Skip to main content

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်၊ နိုင်ငံသားဖြစ်ခြင်း ပြည်ပလွှမ်းမိုးမှုနှင့် နိုင်ငံခြားအထောက်အပံ့များ

010203

သုတကျော်

နိဒါန်း

ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီစနစ်၏အခြေခံဖြစ်ပြီး နိုင်ငံတော်အစိုးရတင်မြှောက်ဖွဲ့စည်းရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ဖော်ဆောင်ရာတွင် အမြင့်ဆုံးတာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာလွှတ်တော်များတွင် ဥပဒေပြုရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်များ၊ ဌာနဆိုင်ရာတစ်ခုခုကို ဦးစီး၍ တာဝန်ယူထမ်းဆောင်မည့် အကြီးအကဲများအဖြစ်သို့ ခန့်အပ်တာဝန်ယူရခြင်းများလည်း ရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာများနှင့် သက်ဆိုင်သော တာဝန်တစ်ခုခုကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ထို့အတူ တရားစီရင်ရေး အာဏာနှင့်လည်း နှီးနွှယ်ဆောင်ရွက်ရပါမည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ကြရမည့် လွှတ်တော်ကိုယ်စားလှယ်များသည် သတ်မှတ်အရည်အချင်းများ ပြည့်စုံရန် လိုအပ်ပါသည်။

ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိသူ/မရှိသူများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ ပုဒ်မ ၃၈ (က) တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀၊ ၁၂၁၊ ၁၅၂၊ ၁၆၉ တို့တွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိခြင်း/မရှိခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ဖော်ပြထားပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ခ) တွင် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်းနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(င)တွင် မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသား အမျိုးသား၊ အမျိုးသမီးမရွေး၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိဟူ၍လည်းကောင်း၊ ၁၀(စ)တွင် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြားအစိုးရ၏ ဩဇာခံယူသူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူဟူ၍လည်းကောင်း၊ ၁၀(ဆ)တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ ဟူ၍လည်းကောင်း၊ ၁၀(ဇ)တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရသို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ်ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူဟူ၍လည်းကောင်း သတ်မှတ်ထားသည်။ ထို့အတူနိုင်ငံရေးပါတီအဖြစ် လျှောက်ထားခွင့်မရှိသော အဖွဲ့အစည်းများမှာ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဟူ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇(ဃ) တွင် သတ်မှတ်ထားသည်။ နိုင်ငံသားဖြစ်ခြင်းနှင့် စပ်လျဉ်း၍ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို ဖော်ပြလိုပါသည်။

နိုင်ငံသားဖြစ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၄၅ တွင် နိုင်ငံသားအရည်အချင်းများကို သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေတွင် မွေးရာပါ မြန်မာနိုင်ငံသားနှင့် ဥပဒေအရ ဖြစ်တည်လာသည့် မြန်မာနိုင်ငံသားဟူ၍နှစ်မျိုးရှိပါသည်။ နိုင်ငံတကာတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံ၏ ဇာတိနိုင်ငံသားနှင့် အခြားပင်ရင်းနိုင်ငံတစ်ခုခုမှ ရွှေ့ပြောင်းအခြေချ၍ အနေကြာသူများအား ဥပဒေအရ ခွင့်ပြုခဲ့သည့် နိုင်ငံသားဟူ၍ နှစ်မျိုးနှစ်စားရှိကြစမြဲ ဖြစ်ပါသည်။ ဥပဒေအရ ခွဲခြားပြဆိုထားခြင်းသာဖြစ်ပြီး ထိုနှစ်မျိုး နှစ်စားစလုံးသည် ထိုနိုင်ငံ၏ နိုင်ငံသားများဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အခြားပင်ရင်း နိုင်ငံဟူ၍ မရှိ၊ မြန်မာ့မြေပေါ်တွင် မူလအစကပင် ပင်ရင်းနိုင်ငံအဖြစ် အစဉ်တစိုက် နေထိုင်ပေါက်ဖွားဆင်းသက်လာကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားမွေးရာပါ နိုင်ငံသားများနှင့် ဥပဒေအရ ခွင့်ပြုထားသည့် နိုင်ငံသားများဟူ၍ ဥပဒေတွင် ပြဋ္ဌာန်းထားရှိပါသည်။ ဥပဒေတွင် အခန်း (၈)ခန်းရှိပြီး ပုဒ်မ (၇၆)ခု ပါဝင် ပါသည်။

နိုင်ငံတော်တွင် ပါဝင်သောနယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။ (၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၃)

တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်းမွေးရာပါ နိုင်ငံသားဖြစ်သည်။ (မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၅)

ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်းခံရမည်။

(မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆)

နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားဖြစ်သည် -

(မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၇)

(က)    နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ခ)     နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဂ)     နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဃ)    ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီး (ပုံ-၁) နှင့်-

(၁)     နိုင်ငံသား သို့မဟုတ်

(၂)      ဧည့်နိုင်ငံသား သို့မဟုတ်

(၃)     နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ

(င)     နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသောသားသမီး (ပုံ-၂) နှင့် -

(၁)     နိုင်ငံသား သို့မဟုတ်

(၂)      ဧည့်နိုင်ငံသား သို့မဟုတ်

(၃)     နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ

(စ)     ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသော သားသမီး (ပုံ-၃) နှင့် -

(၁)     နိုင်ငံသား သို့မဟုတ်

(၂)      ဧည့်နိုင်ငံသား သို့မဟုတ်

(၃)     နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ၁၉၂၃ ခုနှစ် ဧပြီ ၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေတွင် ပုဒ်မပေါင်း ၁၅ ခု ပါဝင်ပြီး ထိုအက်ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် သက်ဆိုင်သည့်အပြင် မည်သည့်ဒေသမဆိုရှိသော ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးနှင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် လည်းကောင်း သက်ဆိုင်ကြောင်း ဖော်ပြထားသည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသော အကြောင်းအရာများ၊ သူလျှိုပြုလုပ်ခြင်းများအတွက် ကျူးလွန်သည့်ပြစ်မှုအလိုက် ပြစ်ဒဏ်အသီးသီးကို သတ်မှတ်ဖော်ပြထားသည်။ ထိုအက်ဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကျူးလွန်မိသကဲ့သို့ အလားတူ ပြစ်မှုစီရင်ခြင်းခံရမည့်အပြင် အလားတူနည်းအတိုင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပါဝင်သည်။ ထို့ပြင် ရာဇသတ်ကြီး (The Penal Code) အခန်း ၆၊ ပြည်ထောင်စု နိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများကို ပုဒ်မ၁၂၁ မှ ၁၃၀ ထိ ပြဋ္ဌာန်းထားရာ ပုဒ်မ ၁၂၁ တွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်ခြင်း၊ ပုဒ်မ ၁၂၂ တွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးအတွက် ပြစ်ဒဏ်စသည်ဖြင့် ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၁ တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံ ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၆၊နိုင်ငံတော်၏ အခြေခံမူ( ၆ )ချက်တွင် “ နိုင်ငံတော်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ဦးတည်သည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် တို့တာဝန်အရေးသုံးပါးတွင်လည်းပါဝင်ပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှသာ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထာဝစဉ်ရပ်တည်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ တွင် နိုင်ငံ ရေးပါတီများ စောင့်ထိန်းလိုက်နာရမည့် ပြဋ္ဌာန်းချက်မှာ တို့တာဝန် အရေးသုံးပါးတွင်ပါဝင်သော အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း ဝန်ခံချက်ကို ဖော်ပြရပါသည်။ အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သောဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်များတွင် နိုင်ငံသားများ၏ ကိုယ်စားတာဝန်ယူဆောင်ရွက်ကြရမည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်သကဲ့သို့ နိုင်ငံသားတိုင်းသည်လည်း မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်။

နိုင်ငံ၏အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်တွင်းရေးတွင်နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရန်အတွက် နိုင်ငံအသီးသီး ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်လျက်ရှိသည်။

စင်ကာပူနိုင်ငံ

ပြည်တွင်းရေးကို နိုင်ငံခြားဝင်ရောက်စွက်ဖက်မှု (တန်ပြန်ဆောင်ရွက်မှု) အက်ဥပဒေ Foreign Interference (Counter-measures) Act ကို ပါလီမန်ထဲတွင် ၁၀ နာရီကြာ အပြင်းအထန် ဆွေးနွေး၍ အောက်တိုဘာလ ၄ ရက်နေ့၊ ၂၀၂၁ ခုနှစ်၌ အတည်ပြုခဲ့သည်။ FICA ခေါ် Foreign Interference (Countermeasures) Act တွင် နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုကို တန်ပြန်အရေးယူနိုင်ရန် ကျယ်ပြန့်သောအချက်အလက်များ ပါဝင်သည်။ FICA ဥပဒေအရ နိုင်ငံခြားတိုင်းပြည်များက ဝင်ရောက်စွက်ဖက်ခြင်းကို မသင်္ကာမှု အပေါ်အခြေခံပြီးရန်လိုသည့် သတင်းအချက်အလက်များနှင့် သွေးထိုးလှုံ့ဆော်နေမှုများကို ဖော်ထုတ်ရန် ပြည်သူများ၏အကျိုးကို ရည်မျှော်ပြီး စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန်မှာ ပြည်ထဲရေးဝန်ကြီးက အမိန့်ပေးညွှန်ကြားခွင့်ရှိသည်။

စင်ကာပူနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေရန်ဖြစ်စေ၊ စင်ကာပူအစိုးရအပေါ် မုန်းတီးစိတ်ဝင်လာစေရန် သို့မဟုတ် အယုံအကြည် ပျက်စေရန်ဖြစ်စေ လူတစ်ဦးတစ်ယောက်က နိုင်ငံခြားအဖွဲ့အစည်း တစ်ခုခု၏ကိုယ်စား စင်ကာပူနိုင်ငံအတွင်းတွင် လှုံ့ဆော်ရေးသားမှုများ ပြုလုပ်မည်ဆိုပါက ၎င်းဥပဒေကို ချိုးဖောက်ရာကျမည်ဖြစ်သည်။

ယင်းဥပဒေချိုးဖောက်သည်ဆိုပါက တရားစွဲရာတွင် ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်အပေါ် အယူခံလျှောက်ထားမှုများကို လူထုရှေ့မှောက်၌ ကြားနာစစ်ဆေးမှုများ ပြုလုပ်မည်မဟုတ်ဘဲ တရားသူကြီးတစ်ဦး ဦးဆောင်သော သီးခြားလွတ်လပ်သည့် ခုံသမာဓိအဖွဲ့က ကြားနာစစ်ဆေးမည်ဖြစ်သည်။ ထိုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ဖြစ်ပွားသောအမှုများသည် နိုင်ငံတော်လုံခြုံရေးနှင့် ဆက်နွှယ်ပတ်သက်နေသောကြောင့် အတိမ်းအစောင်းမခံသည့် သတင်းအချက်အလက်များ ပါကောင်းပါနေနိုင်သည့်အတွက် သီးခြားလွတ်လပ်သည့် ခုံသမာဓိအဖွဲ့က ကြားနာစစ်ဆေးမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်လာနိုင်သော ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖြေရှင်းရန်၊ စင်ကာပူပြည်သူများအနေဖြင့် မိမိတိုင်းပြည်ကိုမိမိတို့က မည်ကဲ့သို့အုပ်ချုပ်သင့်သည်၊ မိမိတို့ဘဝကိုမည်ကဲ့သို့ နေထိုင်သင့်သည်များအပေါ် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များ၏ ဝင်ရောက်စွက်ဖက်မှုကို တားဆီးသည့် ဥပဒေကို သြစတြေးလျနှင့် ရုရှားကဲ့သို့ နိုင်ငံကြီးများတွင်လည်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။

ဩစတြေးလျနိုင်ငံ

ဩစတြေးလျပါလီမန်က ၂၀၁၈ ဇွန်လနှောင်းပိုင်းတွင် နိုင်ငံခြားစွက်ဖက်မှုများကို တားဆီးနိုင်ရေးရည်ရွယ်သည့် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုခဲ့သည်။ ဝန်ကြီးချုပ် မယ်လ်ကွမ်တန်းဘူးလ် ဦးဆောင်သည့် အစိုးရ၏အကြံပြုချက်အရဖြစ်ပြီး ထိုဥပဒေမှာ နိုင်ငံရေးအပါအဝင် ပြည်တွင်းရေးတွင် နိုင်ငံခြားတိုင်းပြည်များ၏ ဩဇာလွှမ်းမိုးစွက်ဖက်မှုကို ကာကွယ်နိုင်ရန်နှင့် တိုင်းပြည်အတွင်း နိုင်ငံရပ်ခြားတိုင်းပြည်များက သူလျှိုပြုလုပ် ထောက်လှမ်းခြင်းများကို တားဆီးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဥပဒေအရ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၏ နိုင်ငံခြားအလှူငွေများအပေါ် ကန့်သတ်ချက်များနှင့် နိုင်ငံရေးလှုပ်ရှားသူများအားလည်း နိုင်ငံရေး ကုန်ကျစရိတ်များ ရန်ပုံငွေသို့ နိုင်ငံခြားလှူဒါန်းငွေများ အသုံးပြုခြင်းမှ တားမြစ်ခဲ့သည်။ ဩစတြေးလျနိုင်ငံသည် နိုင်ငံခြားဩဇာ သက်ရောက်မှု ပွင့်လင်းမြင်သာမှုဆိုင်ရာ စနစ်ကိုလည်း ပြဋ္ဌာန်းခဲ့သည်။ အဆိုပါစနစ်တွင် နိုင်ငံခြားအကြီးအကဲများအတွက် နိုင်ငံရေးလှုပ်ရှားမှုများကို တာဝန်ယူသည့်ပုဂ္ဂိုလ်များသည် စနစ်၏လိုအပ်ချက်များ ဖြစ်သည့် မှတ်ပုံတင်ခြင်း၊ ထုတ်ပြန်ကြေညာခြင်းတို့ကို ပြုလုပ်ရန် လိုပေသည်။ ထို့ပြင် ဩစတြေးလျနိုင်ငံသည် နိုင်ငံခြားကြားဝင် နှောင့်ယှက်မှုနှင့် ပတ်သက်သည့် ပြစ်မှုအသစ်များကို ပြဋ္ဌာန်းခဲ့ရာ ထိုအထဲတွင်“ အပြည်ပြည်ဆိုင်ရာ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု” (Intentional Foreign Interference)နှင့်ပတ်သက်သည့် ပြစ်မှု ပါဝင်ပြီး နိုင်ငံ၏နိုင်ငံရေးနှင့် အစိုးရလုပ်ငန်းတွင် ဩဇာအာဏာသုံးရန် ရည်ရွယ်သည့် နိုင်ငံခြားအကြီးအကဲများ၏ လျှို့ဝှက်ကြံစည်မှု သို့မဟုတ် ရွေးကောက်ပွဲလိမ်ညာမှု/မသမာမှုပြုသည့် ပြုလုပ်မှုအတွက် ထောင်ဒဏ် နှစ် ၂၀ အထက် ပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ရုရှားနိုင်ငံ

ရုရှားနိုင်ငံတွင်လည်း နိုင်ငံခြားအေးဂျင့် (နိုင်ငံရပ်ခြားကို ကိုယ်စားပြုပြီး ပြည်တွင်း၌ လှုပ်ရှားဆောင်ရွက်နေသူ) များကို ကိုင်တွယ်ထိန်းချုပ်နိုင်ရန် နိုင်ငံခြားအေးဂျင့်များဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်၌ ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေကို ၂၀၁၉ ခုနှစ် တွင် “နိုင်ငံခြားအေးဂျင့် မီဒီယာဥပဒေ” အဖြစ် အသစ်ပြင်ဆင်ပြဋ္ဌာန်း သည်။ အဆိုပါဥပဒေအရ နိုင်ငံခြားတိုင်းပြည်များ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများမှ ဘဏ္ဍာငွေ အထောက်အပံ့ရယူသော မည်သည့် မီဒီယာမဆို ပြည်ပသူလျှိုအဖြစ် တရားရေးဝန်ကြီးဌာနက သတ်မှတ်မည်ဖြစ်ကြောင်း ပါရှိသည်။

ပြည်ပစွက်ဖက်မှု

ပြည်ပစွက်ဖက်မှုဆိုသည်မှာ မိမိတို့နိုင်ငံ၏ပြည်တွင်းရေး၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်စေရန်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးစေရန် လုပ်ဆောင်နေခြင်းကို ဆိုလိုသည်။ သာမန် ကူးသန်းရောင်းဝယ်ခြင်း၊ မြန်မာနိုင်ငံအပေါ် ကောင်းမွန်သောအကူအညီပေးခြင်းမျိုးကိုဆိုလိုခြင်း မဟုတ်ပါ။ ပြည်ပစွက်ဖက်မှုခံနေရခြင်းကို လေ့လာကြည့်လျှင် မိမိနိုင်ငံအတွင်း ပြည်ပအားကိုး ပုဆိန်ရိုးများရှိနေ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်အားတောင့်တင်း ခိုင်မာသော အစိုးရတစ်ရပ် ရှိနေသည့်အခါ ပြည်ပစွက်ဖက်မှုများကို တားဆီးနိုင်သည်။ ပြည်ပစွက်ဖက်မှုဆိုသည်မှာလည်း နည်းမျိုးစုံသုံး၍ စွက်ဖက်မှု ပြုလုပ်နေခြင်းဖြစ်သည်။ မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာလျှင် ပြည်ပစွက်ဖက်မှုသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် ရှိခဲ့သည်။ နိုင်ငံတကာတွင်လည်း ပြည်ပစွက်ဖက်မှုနှင့် ပြည်ပသူလျှိုအန္တရာယ်နှင့်ပတ်သက်၍ ကမ္ဘာကျော်ဖြစ်ရပ်တစ်ခုမှာ အစ္စရေးနိုင်ငံ၏ ကမ္ဘာကျော်မော့စ်ဆက်ဟူသည့် ထောက်လှမ်းရေး အဖွဲ့အစည်းကြီး၏ သူလျှိုအလီကိုဟင်သည် ဆီးရီးယားနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး ခန့်အပ်ရန် လျာထားခဲ့သည်အထိ ဖြစ်ပွားခဲ့သောဖြစ်စဉ်မှာ ဆီးရီးယားနိုင်ငံ၏ နိုင်ငံတော်လျှို့ဝှက်ချက်များကို တိုင်းတစ်ပါးလက်သို့ ရောက်ရှိသွားခဲ့သည်မှာ ဖြစ်ရပ်မှန်တစ်ခုပင်ဖြစ်သည်။

အလီကိုဟင်(Eli Cohen)      

ဖြစ်စဉ်အကျဉ်းကို ဖော်ပြရလျှင် ဆီးရီးယားနိုင်ငံဖွား ကာမေးအာမင်သဘက် (Kamel Amem Thaabet) စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦးသည် ၁၉၆၂ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါကာမေးအာမင် သဘက်သည် ၁၉၂၄ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌ မွေးဖွား၍ အာဂျင်တီးနားနိုင်ငံသို့ ပြောင်းရွှေ့သွားသူတစ်ဦးအဖြစ် အသွင်ယူ၍ ဆီးရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကာမေးအာမင်သဘက်၏ မူလရုပ်သွင်မှာ အစ္စရေးနိုင်ငံ မောစ့်ဆက်အဖွဲ့၏ သူလျှိုအလီကိုဟင်ဖြစ်သည်။ ကိုဟင်သည် ဆီးရီးယားနိုင်ငံရောက်ရှိလာပြီး ငွေကြေးမြောက်မြားစွာသုံးစွဲကာ ဝန်ကြီးများ၊ စစ်ဘက်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးလောကတွင် အလားအလာကောင်းများရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အာမင်အယ်လ်ဟာဖစ်နှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိခဲ့ပြီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်။

အလီကိုဟင်သည် ဒမတ်စကတ်မြို့ရှိ ခမ်းနားသောနေအိမ်တွင် ပါတီပွဲများပေးခြင်း၊ စစ်ရေးခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ၏ လိုလားချက်၊ လိုလားမှုများကို ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက်ပေးပြီး သတင်းများကို ရယူနိုင်ခဲ့သည်။ ကိုဟင်သည် ၁၉၆၂ ခုနှစ်မှ စတင်ကာ ဆီးရီးယားနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး သတင်းအချက် အလက်များကိုစုဆောင်း၍ မိခင်အစ္စရေးနိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့သည်။ အစ္စရေးနိုင်ငံကို အဓိကခြိမ်းခြောက်နေသော ဂိုလန်ဒေသခံစစ် စခန်း၊ အမြောက်စခန်းများ၊ ဒုံးပျံစခန်းများကိုလေ့လာခွင့်ရရှိခဲ့ပြီး ပုံစံများ၊ တည်နေရာများ၊ လက်နက်တပ်ဆင်ထားမှု အချက်အလက်များကို ပေးပို့ခဲ့သဖြင့် အစ္စရေးနိုင်ငံလေတပ်မှ ထိုနေရာများကို အတိအကျချေမှုန်းနိုင်ခဲ့သည်။

အလွန်နီးကပ်သောဆက်ဆံရေးရှိခဲ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သော အာမင်အယ်လ်ဟာဖစ်သည် ဆီးရီးယားနိုင်ငံ၏ဝန်ကြီးချုပ် ဖြစ်လာချိန်တွင် အလီကိုဟင်ကို ကာကွယ်ရေးဝန်ကြီး ရာထူးခန့်အပ်ရန်အထိ လျာထားခဲ့သည်။ သို့ရာတွင် ဆီးရီးယားထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး အာမက်ဆူဒါနီသည် အလီကိုဟင်အား အမြဲတစေမသင်္ကာဖြစ်နေခဲ့သည်။ ဂိုလန်ကုန်းမြေဒေသဗုံးကြဲခံရပြီးနောက်ပိုင်း အလီကိုဟင်ကို ပိုမိုစောင့်ကြည့်ခြင်း၊ အသံလှိုင်းအာရုံခံ ကိရိယာများကို အလီကိုဟင် နေထိုင်သောနေအိမ်အနီး လျှို့ဝှက်စွာ တပ်ဆင်ထောက်လှမ်းခဲ့ရာ ရေဒီယိုအသံလှိုင်းမှတစ်ဆင့် ခြေရာခံနိုင်ခဲ့ပြီး ၁၉၆၅ ခုနှစ် မေလ ၁၀ ရက်နေ့တွင် အလီကိုဟင်ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။ အလီကိုဟင်၏ဇနီး နာဒီယာကိုယ်တိုင်ပင် အလီကိုဟင်ကို ကြိုးပေးကွပ်မျက်ချိန်မှ ၎င်း၏ ခင်ပွန်းမှာသူလျှိုတစ်ဦးဖြစ်ကြောင်း သိရှိခဲ့သည်။

ပြည်ပလွှမ်းမိုးမှုနှင့် နိုင်ငံခြားအထောက်အပံ့များ

ပြည်တွင်းရေးကို နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုမရှိစေရန်၊ ပြည်ပအထောက်အပံ့များ၊ အကူအညီများမှတစ်ဆင့် ပြည်ပဩဇာလွှမ်းမိုးမှုများ မဖြစ်စေရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပါအဝင် နိုင်ငံများအားလုံးသည် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ တားဆီးကာကွယ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံကို ကိုယ်စားပြု၍ လည်းကောင်း၊ ပြည်သူကိုကိုယ်စားပြု၍လည်းကောင်း နိုင်ငံ၏အရေးကြီးသော ကဏ္ဍများတွင် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ပြည်ပအထောက်အပံ့များ၊ အကူအညီများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူဆောင်ရွက်ခြင်းကို သတိပြုဆင်ခြင်ဖွယ်ဖြစ်သည်။

နိဂုံး

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံရေးများကိုဖြေရှင်းရာတွင်လည်းကောင်း၊ ညှိနှိုင်းအဖြေရှာရာတွင်လည်းကောင်း ပြည်ပနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများမပါဘဲ မိမိနိုင်ငံသားများကသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ရွေးကောက်ပွဲများကျင်းပရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် ပြည်ပနိုင်ငံများ၏ အထောက်အပံ့၊ ဩဇာနှင့် လွှမ်းမိုးမှုများကင်းစင်ရန် သတိပြုရပေမည်။ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့တွင် ပြည်ပစွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်သည်။ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရမည်မှာ မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်သူများ အပါအဝင် နိုင်ငံသားအားလုံးက နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်ခြင်းများကို ဝိုင်းဝန်းကာကွယ်တားဆီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။