မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ မြတ်နိုးလွန်း၍ သဒ္ဓါမလွန်ကြစေဖို့ရန် …..
ဒေါက်တာမြတ်မိုး
ယခုလတ်တလောဌာနတွင်း ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ခြင်း (capacity building) နှင့် အပြန်အလှန်ဆွေးနွေးပွဲများ မကြာခဏလုပ်ဖြစ်သည်။ ပြဿနာများကို ချဉ်းကပ်အဖြေရှာနိုင်စွမ်း (problem solving skill) နှင့် critical thinking ဆက်စပ်ပုံ ခေါင်းစဉ်ကို ရွေးချယ်ပြီး ပို့ချဖြစ်သည်၊ ဆွေးနွေးဖြစ် ကြသည်။ မိမိတာဝန်ယူရာ ကဏ္ဍတစ်ခု ဖြစ်သည့် သုတေသနခေါင်းစဉ်အောက်မှာ ယနေ့ခေတ်လူငယ်များအနေဖြင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အခြေအနေ အရပ်ရပ်အပေါ် ဘယ်လိုတွေးခေါ် မြော်မြင်ပြီး ဆုံးဖြတ်မလဲ၊ ဘယ်လိုစဉ်းစားပြီး အကောင်းဆုံးအဖြေတစ်ခုရ အောင်ရှာမလဲ၊ အခြေအနေအချိန်အခါအရ သင့်တော်မည်ထင်၍ “သုတေသန စွမ်းရည်များနှင့် ဆက်စပ်ချဉ်းကပ်ပြီး ပြဿနာများကို ဖွေရှာအဖြေရှာနိုင်စွမ်း” (Research related problem solving skills) ခေါင်းစဉ်အောက်တွင် ဝန်ထမ်းများအတွက် လိုအပ်မည့်အရည်အသွေး တချို့ကို တတ်အားမှတ်သားထားသမျှ မျှဝေတည်ဆောက်ပေးဖြစ်ခဲ့သည်။
ခေတ်ကာလအခြေအနေအရ၊ လိုအပ်ချက်အရ၊ တောင်းဆိုချက်အရ
ယနေ့ခေတ်ကာလ အခြေအနေအရပ်ရပ်ကလည်း တောင်းဆိုချက်တွေ၊ လိုအပ်ချက်တွေရှိလာသည် မဟုတ်ပါလား၊ အထူးသဖြင့် လူငယ်လူရွယ်များအတွက် ဦးတည်မိသည်။ ထိုလူငယ်များမှတစ်ဆင့် နောင်မျိုးဆက်သစ်များ အတွက်လည်း အများကြီးစဉ်းစား၍ ကြိုတင်မျှော်မှန်းစဉ်းစားမိ၍ လေ့ကျင့်ဆွေးနွေးဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။ ကိုယ်နှင့်အနီးစပ်ဆုံးရှိသည့် ဝန်ထမ်းများကိုတော့ လုပ်ငန်းသဘောသဘာဝအရ ထပ်ကာထပ်ကာ စဉ်းစားတတ်အောင်၊ သုံးသပ်အဖြေရှာတတ်အောင် လေ့ကျင့်ဆွေးနွေးမြဲဖြစ်သည်။
“critical thinking” ဆိုသည်က မိမိပတ်ဝန်းကျင်မှာလည်း တွင်တွင်ကျယ်ကျယ် အများဆုံးပြောဆို သုံးနှုန်းနေကျ၊ ကြားနေကျ စကားလုံးဖြစ်သည်။ သိသလိုလိုနှင့် ရေရေရာရာနားလည် လားဆိုတော့လည်း မဟုတ်ပြန်၊ ဘဝမှာ အရေးကြီးမှန်းတော့ သိကြသည်။ သို့သော် မိမိရင်ဆိုင်နေရသည့် အခက်အခဲများ၊ မိမိဝန်းကျင်မှာ ကြုံတွေ့ခံစား နေရသည့် ပြဿနာရပ်များအတွက်မူ ဘယ်လိုဖြေရှင်းပြီးအဖြေရှာမလဲ၊ ဒီလိုဖြေရှင်းအဖြေရှာဖို့ စွမ်းရည်များ မိမိမှာရော မည်သို့မည်ပုံလေ့ကျင့်တည်ဆောက် ထားမလဲဆိုသည်မှာတော့ လိုအပ်ချက် များက ရှိနေပြန်သည်။
နည်းစနစ်ကျကျ တွေးခေါ်တတ်ခြင်း (critical thinking) ဟူသည်
ပြဿနာတစ်ရပ်အပေါ် ချဉ်းကပ်အဖြေရှာဖြေရှင်းမည်ဆိုလျှင် သို့မဟုတ် မိမိထံရောက်ရှိလာသော သတင်းအချက် အလက်တစ်ခု၊ အခြေအနေတစ်ခုကို သုံးသပ်တော့မည်ဆိုလျှင် ထိုပြဿနာအခြေအနေနှင့် သတင်းအချက်အလက်များအပေါ် ဖြစ်ပေါ်ရသည့်အကြောင်းရင်း၊ ဖြစ်နေသည့်လက်ရှိအခြေအနေ၊ သက်ရောက်နိုင်မှု အတိုင်းအတာပမာဏ ကို ပိုင်းခြားစိစစ်ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း၊ တွေးခေါ်စဉ်းစား၊ ဆင်ခြင် သုံးသပ်ခြင်းများကို အဆင့်ဆင့်ပြုလုပ် ရသည်မဟုတ်ပါလား။ ထိုထို ဝေဖန်ပိုင်းခြား တွေးခေါ်စဉ်းစားခြင်းသည်ပင် critical thinking ဟူ၍ သုံးနှုန်းကြခြင်း ဖြစ်သည်။
နည်းစနစ်ကျကျ တွေးခေါ်တတ်ခြင်းဟုလည်း အမည်တပ်ကြသည်။ နည်းစနစ်ကျကျ တွေးခေါ်ရာတွင် အကြောင်းနှင့်အကျိုးကို ခွဲခြမ်းစိတ်ဖြာပြီး၊ ဆက်စပ်ပြီး အဖြေရှာတတ်ရသည်။ သို့မှသာ အကြောင်းအကျိုးဆီလျော်သည်ဟု ဆိုနိုင်ပေမည်။ အကြောင်းပဲ ဖြစ်ဖြစ်၊ အကျိုးပဲဖြစ်ဖြစ် မတူတာတွေ၊ အငြင်းပွားမှုတွေ၊ တူတာတွေကို ခွဲခြား စုစည်းရသည့်သဘောဖြစ်သည်။ သမားရိုးကျအမြင်တွေကိုလည်း ပစ်ပယ်မထား၊ ဖြန့်ကြက် ဖောက်ထွက်စဉ်းစားသည့် သဘောများလည်းပါသည်။ အချက်အလက် အထောက်အထားများကို မတူညီသည့် အရင်းအမြစ် (source)အားလုံးမှ ရှာရသည်၊ ပြည့်ပြည့်စုံစုံဖြစ်ရန် အထောက်အထားများကို မရရအောင် စုဆောင်းရသည်။
သို့သော် ခိုင်မာစိတ်ချရပြီး မှန်ကန်မှုများသည့် source များကိုတော့ ပို၍အလေးထားရသည်။ သို့သော် critical thinking သဘောတရားကို ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် မလွတ် စေဘဲ မူဘောင်အတွင်းကပဲ စဉ်းစားရသည်။ အလေ့အကျင့်များစွာရပြီး စဉ်းစား နိုင်စွမ်းမြင့်မားလာသည့်အခါ၊ အကယ်၍များ လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင် မည်ဆိုလျှင် ရှုပ်ထွေးသောအခြေအနေ များမှနေ၍ သစ်လွင်တိုးတက်သော idea တစ်ခုကို ရနိုင်သည်အထိ တီထွင်ဖန်တီး မှုစွမ်းရည် ရရှိသွားနိုင်သည်။
ဤသို့ဖြင့် ဖြန့်ကြက်တွေးခေါ်နိုင်စွမ်း multilateral thinking မှတစ်ဆင့် အတွေးအခေါ်များ ဆန်းသစ်လာပြီး တီထွင်ဖန်တီးခြင်း (innovative) နှင့် creative စွမ်းရည်များလည်း ပြည့်ဝလာ မည်ဖြစ်သည်။ ထိုမှသည် ဖွံ့ဖြိုးမှုဆီ ဦးတည်သည့် ပိုမိုတိုးတက်သော အမြင် များစွာကိုလည်း တည်ဆောက်နိုင်စွမ်းရရှိလာမည်ဖြစ်ပါသည်။
မည်သည့်အတွက်ကြောင့် ဤလိုစွမ်းရည် မျိုးလိုအပ်နေရပါသလဲ
ဤသို့ဆိုလျှင် မည်သည့်အတွက်ကြောင့်များ critical thinking ဆိုသည်ကို တည်ဆောက်ဖို့ အရေးတကြီးလိုအပ် နေပါသနည်း။ အခြေအနေအချိန်အခါ အရဖြစ်သည်။ အထူးသဖြင့် ယနေ့ လူငယ်များနှင့် နောင်မျိုးဆက်သစ်များ အတွက်ဟု ဆိုခဲ့ပြီးဖြစ်သည်။
ယနေ့ လူအတော်များများက သတင်းတု (fake)၊ သတင်းမှား (false)၊ ကောလာဟလ (rumour) များကြားတွင် တဝဲလည်လည် ဖြစ်နေကြပြီး emotion move ဖြင့် ခံစားမှုနောက် လိုက်နေကြ သည်။ သတင်းအချက်အလက်တစ်ခုရပြီ ဆိုလျှင် အရင်းအမြစ်ကို မလိုက်နိုင်ကြ၊ မှန် / မမှန်ဆန်းစစ်မှု အားနည်းလွန်းကြသည်။ ဆန်းစစ်မှု အားနည်းတော့ သတင်း လွှင့်ထုတ်သူ၊ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လှည့်စားမှုကို မမြင်နိုင်၊ ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက်သည်များကို မမှန်းဆနိုင် ဖြစ်ရသည်။ မည်သို့ပင် ဘက်လိုက်၍ အမှန်ကို ဖုံးကွယ်ထားစေကာမူ ထင်ယောင်ထင်မှားအစွဲများလွန်း၍ အစွန်းထင်းကာ အမှားကိုအမှန်ထင်၊ အမှန်ကိုအမှန်ဟု မမြင်နိုင်ဖြစ်ကြရသည်။
ကိုယ့်ရဲ့အစွဲကြီးမှုကြောင့် သူများစကားတွင် လမ်းဆုံးနေကြရသည်။ လူအများကြီးက မှတ်ချက်ပေးသည်ဟူ၍များတိုင်း မှန်သည်ထင်တတ်ကြသည်။ ဆက်စပ်ပြီး မစဉ်းစားနိုင်ဘဲ အချက်အလက် ကိန်းဂဏန်းများကို အပေါ်ယံကို သာကြည့်၍ ကိုယ်ထင်ရာကိုသာ မှန်းဆ အဖြေထုတ်နေကြသည်။ ဆင်ခြင်သုံးသပ် နိုင်စွမ်းနည်းသွားသည့်အခါ လူတွေမှာ အတ္တက အားကြီးလာသည်။ မျှဝေခံစားဖို့ဝေးစွ ကိုယ့်အတွက်ချည်းသာ ကြည့်လာကြသည့်အခါ တိုက်ချင်ခိုက်ချင် (fighting) စိတ်တွေသာများလာသည်။ တစ်ခုတည်း ရှိရင် တစ်ဝက်စီ မျှစား၊ မျှသုံးမယ်၊ ပြီးမှ နှစ်ခုအထက်ရအောင် စုပေါင်းရှာကြမယ်ဆိုသည့် team Spirit နေရာမှာ တစ်ခုတည်းရှိလို့ ငါအကုန်လုံး ယူလိုက်မယ်၊ ဘယ်သူ့ကိုမှမပေးဘူး၊ လာလုတဲ့လူကို ပြန်တိုက်ခိုက်မယ်၊ မရရင်အဆုံး ထိလုပ်မယ်ဆိုတဲ့ Jungle စိတ်ဓာတ် တွေ နေရာယူလာတာ တွေ့နေရသည်။ ဆင်ခြင်သုံးသပ်နိုင်စွမ်း နည်းသူသည် အကောင်းမြင်စိတ်နည်းပြီး အဆိုးမြင် သဘောများနေတတ်ကာ မှားယွင်းသော ယုံကြည်မှုနှင့်အတူ စိုးရိမ်စိတ်များ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေ တတ်သည်ကိုလည်း သတိထားမိသည်။
ယနေ့ကာလ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း နည်းပါးလာကြသည့် လူအများဟုဆိုရာတွင် ယနေ့ခေတ်လူငယ်များကို ထိုအများစုထဲတွင် မပါဝင်စေချင်၊ အနာဂတ်မျိုးဆက်ပါ တုံးသွားမှာ စိုးရိမ်မိသည်။ တစ်ဖက်ပိတ် အမြင်များကိုလည်း ပွင့်သွားစေချင်သည်။ ဝေဖန်ပိုင်းခြားစိစစ်မှု အားနည်းခြင်း ကြောင့် ပြဿနာပိုကြီးမားသွားမှာ၊ လူ့အဖွဲ့အစည်းကြီး ပို၍ပို၍ထိခိုက်နစ်နာ ကြမှာကိုလည်း မဖြစ်စေလိုခြင်းသည် ရည်ရွယ်ရင်းအဓိက ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် ပညာကို အခြေခံဖို့တော့လိုအပ်
ထို့ကြောင့် မိမိတို့၏ စဉ်းစားသုံးသပ် အဖြေရှာနိုင်စွမ်းရည်များ မြင့်မားတိုးတက်အောင် လေ့ကျင့်ကြိုးစားအားထုတ် ကြရန်သာ တိုက်တွန်းချင်သည်။ စဉ်းစားတွေးခေါ် သုံးသပ်နိုင်စွမ်းဟူသည် မွေးရာပါ skill တစ်ခုတော့မဟုတ်၊ လေ့ကျင့်ယူ ၍ ရပါသည်။ သို့သော် ပညာကို အခြေခံဖို့တော့လိုသည်။ အယူဝါဒတစ်ခုအပေါ် အလွန်အကျွံ မျက်ကန်းတစ္ဆေမကြောက် ယုံကြည်ခြင်းမရှိ၊ အမှားအမှန်ကို ပိုင်းခြားဝေဖန်ဆန်းစစ်နိုင်စွမ်း ရှိခြင်း သည်ပင် ပညာမည်ပါသည်။ ဒေတာအချက်အလက်များကို မိမိအသိဉာဏ်၊ မိမိအတွေ့အကြုံဖြင့် ဝေဖန်သုံးသပ် စဉ်းစားပြီး လက်တွေ့အသုံးချ၍ အတွေ့အကြုံများမှ တစ်ဆင့် ရရှိလာသည့်ရလဒ်ကသာ ပညာဖြစ်ပါသည်။
ပညာအခြေခံသည့် critical thinking ကိုအနောက်နိုင်ငံများက ပို၍အလေးထားသည်ဟု ဆိုကြသည်။ သို့သော် ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားက လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော် ကတည်းက ဟောကြားခဲ့ဖူးသော ကာလာ မသုတ်တော်လာ ဝိဘဇ္ဇဝါဒကိုမူ မေ့ထား ၍မရ။ အရှေ့တိုင်းက အစပျိုးခဲ့သည့် အယူဝါဒကိုယူပြီး အနောက်တိုင်းပညာရေးမှာ ထိထိရောက်ရောက်အသုံးချနေ၍သာ တိုးတက်နေကြသည်ကိုလည်း မြင်အောင် ကြည့်စေလိုပါသည်။
ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့သည်မှာ အယူအဆတစ်ခုကို ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍ တရားသေ မှတ်ချက်ပြု၍ မရပါ၊ ပညာဉာဏ်ကို သုံး၍ ဝေဖန်ပိုင်းခြား သုံးသပ်ရမည်။ ပြန်လှန်မေးခွန်းမထုတ်ဘဲ သူများပြောတိုင်း မယုံရဟူ၍ ဟောကြားခဲ့သည်ကို နာယူမှတ်သားဖူးပါသည်။ အမှားအမှန် ကို စိစစ်၍ အမှန်ကို ရွေးချယ်နိုင်ရန်၊ အမှန်ရရန်အတွက် ရှေးလူကြီးများပြော သည်ဆို၍လည်း မယုံရ၊ အစဉ်အလာဖြစ်၍လည်း မမှတ်ယူရ၊ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိဖြင့်သာ အမှန်ကိုလက်ခံ ကျင့်သုံးရမည်၊ ထိုမှအဖြေမထုတ်နိုင် လျှင်မူ နှစ်ဦးနှစ်ဖက်အတွက်ကောင်းပြီး လက်ခံနိုင်မည့် အလယ်အလတ်ကျသည့် အဖြေမျိုးဖြစ်ရမည်ဟု ရှင်တော် မြတ်ဘုရားက ဟောကြားခဲ့ဖူးသည်ကို အလေးအနက်ထား နာယူသင့်ကြပါသည်။
ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိဖြင့်သာ အမှန်တရားကို ဖွေရှာနိုင်သည်ဟု ဆိုသဖြင့် ကိုယ်တိုင်ထိုးထွင်းသိမြင်ရန်အတွက်မူ နည်းလမ်းတစ်ခုသာရှိပါသည်။ စာများများ ဖတ်မှတ်ရန်နှင့် အစဉ် လေ့လာဆည်းပူးနေရန်ပင် ဖြစ်သည်။ စာဖတ်မပျင်းရ၊ လုံ့လစိုက်၍ အဖြေမှန်ရရေး၊ ဆုံးဖြတ်ချက်မှန်ရေး၊ လူတုံးလူအ မဖြစ်ရေး၊ သူများသွေးထိုးတာ၊ သူများဆွဲဆောင်တာ မခံရရေးအတွက်ဆိုလျှင် ဗဟုသုတများပြီး တော်နေမှ သာရမည်ဟု သိထားသင့်ပါသည်၊ တော်မှလည်း ကောင်းဖို့အတွက် ဖြစ်လာနိုင်ပါသည်။
ဘယ်လိုလေ့ကျင့်တည်ဆောက်ကြမလဲ
သို့ဆိုလျှင် ပညာဖြင့် ဘယ်လို လေ့ကျင့်တည်ဆောက်ကြမလဲ။ ယခု တစ်နှစ်၊ နှစ်နှစ်အတွင်းကာလ အခြေအနေများသည် critical thinking တည်ဆောက်ဖို့ အကောင်းဆုံး၊ လေ့ကျင့် ကွင်း training ground တစ်ခုသဖွယ် အခွင့်အလမ်းများကား ရှိနေသည်။ critical thinking တည်ဆောက်ရန် လက်တွေ့လေ့လာလေ့ကျင့်ရန် အခြေအနေများက အခွင့်အလမ်း ကောင်းများအဖြစ် ဖန်တီးပေးနေသည်ဟု ယူဆပါသည်။ မိမိပတ်ဝန်းကျင်မှာ အဖြေရှာရန် ခက်ခဲသည့် ပြဿနာပေါင်းစုံအနည်းနှင့် အများ ရှိနေသည့်အနေအထားတွင် အခွင့်ကောင်းကို ဆုပ်ကိုင်နိုင်ရန်သာ အရေးကြီးပါသည်။
ဥပမာ- စကားတစ်ခွန်းရပြီဆိုပါစို့.. ဘယ်လိုလူက ပြောတာလဲ၊ သူ့ရဲ့နောက်ခံ အကြောင်းအချက်အလက်၊ သူက ဘယ်သူ့ဘက်ကလဲ၊ ဒီလိုအချိန် ဒီလိုနေရာမှာ ဘာကြောင့် ဒီလိုစကား ပြောရတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ စေတနာနဲ့လား၊ ဝေဒနာပေးဖို့လား၊ သူပြောတဲ့အကြောင်းအရာက လက်ရှိအခြေအနေနဲ့ကောကိုက်ရဲ့လား စသည်ဖြင့် ဆင်ခြင်ပိုင်းခြားရပါမည်။
မိမိစဉ်းစားသုံးသပ်စဉ်တွင် ဦးစွာဘာကိုမှ ဝေဖန်ရန်မသင့်ပါ၊ မှတ်ချက်ပေး မစောမိရန်လည်း တိုက်တွန်းပါရစေ..။ သတင်းတစ်ခုရလျှင် မှန်တယ်လို့လည်း မထင်ပါနဲ့ဦး၊ လိုအပ်လျှင် သံသယအမြင် လေးထားတာ ပို၍သင့်တော်ပါသည်။ သူပြောတာ မှန်မမှန်၊ ကိုယ်ရသည့် သတင်းမှန်မမှန်၊ သက်ဆိုင်သည့် အထောက်အထား အချက်အလက် အားလုံးကို မတူညီသည့် အရင်းအမြစ် ပေါင်းစုံက (ကိုယ်ကြိုက်တဲ့ source ရော၊ မကြိုက်တဲ့ source ကရော) ရှာဖို့လိုပါ သည်။ အချို့က မိမိကြိုက်သည့် လိုလားသည့် favour ပေးသည့် စာအုပ်စာတမ်း များကိုသာဖတ်ရှု၍ မိမိအားသန်သည့်ဘက်က ဘက်လိုက်သုံးသပ်ဆုံးဖြတ်ကြ၍ဖြစ်သည်။
ပိုင်းခြားဆင်ခြင် သုံးသပ်နိုင်စွမ်းက ပေးသော အကျိုးကျေးဇူးများ
မိမိလေ့လာသည့်နယ်ပယ်မှ အချက်အလက်အသေးစိတ်ကို ရှုထောင့်ပေါင်းစုံမှ ကြိုးစားရှာဖွေ အားထုတ်လေ့လာ သင့်ပါသည်။ ကိုယ်ရှာသည့် အချက်အလက်သည် reliable စိတ်ချယုံကြည် အားကိုးရဖို့လည်း လိုပြန်သည်။ အမှားကင်း၍ အမှန်ကိုလိုလားစွာဖြင့်၊ ရိုးသားသည့်စိတ်ဖြင့် အစွဲကင်းစွာ ရှာဖွေရန်လည်း အရေးကြီးပါသည်။ အလေ့အကျင့်များလာ၍ အမှန်ကို ရွေးချယ်အဖြေထုတ် ဖန်များလာလျှင် အစွဲလည်းကင်းစင်လာ တတ်ပါသည်။ အချက်အလက် ရှာဖွေတာ မှန်ကန်လျှင်လည်း လက်ခံသင့်သည့် အရာကို အကြောင်းအကျိုးညီညွတ်စွာ ဖြင့် လက်သင့်ခံလာတတ်ပါသည်။ နောင်တွင်ခံစားချက်ထက် ဦးနှောက်ကို ရှေ့တန်းတင်လာတတ် ပါမည်။ ခံစားချက်ကို ဦးစားမပေးတော့သည့်အခါ ရှုပ်ရှုပ်ထွေးထွေးအခြေအနေများကြားတွင် ရိုးရှင်းစွာ တွေးခေါ်တတ် စဉ်းစားတတ်လာပါလိမ့်မည်။ ရေမြင့်ကြာတင့် ဆိုသလို လေ့လာမှုအားကောင်းသောကြောင့် အတွေးအခေါ်လည်း အလိုလို မြင့်မားလာခြင်းဖြစ်ပေမည်။
Critical thinking ဖြင့် ဝေဖန်ပိုင်းခြား စဉ်းစားတတ်လာလျှင် အခြေအနေ အရပ်ရပ်ကို အမှားကင်းစွာဖြင့် သုံးသပ် လာနိုင်သည့်အကျိုး ရလာပေမည်။ အခြေအနေကို အလွယ်တကူ နားလည် သဘောပေါက်နိုင်စွမ်းလည်း ရှိလာမည်။ ဘယ်အရာက အဆိပ်အတောက်လဲ အကောင်းအဆိုး ခွဲခြားသိလာမည်။ မိမိဖြစ်ချင်တာနှင့် ဖြစ်သင့်ဖြစ်ထိုက် တာအပေါ်မှာ ဟန်ချက်ညီ balanced ဖြစ်အောင် စဉ်းစားလုပ်ကိုင်တတ်လာ မည်။ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိလာသည့်နည်းတူ နောင်တွင်အလားတူ ပြဿနာမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ထိန်းချုပ် လာနိုင်မည်ဖြစ်သည်။
ပြဿနာဖြစ်လာလျှင်လည်း အရန်နည်းလမ်းတစ်ခုရှာဖွေပြီး ဖြစ်နေတတ်သည်။ မှန်ကန်၊ မြန်ဆန်၊ တိကျသော အဖြေကိုထုတ်နိုင်စွမ်းရှိလာ၍ စိတ်ပင်ပန်းခြင်းမှလည်း ကင်းဝေးလာမည်။ မိမိကိုယ်မိမိ ယုံကြည်မှုတိုးလာသလို အခြားသူများ၏ စဉ်းစားတွေးတောပုံ၊ သူဘာ့ကြောင့်ဒီလိုတွေးရသလဲ၊ အတွေးနှင့် လုပ်တာကိုင်တာများအပေါ်တွင် နားထောင်ပေးတတ်လာပြီး နားလည်လက်ခံပေးမှုလည်း မြင့်လာမည်။ ထို့ကြောင့်လည်း ပေါင်းသင်းဆက်ဆံရေး social skill အားကောင်းလာပြီး ပူးပေါင်းဆောင်ရွက်မှု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုလည်း ကောင်းလာမည်။
အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်တတ်လာပြီး အခွင့်အလမ်းကို ရှာဖွေအသုံးချနိုင်စွမ်းရှိလာကာ စိန်ခေါ်မှု များကို ကြိုတင်မြော်တွေး ရင်ဆိုင်နိုင်စွမ်းရှိလာမည်။ ထိုမှတစ်ဆင့် တိကျ မှန်ကန်သည့် ရည်မှန်းချက်များ ချမှတ်လာနိုင်သည်ကို တွေ့ရမည်။ သမားရိုးကျအမြင်မှ တိုးတက်မှုကိုရှေးရှုသည့် ဖောက်ထွက်ဖန်တီး စဉ်းစားနိုင်စွမ်းရှိသည့် မျိုးဆက်သစ်လူငယ်များတိုးပွားလာခြင်းက အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်တစ်ခုဖြစ်လာမည်ဟု ယုံကြည်မှုများတိုးလာမည်။ critical thinking ၏ အကျိုးကျေးဇူးများကား များပြားပြီး အကျိုးလည်းရှိလှပါသည်၊၊
ပိုင်းခြားဝေဖန်၊ ဆင်ခြင်သုံးသပ် တွေးခေါ်စဉ်းစားနိုင်ခြင်းဟူသည့် ကုထုံးကားရှုပ်ထွေးမြားမြောင် ဖြေရှင်းရခက်သော ပြဿနာပုစ္ဆာများကို ဖြေရှင်းရာတွင် များစွာကူညီပေးနိုင်သည်ဟူသော အချက်များကို ထုတ်ဖော်ခဲ့ပါပြီ။ ဤသို့ ဆင်ခြင်စဉ်းစားနိုင်မှုကသာ ကိုယ်ရည် မှန်းထားသည့်ပန်းတိုင်နှင့် ကိုယ်လက်ရှိ ရောက်နေသည့် အခြေအနေ ကွာဟချက် ကွက်လပ်ကို ကျဉ်းသည်ထက်ကျဉ်းအောင် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ နောက်ဆုံးမှာတော့.... ဝေဖန်ပိုင်းခြား ဆင်ခြင်သုံးသပ်နိုင်စွမ်းအားမြင့်မားသည့် ဝန်းကျင်တစ်ခုတွင်ဆိုခဲ့သည့် ရလဒ်ကောင်းများကြောင့် မုန်းလျှင်လည်း အပြစ်တင်စောကြတော့မည် မဟုတ်၊ ချစ်လျှင်လည်း အကျိုးချည်းမြင်ကြတော့မည် မဟုတ်၊ မြတ်နိုးလွန်းလို့လည်း သဒ္ဓါလွန်မဖြစ်၊ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းလည်း ဖြစ်ကြတော့မည်မဟုတ်ဟုသာ။ အတွေးလွန်၍ အမှားထဲကအမှန်ကို မျှော်လင့်နေမိပါတော့သည်.... ။