က ရှင်တို့ပြည်သူများ ဆန္ဒနဲ့အညီ တင်ပြကြပါ။ ခုတလော လူပြောများပြီး ဟိုဘက်သည်ဘက် အငြင်းပွားဝိဝါဒကွဲပြားနေတဲ့ လူ့အခွင့်အရေးအကြောင်းတော့ ပြောစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်မတို့ ရေးဆွဲအတည်ပြုတော့မယ့် အာဆီယံပဋိညာဉ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ လုံးဝထည့်မထားပါဘူး။ ဒါကြောင့် ကျန်တာဆွေးနွေးကြပါ” ဟု ပြောကြား၍ ကျွန်တော်သယ်သွားသော လူ့အခွင့်အရေးအကြောင်း စာအုပ်စာတမ်းများကို မနီလာရှိ မြန်မာသံရုံးသို့ ပေးလှူခဲ့ပါသည်။ ကျွန်တော်ဆွေးနွေးရမည့် အလှည့်တွင် အောက်ပါအတိုင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
“အာဆီယံအသင်းဟာ အခုဆိုရင် တားဆီးနှောင့်ယှက်ဟန့်တားနေကြတဲ့ ကြားထဲကပဲ အရှေ့တောင်အာရှဒေသတွင်း ၁၀နိုင်ငံလုံး ပါဝင်တဲ့အတွက် တင်းပြည့်အဖွဲ့ကြီး ဖြစ်လာပါပြီ။ ဒီအဖွဲ့ကြီးထဲမှာ လူမျိုးရေးကွဲပြားမှု၊ အသားအရောင် ဘာသာစကား ကိုးကွယ်ရာ ယဉ်ကျေးမှုမတူ ကွဲပြားတဲ့နိုင်ငံတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံ ၁၀ နိုင်ငံလုံးဟာ အရှေ့တောင်အာရှဒေသမှာ ရှေးပဝေသဏီ ကတည်းက ရှိနေတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ ဘာတွေမတူတူ ဘာတွေကွဲပြားကွဲပြား အရှေ့တောင်အာရှသားတွေအဖြစ် တူညီစွာ ဖြစ်တည်နေပါတယ်။ ဒါကြောင့် ဒေသတွင်း လူဦးရေ သန်း ၅၀၀ ကျော်ကိုယ်စားပြုပြီး ဒေသကြီးငြိမ်းချမ်းသာယာဝပြောရေး လက်တွဲလုပ်ကိုင်ကြဖို့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ဟာ ဒီအာရှဒေသမှာ ဖြစ်ထွန်းနေပါပြီ။ အကောင်းဆုံးနိုင်ငံရေး ငါးပါးသီလ လူမှုရေးပဉ္စသီလပါပဲ”
အာဆီယံပဋိညာဉ်စာချုပ်ကိုပင် ဆန့်ကျင်ချိုးဖောက်နေ
မြန်မာကိုယ်စားလှယ်များသည် မိမိတို့တာဝန်ကျရာကဏ္ဍများတွင် တက်ကြွစွာပါဝင်ကြပြီး အာဆီယံစည်းလုံးရေး၊ ညီညွတ်ရေး အာဆီယံ အောင်မြင်ရေးကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ထိုစဉ်ကတည်းက အနောက်အုပ်စု အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံကို ချုပ်ကိုင်လွှမ်းမိုးဩဇာပေးရန် ကြိုးပမ်းခဲ့ကြပါသည်။ ထိုစဉ်က ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ကလည်း အာဆီယံ၏တည့်မတ်သော လမ်းကြောင်းပေါ်သို့သာ လျှောက်လှမ်းခဲ့ပါသည်။ မလေးရှားမှ ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်သည် အမေရိကန်တို့ ကြားဝင်စွက်မှုများကို ပြတ်ပြတ်သားသား လက်တုံ့ပြန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မယ်လင်း အော့ဘ်ရိုက်က ဒေါက်တာမဟာသီယာအား “ ရှင်ပါးစပ်ပိတ်ထား”ဟု ပင် အော်ဟစ်ရှက်ရမ်းရမ်းခဲ့ရပါသည်။ ယခုအခါမှာတော့ သိသည့်အတိုင်း အာဆီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခါခါ လာရောက်ဩဇာပေးနေပေသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများစွာကလည်း OIC မျက်နှာကြည့်ရ၊ အနောက်အုပ်စုမျက်နှာကြည့်ရနှင့် အာဆီယံပဋိညာဉ်စာချုပ်ကိုပင် ဆန့်ကျင်ချိုးဖောက်နေသည်ကို စိတ်မကောင်းစွာ မြင်ရကြားသိနေရသည်။ သက်တမ်း ၃၅ နှစ်ပြည့် အာဆီယံကြီး ကျန်းမာပါစေ၊ လမ်းသာပါစေ၊ လမ်းဖြောင့်ပါစေ၊ တိုးတက်ပါစေ။။