ပတ်ဝန်းကျင်တစ်ခွင် အလှဆင်ဖို့ သစ်ပင်စိုက်ကြပါစို့
မယ်ထွေးလေး
ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်များသည် ခွဲခြားမရနိုင်သော လက်တွဲဖော်များဖြစ်ကြသည်။ ထိုသူအားလုံးတို့သည် ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နေကြသည့် သယံဇာတအရင်းအမြစ်များပင် ဖြစ်ကြသည်။ ကမ္ဘာ့ရာသီဥတု ညီညွတ်မျှတမှုသည် သစ်တောသစ်ပင်များ ပေါက်ရောက်မှုနှင့် ရေရှည်ထိန်းသိမ်းမှုအပေါ်တွင် မူတည်နေပါသည်။ သစ်ပင်များ ပြုန်းတီးမှုများပြားလာပါက ကမ္ဘာ့ရာသီဥတုကို ထိခိုက်နိုင်ပေသည်။
ရာသီဥတုဖောက်ပြန်မှုကို ဟန့်တားရာတွင် သစ်တောသစ်ပင်များသည် အဓိကကျသောအခန်းကဏ္ဍက ပါဝင်နေကြပါသည်။ “ဥတုရာသီ၊ တောကိုမှီ” ဆိုသကဲ့သို့ သစ်တောသစ်ပင်များသည် ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိပေးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ပေးခြင်း၊ ရေနှင့်လေသန့်စင်လုပ်ငန်းများ၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့်ဖြစ်ပေါ်စေခြင်းစသည့် ဝန်ဆောင်မှုများကို အကျိုးပြုလုပ်ဆောင်ပေးလျက်ရှိပါသည်။
ကမ္ဘာ့မြေဧရိယာ၏ ၅၀ ရာခိုင်နှုန်း
ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ကမ္ဘာ့မြေဧရိယာ၏ ၅၀ ရာခိုင်နှုန်းသည် သစ်တောများ ဖြစ်ကြသည်။ ယခုအခါသစ်တောများသည် ကမ္ဘာ့မြေဧရိယာ၏ ၃၀ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီဖြစ်ကြောင်း၊ မှတ်တမ်းများအရ သိရပါသည်။ ထိုသို့သစ်တောများ ပြုန်းတီးရခြင်းမှာ ကမ္ဘာ့လူဦးရေ တိုးတက်လာခြင်းကြောင့် လူသားတို့အတွက်လိုအပ်သည့် စားနပ်ရိက္ခာလိုအပ်ချက်များကို သစ်ပင်များမှ ထုတ်ယူသုံးစွဲခြင်း၊ သစ်တောများကို လယ်ယာစိုက်ပျိုးမြေများအဖြစ် ပြောင်းလဲလုပ်ကိုင်ခြင်း၊ တရားမဝင်သစ် ထုတ်လုပ်ခြင်း၊ ခုတ်လှဲထုတ်ယူမှု နည်းစနစ်မမှန်ခြင်း၊ တောမီးလောင်ကျွမ်းခြင်းတို့ကြောင့် ဖြစ်သည်။
သစ်တောသစ်ပင်များ ယုတ်လျော့ပျက်စီး ပြုန်းတီးလာခြင်းသည် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုအတွက် အဓိကတွန်းအားပေးနေသည့် အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများမှာလည်း ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့ပင် ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ကပ်ဘေးရောဂါအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပေသည်။ “အရင်းစစ်တော့ အမြစ်မြေ” ဆိုသလို ခေတ်မီသိပ္ပံနှင့်စက်မှုပညာများ တိုးတက်ထွန်းကားလာမှုများနှင့်အတူ သစ်တောသစ်ပင်များသည် ကုန်ကြမ်းပစ္စည်းများအဖြစ် ထုတ်လုပ်အသုံးပြုခြင်းခံရသောကြောင့် သစ်တောများပြုန်းတီးလာကာ အဘက်ဘက်မှဆိုးကျိုးများ ဖြစ်ပေါ်လာရသည်။ ထိုမှတစ်ဆင့် လူသားတို့၏ နေရေး၊ စားရေး၊ ကျန်းမာရေး၊ အသက်ရှင်နေထိုင်ရေးတို့သည် ဆင့်ကဲဆင့်ကဲ ထိပါးဆုံးရှုံးလာရပေတော့သည်။
ထိုသို့သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့် ပြန်လည်ကုစားရန် အရိုးရှင်းဆုံးသောနည်းလမ်းမှာ သဘာဝကိုအခြေခံပြီး ပြဿနာများကို ဖြေရှင်းခြင်း၊ တစ်နည်းအားဖြင့် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းပင် ဖြစ်ပေသည်။ သဘာဝတောများနှင့် သစ်တောများ၊ သစ်တောစိုက်ခင်းများသည် သစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက်သာမက ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုကိုကာကွယ်ပေးနိုင်ရေးအတွက် ကမ္ဘာအရပ်ရပ်ရှိ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးက ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ခဲ့သည်။
ကုလသမဂ္ဂသစ်တောညီလာခံက
- ကမ္ဘာတစ်ဝန်းသစ်တောဖုံးလွှမ်းမှု လျော့နည်းခြင်းကို တားဆီးရန်အတွက် ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ပျိုးခြင်း၊ သစ်တောပြုန်းတီးမှုတားဆီးရန် ကြိုးပမ်းမှုများ ပါဝင်သည့် ရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်မှုစနစ်ဖြင့် ဆောင်ရွက်ရန်။
- သစ်တောများကို အမှီပြုနေကြသည့် လူတို့၏လူနေမှုအဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန်အတွက် သစ်တောအခြေခံ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်ရန်။
- ရေရှည်တည်တံ့စေသည့် စီမံအုပ်ချုပ်မှုရရှိသော သစ်တောများ၏ ဧရိယာကို သိသိသာသာ တိုးမြှင့်လာစေရန်အတွက် ၎င်းသစ်တောများမှထုတ်လုပ်သော သစ်တောထွက်ပစ္စည်းအမျိုးအစား များပြားလာစေရေး ဆောင်ရွက်ရန်။
- ရေရှည်တည်တံ့စေသည့် စီမံအုပ်ချုပ်မှုအတွက် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့များ လျော့နည်းလာမှုကို တားဆီးရန်နှင့် အသစ်၊ အပိုဆောင်း ဘဏ္ဍာငွေအရင်းအမြစ်များ တိုးမြှင့်လာရေးစသည့် ရည်ရွယ်ချက်(၄)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ တောတွင်းရှိ ဆေးဖက်ဝင်အပင်များ မျိုးမသုဉ်းစေရန်အတွက်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့က လှုံ့ဆော်လျက်ရှိပါသည်။
သစ်တောဧရိယာ ဟက်တာသန်း ၃၅၀ တည်ထောင်ခြင်းလုပ်ငန်း
ယနေ့အချိန်အခါသည် သဘာဝအခြေခံဖြေရှင်းသည့်နည်းလမ်း (Nature Based Solutions) သည် ထူးကဲသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ကာလကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) ဟု သတ်မှတ်ထားသည့် ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် လက်ရှိအကောင်အထည်ဖော်နေသော “ဘွန်း” စိန်ခေါ်မှု (Bonn Challenge) နယူးယောက်သစ်တောများဆိုင်ရာ ကြေညာစာတမ်း (New York Declaration for Forests) ၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု လုံးဝမရှိစေရေးနှင့် တောနိမ့်တောပျက်များတွင် သစ်တောဧရိယာ ဟက်တာ သန်း ၃၅၀ တည်ထောင်ခြင်းလုပ်ငန်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ထိုသို့ကမ္ဘာနှင့်တစ်ဝန်း သစ်တောသစ်ပင်များအတွက် အထူးကြိုးပမ်းလုပ်ဆောင်နေချိန်တွင် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်များ ရေရှည်တည်တံ့စေရန်အတွက် သစ်တောဥပဒေကို ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်း၍ သစ်တောကြိုးဝိုင်းများကို သတ်မှတ်ပေးခဲ့သည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် သစ်တောကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထင်းအစား အခြားလောင်စာသုံးစွဲခြင်း၊ ဒေသခံပြည်သူ အစုပိုင်သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်စေရန် ဆောင်ရွက်ခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ ပပျောက်ရေးစီမံချက်များချမှတ်ခြင်း၊ လူထုပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် ပါဝင်ပူးပေါင်းလျက် ရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို ၁၉၉၀ ပြည်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်းနှင့် သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းစသည့် နိုင်ငံတကာအဖွဲ့အစည်းများ၌ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အလေးအနက်ထားဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး သစ်တောစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းနှင့် ဒီရေတော စိုက်ခင်းများကို တိုးချဲ့စိုက်ပျိုးနေသကဲ့သို့ သဘာဝတောနှင့် သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ရန် သဘာဝနယ်မြေများကိုလည်း ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။ အပူပိုင်းဒေသ၊ ပဲခူးရိုးမနှင့် အင်းလေးကန် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နှစ်ရှည်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မိုးရာသီရောက်ပြီဆိုသည်နှင့် မြန်မာပြည်တစ်ဝန်းစိမ်းလန်း စိုပြည်စေဖို့ သစ်တောသမားဥယျာဉ်မှူးကြီးများသာမက မြန်မာပြည်သူပြည်သားတစ်ဦးချင်း၊ တစ်ယောက်ချင်းမကျန် ကျေးရွာအလိုက် အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ မိုးရာသီလူထုလှုပ်ရှားမှုအနေဖြင့် အင်တိုက်အားတိုက် သစ်ပင်များ ခြိမ့်ခြိမ့်သဲ စိုက်ပျိုးကြသည်။ သစ်ပင် စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများမှာ များပြားလှပါသည်။ အရိပ်ရသောသစ်ပင်ကို စိုက်ပျိုးခြင်းဖြင့် လူ၊ တိရစ္ဆာန်တို့အတွက် နားခိုရာဖြစ်ပေါ်စေပါသည်။ သီးပင်စားပင်များမှ အာဟာရကိုဖြစ်စေပြီး လှပသောရောင်စုံပန်းခင်းများက လောကကြီးကို အလှဆင်နိုင်သကဲ့သို့ လူသားတို့၏စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်း
သစ်တောသစ်ပင်များမှ ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု အထောက်အပံ့များစွာကိုလည်း ရရှိစေနိုင်ပါသည်။ မြတ်စွာဘုရား ညွှန်ပြဆုံးမထားသည်တွင် သစ်ပင် စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းသည် “ထာဝရကုသိုလ်ပြုခြင်းလည်းမည်၏” “အာရာမရောပဒါန၊ ဝနရောပါဒါန” ပန်းဥယျာဉ်၊ သစ်သီး ဥယျာဉ်များ စိုက်ပျိုးလှူဒါန်းခြင်း၊ အရိပ်ရအပင်၊ စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုးလှူဒါန်းခြင်းသည် ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်း၊ ပြာသာဒ်နှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသော ကုသိုလ်အကျိုးထူးကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့သည်။ “ခဏပျော်ချင် အိမ်ထောင်ပြု၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်”ဟူသော ဆိုစကားကဲ့သို့ ရေရှည်အကျိုး စီးပွားဖြစ်ထွန်းနိုင်သည့် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးကြရမည်ဖြစ်သည်။ ထိုသို့ စိုက်ပျိုးခြင်းဖြင့် ရှေးပဝေသဏီက ဘိုးဘွားများ ပြုစုပျိုးထောင်စိုက်ပျိုးပေးခဲ့သည့် ကျေးဇူးတရားကို အသိအမှတ်ပြုရာရောက်မည့်အပြင် နောင်လာနောက်သား မျိုးဆက်သစ်များအတွက်လည်း သီးပင်စားပင်၊ အရိပ်ရအပင်များကို လက်ဆင့်ကမ်းအမွေအနှစ်အဖြစ် ထားခဲ့နိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာကြီး ပြန်လည်စိမ်းလန်းပြီး အေးချမ်းသာယာစေရန် လူသားအကျိုးကို ပေးစွမ်းနိုင်သည့် သစ်တောသစ်ပင်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု အကြံပြုတိုက်တွန်းလိုက်ရပါတော့သည်။ ။