လူငယ်နှင့်အင်တာနက်
ဇင်ငြိမ်း
အင်တာနက်ကို အမေရိကန်နိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက စတင်တီထွင်လာကြတယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်ရဲ့ အသုံးဝင်မှုကြောင့် အသုံးပြုသူဦးရေဟာ ၂၀၀၉ ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံအထိ ရှိလာပါတယ်။ ၂၀၂၀ ပြည့်နှစ်ကဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်းက အင်တာနက်အသုံးပြုနေကြပါပြီ။ အဲဒီအသုံးပြုသူတွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ အသုံးပြုတဲ့ပမာဏကတော့ မတူပါဘူး။ ဥပမာ အာဖရိကမှာ အင်တာနက်အသုံးပြုတဲ့ ရာခိုင်နှုန်းက ၂၇ ရာခိုင်နှုန်းသာရှိပေမယ့် ဥရောပမှာဆိုရင် ၈၃ ရာခိုင်နှုန်းရှိပါတယ်။
ဒီကနေ့ နည်းပညာတွေ အံ့မခန်းတိုးတက်လာတာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေအပြင် နယ်ပယ်အားလုံး ကျယ်ပြန့်လာတာကြောင့် အင်တာနက်ဟာလူတွေအတွက်မရှိမဖြစ် ဆက်သွယ်ရေးနည်းလမ်း ဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အင်တာနက်ပေါ်မှာ အမြဲရှိနေတယ်လို့ ဆိုပါတယ်။ သူတို့အတွက်ကတော့ အင်တာနက်မရှိရင် အလုပ်လုပ်လို့ကိုမရတော့တဲ့ သဘောပါပဲ။ အခုဆို ကိုယ့်နိုင်ငံမှာတောင် အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ။ နိုင်ငံရေးကအစ လူမှုရေးအဆုံး အင်တာနက်က အသုံးဝင်တာမို့ အင်တာနက်သုံးစွဲမှုက ရှေ့ဆက်တိုးတက်နေဦးမှာပါ။ အင်တာနက် အသုံးပြုတာများလာလို့ ရလာတဲ့အကျိုးကျေးဇူးတွေကလည်း အံ့မခန်းပါပဲ။ သုံးတတ်ရင် သုံးတတ်သလောက်၊ သုံးနိုင်ရင်သုံးနိုင်သလောက်နေ့စဉ် ဘဝတွေမှာ အသုံးဝင်ပါတယ်။ ကိုယ့်လို သာမန် အသုံးပြုတဲ့သူအတွက်တောင်မှ စီးပွားရေးသတင်း၊ ပညာရေး၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေးဆိုင်ရာလေးတွေနဲ့ တိုတိုထွာထွာသတင်းလေးတွေ အချိန်နဲ့တစ်ပြေးညီ သိနေရလို့ အသုံးဝင်လှပြီ။
အင်တာနက်ကနေရာတကာ ဒီလောက်အသုံးဝင်၊ အကျိုးရှိနေတော့ လူတိုင်းလိုလို အင်တာနက်ကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် အင်တာနက်အသုံးပြုရာမှာ တစ်ဖက်မှာ ကောင်းကျိုးတွေ အံ့မခန်းရနေသလို အခြားတစ်ဖက်မှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပြန်ပါတယ်။ အဲဒီဘေးထွက်ဆိုးကျိုးတွေကြောင့် အထူးသဖြင့် လူငယ်တွေကို မထိခိုက်စေချင်ပါဘူး။ အင်တာနက်ကို လူငယ်တွေအကျိုးရှိရှိသုံးမယ်ဆိုရင် သူတို့အတွက် အခွင့်အလမ်းတွေက အများကြီးရှိနေတာကြောင့်မို့ပါ။
လူငယ်များ အသုံးပြုမှု
အင်တာနက်ကို အသုံးပြုကြတာတော့ အသက်အရွယ်မရွေး၊ ကျား မ မရွေးသုံးကြတာပါပဲ။ အင်တာနက်ရပြီး မသုံးတဲ့သူဆိုတာကတော့ ခပ်နည်းနည်းပဲ တွေ့ရပါတယ်။ အဲဒီလို အင်တာနက် အသုံးပြုတဲ့သူတွေထဲမှာ အင်တာနက်သုံးတဲ့လူငယ် (အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား) ပမာဏဟာ ၂၀၂၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အခြားအသက်အုပ်စုတွေကတော့ အင်တာနက်အသုံးပြုတာ ၅၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၁၉ ကမ္ဘာ့လူဦးရေမှာ လူငယ်ဦးရေက ၁၆ ရာခိုင်နှုန်းရှိတာဆိုတော့ အင်တာနက်သုံးတဲ့ သူဦးရေမှာ အခြားအသက်အုပ်စုတွေထက် လူငယ်တွေ အသုံးပြုတာကပိုများနေတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာဆို အသက် ၃ နှစ်ကနေ ၁၈ ကြား ကလေးငယ်တွေရဲ့ ၉၄ရာခိုင်နှုန်းဟာ အင်တာနက်ကိုကွန်ပျူတာနဲ့ စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ အခွင့်အလမ်းရနေတယ်လို့ဆိုပါတယ်။၂၀၁၉ ခုနှစ်က လေ့လာမှုတစ်ခုအရဆိုရင် ကလေးငယ် ၅၃ ရာခိုင်နှုန်းဟာ အသက် ၁၁ နှစ် ရောက်ချိန်မှာ စမတ်ဖုန်းစတင်ကိုင်နေပြီလို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်ဟာ နည်းပညာတွေ၊ အင်တာနက် အသုံးပြုတာတွေနဲ့ပတ်သက်လို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေအပေါ် သက်ရောက်လာနိုင်တဲ့ ကောင်းကျိုး/ဆိုးကျိုးတွေ သတိပြုဖို့ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
အသုံးဝင်မှု
အင်တာနက်ဟာ ယနေ့ကမ္ဘာအတွက် အသုံးဝင်ဆုံး ဆက်သွယ်ရေးစနစ်တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အင်တာနက်ကို အကျိုးရှိရှိသုံးတတ်မယ်ဆိုရင် ထိုင်ရာမထဘဲ လုပ်နိုင်တဲ့လုပ်ငန်းတွေ အများကြီးပါ။ ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါဖြစ်တဲ့အချိန် ကျောင်းတွေပိတ်ထားရလို့ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေကို အင်တာနက်ကနေတစ်ဆင့် လေ့လာသင်ယူခဲ့ကြပါတယ်။ ဒါကတော့ ကိုဗစ်ဖြစ်တဲ့ကာလမို့ ပိုပြီးအသုံး တည့်လာတဲ့သဘောပါ။ သာမန်အချိန်တွေမှာလည်း အင်တာနက်ကနေတစ်ဆင့် ပညာရေးအခွင့်အလမ်းတွေ၊ သတင်းအချက်အလက်ရှာဖွေတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူမှုဆက်ဆံရေးဆိုတာတွေအပြင် ကျန်တဲ့ကဏ္ဍတွေမှာလည်း လူငယ်တွေအတွက် အသုံးဝင်တာတွေကတော့ ပြောမကုန်ပါဘဲ။
အင်တာနက်ကြောင့်ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ဆက်ပြီးလည်း အင်တာနက်ရဲ့အခန်းကဏ္ဍဟာ ပိုပြီးကျယ်ပြန့်လာ၊ အသုံးများလာဦးမှာ ဖြစ်ပါတယ်။ ဒီတော့ လူသားတွေအတွက် နေ့စဉ်နေထိုင်မှုဘဝက စလို့ ကမ္ဘာ့နယ်ပယ်အားလုံးအထိ အင်တာနက်ဟာ ရှောင်လွှဲလို့မရနိုင်တော့ နည်းလမ်းတစ်ခုဖြစ်လာနေပါပြီ။
လွဲမှားအသုံးပြုမှု
အင်တာနက်အသုံးပြုလို့ အကျိုးကျေးဇူးတွေ အမြောက်အမြားရတယ်ဆိုပေမယ့် တစ်ဖက်မှာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးမပြုတတ်ကြလို့ အထူးသဖြင့် လူငယ်တွေအပေါ် ဆိုးကျိုးတွေ သက်ရောက်နေတာ တွေ့ရပါတယ်။ ဆိုးကျိုးသက်ရောက်တာကတော့ လူငယ်တွေတင် မဟုတ်ပါဘူး။ ကျန်တဲ့အသက်အရွယ်အုပ်စုတွေမှာလည်း သက်ရောက်ပါတယ်။ လူငယ်တွေက ပိုအရေးကြီးလို့ လူငယ်တွေကိုပဲ ရွေးထုတ်ရည်ညွှန်းရတာ ဖြစ်ပါတယ်။
အခုရည်ညွှန်းတဲ့ လူငယ်ဆိုတဲ့ အသက်အပိုင်း အခြားဟာ အသက် ၁၅ နှစ်နဲ့၂၄နှစ်ဆိုပေမယ့် အင်တာနက်အသုံးပြုသူတွေထဲမှာ အဲဒီလူငယ်အသက်အပိုင်းအခြားထက် ငယ်တဲ့သူတွေလည်း အများအပြား အသုံးပြုနေကြပါတယ်။ အဲဒီကလေးငယ်တွေဟာ ပညာ၊ အတွေ့အကြုံ၊ ဝေဖန်ပိုင်းခြားနိုင်မှု၊ စဉ်းစားတွေးခေါ်မှု၊ အန္တရာယ်ဖြစ်မဖြစ် ခွဲခြားနိုင်မှုတွေနဲ့ပတ်သက်လို့ များစွာနုနယ်သေးတဲ့ အရွယ်တွေဖြစ်ပါတယ်။ အဲဒီလို နုနယ်သေးတဲ့အချိန်မှာ အင်တာနက်ကို မှန်မှန်ကန်ကန်အသုံးမပြုနိုင်လို့ ဆိုးကျိုးတွေဖြစ်လာရင် ကလေးတွေအတွက် နစ်နာလှပါတယ်။ ဒါကြောင့် လူငယ်တွေ အင်တာနက်ကို အကျိုးရှိရှိအသုံးပြုရေးဟာ သူတို့အနာဂတ်အတွက် အရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။
လူငယ်တွေ အကျိုးရှိဖို့အတွက် အင်တာနက်သုံးတာကို အားပေးပါတယ်။ အင်တာနက်ကို ထိထိရောက်ရောက်၊ အကျိုးရှိရှိသုံးနိုင်လေ ရလာတဲ့အခွင့်အလမ်းတွေက ပိုများလေမို့ အားပေးတာပါ။ ဒါပေမယ့် တစ်ဖက်မှာ ကိုယ့်လက်ထဲရောက်လာတဲ့ အခွင့်အလမ်းကောင်းကို ကိုယ့်ဘဝရည်မှန်းချက်၊ ပညာရေး၊ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွေမှာ အသုံးချတာထက် ကိုယ့်အတွက်အကျိုးမရှိတဲ့ ဒါမှမဟုတ် ကိုယ့်ဘဝကို ပျက်စီးစေမယ့်ကိစ္စတွေမှာ နစ်မြုပ်နေမယ်၊ အချိန်တွေ ကုန်ဆုံးနေမယ်ဆိုရင် ပထမဆုံးနစ်နာသူက ကိုယ်တိုင်ပဲ ဖြစ်မှာပါ။ အင်တာနက်သုံးတဲ့အထဲမှာ လူမှုကွန်ရက်၊ အွန်လိုင်းဂိမ်းတွေလည်း ပါပါတယ်။
အမီလိုက်ရန် ခက်ခဲ
လူငယ်တွေဟာ ကိုယ်စီကိုယ်စီဘဝရည်မှန်းချက်တွေအတွက် ပြင်ဆင်နေရတဲ့ ကာလ၊ ကြိုးစားနေရတဲ့ကာလ ဖြစ်တာမို့ ပိုလို့အရေးကြီးပါတယ်။ ပညာရှာရမယ့်အချိန်မှာ ဥပမာ အွန်လိုင်းဂိမ်းတွေနဲ့ အချိန်ကုန်နေတာမျိုး၊ လူမှုကွန်ရက်မှာ အချိန်ကုန်နေတာမျိုးဆိုရင် လူငယ်တစ်ယောက်အတွက် နစ်နာလှပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အခြေခံပညာအဆင့် ကျောင်းသားအရွယ်လေးတွေ၊ တက္ကသိုလ် ကျောင်းသားအရွယ်တွေ ကွန်ပျူတာတစ်လုံး၊ ဖုန်းတစ်လုံးနဲ့ တန်ဖိုးရှိတဲ့ဘဝအချိန်တွေ ကုန်ဆုံးနေတာမြင်ရတော့ စိတ်မသက်သာဖြစ်မိပါတယ်။
လူငယ်တို့သဘာဝ ပျော်ရမယ့်အချိန်၊ အပန်းဖြေချိန်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အွန်လိုင်းမှာ တွေ့ကြတာဆိုတာကို နားလည်လက်ခံပါတယ်။ သူ့ခေတ်နဲ့သူ့အခါကိုး။ ဒါပေမယ့် ကျောင်းတက်ချိန်၊ စာကျက်ချိန်၊ စာပေလေ့လာချိန်တွေအပြင် ပြင်ပဗဟုသုတရှာဖွေဖို့၊ မိသားစုနဲ့နွေးနွေးထွေးထွေးနေဖို့နဲ့ ကျန်းမာရေးအသိဆိုတာတွေ အလေးမထားတော့ဘဲ အချိန်ရှိသမျှ အင်တာနက်ကိုစွဲလမ်းပြီး ငယ်စဉ်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးနေရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ကောင်းမလား/ဆိုးမလား ခန့်မှန်းလို့ရပါတယ်။
ပညာကို သူ့အချိန်နဲ့သူရှာမှသူ့ရဲ့အကျိုးကျေးဇူးကို ခံစားရမှာပါ။ ပညာရှာရမယ့်အချိန်တွေ လေလွင့်ကုန်ဆုံးသွားရင် ဥစ္စာရှာရမယ့်အချိန်မှာ ပညာရှာ၊ တရားရှာရမယ့် ဘဝနေဝင်ချိန်မှာ ဥစ္စာရှာနေရလို့ ရည်ရွယ်ချက်ဆိုတာတွေ ပျောက်ဆုံးပြီးနောင်တတွေ၊ ပင်ပန်းဆင်းရဲမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့သူများနဲ့ယှဉ်လို့ ဗဟိဒ္ဓအသွင်အပြင် နိမ့်ကျနေတာက ပြင်ဖို့လွယ်ပေမယ့် ပညာ၊ အတွေးအခေါ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ နိမ့်ကျနေရင်တော့ လွယ်လွယ်နဲ့ပြင်ဖို့ ခက်ခဲပါလိမ့်မယ်။ လျင်မြန်တိုးတက်နေတဲ့ခေတ်ကြီးမှာ သူများထက် တစ်ရက်ဆိုတစ်ရက်နောက်ကျရင် အမီလိုက်ဖို့ ခက်ခဲနေပါပြီ။
အသုံးချနိုင်စွမ်း
အဲဒီတော့ အင်တာနက်ကို သုံးပါ။ အကျိုးရှိရှိ သုံးပါ၊ အကျိုးရှိရှိသုံးနိုင်လေ အကျိုးများများ ရလေပါ။ ဒါပေမယ့် ကိုယ့်အတွက်အကျိုးမဖြစ်နိုင်တဲ့နေရာတွေမှာ အချိန်တွေဖြုန်းနေရင်တော့ ဖြစ်လာမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေအပြင် ဆိုက်ဘာ အနိုင်ကျင့်မှု၊ အထီးကျန်မှု စတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ လူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာလေ့လာသင်ယူရမယ့်အချိန်မှာ အချိန်တွေ အလဟဿမကုန်ဆုံးစေချင်ဘူး။ အင်တာနက်သုံးပြီး ပညာသင်ယူမယ်၊ လေ့လာမယ်၊ အချက်အလက်ရှာမယ်ဆိုရင် ကိုယ့်အတွက် အကျိုးကျေးဇူးတွေ ရပါတယ်။ အဲဒီလိုမျိုး အကျိုးရှိရှိသုံးစေချင်တဲ့ စေတနာပါ။ အင်တာနက်ကို ကိုယ်က အကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ ကိုယ်က အသုံးမချနိုင်ရင်တော့ အင်တာနက်ရဲ့ လွှမ်းမိုးမှုအောက်ကိုယ်က ရောက်သွားပါလိမ့်မယ်။
အထက်မှာဆိုခဲ့သလို အင်တာနက်က အကျိုးရှိရှိသုံးတတ်ရင် လူငယ်တွေအတွက် အင်တာနက်ကနေတစ်ဆင့် ယူနိုင်တာတွေ အများကြီးပါ။ အဲဒီထဲမှာ ကောင်းတာတွေရော ဆိုးတာတွေရော ရောပြွမ်းနေတတ်ပါတယ်။ နောက်ဆိုရင် တိုးတက်လာနဲ့ ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးစနစ်တွေက လူသားတွေရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်း တွေအဖြစ် ယှဉ်တွဲအသုံးချကြရဦးမှာပါ။ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒီတော့ တစ်ဦးချင်းစီရဲ့ အကျိုးရှိရှိအသုံးချနိုင်စွမ်းက အဓိက ဖြစ်လာပါတယ်။ အင်တာနက်ကိုအကျိုးရှိအောင် အသုံးချနိုင်ဖို့အတွက် ကိုယ်က ဘာရည်ရွယ်ချက်အတွက် သုံးနေတာလဲ၊ ကိုယ့်ကိုအကျိုးရှိနိုင်လား၊ ထိခိုက်စေနိုင်လားဆိုတာ ကိုယ်တိုင်သိနေဖို့ လိုပါတယ်။ အပျော်အတွက်လား၊ စီးပွားရေးအတွက်လား၊ လုပ်ငန်းအတွက်လား၊ ပညာရေးအတွက်လား စသည်ဖြင့် သုံးတဲ့ရည်ရွယ်ချက်ကိုသိရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ပါလိမ့်မယ်။
လိုက်လျောညီထွေထိန်းသိမ်း
ဒီတော့ လူငယ်တစ်ယောက်အနေနဲ့ အင်တာနက်ကို ဘယ်လိုအကျိုးရှိရှိအသုံးပြုမလဲဆိုတာ မိဘတွေအနေနဲ့ လမ်းညွှန်ထိန်းကျောင်းပေးဖို့လိုပါတယ်။ ဆယ်ကျော်သက်ရွယ်သားသမီးတွေ အင်တာနက်သုံးနေတာကို မသိကျိုးကျွန်ပစ်ထားလို့ မဖြစ်ပါဘူး။ အဲဒီလိုပြောလို့ သူတို့အင်တာနက်သုံးတာကို အမြဲစောင့်ကြည့်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အင်တာနက်ကို ဘယ်လိုရည်ရွယ်ချက်အတွက် သုံးရမယ်၊ သူ့ရဲ့ကောင်းကျိုး/ဆိုးကျိုးတွေက ဘာတွေရှိမယ်၊ အင်တာနက်ကိုသုံးတတ်ရင် ဘယ်လိုအကျိုးရှိမယ်၊ အသုံးမပြုတတ်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်တယ်ဆိုတာ ဆွေးနွေးပြောပြထိန်းကျောင်းဖို့ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ဆောင်ရန်/ ရှောင်ရန်တွေကို လမ်းညွှန်ပြောပြပေးဖို့ လိုပါတယ်။
ငယ်ရွယ်သူတွေကိုတော့ အင်တာနက်သုံးတဲ့အချိန်သတ်မှတ်ပေးမယ်ဆိုရင် အလွန်အကျွံသုံးစွဲတာ၊ အင်တာနက်စွဲလမ်းတာတွေကို တားဆီးနိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးနဲ့ မိသားစုဘဝတွေကို ထိခိုက်စေလောက်တဲ့အထိ အလွန်အကျွံ သုံးနေတာကိုလည်း ထိန်းရာရောက်ပါတယ်။ ဒါပေမယ့် လူငယ်တစ်ယောက်အင်တာနက်သုံးတာကို ထိန်းကျောင်းဖို့ဆိုတာ နည်းလမ်းတစ်ခုတည်းနဲ့ အားလုံးကို ပြေလည်စေမယ်လို့ မယူဆနိုင်ပါဘူး။ အင်တာနက်သုံးတဲ့ ရည်ရွယ်ချက်၊ နည်းလမ်းနဲ့ ကာယကံရှင်လူငယ်ရဲ့ အခြေအနေတွေ ကွာခြားတတ်တာမို့ သူ့အခြေအနေနဲ့သူ လိုက်လျောညီထွေ ထိန်းသိမ်းနိုင်မှ အဆင်ပြေနိုင်ပါတယ်။ တစ်ခါတလေများဆို ထိန်းသိမ်းပေးမယ့် မိဘတွေ ကိုယ်တိုင်က သားသမီးတွေနဲ့ အပြိုင်သုံးနေမျိုးလည်း တွေ့ရတော့ လူငယ်တွေကို ထိန်းသိမ်းပေးဖို့တောင် ခပ်ခက်ခက်ပါပဲ။
ကမ္ဘာနဲ့ရင်ပေါင်တန်း
အခြားသူတွေကခေတ်မီကမ္ဘာကြီးမှာ အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ၊ ဆက်သွယ်ရေးစနစ်တွေကို အသုံးချ တိုးတက်နေချိန်မှာ ကိုယ်ကိုယ်တိုင်လည်း အကျိုးရှိအောင် အသုံးချပြီး သူတို့နဲ့ရင်ပေါင်တန်းနိုင်အောင် ကြိုးစားကြရမှာပါ။ ဒီအခွင့်အရေးက မျိုးဆက်သစ်လူငယ်တွေအတွက် လက်တစ်ကမ်းမှာ ရှိနေပါပြီ။ အကျိုးရှိအောင် အသုံးချလိုစိတ်နဲ့ အသုံးချနိုင်စွမ်းပဲ လိုပါလိမ့်မယ်။ ။