ဂန္ထဝင်တက္ကသိုလ်ကြီးထဲက စိတ်ဝိညာဉ်နေရာတစ်ခု (သို့မဟုတ်) ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်
"တက္ကသီလ၊ ဤဌာနသည်၊
မွှေးကြိုင်ပျံ့၊ ကံ့ကော်နံ့နှင့်၊
ခံ့ညားတင့်တယ်၊ ရုပ်ဝင့်ထယ်နှင့်..."
ဤနယ်မြေကို နင်းမိသည်နှင့် စိတ်ခံစားချက်တို့ မပြောင်းလဲလာ၏။ ဟိုစဉ်က ဖတ်ခဲ့ဖူးသည့် နွယ်တမာ၏ -ကဗျာတစ်ပိုင်းတစ်စကို အမှတ်ရမိသလို ဘယ်တော့မှ ပြန်လည်မရနိုင်သည့်တက္ကသိုလ်၏အငွေ့အသက်များကို တွေးတောရင်း ရင်ဖိုလှိုက်မောခဲ့ရသည်။ ဆရာကြီး ဇော်ဂျီက အလွမ်းဆိုသည်မှာ ပြန်လည်တောင့်တလိုသည့် သဘောပါသည်ဟု ဆိုခဲ့ဖူး၏။ အတိတ်ကို ပြန်လည် တောင့်တခြင်းမှန်သမျှ အလွမ်းဟု ဆိုရပါမူ ကျွန်တော့်ထံ တွင် အလွမ်းများ ပြည့်နှက်နေသည်ဟု ဆိုရမည်။
တကယ်တော့ ဤနယ်မြေတွင် ကံ့ကော်ပန်းရနံ့ တို့သာ ထုံသင်းမွှေးပျံ့ခဲ့သည် မဟုတ်။ ပိတောက်၊ သရဖီ၊ နှင်းဆီ၊ စွယ်တော်၊ ပုန်းညက်၊ စံပယ်ခက်များလည်း ရေတွက်၍မကုန်အောင် ပေါင်းစုံသင်းပျံ့ခဲ့ဖူးသည်။ ပန်းပေါင်းစုံသည့် ဘုံမြေရိပ်သာကြီးတစ်ခု ဖြစ်ခဲ့ဖူး သည်ဆိုသည်ကို ဤတက္ကသိုလ်ကြီးထဲကျင်လည်ခဲ့ကြဖူး သူတိုင်း သိနားလည်ကြပြီး ဖြစ်သည်။ ။
ရာပြည့်အတွေး
၂၀၂၀ ပြည့်နှစ် မရောက်မီကတည်းကပင် ကျွန်တော် တို့အားလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ အမှန်အတိုင်း ပြောရလျှင် ၂၀၂၀ ပြည့်နှစ်ကို ကျွန်တော်တို့အားလုံးက ရင်ခုန်လှုပ်ရှားစွာ စောင့်နေကြ၏။ ၁၉၂၀ ပြည့်နှစ်မှစ၍ နှစ် (၁၀၀) တိုင်တိုင် မြှုပ်နှံခဲ့ကြသော ခေတ်အဆက်ဆက် သမိုင်းမှတ်တိုင်များကို ပြန်လည်တူးဆွ အောက်မေ့ဖို့ရာ ၂၀၂၀ ပြည့်နှစ်ကို ကျွန်တော်တို့စောင့်မျှော်ခဲ့ကြသည်။ စင်စစ် ၂၀၂၀ ပြည့်နှစ်သည် မြန်မာလူမျိုးတို့သွေးဖြင့် ရေးထိုးပုံဖော်ခဲ့ကြသည့် သမိုင်းပုံရိပ်များကို လှစ်ဟပြသ မည့်နှစ်လည်း ဖြစ်သည်။
အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်သည် ရန်ကုန် တက္ကသိုလ်၏ ရာပြည့်အထိမ်းအမှတ်နှစ်။ ပထမ ကျောင်းသားသပိတ်စတင်ခဲ့ရာ ရာပြည့်အမျိုးသား အောင်ပွဲနေ့။ မြန်မာ့ရုပ်ရှင်ကို ရိုက်ကူးထုတ်ဖော်ပြသခဲ့ရာ ရာပြည့်မြန်မာ့ရုပ်ရှင် အထိမ်းအမှတ်နှစ်ဆိုသည့် သမိုင်း မှတ်တိုင်များ ပြည့်နှက်နေသောနှစ်ဟု ဆိုရမည်။ ။
ရန်ကုန်တက္ကသိုလ်ကြီးထဲ ခေတ္တခြေချခဲ့မိချိန် ရာပြည့်အထိမ်းအမှတ်ကျင်းပရန် လှုပ်ရှားဆောင်ရွက် နေကြသည်ကို မြင်တွေ့နေရသည်။ အမှန်အတိုင်းပြော ရလျှင် ရန်ကုန်တက္ကသိုလ်ဟု ဆိုလိုက်သည်နှင့် အများစု က အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်နှင့် ဂျက်ဆင်တို့ကိုသာ ပြေးမြင်တတ်ကြသည်။ ကျွန်တော့် အတွက်ကတော့ ရန်ကုန်တက္ကသိုလ်ဟု ဆိုလိုက်သည်နှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကြီးကိုပါ တွဲ၍မြင်မိ သည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်က ဝါရှင်တန်တက္ကသိုလ်တွင် သင်တန်းတက်ရောက်နေချိန် Suzzallo Library ကြီးထဲ လည်ပတ်ကြည့်ရှုခဲ့ဖူးသည်။ တက္ကသိုလ်၏စိတ်ဝိညာဉ်ဟု တင်စားထားသည့် ယင်းစာကြည့်တိုက်ကြီးကို နေ့စဉ် ဖြတ်သန်းသွားလာ၍ သင်ခန်းစာများ သင်ကြားခဲ့ရသည်။ စာအုပ်စာစောင်ပေါင်း နှစ်သန်းခန့်ရှိပြီး ၁၈၀၁ ခုနှစ်ခန့်မှ ပုံနှိပ်ထုတ်ဝေခဲ့သည့် ရှားပါးစာအုပ်များကိုပါ စုပေါင်း ထိန်းသိမ်းထားကြောင်း သိရသည်။ ဤစာကြည့်တိုက်ကြီး အနီး နေ့စဉ်ဖြတ်သန်းသွားလာရသည့်အချိန်တိုင်း ကျွန်တော်တို့ကျင်လည်ခဲ့ဖူးရာ ရန်ကုန်တက္ကသိုလ်ကြီးထဲမှ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးကို သတိရမိခဲ့ ဖူး၏။
တစ်ခေတ်တစ်ခါက စာအုပ်စာတမ်းနှင့် စာပေပစ္စည်း အစုံလင်ဆုံး၊ မြန်မာမှုမြန်မာ့ရေးရာနှင့်ပတ်သက်၍ ကမ္ဘာ ပေါ်တွင် အစုံလင်ဆုံးဟု ဆရာကြီးမြတ်စိုးက ရေးခဲ့ဖူးသည်။ ထူးခြားသည်က Suzzallo Library ကို စတင် တည်ဆောက်သည့်ခုနှစ်နှင့် ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်ကြီးကိုတည်ဆောက်ခဲ့သည့် ကာလများ မတိမ်းမယိမ်း ဖြစ်နေခြင်းပင် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်
ရန်ကုန်တက္ကသိုလ်ကြီးအကြောင်း ပြောကြ၊ ရေးကြ၊ ဆွေးနွေးကြမည်ဆိုလျှင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ကြီးအကြောင်း မပါ၍ဖြစ်မည်မထင်။ ရန်ကုန်တက္ကသိုလ် သမိုင်းနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်ခဲ့သည့် ခေတ်သမိုင်း အဆက်ဆက်ကို မမောနိုင်မပန်းနိုင် ပြောပြနေမည့် နေရာ ကြီးဖြစ်သည်။ တစ်နည်းအားဖြင့် ရန်ကုန်တက္ကသိုလ်၏ စိတ်ဝိညာဉ်များ စုစည်းပေးထားရာ နေရာကြီးဟု ဆိုရမည်။ ယင်းစာကြည့်တိုက်ကြီးတွင် ခေတ်အဆက်ဆက် ရေးသား သီကုံးခဲ့ကြသည့် စာပေ၊ ဂီတ၊ အနုပညာများစွာ ရှိသည်။ ထိုနည်းတူ နိုင်ငံပြုသုခမိန်များ၊ လူကျော်လူမော်များ၏ အတွေးအခေါ်များ၊ စိတ်ကူးစိတ်သန်းများ၊ မေတ္တာ၊ စေတနာများ၊ အဇ္ဈတ္တသန္တာန်များ၊ ဝိညာဉ်လိပ်ပြာများကို တွေ့မြင်ရမည်။ )
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်အဆောက်အဦ ကြီးကို ဆောက်လုပ်ရန်အတွက် ၁၉၂၇ ခုနှစ်တွင် ရေးမဟာ ဒူးဘွဲ့ရရာမာနသာ ရေဒီယာဆိုသည့် ပုဂ္ဂိုလ်ကြီးက ငွေကျပ် နှစ်သိန်း လှူဒါန်းပေးခဲ့ပြီး ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာက အုတ်မြစ်ချပေးခဲ့သည်။
ကိုလိုနီကျွန်ပညာရေးစနစ်ကို တစ်ဖက်က ဆန့်ကျင် ရင်း တစ်ဖက်မှ တက္ကသိုလ်စာကြည့်တိုက်ကြီး ပေါ်ပေါက် အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကို လေးစားဂုဏ်ပြုကြရမည်။ တော်ရုံစိတ်စေတနာဖြင့် ဤစာကြည့်တိုက်ကြီးကို တည်ဆောက်၍ ရနိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၃၁ ခုနှစ် တွင် ဖွင့်လှစ်ခဲ့ပြီး ယုဒသန်ကောလိပ်နှင့် ယူနီဘာစီတီ ကောလိပ်တို့၏ စာကြည့်တိုက်များနှင့်မတူဘဲ တက္ကသိုလ်က တိုက်ရိုက်အုပ်ချုပ် တည်ထောင်သည့် စာကြည့်တိုက်ကြီး ဖြစ်သည်။ စာကြည့်တိုက်တွင် မြန်မာနိုင်ငံ၏ ကမ္ပည်းကျောက်စာများ၊ သမိုင်းဆိုင်ရာ အထောက်အထားများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ပစ္စည်းများ၊ စာပေအနုပညာဆိုင်ရာ စာအုပ် စာစောင်များနှင့် အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင် အာရှဒေသဆိုင်ရာ စာအုပ်များကို ဝယ်ယူဖြည့်တင်း ပေးထားသည်။
စာကြည့်တိုက်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံနှင့်တကွ အိမ်နီးချင်းနိုင်ငံများ၏ သမိုင်းနှင့် ယဉ်ကျေးမှုများကို လေ့လာရာတွင် အထောက်အပံ့ရရှိ စေရန် ဖြစ်သည်။ နှစ်စဉ်စာအုပ်စာစောင် ဝယ်ယူရန် ငွေကျပ် သုံးသောင်းကျော် သုံးစွဲခဲ့သည်ဟု သိရသည်။
အထူးသဖြင့် စာကြည့်တိုက်တွင်တာဝန်ပေးအပ်ရန် မြန်မာနိုင်ငံအသံလွှင့်ဌာန ညွှန်ကြားရေးဝန် ဦးခင်ဇော် အား လန်ဒန်သို့စေလွှတ်၍ စာကြည့်တိုက်ပညာ သင်ယူ စေခဲ့သည်။ ၁၉၄၀ ပြည့်နှစ်ခန့်တွင် စာအုပ်ပေါင်း ၂၃၄၃၃ အုပ်ဝယ်ယူစုဆောင်းနိုင်ခဲ့ပြီး အလွန်ရှားပါးအဖိုးတန်သည့် စာအုပ်များ ပါဝင်သည်။ ယင်းစာအုပ်များထဲတွင် ၁၈၉၇ ခုနှစ်ခန့်က မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေထားသော မြန်မာစာအုပ်အမျိုးမျိုး၊ မင်းတုန်းမင်း၊ သီပေါမင်းတို့ လက်ထက်က လွှတ်တော်မှတ်တမ်းများ၊ ပေပုရပိုက် ငါးထောင်နီးပါး၊ သရေခေတ္တရာနှင့်သထုံတို့မှ တွေ့ရသော ရှေးဟောင်းကျောက်ရုပ်ပစ္စည်းများကို ပြသထားသဖြင့် အရှေ့တောင်အာရှတွင် စာအုပ်စာစောင်နှင့် စာပေပစ္စည်း အစုံလင်ဆုံးစာကြည့်တိုက်အဖြစ် အသိအမှတ်ပြုခံခဲ့ရ သည်။
စစ်အတွင်းက စာကြည့်တိုက်
ကိုလိုနီဘဝတွင် ရင်နင့်စရာကောင်းသည့် ခံစား ချက်များစွာရှိသည့်အနက် ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်ကြီးနှင့်ပတ်သက်၍ ခံစားရသည့်ခံစားချက်မှာ အလွန်ပင် ခံပြင်းလှသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အရှေ့တောင်အာရှသို့ ကမ္ဘာစစ်ကြီး ကူးစက် ခံရခြင်းကြောင့် ရန်ကုန်တက္ကသိုလ်ကြီးကို ရက်အကန့် အသတ်မရှိ ပိတ်ခဲ့ရသည်။ အင်္ဂလိပ်တို့သည် ပြည်လမ်း ဆရာဖြစ်သင်ကောလိပ်(TTC)ကို သိမ်းပိုက်၍ စစ်ဌာနချုပ် ဖွင့်ခဲ့ပြီး တက္ကသိုလ်နယ်မြေအားလုံးကို စစ်စခန်းများ အဖြစ် ပြောင်းလဲခဲ့သည်။ အင်္ဂလိပ်တပ်များ ဆုတ်ခွာခဲ့ ရပြီးနောက်ပိုင်းတွင်လည်း ဂျပန်တပ်များက တက္ကသိုလ်အဆောက်အဦအားလုံးကို သိမ်းပိုက်ကာ စစ်ဆေးရုံဖွင့်ခဲ့ကြပြန်သည်။
စစ်ပြီးခေတ် စာကြည့်တိုက်
စစ်ပြီးခေတ်တွင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ကို ဦးသိန်းဟန်(ဆရာကြီးဇော်ဂျီ)က စာကြည့်တိုက်မှူး အဖြစ် တာဝန်ယူခဲ့သည်။ ဆရာကြီး ဦးသိန်းဟန်သည် ထင်ရှားသည့် ကဗျာဆရာ၊ စာရေးဆရာကြီးတစ်ဦး ဖြစ်သည်သာမက စာကြည့်တိုက်ပညာကို ပြည်ပတွင် သင်ယူခဲ့ဖူးသူတစ်ဦးလည်း ဖြစ်သဖြင့် စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းနိုင်ခဲ့ သည်။ စာကြည့်တိုက်အတွက် လိုအပ်သည့် စာအုပ် စာစောင်များကို ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ ရေးသား ခြင်း စသည့် နည်းမျိုးစုံဖြင့် စုဆောင်းခဲ့သူတစ်ဦး ဖြစ်သည်။ ဆရာကြီး ဦးသိန်းဟန်သည် စာ၊ ကဗျာ ဖွဲ့နွဲ့ ရေးသားသီကုံးရုံသာမက ကျောင်းသား ကျောင်းသူများ၊ သုတေသနပြုသူများအတွက် စာကြည့်တိုက်ပညာဖြင့် အထောက်အကူပြုပေးခဲ့သူတစ်ဦးဖြစ်သဖြင့် ကျွန်တော် တို့ အလေးအမြတ်ပြုနေရမည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
ဆရာကြီးဦးသိန်းဟန်နှင့်အတူ ကြိုးပမ်း ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များလည်း ရှိသည်။ ဆရာ ဦးသန်းထွတ် (ဆရာတိုက်စိုး)၊ ဆရာကြီးဒေါက်တာ သော်ကောင်း၊ ဒေါ်ခင်ခင်အုန်း၊ ဒေါ်ကျော့ကျော့တို့ ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် စနစ်သစ်ပညာရေးနှင့်အတူ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးကိုတက္ကသိုလ်များ | ဗဟိုစာကြည့်တိုက်အဖြစ် အမည်ပြောင်းလဲခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ဆရာကြီးဦးသိန်းဟန် အငြိမ်းစား ယူခဲ့ပြီးနောက် ဆရာကြီး ဒေါက်တာသော်ကောင်းက စာကြည့်တိုက်မှူး အဖြစ် ဆက်လက်တာဝန်ယူခဲ့ပြီး စာကြည့်တိုက်လုပ်ငန်း များကို အရှိန်မြှင့်တင်ခဲ့သည်။ ထူးခြားမှုအဖြစ် ဆရာကြီး ဒေါက်တာသော်ကောင်း လက်ထက်တွင် ၁၉၁၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ထုတ်ဝေခဲ့သော သူရိယသတင်းစာ အပြည့်အစုံကို ရရှိထိန်းသိမ်းထားနိုင်ရုံသာမက မိုက်ခရို ဖလင်အဖြစ် ရိုက်ကူးထိန်းသိမ်းထားနိုင်ခဲ့သည်။
ယနေ့အချိန်တွင် တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်သည် ကျောင်းသား ကျောင်းသူများသာမက မည်သူမဆို စာကြည့်တိုက်အသင်းဝင်ရောက်၍ စာအုပ် စာစောင်များ ငှားရမ်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ သည်။ ယခင်ကကဲ့သို့ စာအုပ်စာစောင်များကို ကက်တလောက်တစ်ခုတည်း အားကိုးရှာဖွေခြင်း မဟုတ်တော့ဘဲ ကွန်ပျူတာဖြင့် အလွယ်တကူ ရှာဖွေ ငှားရမ်းပေးနေသည်ကိုလည်း တွေ့ရသည်။
ဂန္ထဝင်တက္ကသိုလ်ထဲမှ စိတ်ဝိညာဉ်
ဂန္ထဝင်ဆိုသည်မှာ ရှေးအစဉ်အဆက်မှ ယနေ့တိုင် အရေးပါနေဆဲ။ ပစ်ပယ်ခြင်းမပြုနိုင်ဘဲ ချိန်ထိုးနှိုင်းယှဉ် တန်ဖိုးထား တမ်းတမှု ပြုနေရဆဲသောအရာဟု ဖွင့်ဆိုကြ မည်ဆိုလျှင် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကြီးသည် ဂန္ထဝင်တက္ကသိုလ်ကြီးတစ်ခုပင် ဖြစ်သည်။ ယင်းတက္ကသိုလ် ကြီးထဲတွင် ခေတ်အဆက်ဆက် သမိုင်းဖြစ်စဉ်များ၊ အမှန် တရားများ မြှုပ်နှံထိန်းသိမ်းထားခဲ့သည်။ ယနေ့ဆိုလျှင် ၂၀ ရာစုဦးမှ စတင်မွေးဖွားပေးခဲ့သည့် ဂန္ထဝင်တက္ကသိုလ် ကြီးသည် နှစ် (၁၀၀) တိုင်ခဲ့ပေပြီ။ ။
ထိုနည်းတူ ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး၏ အလေးအမြတ်ပြုစရာ၊ နိုင်ငံ့ခေါင်းဆောင်များ၊ လူကျော် လူမော်များ၏ နှလုံးသားများ စုစည်းရာ၊ စာပေ၊ သဘင်၊ ဂီတ၊ အနုပညာလက်ရာများ၊ ရှေးဟောင်း သမိုင်းဝင်အမွေ အနှစ်များ၊ စိတ်ကူးစိတ်သန်းများနှင့် အဇ္ဈတ္တများ ကိန်းအောင်းရာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် (ဝါ) တက္ကသိုလ်များဗဟိုစာကြည့်တိုက်ကြီးသည် ကျွန်တော်တို့ အားလုံး၏ စိတ်ဝိညာဉ်ပင် ဖြစ်သည်။ ။
ယနေ့အချိန်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏ ကောင်းမြတ်သော အစဉ်အလာများ၊ ဝမ်းနည်းကြေကွဲ ဖွယ်ရာများ၊ ပျော်ရွှင်ကြည်နူးစရာဖြစ်ရပ်များကို ရသမျိုးစုံဖြင့် ပြန်လည်လွမ်းမောခံစားဖို့ရာအတွက် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကြီး ကျင်းပရန် ပြင်ဆင်နေကြသည်ကို တွေ့မြင်ကြားသိရသည်မှာ အလွန်ပင်မင်္ဂလာရှိလှသည်။ ။
နှစ်ကာလ မည်မျှဝေးကွာ ကြာမြင့်စေကာမူ ကျွန်တော်တို့အတွေးအိမ်တွင် ဖြစ်ပေါ်နေသည့် အလွမ်း စိတ်များက အမြဲနုပျိုပြီး ရင်ဖိုလှိုက်မောနေခဲ့သည်။ တက္ကသိုလ်ကြီးထဲလျှောက်နေသည့် ခြေလှမ်းများက ယခင်တုန်းကလို သွက်လက်ပေါ့ပါးနေဆဲ ဖြစ်သည်။
တစ်ချိန်က စိတ်ကိုလွတ်လပ် ခေါင်းမတ်မတ်ဖြင့် လေချို သန့်သန့် ကံ့ကော်နံ့တို့ သင်းပျံ့ရှူရှိုက် ပျော်ပိုက်ခဲ့ သည့် ခြေလှမ်းများအတိုင်းပင် ဖြစ်သည်။ မည်မျှပင် အချိန်ကာလတို့ ပြောင်းလဲစေကာမူ ကျွန်တော်တို့ စိတ်ဝိညာဉ် နှလုံးသားများသည် ဤတက္ကသိုလ်ကြီး ထဲတွင် တဝဲလည်လည် ကျန်ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေတက္ကသိုလ်ကြီးထဲတဒင်္ဂရောက် ရှိခိုက် ဤမြေဤရေတွင် ပညာရည်သောက်စို့ခဲ့ဖူးသူ တစ်ဦးအနေဖြင့် အမိဂန္ထဝင် တက္ကသိုလ်ကြီး နှစ် (၁၀၀) တိုင်မက ကမ္ဘာတည်သရွေ့ တည်တံ့နေပါစေ။ နှစ်ပေါင်း များစွာ မျှော်မှန်းတောင့်တခဲ့ကြသည့် မြန်မာနိုင်ငံသား အားလုံး၏ အိပ်မက်ရှည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ပါစေ။ ကျွန်တော်တို့အားလုံး၏ စိတ်ဝိညာဉ်များ နားခိုရာ တက္ကသိုလ်စာကြည့်တိုက်ကြီး ပိုမိုတိုးတက် သက်ဝင်လှုပ်ရှားနိုင်ပါစေဟု ဆုတောင်းပေးနေမိ သည်။ ။
အေးကြွယ်