အိမ်ပြင်မထွက် အသက်ရှည်စေ - ၂
COMID-19 ရောဂါသည် လူသားများဆီသို့ အရှိန်အဟုန်နှင့် ပြေးလာနေသည်။
ရက်ပိုင်းအတွင်း တစ်မြို့လုံး သို့မဟုတ် တစ်နယ်လုံးသို့ ပျံ့နှံ့သွားနိုင်သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် (မတ်လ ၂၇ ရက်နေ့အထိ) သေဆုံးသူ နှစ်သောင်းခြောက်ထောင်ကျော်နှင့် အတည်ပြုလူနာ ငါးသိန်းခုနစ်သောင်းကျော် ရှိနေပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က “ရက်ပေါင်း ၆၇ ရက်အတွင်း ဖြစ်ပွားသည့်အရေအတွက် တစ်သိန်း ရောက်ရှိလာပြီး နောက်ထပ် ၁၁ ရက်အတွင်း နှစ်သိန်း အထိ တိုးလာကြောင်းနှင့် နောက်ထပ် လေးရက်အတွင်း သုံးသိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း” ပြောကြား ခဲ့သည်။ ထို့ကြောင့် “ကူးစက်မှုရပ်တန့်ရန် အိမ်တွင်း၌သာ နေကြရန်” လည်း တောင်းဆိုထားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်တွင် လူနာများ တိုးပွားလာသည်နှင့် ၁၀ ရက်အတွင်း ဆေးရုံ နှစ်ရုံအပြီးတည်ဆောက်ခဲ့သည်။ သို့တိုင် ရက်ပိုင်းအတွင်း လူနာများ ပြည့်လျှံသွားခဲ့ပြန်သည်။ ရှိသမျှဆရာဝန်များကို ပြန်လည်ခေါ်ယူခဲ့ရသည်။ ရက်တိုသူနာပြုသင်တန်းများဖြင့် သူနာပြုများ ဖြည့်ဆည်းပေးရသည်။ ကာကွယ်ရေးဝတ်စုံများ လုံလောက်စွာ မလဲလှယ်နိုင်တော့သဖြင့် ကျန်းမာရေးဝန်ထမ်းများစွာ ကူးစက်ခံကြရပြီး ၁၄ ရက် စောင့်ကြည့်စာရင်းထဲ ဝင်သွားကြသည်။ အချို့လည်း သေဆုံးသွားကြသည်။ ထိုအခါ တစ်ဖက်မှ တိုးပွားနေသော လူနာအရေအတွက်ကြောင့် ဆေးရုံ၏အခြေအနေမှာ ပိုမိုဆိုးရွားလာတော့သည်။
ထိုအခြေအနေမျိုး ရောက်မလာရန်နှင့် ရုတ်တရက် ချက်ချင်း လူနာအရေအတွက်များစွာ ပေါ်ပေါက်မလာရန် ပြုလုပ်ရမည့် တစ်ခုတည်းသောနည်းမှာ လူများအားလုံး မိမိအသိစိတ်နှင့် အိမ်တွင်း၌သာ နေထိုင်ရန် ဖြစ်သည်။ သို့မဟုတ် အိမ်တွင်း၌ သာနေထိုင်ရန် စောင့်ကြည့်ခံရလျှင်လည်း တိကျစွာလိုက်နာရန် ဖြစ်သည်။
ဖြစ်ပွားနှုန်းကို လျော့နည်းစေသော အိမ်တွင်း၌ နေထိုင်ခြင်း (Quarantine)
စောင့်ကြည့်ခြင်း (Quarantine) သည် ရောဂါ လက္ခဏာ မရှိသေးသော်လည်း အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သောသူများ၊ ရောဂါပြန့်ပွားနေသော ဒေသမ ှရောက်ရှိလာသူများကို အိမ်တွင်း၌ နေထိုင်စေခြင်းဖြစ်သည်။ Quarantine သည် ဖြစ်ပွားနှုန်းကို လျှော့ချနိုင်ရန် ရိုးရှင်းပြီး ထိရောက်သောနည်းဖြစ်သည်။ ထိုနည်း၏ ထိရောက်ပုံကို ၁၉၁၈ ခုနှစ်တွင် ဖြစ်ပွားသော ကမ္ဘာ့တုပ်ကွေး ကပ်ရောဂါကိုထိန်းချုပ်စဉ်က စတင်သတိပြုမိခဲ့ကြသည်။ အမေရိကန်နိုင်ငံ ဖီလာဒါးဖီးယား မြို့တွင် ပထမဦးဆုံးလူနာကို စက်တင်ဘာ ၁၇ ရက်နေ့တွင် စတင်တွေ့ရှိခဲ့သည်။ ချက်ချင်း Quarantine မလုပ်ခဲ့ဘဲ လူများအိမ်ထဲတွင်နေဖို့ အမိန့်ကိုလည်း မထုတ်ပြန်ခဲ့ချေ။ ရောဂါဖြစ်သူများ အလျင်အမြန်တိုးလာပြီး အောက်တိုဘာလလယ်တွင် သေဆုံးသူ ၃၀၀ နီးပါး ဖြစ်လာခဲ့သည်။ စိန့်လူဝစ်မြို့တွင် တစ်ချိန်တည်းတွင် ရောဂါရှိသူတွေ့ရှိခဲ့ပြီး ချက်ချင်း Quarantine ပြုလုပ်ခဲ့ပြီး လူများအိမ်ထဲတွင်နေဖို့ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလလယ်တွင် သေဆုံးသူ ၂၅ ဦးသာရှိခဲ့သည်။
ဝူဟန်မြို့သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြို့ကို အလုံပိတ်လိုက်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျန်မြို့ ကြီး ၁၅ မြို့ ကိုလည်း ပိတ်လိုက်သည်။ ထိုအချိန်မှစ၍ ဖြစ်ပွားနှုန်းတန့်သွားပြီး နှစ်ရက်အကြာတွင် ပြန်လည် ကျဆင်းလာသည်။
အီတလီနိုင်ငံမှ သင်ခန်းစာ
အီတလီနိုင်ငံသည် Quarantine နောက်ကျခဲ့သဖြင့် COVID-19 အထိအနာဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ COVID-19 ပထမဦးဆုံးသော လူနာတွေ့ရှိခဲ့ပြီး တစ်လမပြည့်မီ လူနာအများဆုံးနှင့် အသေအပျောက် အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး၌ ရောဂါစတွေ့ရှိချိန်တွင် နိုင်ငံအာဏာပိုင်များသည် စီးပွားရေးကဏ္ဍကို ဦးစားပေးခဲ့ကြပြီး Quarantine ကို ထိရောက်စွာမလုပ်ခဲ့ကြချေ။ ယနေ့အချိန် (မတ်လ ၂၆ ရက်နေ့) အထိ ကိန်းဂဏန်းများအရ အတည်ပြုလူနာပေါင်း ၆၃၉၂၇ ဦးနှင့် သေဆုံးသူပေါင်း ၆၀၇၇ ဦးရှိနေပြီဖြစ်သည်။ မတ်လ ၂၅ ရက်နေ့ တစ်နေ့တည်းတွင် လူနာ ၅၂၁၀ တိုးလာခဲ့သည်။ စတင်ဖြစ်ပွားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် သေဆုံးသူပေါင်း ၃၂၈၃ ဦးသာရှိခဲ့သည်။
အီတလီမြောက်ပိုင်း မြို့တစ်မြို့ (Bergamo) တွင် သေဆုံးသူများ အလွန်များသဖြင့် ရုပ်ကြွင်းများကို သင်္ဂြိုဟ်ရာတွင် တပ်၏အကူအညီကို ယူခဲ့ရသည်။ နံနက် အရုဏ်တက်ချိန်တွင် အခေါင်းများ တင်ဆောင်ထားသော စစ်ကားများ မြို့ထဲမှ ထွက်ခွာသွားသောအသံကို မြို့သူ မြို့သားများ ကြားလိုက်ကြရသည်။ ယနေ့အချိန်တွင် အီတလီနိုင်ငံ ဆေးရုံများရှိ ဆရာဝန်/ဆရာမများသည် အဆမတန်များသော လူနာများ၏တာဝန်ကို အသက်နှင့် ရင်း၍ ထမ်းဆောင်နေကြရသည်။
ဤအဖြစ်ဆိုးအားလုံးသည် Quarantine ကို လျင်မြန် စွာမလုပ်နိုင်ခဲ့ခြင်းမှ စတင်ခဲ့သည်။ အိမ်ထဲတွင် မနေခဲ့ကြခြင်းမှ စတင်ခဲ့သည်။
Quarantine ၏ ထိရောက်မှု
ကိုရိုနာဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ ခုန်ပျံ၍ ကူးလာခြင်း မဟုတ်ပါ။ ခြေထောက်ပေါက်၍ လျှောက်လာ ခြင်းလည်း မဟုတ်ပါ။
နှာချေချောင်းဆိုးရာမှ ထွက်လာသော တံတွေး သလိပ်အမှုန်အမွှားများနှင့်အတူ ထွက်လာပြီး နှစ်မီတာ (၆ ပေ) အတွင်းရှိ အခြားသူတစ်ဦးအား ကူးစက်သွားခြင်း ဖြစ်သည်။ သို့မဟုတ် အဝတ်အစားများ၊ အသုံးအဆောင်များ၊ သတ္တု၊ ကြွေထည်နှင့် ပလတ်စတစ်များပေါ်သို့ ကျရောက်သွားလျှင် ကိုးရက်ကြာသည်အထိ တွယ်ကပ်၍ ကူးစက်နိုင်စွမ်းရှိနေသည်။ ထို့ကြောင့် စားပွဲမျက်နှာ ပြင်များ၊ တံခါးလက်ကိုင်ဖုများ၊ လှေကားလက်ရန်းများသည် ရောဂါဖြန့်ဖြူးရာနေရာများ ဖြစ်လာသည်။
ထိုကူးစက်မှုကို ဖြတ်တောက်ရန်မှာ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိစေသော Quarantine ပြုလုပ်ခြင်းတို့ဖြစ်သည်။
Quarantine ပြုလုပ်ခြင်းသည် နည်းလမ်း ၄ မျိုး နှင့် ကျေးဇူးပြုနေသည် -
၁။ လူအချင်းချင်း ထိတွေ့မှုနည်းသွားသောကြောင့် ရောဂါကူးစက်မှုနှုန်း လျော့နည်းသွားသည်။
၂။ ရောဂါကူးစက်မှုနှုန်း လျော့နည်းသွားသောကြောင့် အချိန်တိုအတွင်း ရုတ်တရက် လူနာများ တိုးပွား လာခြင်းမရှိသဖြင့် ဆေးရုံဝန်ထမ်းများသည် ရောက်ရှိနေသော လူနာများကို နိုင်နင်းထိရောက်စွာ ကုသပေးနိုင်သည်။
၃။ နိုင်နင်းထိရောက်စွာ ကုသပေးနိုင်သောကြောင့် သေဆုံးမှုနှုန်း လျော့နည်းလာသည်။
၄။ အရေးကြီးဆုံးမှာ ကာကွယ်ဆေး (Vaccine) ထုတ်လုပ်ရန် အချိန်ပိုရလာခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် အလွယ်တကူ ဗီဇပြောင်းလဲခြင်းမရှိသဖြင့် ထွက်ပေါ်လာမည့် ကာကွယ်ဆေးသည် ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။
အိမ်ပြင်မထွက် အသက်ရှည်စေ
COMD-19 ကို ထိန်းချုပ်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ မိမိအသိနှင့်မိမိ အိမ်ပြင်မထွက်ဘဲနေခြင်း သို့မဟုတ် အိမ်တွင် Quarantine ပြုလုပ်ခံရပါကလည်း Quarantine ၏ သဘောတရားကို နားလည်ပြီး ညွှန်ကြားသည့်အတိုင်း တိကျစွာလိုက်နာခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် အိမ်ပြင်မထွက်ခြင်းသည် အသက်ရှည်စေခြင်းဖြစ်ကြောင်း ထပ်မံတင်ပြလိုက်ပါသည်။ ။
ရည်ညွှန်း
1. Flattening the COVID-19 Curves.
https://blogs.scientificamerican.com
2. Lessons from Italy on coronavirus. Standard Digital Media.
www.standardmedia.co.ke/health
3. The Washington Post. March 10, 2020.
ပါမောက္ခ ဒေါက်တာမောင်