Skip to main content

ခေတ်မီတိုးတက်စေဖို့ လူတိုင်းစာဖတ်ခြင်း အလေ့အထပျိုးထောင်စို့

မျိုးမြတ်မိုး (MANA)

စာဖတ်ခြင်းအလေ့အထ စွဲမြဲစေရန်မှာ စာတတ်မြောက်မှုနှင့် တိုက်ရိုက်အချိုးကျနေသည်။ စာတတ်မြောက်ရေးလှုပ်ရှားမှု ဆင့်ကဲဖြစ်စဉ်များကို ပြန်ကြည့်ပါက ၁၈၂ဝ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသာ စာရေး၊ စာဖတ်နိုင်ခဲ့သော်လည်း လက်ရှိတွင် လူဦးရေစုစုပေါင်း၏ ၈၆ ရာခိုင်နှုန်းအထိ စာတတ်မြောက်နေကြပြီဖြစ်သည်။

စာတတ်မြောက်မှုရှိနေရန် လိုအပ်

၁၉၄၆ ခုနှစ်မှစ၍ ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်ရေးကြိုးပမ်းမှုတွင် ရှေ့တန်းမှဦးဆောင် ပါဝင်နေသော ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)နှင့် နိုင်ငံအသီးသီး၏ ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်စေရန် ကြိုးပမ်းမှုများကြောင့်ဖြစ်သည်။ ဆင်းရဲသော နိုင်ငံများ၌ စာတတ်မြောက်မှုနှုန်း နိမ့်ကျမှုကို ခံစားနေရဆဲ ဖြစ်သည်။ သာဓကအားဖြင့် ကမ္ဘာတစ်ဝန်းတွင် အနည်းဆုံး လူငယ်နှင့် လူကြီးသန်း ၇၅ဝ ခန့် စာမရေးတတ်သေးပေ။ နိုင်ဂျာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း စာတတ်မြောက်မှုသည် ၃၆ ရာခိုင်နှုန်းသာ ရှိသေးသည်။ စာဖတ်နှုန်းမြင့်တက်ရန်နှင့် စာဖတ်သည့် အလေ့အထများ ဖွံ့ဖြိုးရန်မှာ ဆင်းရဲချမ်းသာ နိုင်ငံမရွေး စာတတ်မြောက်မှု ညီမျှမှုရှိနေရန် လိုအပ်သည်။

စာဖတ်နှုန်းကို တိုင်းတာတွက်ချက်ထားခြင်းဖြစ်

ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၂၀ ပြည့်နှစ်အတွင်း လူသားများ၏ စာဖတ်ခြင်း အလေ့အထကို ပြောင်းလဲစေခဲ့သည်။ ရောဂါပိုးကူးစက်ခံရမှု မရှိစေရေးအတွက် စည်းမျဉ်းစည်းကမ်းများဖြင့် ပိတ်ဆို့ခံရခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရခြင်း၊ တစ်နေရာမှတစ်နေရာသို့ အသွားအလာ ကန့်သတ်ထားခြင်းတို့ကြောင့် လူအများစုသည် မိမိတို့နေအိမ်တွင်း၌ အချိန်ကုန်ဆုံးကြရသည်။ စာဖတ်ခြင်း၊ အွန်လိုင်းပညာရေးပလက်ဖောင်းများမှ ကျွမ်းကျင်မှုအသစ်များ လေ့လာသင်ယူခြင်းတို့ကြောင့် စာပေဖတ်ရှုမှုပိုများလာကြောင်း စစ်တမ်းအချို့ကဆိုသည်။ World Reading Habits in 2020 ၏ စစ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ ၃၅ ရာခိုင်နှုန်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာဖတ်သည့် အလေ့အထကို ပိုများလာစေသည်။ အိန္ဒိယနိုင်ငံသားများသည် ထိုင်း၊ တရုတ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက စာဖတ်နှုန်းမြင့်မားသည်ဟု အဆိုပါလေ့လာမှုက ဆိုထားသည်။ အိန္ဒိယနိုင်ငံသားများသည် စာဖတ်ရန်အတွက် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် စာဖတ်နှုန်း ၁၀ နာရီ ၄၂ မိနစ်၊ ထိုင်းနိုင်ငံသည် တစ်ပတ်လျှင် ၉ နာရီ ၂၄ မိနစ်၊ တရုတ် နိုင်ငံက ၈ နာရီ၊ ဖိလစ်ပိုင်သည် ၇ နာရီ ၃၆ မိနစ် စသည်ဖြင့် အစဉ်လိုက် နေရာယူထားသည်ကို တွေ့ရသည်။ စာဖတ်နှုန်းကို တိုင်းတာရာတွင် စာအုပ်ဖတ်ရှုမှုအပြင် အွန်လိုင်းစာမျက်နှာများ၌ ဖတ်ရှုမှုများကိုလည်း ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။

မျက်မှောက်ကာလတွင် လူငယ်အတော်များများသည် အံ့မခန်းတိုးတက်လာသော နည်းပညာများကြောင့် စာအုပ်ကိုင်ပြီး ဖတ်ရှုခြင်းထက် စမတ်ဖုန်းနှင့် တက်ဘလက်များဖြင့် ဖတ်ရှုမှုပိုများလာသည်။ စာဖတ်ခြင်းအလေ့အထ ပုံစံပြောင်းလဲလာသည်။ စမတ်ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများမှတစ်ဆင့် စာဖတ်ခြင်းထက် စာအုပ်ကို ကိုင်တွယ်၍ ဖတ်ရှုရခြင်း၏ အရသာကို ယှဉ်နိုင်မည်မဟုတ်သဖြင့် စာအုပ်တစ်အုပ်ကို ကိုင်တွယ်ဖတ်ရှုမှ အာသာပြေသည့် စာဖတ်သူများလည်း အတန်းအစားတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။ မည်သည့်ပုံစံများဖြင့် စာဖတ်သည်ဖြစ်စေ ကိုဗစ်ကပ်ရောဂါကာလအတွင်း စာဖတ်ခြင်း အလေ့အထ အားကောင်းလာခြင်း၊ စာဖတ်နှုန်း မြင့်လာခြင်းတို့သည် ကပ်ရောဂါ၏ လက်ဆောင်မွန်ဟု ဆိုရမည်ဖြစ်သည်။ စာပေဟူသည်ကား ဘဝ၏ အနှစ်သာရဟုပြောလျှင် မှားမည်မဟုတ်ချေ။ ဘဝဟူသော နယ်ပယ်၊ ပတ်ဝန်းကျင်ဟူသော သဘောတရားတို့ကို ခံစားနားလည်ပေးနိုင်သော အစွမ်းသတ္တိသည် စာပေ၌ပင် ကိန်းအောင်းနေခြင်းဖြစ်သည်။ စာပေဟုဆိုရာ၌ သုတစာပေလည်းရှိသလို ရသစာပေလည်းရှိပေသည်။ စာပေတွင် စကားပြေ၊ ကဗျာ၊ လင်္ကာ၊ ဝတ္ထုဇာတ်လမ်း စသည်တို့ ပါဝင်ပေသည်။ မည်သည့်စာပေကို ဖတ်စေကာမူ စကားလုံးတိုင်း၏ အဓိပ္ပာယ်ကို သိမြင်လာအောင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။

စာပေဖတ်ခြင်း၏ တန်ခိုးကြီးမား

စာပေဟူသည်ကား လူသားတို့၏ ဘဝလက်တွဲဖော်၊ ခရီးသွားဖော်ဖြစ်သည်ကို အများစု မေ့နေကြသည်။ စာပေဖတ်ထားသောသူသည် ဘဝခရီးလမ်းတွင် အောင်မြင်မှုရရှိရန် နီးစပ်ပေသည်။ လူသားအချင်းချင်း ပညာအရည်အချင်း တူသော်လည်း စာပေဖတ်သူကသာ ပို၍အောင်မြင်သည်။ ဘဝ၏ ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေးမှန်သမျှသည် စာပေဖတ်မှသာပို၍ ကျယ်ပြန့်သည်ကို သိမြင်လာလိမ့်မည်။ ကျယ်ကျယ်ပြန့်ပြန့်သိမှသာ လူသားတို့၏ နှလုံးသားကိုဖတ်၍ ခံစားနားလည်ပေလိမ့်မည်။ ထိုသို့ခံစားနားလည်နိုင်မှသာ လူ့ဘဝတွင် ကောင်းကျိုးလိုရာဟူသမျှ ဆောင်ရွက်တိုင်း အောင်မြင်နေမည်ဖြစ်သည်။ လူသားတစ်ယောက်၏ စိတ်ကိုမြင်ကြည့် သိလိုလျှင် စာများများဖတ်ရမည်။ စာပေဟူသည် စကားလုံးတိုင်းတွင် အဓိပ္ပာယ်ရှိသည်။ စာပေဖတ်ပါများ၍ စာလုံးများ၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်လာပါက လူသားတို့၏ စိတ်နှလုံးကိုလည်း ပုံဖော်၍ မြင်နိုင်စွမ်းရှိမည်သာ သေချာသည်။ ဘဝတစ်ခုဖြစ်တည်ကတည်းက လူသားတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်မိသားနှင့် တစ်မိသား၊ မိမိနှင့်ဆက်နွှယ်ရာပတ်ဝန်းကျင်၊ မိမိလှည့်လည် သွားလာနေသော အရပ်ဒေသ စသည်တို့မှ လူပုဂ္ဂိုလ်များနှင့်လည်း ပေါင်းသင်းဆက်ဆံရသည်။ စာပေများ ဖတ်ထားပါက “တစ်ရွာတစ်ပုဒ်ဆန်း”ဟူသော်လည်း မျက်ကန်းမဖြစ်ဘဲ အသစ်အဆန်းများကြားတွင် ရပ်တည်နိုင်ပေလိမ့်မည်။ စာပေဖတ်ခြင်း၏ တန်ခိုးသည်ကြီးမားသောကြောင့် လက်တွဲဖော်ဟုပင် တင်စားရသည်။

လူတိုင်းမိမိနှင့်အတူ စာအုပ်ကို ကိုယ်နှင့်မကွာ သယ်ဆောင်ကာ အချိန်ရတိုင်း စာဖတ်ကြရန် နှိုးဆော်ခြင်းဖြစ်သည်။ စာအုပ်စာပေများသည် လတ်တလော ရင်ဆိုင်နေရသော ကိုဗစ်ကပ်ရောဂါ ကာလအတွင်း လူတို့၏ အထီးကျန်မှုကို တိုက်ဖျက်ရာ၌ များစွာ အထောက်အကူပြုခဲ့သည်။ စာဖတ်သူတို့၏ စိတ်ကူးဉာဏ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးသည့် အစွမ်းထက်ကိရိယာတစ်ခု ဖြစ်ခဲ့သည်။ UNESCO က ကပ်ရောဂါကာလအတွင်း လူအများကို အိမ်၌သာနေထိုင်ရန် ညွှန်ကြားချက်ကြောင့် နိုင်ငံအချို့တွင် စာအုပ်ဖတ်သူဦးရေ နှစ်ဆ တိုးလာသည်ဟု ဆိုသည်။ စာပေလေ့လာဖတ်ရှုခြင်းသည် လူတစ်ဦး၏ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုကို အားဖြည့်ပေးနိုင်သည်။ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုနှင့် သိမြင်မှုစွမ်းရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေသည်။ ကိုယ်ကျင့်တရားကို အားကောင်းစေပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။ လူတစ်ဦးသည် တစ်နေ့လျှင် မိနစ် ၂၀ ခန့် စာဖတ်ခြင်းသည် တစ်နှစ်အတွင်း စကားလုံးနှစ်သန်းနီးပါး ဖတ်ရှုခြင်းနှင့် ညီမျှသည်။ လေ့လာမှုများအရ စာအုပ်ပိုင်ဆိုင်သော ကလေးများသည် အိမ်တွင် စာအုပ်မရှိသူများထက် ပုံမှန်စာဖတ်သူများ ဖြစ်လာနိုင်ခြေပိုများသည်။ ကလေးများသည် စာသင်ခန်းထဲတွင် စာကြည့်တိုက် အသေးစားရှိလျှင် စာအုပ် ၅၀ ရာခိုင်နှုန်း ပိုဖတ်ကြောင်း တွေ့ရှိထားသည်။

စာပေလေ့လာဖတ်ရှုရာတွင် မည်သည့်စာပေ အမျိုးအစားကို ဖတ်ရှုရမည်ဆိုခြင်းထက် မိမိစိတ်ပါဝင်စားစရာ၊ မိမိသိရှိလိုရာ အကြောင်းအရာများ ပါဝင်သည့် စာအုပ်များကို ဖတ်ရှုသင့်သည်။ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းနှင့်ပတ်သက်၍ စာအုပ်စာပေလူ့မိတ်ဆွေ၊ စာအုပ်သည် လောကကိုရှုမြင်ရာ ပြတင်းတံခါးပေါက်၊ စာအုပ်သည် လောကကြီးကို အလင်းဆောင်ပေးနိုင်သော မိတ်ဆွေကောင်း စသည်ဖြင့် အသွင်သဏ္ဌာန်ပေါင်းစုံနှင့် ခိုင်းနှိုင်းလေ့ရှိသည်။ လူမှုအသိုင်းအဝိုင်းတွင် မိတ်ဆွေလော၊ ရန်သူလောဟု ခွဲခြားသိမြင်နိုင်သကဲ့သို့ စာအုပ်စာပေများကိုလည်း မိတ်ဆွေ၊ ရန်သူခွဲခြားကာ ဖတ်ရှုရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရတတ်သည်။ စာဖတ်သူများအနေဖြင့် မိတ်ကောင်း၊ ဆွေကောင်းကို ရွေးချယ်ပေါင်းသင်းသကဲ့သို့ စာအုပ်များကိုလည်း နာရီပိုင်းသာဖတ်ပြီး ပစ်လိုက်ရမည်။ တစ်သက်လုံး သိမ်းဆည်းထားရမည့် စာအုပ်၊ လူ့မိတ်ဆွေစာပေ၊ အဆိပ်အတောက်စာပေ စသည်ဖြင့် ခွဲခြားဖတ်ရှုကြရမည်သာ ဖြစ်ပေသည်။

အင်တာနက်ပေါ်ရှာလျှင် ဘာမဆိုရနိုင်

သတင်းစာနှင့် ဂျာနယ်ဖတ်ခြင်း အလေ့အထသည် ပြည်တွင်းသတင်းသာမက ပြည်ပသတင်းများကိုပါ သတင်းစာဖတ်၍ သိရှိကြရသည်။ သတင်းစာမရောက်နိုင်သော အရပ်ဒေသများတွင် ထုပ်ပိုးရန် အသုံးပြုသော သတင်းစာစက္ကူအပိုင်းအစများမှ စာများကိုပင် တယုတယဖတ်၍ ကြည်နူးကြရသည်။ ရှေးယခင်က လူကြီးများ ဉာဏ်ကောင်းကြသည်။ အခုခေတ်နှင့် ဘာမှမဆိုင်ဟူသော စကားကိုကြားရတိုင်း စာပေဖတ်ခြင်းနှင့် မဖတ်ခြင်း အကျိုးတရားအပေါ်မှာ ကွာခြားသွားသည်ကို သတိပြုမိသည်။ ယခုခေတ်တွင် စာပေဖတ်သူ လျော့ပါးလာသည်မှာ ခေတ်မီလာ၍ ဖြစ်သည်ဆိုလျှင် မှားမည်။ ခေတ်မီလာသည်နှင့်အမျှ စာပေပို၍ ဖတ်မှတ်ရမည်ကို သတိမထားဘဲ ခေတ်ရေစီးကြောင်း၌သာ မျောပါနေပြီး “တလွဲဆံပင်ကောင်း” နေကြခြင်းကြောင့်ဖြစ်သည်။ စာပေဖတ်မှတ်ရမည်ထက် ခေတ်မီနည်းပညာ၏ သာယာမှုတစ်ခုအပေါ်မှာ ယစ်မူးနေကြသည်ဆိုလျှင် မှားမည်မဟုတ်ချေ။

စာအုပ်စာပေရှာဖွေ ဖတ်စရာမလို၊ အင်တာနက်ပေါ် ရှာလျှင် ဘာမဆိုရနိုင်တာပဲဟုသာ အလွယ်ပြောတတ်ကြသည်။

အင်တာနက်ခေတ်ဖြင့် ကမ္ဘာ့ရွာကြီးတည်ရှိနေသည်။ ထိုကမ္ဘာ့ရွာကြီးထဲ ကျင်လည်နေကြသူမှာ အလွန်များပြားသည်။ သိတတ်စကလေးအရွယ်မှသည် အသက်အရွယ်အိုမင်းသူများအထိ ဖုန်းတစ်လုံးရှိရုံမျှဖြင့် အင်တာနက်ကို သုံးစွဲနေကြသည်။ အင်တာနက်တွင် စာဖတ်သည်ဟူသော အကြောင်းပြချက်ဖြင့် စာအုပ်စာပေကဏ္ဍသည် အင်အားဆုတ်ယုတ်လာသလို စာကြည့်တိုက်ဟူသည်လည်း စာဖတ်သူ ရှားပါးလာသည်။ တကယ်တမ်း အင်တာနက်ပေါ်တွင် စာဖတ်သူဦးရေ၌ လူငယ်အရေအတွက်မှာ နည်းပါးသည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်း၍ ကြိုးစားကြရမည် ဖြစ်သော်လည်း “ဂိမ်းကစားခြင်း”မှာသာ အချိန်ကုန်ခံ၍ ယှဉ်ပြိုင်နေကြသည်။ စာဖတ်ရန်ဝေး၍ ထမင်းစားချိန်ကိုပါ မေ့လျော့နေကြသည်မှာ ဝမ်းနည်းဖွယ်ကောင်းသည်။ ကစားချိန် ကစား၊ စာဖတ်ချိန်ဖတ်၊ အိပ်ချိန်၊ စားချိန် ပုံမှန်သာ အချိန်ကိုအသုံးချနိုင်လျှင် ခေတ်မီလူငယ်များဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ “ဂိမ်းကစားခြင်း”သည် ဉာဏ်ရည်သွက်သည်ဟု လူငယ်အများစု ပြောလေ့ရှိသည်။ ဉာဏ်ရည်သွက်ခဲ့သည် ဆိုလျှင်သော်လည်း စာအုပ်စာပေဖတ်မှတ်ခြင်း ဗဟုသုတမရှိပါက အဘယ်မှာ အကျိုးရှိမည်နည်း။

ခေတ်နှင့်အညီစာပေကို ကြိုးစားကြရန်လိုအပ်

လူငယ်များသည် ရှေးလူကြီးများထက် ဉာဏ်ရည်သာလွန်ကောင်းမွန်ပြီး ပစ္စည်းတစ်စုံတစ်ရာကိုတွေ့လျှင် စူးစမ်းတတ်သော အလေ့အထကောင်းလည်းရှိသည်။ ခေတ်မီနည်းပညာကို သုံးစွဲရာတွင် လူကြီးများထက် လူငယ်များက ပို၍ကျွမ်းကျင်ကြသည်။ ထိုမျှနှင့် ရောင့်ရဲတင်းတိမ် ပျော်မွေ့နေကြသည်မှာ နှမြောစရာကောင်းသည်။ စာအုပ်စာပေဖတ်ခြင်းသည် သိပ်အရေးမပါဘဲ ကြည့်လျှင်တတ်သည်ဟူသော အယူအဆများ လက်ကိုင်ထားသလို ဖြစ်နေကြသည်။ တတ်သည့်ပညာကို စာပေဗဟုသုတနှင့် ပေါင်းစပ်လျှင် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်ကို မေ့လျော့နေကြသည်။ ယခုခေတ်မီတိုးတက်သော အချိန်ကာလ၊ ပွင့်လင်းမြင်သာမှုကို ဦစားပေးသော အချိန်ကာလများဖြစ်သည့်အလျောက် စာပေမျိုးစုံကို လေ့လာဖတ်ရှုနိုင်သည်။ ပြင်ပဗဟုသုတများစွာကိုရှာဖွေရန် အကောင်းဆုံးသော အချိန်ကာလပင် ဖြစ်သည်။ အင်တာနက်ဆော့ကစားရုံမျှဖြင့် တင်းတိမ်၍ ရေလိုက်လွဲနေလျှင် ခေတ်နှင့်အမီ ရင်ပေါင်တန်းရန်မဖြစ်နိုင်ဘဲ ခေတ်နောက်ကျကျန်ခြင်းမျိုး ခံစားရပြီးနောက်မှ နောင်တရမည် ဖြစ်သည်။ ခေတ်နှင့်အညီ စဉ်းစားတွေးခေါ်နိုင်မှု၊ ဗဟုသုတ ပြည့်ဝမှုရှိမှသာလျှင် ခေတ်မီပါလိမ့်မည်။ ခေတ်မီရေစီးကြောင်းပေါ်မှာ ဝင့်ထည်စွာရပ်တည်နိုင်ရန်အတွက် စာပေကို ဖတ်မှတ်၍ ဉာဏ်ရည်ထက်မြက်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။   ။