ကိုယ်တိုင်ရွေးချယ်သောခရီး . . .
သိန်းထွန်း (IR)
ကိုယ့်အလုပ်တာဝန်နဲ့ကိုယ်ဆိုတော့ မိသားစုနဲ့ခွဲပြီး အလုပ်ရှိတဲ့မြို့မှာပဲ နေရတာကြာပါပြီ။ အရင်က အလုပ်ပါးတဲ့အခါ ရုံးပိတ်ရက်မှာ အိမ်ပြန်ဖြစ်တယ်။ မပြန်ဖြစ်ဘူးဆိုရင်တောင် သုံးလ တစ်ကြိမ်လောက် ပြန်ဖြစ်တယ်။ အခုဆို အိမ်မပြန်ဖြစ်တာ နှစ်ပေါက်တော့မယ်။ အိမ်မှာ အလုပ်ကိစ္စလေးတွေလည်း ရှိနေတာမို့ အဆင်ပြေကြလား သွားကြည့်ချင်နေတာ။ လိုင်းကားနဲ့ ပြန်ရင် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းဆို ရောက်ပြန်ပဲ။ အိမ်တော့ ပြန်ရပါရဲ့ ပင်ပန်းတာနဲ့ ကုန်ကျစရိတ်နဲ့မကာမိဘူး။ အိမ်ပြန်လို့ ကုန်ကျမယ့်စရိတ်ကို အိမ်အသုံးစရိတ်ထဲ ထည့်လိုက်တော့ တစ်ဖက်က အဆင်ပြေသွားလို့ အိမ်မပြန်ဖြစ်တာလည်း ပါတာပေါ့။
ရုံးပိတ်ရက် အိမ်ပြန်
ပြီးခဲ့တဲ့အပတ်ထဲကတော့ အိမ်ပြန်ဖို့ အခွင့်သင့်၊ အကြောင်းသင့်ခဲ့ပါတယ်။ တစ်ရုံးတည်းက သူငယ် ချင်းကို ပြောမိတယ်။ အိမ်မပြန်ဖြစ်တာ နှစ်ပေါက် တော့မယ်၊ နောက်တစ်ပတ် ရုံးပိတ်ရက် အိမ်ပြန် ဦးမယ်ကွာလို့။ သူငယ်ချင်းက ချက်ချင်းပဲ ရုံးပိတ်ရက် ပြန်မှာလား၊ ငါလိုက်ပို့မယ်၊ ငါလည်း ခြေဖဝါးယားနေတာ အပျင်းပြေသွားကြတာပေါ့ ...လို့ လိုလိုလားလား ပြောလာတော့ ဝမ်းသာလိုက် တာ။ သူငယ်ချင်းက ကျွန်တော့်လိုပဲ သူ့အိမ်က နယ်ဝေးမှာ၊ ဒါပေမယ့် သူ့မှာ အိမ်ထောင်မရှိဘူး။ တစ်ကိုယ်တည်းသမား။ သူ့အိမ်က ငွေကြေးအဆင် ပြေတော့ သူ့ကိုယ်ပိုင်ကားလေးနဲ့သူ။ ကိုယ့်အိမ်ပြန်မှာကို သူ့ကားနဲ့လိုက်ပို့မယ်ဆိုတော့ လုပ်ဖော် ကိုင်ဖက်အတွင်းသိ အစင်းသိ ဆိုပေမယ့် အားတော့ နာသား။ ကျွန်တော် အားနာနေတာကိုသိတော့ သူငယ်ချင်းက -
“မင်း အားနာမနေနဲ့၊ ရုံးပိတ်ရက် ငါလည်း ပျင်းနေမှာ။ အလည်အပတ် သွားချင်နေတာနဲ့ အတော်ပဲ။ ငါ့ကားနဲ့သွားမယ်”
“ကျေးဇူးပဲ သူငယ်ချင်းရာ၊ မင်းကားနဲ့သွားတော့ ငါ့အတွက် ပိုအဆင်ပြေတာပေါ့”
ဒါနဲ့ စနေနေ့နံနက်အစောကြီးပဲ သူငယ်ချင်း နှစ်ယောက် အဆောင်က ထွက်ခဲ့ကြတယ်။ နံနက် ၅ နာရီလောက်ကတည်းက ထွက်လာပြီး လမ်းကြမှ စားစရာတစ်ခုခုစားကြမယ်ပေါ့။ အချိန်လည်း ရတော့ သူငယ်ချင်းက အေးအေးဆေးဆေးပဲ မောင်းလာတယ်။ ကျွန်တော့်သူငယ်ချင်းက အေးဆေးတယ်။ သူ့မှာ ပူပင်စရာမရှိဘူး။ အိမ်က လည်း အထိုက်အလျောက် ပိုက်ဆံရှိ၊ ညီအစ်ကို မောင်နှမတွေကလည်း သူ့အလုပ်နဲ့ သူအဆင်ပြေ ကြတော့ သူငယ်ချင်းအတွက်က နောက်ဆံတင်း စရာမရှိဘူး။ သူဝါသနာပါတဲ့အလုပ်မို့ အိမ်နဲ့ခွဲနေ ပြီး လာလုပ်နေတာ။ ကျွန်တော်က မိသားစုမပါ တော့ သူနဲ့နှစ်ယောက်သား တွဲမိတယ်။
ရုံးမှာဆိုရင် သူနဲ့ကျွန်တော်နဲ့က အလုပ်လည်း အတူတူ၊ နေတာလည်း အတူတူဆိုတော့ ဆိုးတူ ကောင်းဖက်လို ဖြစ်နေတာ။ သူငယ်ချင်းက ကျွန်တော့်မိသားစုအကြောင်း အကုန်သိထားတယ်။ ကျွန်တော့်မိသားစုနဲ့လည်း တစ်ခါဆုံဖူးတယ်။ ကျွန်တော့်အိမ်က လူကြုံရှိလို့ စားစရာထည့်ပေးရင် သူနဲ့ကျွန်တော့်အတွက် နှစ်ယောက်စာ ထည့်ပေး တာ။ မိဝေးဖဝေး၊ မိသားစုဝေး ဘဝတွေဆိုတော့ မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးပါပဲ။ ဘဝတွေ ဆိုတာက ပျော်ရာမှာမနေရ၊ တော်ရာမှာနေရလို့ ပြောပေမယ့် တစ်ခါတလေကြ သင့်တော်ပေမယ့် ပျော်ရွှင်မှုကင်းမဲ့နေရင် ရေရှည်မှာ ဘယ်လောက် အထိ နေနိုင်မှာလဲ။ လူတိုင်းမှာက ဘဝအခြေအနေတွေ၊ စိတ်ခံစားချက်တွေ၊ ရည်မှန်းချက်တွေ၊ ဝါသနာတွေမတူတတ်ကြတော့ စိတ်ရယ်၊ ကိုယ်ရယ်၊ အလုပ်ရယ်တစ်ထပ်တည်းဖြစ်ဖို့ အခက် သား။ အဲဒီတော့ အဆင်ပြေအောင်နေကြတာပဲ။
“လက်ဖက်ရည် သောက်ရအောင်ကွာ” ... လို့ သူငယ်ချင်းပြောလိုက်မှ အတွေးပြတ်သွားတယ်။ နံနက်စာက ဘာမှမစားခဲ့ရတော့ ဗိုက်ဆာပြီ။ ကျွန်တော်သာ ကိုယ့်အတွေးနဲ့ကိုယ်မို့ ဗိုက်ဆာတာ ကို သတိမရတာ။
“အေး မင်းပြောမှ ငါလည်း ဗိုက်ဆာတာ သတိရတယ်... အဆင်ပြေတဲ့ဆိုင် ဝင်လိုက်လေ”
သူငယ်ချင်းနှစ်ယောက် ကားလမ်းဘေး တွေ့တဲ့ ဆိုင်လေးမှာပဲ ပလာတာစား၊ လက်ဖက်ရည်သောက် လိုက်တယ်။ ဆိုင်လေးက ခရီးတစ်ထောက်နားတွေ အတွက် ဖွင့်ထားတာဖြစ်မယ်။ မြို့မနီး၊ ရွာမနီးနဲ့ ဆိုင်ဖွင့်ထားတာ။ ခရီးသွားကား သုံးစီးရပ်ထားပြီး ကိုယ့်လိုပဲ စားနေကြတယ်။ သူ့ဟာသူတော့ စားလို့ အဆင်ပြေသား။ လမ်းခုလတ်မှာ ဆိုင်လေးဖွင့်ထားတော့ ခရီးသွားကားတွေအတွက် ကားနား၊ လူနား နားလို့ကောင်းတယ်။ ပတ်ဝန်းကျင်မှာလည်း တမာ ပင်ကြီးတွေနဲ့၊ နေ့လယ်နေ့ခင်းဆို အေးနေမှာပဲ။
ဆိုင်ကို ထန်းရွက်တွေမိုးထားတော့ အညာဒေသ အပူဒဏ်ခံနိုင်မှာ။ ဆိုင်လေးကို တစ်ပိုင် တစ်နိုင်ဖွင့်ပြီး အေးအေးလူလူ လုပ်ကိုင်စားနေတာ စိတ်ချမ်းသာမယ့်ပုံ။ ဆိုင်ရှင်က အေးအေး ဆေးဆေးနဲ့။ ဆိုင်ထဲရောက်လာတဲ့ ဧည့်သည်တွေကို သူ့ဆွေမျိုးသားချင်း မှတ်သလားမသိပါဘူး။ စကား တွေ လာပြောနေလိုက်တာ။ အေးချမ်းတဲ့ဘဝဆိုတာ ဒါကိုပြောတာ ထင်တယ်လို့ တွေးမိတယ်။ အဲဒီလို အေးချမ်းတဲ့ဘဝကို လိုချင်လိုက်တာ၊ ဘဝရဲ့အမော တွေ၊ လောဘ ဒေါသမောဟတွေနဲ့ ကင်းကင်းပဲ နေချင်ပြီ။
သူငယ်ချင်းနှစ်ယောက် စားပြီးလို့ နာရီဝက် လောက်နေတော့ ဆက်ထွက်လာခဲ့ကြတယ်။
နှစ်ယောက်သား စကားတပြောပြောနဲ့ မောင်းလာရင်း မိုးလေးဖွဲဖွဲကျလာတယ်။ “မိုးကျ လိုက်တာ အပူသက်သာသွားတယ်ကွ” လို့ သူငယ်ချင်းက ဆိုတယ်။ မိုးကျလာတော့ ကားလမ်းပေါ်က နိမ့်နေတဲ့နေရာတွေမှာ ရေတင်ကျန်နေတယ်။ ရေတင်ကျန်တဲ့နေရာတွေရောက်ရင် ချိုင့်ခွက်ရှိမှာ စိုးလို့ သူငယ်ချင်းက ကားကို ဖြည်းဖြည်းပဲ မောင်းနေ ပါတယ်ဆိုမှ မျက်နှာချင်းဆိုင်ကလာတဲ့ ကားတစ်စီးက အရှိန်နဲ့ဖြတ်မောင်းသွားလိုက်တာ ကျွန်တော်တို့ ကားအတွင်းဘက်ခြမ်းမှာ ရွှံ့တွေပေကုန်ရော။ ရှေ့မှန်လည်း ရွှံ့ရေတွေနဲ့။ ကျွန်တော်က ...
“ဪ... လူတွေနော် ခရီးသွားချင်း ကိုယ်ချင်း မစာဘူးကိုး”လို့ ပြောလိုက်တော့ သူငယ်ချင်းက ဘာမှမဖြစ်သလိုပါပဲ။ အိမ်ရောက်မှကားကို ရေဆေးလိုက်မယ်လို့ ကျွန်တော့်ဘက်လှည့်ပြော လိုက်ပြီး သူ့ကားသူ သတိနဲ့ဆက်မောင်းနေတယ်။ နောက်ပြီးမှ...
“ဒီခရီးမှာက ဘာမှမဖြစ်ပါဘူး၊ ကားရွှံ့ပေရုံပဲ။ ရေဆေးလိုက်ရင် ပြောင်သွားမှာ။ သံသရာခရီးဆိုရင် ဘယ့်နှယ်နေကြမလဲ မသိဘူး... ကားကို ရွှံ့ပေလို့ ရေဆေးသလို ပြောင်သွားပါ့မလား” ဆိုပြီး စဉ်းစဉ်း စားစား ပြောလာတယ်။
ဒါလည်းဟုတ်တာပဲ။ ဒီလိုခရီးအတွက်က ရွှံ့ပေ တာအသေးအမွှားပါပဲ။ ဒါပေမယ့် လူ့အသိုက်အဝန်း ထဲမှာ နေရပြီဆိုရင် အနည်းဆုံးတော့ သူ့ဘက် ကိုယ့်ဘက် ရှိကြတာမဟုတ်လား။ အရာရာကို ငါဖို့ တစ်ခုတည်း အမြင်နဲ့ကြည့်မယ်ဆိုရင် သဟဇာတ ဖြစ်ဖို့ အတော်ခက်မယ်။ သူငယ်ချင်းပြောသလို သံသရာခရီးဆိုရင် ဘယ့်နှယ်လုပ်ကြမလဲ။ သံသရာ ထဲမှာ သူ့ခရီးသူသွား ကိုယ့်ခရီးကိုယ်သွား။ လူဆို တာက သံသရာခရီးသွားတွေပဲ။ ကံကြမ္မာဆုံလို့ လူ့ဘဝမှာ ခဏတစ်ဖြုတ်တွေ့ကြတာ။ ဒီလိုတွေ့ဆုံ ကြတဲ့အချိန်လေး ကောင်းသောတွေ့ဆုံခြင်း၊ တစ်ယောက်နဲ့တစ်ယောက် အကျိုးပြုတဲ့ တွေ့ဆုံ ခြင်းဆိုရင် နှစ်ဦးနှစ်ဖက် ကျေနပ်စရာတွေပဲပေါ့။ အဲဒါဆို ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်း လိုက်မလဲ။
ဘဝတန်ဖိုးဆိုတာကို သတိမေ့နေကြ
ကျွန်တော်တို့ ဒီကနေ့ရှင်သန်ရပ်တည်နေကြတာ သံသရာခရီးထဲက ဘဝတစ်ခုစာမှာပဲ မဟုတ် လား။ သံသရာခရီးနဲ့ဆိုရင် မျက်စိတစ်မှိတ်၊ လက်တစ်ဖျစ်စာ အချိန်လေး။ အဲဒီလို အချိန်တိုလေး ထဲမှာ ဝင်သူဝင်၊ ထွက်သူထွက်ကြနဲ့။ ဘယ်ဘဝကို သွားပါလို့ ကိုယ့်မှာပြောပိုင်ခွင့်မရှိ၊ မသွားပါနဲ့လို့ လည်း တားပိုင်ခွင့်မရှိ။ မိဘမို့လို့၊ မောင်နှမသားချင်း မို့လို၊ မိတ်ဆွေတွေမို့လို့ဆိုပြီး ပြောလို့ရတာလည်း မဟုတ်ဘူး။ ကိုယ့်ဘဝနဲ့ကိုယ် ဝင်လိုက်၊ ထွက်လိုက်။ မှတ်မှတ်ရရထွက်သွားတဲ့ သူတွေလည်းရှိရဲ့၊ လူမသိ သူမသိ ထွက်သွားသူတွေလည်းရှိရဲ့။ ခေတ္တခဏ ဆုံလာကြတဲ့ လူ့ဘုံလောကမှာ ပျော်ရွှင်နေတဲ့သူတွေ ကိုလည်း တွေ့ရတယ်၊ သောကနဲ့သူတွေကိုလည်း တွေ့ရတယ်။ ဘဝကို ကျေနပ်နေတဲ့သူ၊ မကျေမနပ် ဖြစ်နေတဲ့သူ အစုံပဲ။ သံသရာခရီး ဆက်မသွားရခင် အထိတော့ တစ်ကိုယ်စာဘဝတွေနဲ့ နပန်းလုံး နေလိုက်ကြတာ။ ဘဝတန်ဖိုးဆိုတာကို သတိမေ့နေ တတ်ကြပြီး လက်ရှိတစ်ဘဝစာလေးထဲမှာကို အမျိုးမျိုးဖြစ်နေကြတာ။ အဲဒီလိုတွေထဲမှာ ကိုယ်တိုင်က ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုးပြု အောင် ပြုမူပြောဆိုကျင့်ကြံမှ အခုဘဝ၊ နောင်ဘဝ ဆိုတာတွေ ကောင်းမှာပေါ့။
တစ်ဘဝစာအတွက်ကတော့ လူတိုင်း ရှင်သန် ရပ်တည်နေကြတာပဲ။ သံသရာခရီးမှာတော့ တစ်ဘဝစာထက် ပိုစဉ်းစားဖို့လိုလာပြီ။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်က သံသရာထဲ ဘယ်လိုခရီးဆက် ရမလဲဆိုတာမှ မသိနိုင်တာကိုး။ ဓမ္မပဒထဲက ရက်ကန်းသည် သတို့သမီးဝတ္ထုမှာ မြတ်စွာဘုရား ရဲ့အမေးကို ရက်ကန်းသည်မလေး ဖြေသလိုပါပဲ။ ဘယ်ကလာမှန်းမသိ၊ ဘယ်သို့သွားမှန်းမသိ၊ သေခြင်းတရားကိုသိ၊ ဒါပေမယ့် ဘယ်အချိန်သေမှာ ကိုတော့ မသိဆိုတဲ့ အဖြေဟာ သံသရာခရီးသွား တိုင်း ကြုံတွေ့ကြရမှာ။ ဒါကိုသိဖို့ မြတ်စွာဘုရားက အကြင်သူတို့အား ပညာတည်းဟူသော မျက်စိသည် မရှိ။ ထိုသူတို့သည် ကန်းသောသူတို့ မည်ကုန်သည် သာ တည်း၊ အကြင်သူတို့အား ပညာတည်းဟူသော မျက်စိရှိသည်ဖြစ်၏။ ထိုသူတို့သာလျှင် မျက်စိအမြင် ရှိသော သူတို့မည်ပေ၏ဟု ဟောတော်မူခဲ့တာ။
အဲဒီလိုပါပဲ။ သံသရာခရီးမှာ ဘယ်ကိုဆက်သွား ရမယ်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော့် သူငယ်ချင်းလည်း မသိနိုင်ဘူး။ မသိတဲ့အပြင် ကျွန်တော်တို့ဟာ ကိုယ့်သံသရာခရီးဆိုတာကို သတိမထားမိဘဲ ရောက်နေတဲ့ဘဝလေးထဲမှာ လောက အနှောင်အဖွဲ့တွေနဲ့ ရစ်ပတ်နေမိပြန်ရော။ ဘယ်အချိန်ကျမှ သတိရမိတတ်လဲဆိုတော့ လူ့ဘဝနောက်ဆုံးအချိန်ကျမှ သတိဝင်လာတတ် ကြတယ်။ အဲဒီအချိန်မှာ ကိုယ်သွားရမယ့်ခရီးက ကောင်းချင် လည်း ကောင်းမယ်၊ ဆိုးချင်လည်း ဆိုးမယ်။ ကောင်းကောင်း၊ ဆိုးဆိုး လူတိုင်းသွားကြရမယ့် ခရီးပဲ။ မြတ်စွာဘုရားတောင်မှ ဘုရားမဖြစ်ခင်အထိ ဘဝမျိုးစုံကျင်လည်ခဲ့ရတာပဲ မဟုတ်လား။ ကျွန်တော်တို့အတွက် ကိုယ်သွားရမယ့်ခရီးကို ဘယ်သူသတ်မှတ်တာလဲ။ သူငယ်ချင်းက ပြောတယ်။
“ငါတို့ သွားရမယ့်ဘဝကို ငါတို့ကိုယ်တိုင် ရွေးခဲ့ ကြတာပေါ့ကွာ” တဲ့။
အင်း...ဟုတ်တာပဲ။ မြတ်စွာဘုရားဟောထား တယ်။ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာတဲ့။ ငါတို့ လုပ်လိုက်တဲ့အရာတွေက အကြောင်းတရားတွေဆိုတော့ အဲဒီအကြောင်း တရားအတိုင်းပဲ အကျိုးတရားတွေ ဖြစ်လာကြ မှာ။ အတိတ်က ကံအကြောင်းတရားတွေနဲ့ အခုဘဝ ပြုလိုက်တဲ့ ကံအကြောင်းတရားတွေကပဲ ငါတို့ရဲ့ သံသရာခရီးကို ပြဋ္ဌာန်းသွားကြမှာ ... ဒါကြောင့် လူကြီးသူမတွေက ပြောကြတယ်လေ ... သံသရာ မကြောက် ငရဲမကြောက် မလုပ်ကြနဲ့လို့။
“ငါတို့တစ်တွေ ဘဝရဲ့အချိန်တွေကို အတော် ဖြုန်းခဲ့ပြီကွ”လို့ ကျွန်တော်ကပြောတော့ သူငယ်ချင်း က
“ဆင်သေကောင်ပေါ်က ကျီးလို ကမ်းမမြင် လမ်းမမြင် ပျော်နေကြတာလေ” တဲ့။
လူ့ဘဝဆိုတာ ရခဲလှတယ်လို့ မြတ်စွာဘုရားက ဟောခဲ့ပါတယ်။ ဘုရားဖြစ်အောင် ကြိုးစားခွင့် ဆိုတာတောင် လူ့ဘဝမှာပဲ ရတာဆိုတော့ သံသရာ ခရီးအတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။ အဲဒီလို ရခဲလှတဲ့လူ့ဘဝကို ကျွန်တော်တို့ ရောက်လာကြတာဟာ အတိတ်အတိတ်က ကံအကြောင်းတရားတွေရဲ့ အကျိုးတွေမဟုတ်လား။ ရခဲလှတဲ့ လူ့ဘဝရောက်ပြီးခါမှ လက်ဗလာနဲ့ ထွက်သွားကြမလား၊ အရှုံးတွေနဲ့ ထွက်သွားကြမလား၊ ပိုကောင်းတဲ့ အကြောင်းတရားတွေနဲ့ ထွက်သွားကြမလားဆိုတာက မြတ်စွာဘုရားဟောတဲ့ ပညာမျက်စိပေါ်မှာပဲ မူတည်ကြမှာပေါ့။
ဗုဒ္ဓဘာသာမှာ လောကီအကျိုး၊ လောကုတ္တရာ အကျိုးဖြစ်စေတဲ့ ဘဝနေနည်းတွေ လမ်းညွှန်ပြသ ထားတာ ရှိပါတယ်။ စောင့်ထိန်းရမယ့်၊ လိုက်နာ ရမယ့်၊ ကျင့်ကြံရမယ့် တရားတွေပါ။ လောကပါလ တရားလိုပဲ လောကနဲ့ လောကလူသားတွေကို အကျိုးဖြစ်စေတဲ့တရားတွေပါ။ ဒါပေမယ့် အဝိဇ္ဇာ ဆိုတဲ့ အမှောင်တွေ ဖုံးလာချိန်မှာတော့ ကိုယ်တိုင် လိုက်နာရမယ့်တရားတွေ သတိမရတော့ဘဲ အမှား အမှန်၊ အကောင်းအဆိုး၊ သင့်၏မသင့်၏၊ ကိုယ့်အကျိုး၊ အများအကျိုး၊ သံသရာအကျိုး ဆိုတာတွေ ရောထွေးလာပြီပေါ့။ ဒီတော့ သံသရာခရီးဆိုတာက အခုအိမ်ပြန်တဲ့ခရီးလို မဟုတ်တာတော့ သေချာတယ်။
အဲဒီလိုစဉ်းစားမိတော့ “သူငယ်ချင်းရေ မင်းကို အများကြီးကျေးဇူးတင်ပါတယ်ကွာ” လို့ ကျွန်တော် ပြောလိုက်မိတယ်။
သူငယ်ချင်းက အံ့ဩတဲ့မျက်နှာနဲ့ “ ဘာဖြစ်လို့ တုံး... ကားနဲ့လိုက်ပို့လို့လား” ...တဲ့။
“ကားနဲ့လိုက်ပို့တာရော...အိမ်အပြန်ခရီးကနေ သံသရာခရီးအတွက် ဆင်ခြင်စရာတွေ ရခဲ့လို့ပါ ကွာ”။
အိမ်ပြန်ခရီးကို ချောချောမွေ့မွေ့ပြန်နိုင်ပေမယ့် သံသရာခရီးကို ဆက်ကြရပါဦးမယ်။ အချိန်တွေ ကတော့ သူ့သဘောသူဆောင် ဆက်သွားနေကြ လေပြီ။ ။