လျှောက်သောလမ်း ဖြောင့်ဖြူး၍ ပွင့်သောပန်းတိုင်း လန်းစေမည်
အမောင်(မြန်မာပြည်သား)၊ အေးကျော်(ရူပဗေဒ)
(ယမန်နေ့မှအဆက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်နေ့အထိဖြစ်ပြီး ရက်ကာလအားဖြင့် များပြားသည်တော့ မဟုတ်။ အလုပ်သဘော ခရီးစဉ်ဖြစ်သည့်အတွက် ရသည့်အချိန်ကာလတိုအတွင်း တွေ့ဆုံရမည့်သူများနှင့်တွေ့ဆုံ။ ဆွေးနွေးသင့်သူများဆွေးနွေး။ လေ့လာရမည့်နေရာများအား လေ့လာရသည်။ ၎င်းအပြင် အနာဂတ် မြန်မာနိုင်ငံတော်ကြီးအား တည်ဆောက်ရာတွင် နယ်ပယ်ပေါင်းစုံမှ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်စေလွှတ်ထားသည့် ပညာတော်သင်ကျောင်းသားများကိုလည်း လိုအပ်သည့် လမ်းညွှန်ဩဝါဒကို ပေးရသည်။
ပညာတော်သင်များကို ဩဝါဒစကားပြောကြား
ရုရှားနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အသီးသီး၌ ပညာတော်သင်များအဖြစ် တက်ရောက်လျက်ရှိသည့် နိုင်ငံတကာမှကျောင်းသား ကျောင်းသူများကြား၌ အမိမြန်မာပြည်မှလည်း အများအပြား ပါဝင်သည်။ အလှမ်းဝေးကွာလွန်းသည့် နိုင်ငံရပ်ခြားသို့ ပညာတော်သင်အဖြစ် လာရောက်ကြသူများဖြစ်၍ သူတို့လည်း အမိမြေကို လွမ်းကြသည်။ တမ်းတတတ်ကြသည်။ မိဘဆွေမျိုးနှင့် အသိုင်းအဝိုင်းများကို ခေတ္တခွဲခွာ၍ ပညာသင်အဖြစ်လာခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ သတင်းစကားကို ကြားလိုသည်။ မြန်မာပြည်၏ ဒေသထွက်အစားအစာလေးများကို တမ်းတလိုသည်။ မိမိတို့အကြီးအကဲ၏ ဩဝါဒကိုလည်းနာခံလိုသည်။ ထိုသို့သော လိုလားချက်များအပေါ် မိဘအရာ၌ ရှိနေသည့် အကြီးအကဲသဘောပေါက်သည်။ အမိမြန်မာပြည်မှ ဝေးကွာနေသည့်ကာလအတွင်း မြန်မာမှုလက်ရာ မွန်မုန့်ဟင်းခါးနှင့် ရုရှားမြေတွင် ရှာဖွေမရနိုင်သည့် မြန်မာနိုင်ငံထွက် စားသောက်ဖွယ်ရာများကို လေယာဉ်ဖြင့်တစ်ပါတည်း ယူဆောင်ခဲ့သည်။ မြန်မာ့အစားအစာကို ငံ့လင့်နေကြမည့်ပညာတော်သင်များကို အချိန်ရှည်စောင့်ဆိုင်းနေရန် မလိုစေရ။ လေယာဉ်ဆိုက်ရောက်သည်နှင့် သက်ဆိုင်ရာ ကျောင်းများအလိုက် တာဝန်ခံများမှတစ်ဆင့် ပါရှိလာသည့် မြန်မာမှု စားသောက်ဖွယ်ရာများနှင့် မုန့်ဟင်းခါးများကို ချက်ချင်းခွဲဝေစေ၍ ကျောင်းအလိုက်ချက်ပြုတ် ကျွေးမွေးစေသည်။ အကြီးအကဲ၏ စေတနာကား ပညာတော်သင် ကျောင်းသားများ၏ မျက်နှာထက်ရှိ အပြုံးတွင် ပိုမိုလှပနေမည်ဟုထင်ပါသည်။ ဤသည်ကား တာဝန်အဖြစ် သတ်မှတ်မထားသည့်တိုင် အကြီးအကဲတည်းဟူသော အရိုက်အရာကို ယူထားသည့်အတွက် ဝတ္တရားရှိသည်ဟူသော မိဘသဖွယ်စိတ်ဓာတ်ဖြင့် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ဧည့်ခန်းမဆောင်၌ ပညာတော်သင် အရာရှိများအား ဩဝါဒအမှာစကား ပြောကြားအပြီးတွင်လည်း မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ရာ ကျောင်းအလိုက်တာဝန်ခံများက ဝမ်းပန်းတသာ လက်ခံရယူကြသည်။ ဩဝါဒအမှာစကား ပြောကြားရာတွင် ဘာသာတရားနှင့်ပတ်သက်၍ ဗုဒ္ဓအဆုံးအမတရားတော်များနှင့်အညီ မေတ္တာတရားကို လက်ကိုင်ထား၍ မှန်ကန်စွာ ပြောဆိုနေထိုင်ရန်ဖြင့် ဩဝါဒစကားကို စတင်သည်။ အကြီးအကဲ၏ဘာသာတရားအပေါ် အလေးအနက်ထားမှု၊ တပည့်သားသမီးအပေါ် မိဘ၊ ဆရာသမားအနေဖြင့် ကရုဏာထားမှုတို့က ထင်ရှားလွန်းလှသည်။ မိမိနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲနေမှု၊ တိုးတက်ဖြစ်ထွန်းနေမှု၊ ပါတီအဖွဲ့အစည်းအချို့၏ နိုင်ငံတော်အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးပမ်းခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရသည့် အခြေအနေများကိုလည်း ထည့်သွင်းရှင်းလင်းသည်။
နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားသည့်အဖွဲ့ အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့၏ လှုပ်ရှားလုပ်ဆောင်နေမှုအချို့တို့ကို ပညာတော်သင်ကျောင်းသားများလည်း သတိပြုမိဟန်ရှိသည်။ အကြီးအကဲ၏ဩဝါဒစကားအပေါ် လေးနက်တည်ကြည်စွာ နားစွင့်နေမှုများက သက်သေဖြစ်မည်ထင်သည်။
ကြိုးစားသင်ယူရန် မှာကြား
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်အား စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း အကျယ်တဝင့်ရှင်းလင်း၍ ဩဝါဒစကားတွင် ထည့်သွင်းပြောကြားသည်။ လက်ရှိပညာတော်သင်များနှင့်ပတ်သက်၍ အကြီးအကဲ၏ အလေးအနက်ထားမှု၊ ဖြည့်ဆည်းပေးထားမှုများအတွက် လမ်းညွှန်မှုပြုရာတွင် အခြားသူများနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်မှ မနိမ့်ကျစေရေး ကဏ္ဍပေါင်းစုံမှ ကြိုးစားနေရန် လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးရင်းမြစ် ဖြစ်သည့်အတွက် ယခုသင်ကြားနေသည့် ပညာရပ်များအလိုက် အပတ်တကုတ် ကြိုးစားလေ့ကျင့်သွားရန် လိုအပ်ကြောင်း၊ ပညာတော်သင်များအား တစ်ဦးတစ်ယောက်ချင်းစီအတွက် တပ်မတော်မှ အကုန်အကျများစွာ ကျခံ၍ ဆောင်ရွက်ပေးထားခြင်းဖြစ်သည့်အတွက် တပ်မတော်သားများပီပီ စည်းကမ်းကို လေးစားလိုက်နာ၍ ကြိုးစားသင်ယူသွားရန် လိုအပ်ကြောင်း မှာကြားသည်။ အကြီးအကဲ၏ စေတနာစကား လမ်းညွှန်ဩဝါဒမှာ အဓိပ္ပာယ်များစွာပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းမှသည် တပ်မတော်နှင့် နိုင်ငံတော်အတွက် တိုးတက်စေလိုမှု၊ ဘာသာတရားအပေါ် ယုံကြည်ကိုးစားစေလိုမှုတို့ဖြင့် ပြည့်သျှမ်းလျက်ရှိနေသည်မှာ အထင်အရှားပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် ရည်ရွယ်ချက်၊ ရည်မှန်းချက် အများအပြားဖြင့် ဆောင်ရွက်ခဲ့သည်ဆိုလျှင် မှားမည်မထင်။ ခရီးစဉ်အတွင်း အစိတ်အပိုင်းတစ်ခုအဖြစ် တာတာစတန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarsan ကာဇန်မြို့ ကာဇန်လေဆိပ်သို့ရောက်ရှိကြရာ Republic of the Tatarstan အကြီးအကဲ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတို့က ကြိုဆိုကြသည်။ အကြီးအကဲ၏ကြီးမြတ်မှုကို အလေးအနက်ပြုမှုအဖြစ် ကော်ဇောနီကို စနစ်တကျခင်းကျင်း၍ ဖက်လဲတကင်းဖြင့် ရင်းရင်းနှီးနှီး လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့သည်။ ၎င်းအပြင် ဒေသ၏ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည့် ဧည့်သည်အကြီးအကဲအတွက် ရည်ရွယ်၍ လတ်တလောပြုလုပ်ထားသည့် ပေါင်မုန့်ကိုဒေသ၏ အစဉ်အလာနှင့်အညီ ဦးဦးဖျားဖျားဦးချ၍ ဧည့်ခံသည်။ အပြန်အလှန် ရိုသေလေးစားမှု၊ ယုံကြည်မှုတို့ကို ဖော်ညွှန်းသည့် ဒေသ၏ အစဉ်အလာကား ချစ်စဖွယ်ပင်။
ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
တာတာစတန်ပြည်နယ်သည် ရုရှားနိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုဗဟိုဒေသအဖြစ် တည်ရှိသည်။ ယဉ်ကျေးမှုဗဟိုဒေသဟု သတ်မှတ်ခံထားရသည်မှာလည်း ထူးတော့မထူးဆန်းလှ။ များပြားလှစွာသော ရှေးဟောင်းအဆောက်အအုံများ၊ လမ်းများ၊ ပန်းခြံများ စသည်ဖြင့် ယခုကာလအထိ အသက်ဝင်နေဆဲ။ တာတာစတန်ပြည်နယ်သို့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင်လည်း ရောက်ရှိသည့် ညပိုင်း၌ပင် တွေ့ဆုံဆွေးနွေးရေးကို စတင်လုပ်ဆောင်သည်။ တာတာစတန်ပြည်နယ်၏ အကြီးအကဲဖြစ်သူ Mr. Rustam Nurgaliyevich Minnikhanov နှင့် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးသည်။ နိုင်ငံအတွက်အလုပ်သဘော ခရီးထွက်ခဲ့သည်မို့ ဆွေးနွေးချက်များမှာ နိုင်ငံတော်အတွက် အကျိုးပြုမည့် အကြောင်းအရာများသာ၊ မြန်မာနှင့် တာတာစတန်တို့ကြား စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရှိရင်းစွဲ ဆက်ဆံရေး အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မည့် စီးပွားရေးကဏ္ဍများ ပိုမိုတွင်ကျယ်လာစေရေးအတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို အကျေအလည် ဆွေးနွေးကြသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၊ တင်ပို့မှု စသည့် အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးကြရာ လောင်စာများအား ဖူလုံစွာ ပိုင်ဆိုင်နိုင်မှု၊ ရလာမည့် အခြေအနေကို အကဲဖြတ်မိသည်။ မင်္ဂလာမည်သည့် သတင်းဟုဆိုလျှင် မှားမည်မဟုတ်ပေ။ အလားတူ နိုင်ငံအတွင်းရှိ ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေမှု၊ ခေတ်မီဖွံ့ဖြိုးတိုးတက်စေမှု၊ စီးပွားရေး တိုးတက်လာစေမှု စသည့် အကျိုးတရားများ ရရှိလာစေမည့် စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးကြရာ အကြီးအကဲ၏ စိတ်စေတနာ၊ ဖြစ်ထွန်းစေလိုသော ဆန္ဒတို့ကိုသတိပြုမိသည်။ အခြားသော ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီးကိုလည်း ဆွေးနွေးကြရာ အကြောင်းအရာ များပြားသည့်တိုင် တစ်ခုချင်းစီသော အကြောင်းအရာတိုင်းအတွက် ချက်ကျလက်ကျဖြင့် ခင်မင်ရင်းနှီးစွာ အချိန်ယူဆွေးနွေးကြသည်များမှာ အားရဖွယ်ကောင်းလှသည်။ နိုင်ငံ့အရေးအတွက် တွင်တွင်ကျယ်ကျယ်ဖြင့် အပြန်အလှန် ပြောဆိုဆွေးနွေးလိုက်ကြသည်မှာ ရုရှားစံတော်ချိန် ည ၁၁ နာရီထိုးလုထိုးခင်အထိဖြစ်ခဲ့ပြီး ညစာစားချိန်နောက်ကျခဲ့သည်မှာလည်း ခရီးစဉ်အတွင်း အမှတ်တရဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
လောင်စာဆီကိစ္စ ညှိနှိုင်းဆွေးနွေး
တာတာစတန်ပြည်နယ်အတွင်း ရောက်ရှိနေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် PJSC “Tatneft” ကုမ္ပဏီမှအမှုဆောင် အရာရှိချုပ် Mr. NailUltatovich MAGANOV နှင့် တာဝန်ရှိသူများက တင်ပြသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံသည့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လိုသည့် အခြေအနေနှင့်နိုင်ငံအတွက် လိုအပ်မည့် လောင်စာဆီအား ဖြည့်ဆည်းဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။ နိုင်ငံတစ်ခုတည်ဆောက်ရာတွင် မဖြစ်မနေလိုအပ်မည့် လောင်စာဆီကိစ္စအား ယခုကဲ့သို့ အလေးထား ညှိနှိုင်းဆွေးနွေးနေသည်ကပင် အကြီးအကဲ၏ စေတနာအား တန်ဖိုးဖြတ်ရန် မလွယ်သည်ကို မှန်းဆနိုင်ပါသည်။
တာတာစတန်ပြည်နယ်အတွင်း ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့သည် ရောက်နေသည့်ကာလအတွင်း မြန်မာအတွက် အကျိုးရှိမည့်အချက်အလက်၊ အကြောင်းအရာများကို အပြည့်အဝ ယူဆောင်သွားလိုသည့် သဘောရှိသည်။ ရသရွေ့သော အချိန်ကာလအတွင်း Kazan Hi-Technology Park (IT Park) ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဘာသာရပ်ဆိုင်ရာသင်ကြား လေ့ကျင့်ပေးနေမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်မှု အခြေအနေများ၊ လိုအပ်သည့်နည်းပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် Smart House နည်းပညာအပါအဝင် လုံခြုံရေး၊ ထိန်းချုပ်ရေးတို့နှင့် အခြားနည်းပညာရပ်ပိုင်းဆိုင်ရာများ တပ်ဆင်မှုများကို ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို သွားရောက်လေ့လာသည်။ ထို့ပြင် ၁၈၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် Kazan Federal University (Kazan State University)၊ ၁၉၅၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော ကာဇန်မြို့၏ State Museum of Fine Arts ၊ တာတာစတန်သမ္မတနိုင်ငံ၏ အမျိုးသားစာကြည့်တိုက်တို့သို့ သွားရောက်လေ့လာ၍ ၎င်းတို့မှ အမိမြန်မာပြည်အတွက် ပြုပြင်ရန်ရှိ ပြုပြင်၍ အတုယူသင့်က အတုယူရန် အသေးစိတ် လေ့လာသည်။
ရဟတ်ယာဉ်ထုတ်လုပ်မှု ကြည့်ရှုလေ့လာ
ထိုမှသည် Kazan Aircraft Production Association သို့ ရောက်ရှိစဉ် အကြီးအကဲ၏ ပုံပန်းသွင်ပြင်ကား ပိုမိုသွက်လက်လွန်းလှသည်။ တာဝန်ရှိသူတစ်ဦး၏ ရဟတ်ယာဉ်ထုတ်လုပ်မှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြမှုအား လေးလေးနက်နက်စိတ်ပါဝင်စားစွာ နားထောင်သည်။ မေးခွန်းပေါင်းများစွာနှင့် မေးမြန်းဆွေးနွေးသည်။ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်ကအစ လေ့လာသည်။ Simulator ဖြင့် ရဟတ်ယာဉ်စမ်းသပ် မောင်းနှင်ခြင်းကို ကိုယ်တိုင်စမ်းသပ် မောင်းနှင်သည်။ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးသာမက ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ တွင်ကျယ်စွာ အသုံးပြုရန်အတွက် ရဟတ်ယာဉ်၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်ကို သတိပြုထားဟန်ရှိသည်။
HIMGRAD Industrial Complex တွင်လည်း စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ကုန်ကြမ်းပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆေးပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာနှင့်ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်နေမှု၊ ဖြန့်ဖြူးမှုတို့ကို လေ့လာခဲ့တာ တွေ့ရပြန်သည်။
နိုင်ငံတော်အဆင့်ဖြင့်ကြိုဆို
မနားမနေသောခရီးစဉ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၏ အထင်ကရမြို့တော်၊ တစ်နည်းအားဖြင့် ရုရှားနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် စိန့်ပီတာစဘတ်သို့ ခရီးဆက်ခဲ့ရာ စိန့်ပီတာစဘတ်မြို့ ပူကောဗာအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်နယ် အစိုးရအဖွဲ့မှ မြို့ပြင်ပဆက်ဆံရေး တာဝန်ခံ Mr. Evgeniy D.GRIGORIEV နှင့် တာဝန်ရှိသူများက ကော်ဇောနီခင်းကာ နိုင်ငံတော်အဆင့်ဖြင့် ရိုသေလှိုက်လှဲရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိစဉ် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့အကြီးအကဲ Mr. Alexander Beglov နှင့် အဖွဲ့ဝင်များကို တွေ့ဆုံဆွေးနွေးရာတွင်လည်း နိုင်ငံအတွက်ထားရှိသည့် စိတ်စေတနာကို မြင်ခွင့်ရသည်။ စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် State level ၊ Regional level ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးသည်။ ရုရှားနှင့် မြန်မာနှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမှာ များပြားလွန်းလှသည့် အခြေအနေဖြစ်သည့်အတွက် ပိုမို၍ လျင်မြန်သော လှုပ်ရှားဆောင်ရွက်မှုတို့ဖြစ်လာစေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်ရန် ဆောင်ရွက်နေခြင်းသည် ခေတ်စကားအရဆိုလျှင် တစ်ကွက်ရွှေ့လိုက်သည်ဟုပင် ဆိုနိုင်ပေသည်။ ဆွေးနွေးမှုများတွင် နှစ်နိုင်ငံ၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း ထည့်သွင်းပြောကြားခဲ့ရာ နယ်ပယ်စုံသော ဆွေးနွေးမှုဟုဆိုလျှင် မှားမည်မထင်ပါ။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား အစိုးရအဖွဲ့ရုံးအတွင်း လှည့်လည်ပြသသည်။ လှည့်လည်ပြသသည့် ရုံးခန်းမှာလည်း ရုရှားနိုင်ငံအတွက် အထင်ကရသမိုင်း ရှိခဲ့သည့် ရုံးခန်းဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ လက်ရှိသမ္မတ Vladimir Putin အပါအဝင် အခြားနိုင်ငံ့ ခေါင်းဆောင်များအဖြစ် တာဝန်တိုးတက်ထမ်းဆောင်ခဲ့သူများ၏ ရုံးခန်းများကို အမှတ်တရပြခန်းများသဖွယ် ထိန်းသိမ်းပြသထားရှိသည်ကို တွေ့ရသည်။ သမိုင်းကြောင်းကောင်းသည့် ရုံးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရှင်းလင်းနေမှုမှာ လေးစားအားကျဖွယ်ပင်ဖြစ်သည်။
စဉ်ဆက်မပြတ် အတူရှိနေမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၈၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် Polytechnic State University သို့ ရောက်ရှိစဉ်တွင်လည်း တက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy နှင့် တာဝန်ရှိသူများက ဝမ်းသာအယ်လဲ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပါမောက္ခချုပ်က တက္ကသိုလ်၏ လုပ်ဆောင်မှုအခြေအနေများကို ဦးစွာရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံမှ ပညာတော်သင်များ ထပ်မံစေလွှတ်သင်ကြားမည့် အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။ အနာဂတ် မျိုးဆက်သစ်လူငယ်လူရွယ်များ၏ ရုရှားမြေတွင်လာရောက်၍ ပညာသင်ကြားနေမှု၊ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေမှုများသည် လက်ရှိကာလတွင် တွေ့မြင်နေရသကဲ့သို့ အနာဂတ်ကာလတွင်လည်း စဉ်ဆက်မပြတ်သည့် ဆင့်ကဲမှုဖြစ်စဉ်နှင့်အတူ ရှိနေမည်ကို တွေးထင်မြင်ယောင်၍ ကြည်နူးနေမိပါသည်။
အိတ်နှင့်လွယ်သည့် ဆွေးနွေးချက်
ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုများအား Novosibirsk မြို့ အစိုးရအဖွဲ့အကြီးအကဲ Mr. Andrey Alexandrovich Travnikov နှင့် Higher Command School မှ ကျောင်းအုပ်ကြီး၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် အခြားနယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် အဆုံးသတ်သည်။ ဆွေးနွေးမှုများကား မနည်းလှ။ ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်များ အပြန်အလှန် တင်ပို့ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းကိစ္စရပ်များ၊ နိုဗာစီဘစ်ရ်စ်ခ်မြို့နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေများ၊ ဒေသတွင်အဆင့်မြင့်တက္ကသိုလ် ၂၂ခုရှိပြီး နိုင်ငံခြားသင်တန်းသားများကိုပါ လက်ခံသင်ကြားပေးလျက်ရှိသည့်အတွက် ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သိပ္ပံနှင့်နည်းပညာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အပြန်အလှန်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စစ်ဘက်၊ နယ်ဘက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွား နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြသည်။ နောက်ဆုံးပိတ် အိတ်နှင့်လွယ်သည့် ဆွေးနွေးချက်များဟု ဆိုလျှင်လည်းရမည်ဟု ထင်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၀ ရက်မှ ၁၆ရက်ကာလအတွင်း လေကြောင်းခရီးစဉ်ပေါင်း ရှစ်ခု စီးနင်းခဲ့ပြီး ကီလိုမီတာအားဖြင့် ၁၈၇၃၁ ဒသမ ၈ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၂၂၈၃ မိုင် အထိသွားရောက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကာလတိုအတွင်း အထက်ပါအတိုင်း တစ်နေရာမှတစ်နေရာ ဟိုမှသည်သို့ ကူးလူးသွားလာ၍ တွေ့ဆုံဆွေးနွေးမှုများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တက္ကသိုလ်များသို့ သွားရောက်လေ့လာမှုများ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မျှော်ကိုးဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့ ဆွေးနွေးခဲ့သည့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်စစ်ဘက်-နယ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပိုင်း၊ စိုက်ပျိုးမွေးမြူရေး စသဖြင့် မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနှင့်ပင် ရာနှုန်းပြည့် သေချာနေတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဘက်မလိုက်သော ကြားနေမူဝါဒကျင့်သုံးသည့် နိုင်ငံတစ်ခုအဖြစ်၊ ခိုင်မာသည့် မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။