ရုရှားမြေတွင် ပွင့်လန်းလာသည့် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာရောင်ဝါ အလင်းတန်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ခေတ်မီတိုးတက်မှုနှင့် ရှည်လျားသည့် သမိုင်းကြောင်းကို ပုံဖော်ပြသနေသည့် အဆောက်အအုံများက အားပြိုင်နေဟန်ရှိသည်။ မြို့အတွင်း ရစ်ခွေစီးဆင်းနေသည်က မော်စကိုမြစ်၊ ထိုမြစ်ကမ်းဘေးရှိ လမ်းမကြီးထက်မှာ နောက်ဆုံးပေါ် မာစီဒီး အနက်ရောင်တစ်စီး ဦးဆောင်သည့် နိုင်ငံတော်အဆင့် လုံခြုံရေးများ ဝန်းရံထားသည့် မော်တော်ယာဉ်များ သည် ခန့်ညားစွာဖြင့် လိုရာခရီးကို ဦးတည်မောင်းနှင်လျက်ရှိသည်။
ထိုသို့ နိုင်ငံတော်အဆင့် လုံခြုံရေးများ ခြံရံထားသည့် ယာဉ်တန်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည်။ ရှည်လျားလှသည့် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် သမိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်မည့် ခရီးစဉ်အပေါ် အိမ်ရှင်ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏လှိုက်လှဲစွာ ခရီးဦးကြိုဆိုမှုနှင့် ဧည့်ဝတ်ကျေပွန်မှုများက စာဖွဲ့ပြရလျှင် မပြည့်စုံနိုင်ဟုပင် ထင်မြင်မိပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသမိုင်းအား ပြန်ကြည့်မည်ဆိုပါက ရှည်လျားလှသည့် သမိုင်းပုံရိပ်တစ်ခုအဖြစ် မြင်ရမည် ဖြစ်သည်။ နှစ်နိုင်ငံအကြား အပြန်အလှန် သံတမန်ဆက်ဆံမှု အစပြုခဲ့သည်က ယနေ့ကာလအထိဆိုပါက ၇၄ နှစ်ပင် တိုင်ခဲ့ပြီဖြစ်ပြီး သမိုင်းတစ်လျှောက်တွင် ကောင်းမွန်သည့်ဆက်ဆံရေးများသာ ပြည့်လျှမ်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့ဆိုလျှင် နှစ်နိုင်ငံ၏ တည်နေရာ အနေအထားအရ နီးနီးကပ်ကပ်ရှိနေ၍လောဟုအမေးရှိက မဟုတ်ဟုသာ ဆိုရမည်ဖြစ်သည်။ နှစ်နိုင်ငံ၏ ပထဝီ အနေအထားရပ်တည်နေမှုက အလှမ်းဝေးလွန်းလှသည်။ ပထဝီဝင်အနေအထား အရ မည်မျှပင် အလှမ်းကွာဝေးစေကာမူ နှစ်နိုင်ငံဆက်ဆံရေးကား အိမ်နီးချင်း နိုင်ငံများထက်မပိုဟုဆိုလျှင်ပင် မလျော့သော ဆက်ဆံရေးရှိသည်ဟု ဆိုနိုင်သည်။ အတူတကွ ကူးလူးဆက်ဆံနေသည့် သံတမန်ရေးနယ်ပယ်တွင်သာမက ယဉ်ကျေးမှု၊ ပညာရေး စသည့်နယ်ပယ်များတွင်လည်း အပြန်အလှန် ကူးလူးဆက်ဆံနေမှုများက မနည်းလှ။ အခြားသော တစ်ဖက်ဖြစ်သည့် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ သည်ကိုလည်း တွေ့မြင်နိုင်သည်။ ရုရှားနှင့် မြန်မာနိုင်ငံသည် အလှမ်းဝေးသည့်တိုင် နှစ်နိုင်ငံသည် နောက်ခံသမိုင်း ကြောင်းဖြတ်သန်းခဲ့ရမှု၊ ရင်းနှီးဖော်ရွေသည့် ရိုးရာဓလေ့ထုံးတမ်း စဉ်လာတို့နှင့် ယဉ်ကျေးမှု၊ ရိုင်းပင်းကူညီတတ်မှုတို့တွင် တူညီမှုများစွာ ရှိနေသည်။ အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိသော်လည်း မိတ်ဆွေကောင်းကိုတော့ ရွေးချယ်ခွင့်ရှိသည်ဟူသော စကားရပ် တစ်ခုရှိသည်။ အိမ်နီးချင်း မိတ်ဆွေများနှင့် ခိုင်မာသည့်ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်သကဲ့သို့ ရေခြားမြေခြားမှာရှိနေသည့် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းများနှင့်လည်း ဆက်ဆံရေးကောင်းများ မပြတ်ရှိနေရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အလုပ်သဘော လည်ပတ်ရန်အတွက် မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇူလိုင် ၁၀ ရက်ညပိုင်းတွင် ရောက်ရှိခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ကြိုဆိုမှုတွင် ထူးခြားမှုပါသည်။ “မင်္ဂလာပါ” ဟူ သော မြန်မာသံပီပီသသဖြင့် မြန်မာစကား ပြောဆိုကြိုဆိုခဲ့မှုက ရုရှား-မြန်မာ နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှု၊ သံယောဇဉ်တရား စသည်တို့ကို လေးလေးနက်နက် မြင်နိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ယခုတစ်ကြိမ် ရုရှားနိုင်ငံသို့ သွားရောက် ခြင်းမှာ ယခင်ခရီးစဉ်များနှင့်မတူ ထူးခြားချက် အချို့ပါသည်။ နှစ်နိုင်ငံကြား လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေး အစရှိသည့် ကိစ္စရပ်များအပြင် ဗုဒ္ဓဘာသာ သာသနာရောင်ဝါ နေသို့လင်းစေရန်နှင့် ကမ္ဘာအနှံ့ ဖြန့်ကြက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုမှု အချို့လည်းပါ သည်။ ကိုယ်ချင်းစာတရား၊ လူသားချင်း စာနာထောက်ထားမှု၊ ယဉ်ကျေးသိမ်မွေ့မှု စသည့်အကြောင်းခြင်းရာများကို အခြေတည်သည့် သာသနာတော်ကြီးအား အထောက်အပံ့ရစေခြင်းအတွက် ရုရှားနိုင်ငံ ကာလုဂါပြည်နယ် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ ပုံတူစေတီတော်ကြီးအား တည်ဆောက်ပူဇော်ခဲ့ပြီး သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားအား ကျင်းပဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ စေတီတော်မြတ်ကြီးအား တည်ထားရာတွင်လည်း ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတောက်ပနေစေရန်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်မှုများရှိစေရန်၊ အရှေ့တိုင်း ဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကိုပြသရန်ရည်ရွယ်၍ ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။
စေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပမည့်နေ့ နံနက်အစောတွင် ကိုယ်စားလှယ် အဖွဲ့၏ လှုပ်ရှားမှုများက သွက်လက်လှ သည်။ ပြည်ပနိုင်ငံသို့ ရောက်ရှိနေသည့် တိုင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုကို ရုရှားနိုင်ငံမှတစ်ဆင့် ကမ္ဘာကသိရှိအောင် ကိုယ်စားလှယ် အဖွဲ့ဝင်များသာမက ရုရှားနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်း အားလုံးကလည်း မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ဆင်ကြသည်။ မြန်မာအမျိုးသား၊ အမျိုးသမီးများ၏ ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင်ထားမှုအား တွေ့မြင်လိုက်ရသည့် ရုရှားလူမျိုးအချို့၏ အထင်ကြီးလေးစားဟန်ကို မြင်ရတော့ မိမိတို့ရိုးရာဝတ်စုံအပေါ် အထင်ကြီးစိတ်လည်း ဝင်မိသည်။
ကိုယ်စားလှယ်အဖွဲ့ တည်းခိုသည့် နေရာမှ မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပပြုလုပ်မည့် စေတီတော်ကြီး တည်ရှိရာ ကာလုဂါပြည်နယ်တွင်ရှိသည့် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်သို့ မော်တော်ယာဉ်များဖြင့် ၄၅ မိနစ်ခန့်သွားခဲ့ရပြီး လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရှိသည့် သစ်တောစိုက်ခင်းများ၊ ဂျုံနှင့် ကောက်ပဲသီးနှံ စိုက်ခင်းများကို ရှုမငြီးဖွယ် မြင်တွေ့ခဲ့ရ ပါသည်။ သစ်တောထွက်ထုတ်ကုန် သစ်လုံးကြီးများကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ ဖြတ်တောက်စုပုံထားရှိမှုကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စနစ်ကျနမှုကို မပြောပြဘဲ သိမြင်ခဲ့ရပါ သည်။ ခရီးလမ်းတစ်လျှောက် မြို့တွင်းမြို့ပြင် လမ်းလျှောက်သူ၊ ယာဉ်မောင်းနှင် သူ၊ ယာဉ်လမ်းကြော ထိန်းသိမ်းသူတို့ အပေးအယူမျှတစွာဖြင့် သွားလာ လှုပ်ရှားမောင်းနှင် နေမှုများကို တွေ့မြင်ရသည့်အတွက်လည်း ရုရှားဖက်ဒရေးရှင်း နိုင်ငံသားများ၏ စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှု၊ အဆင့်အတန်းရှိမှုတို့ကို သိမြင်ခဲ့ရပါသည်။
မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပပြုလုပ်မည့် စေတီတော်ကြီး၏ ပရိဝုဏ်သို့ ရောက်ရှိချိန်တွင် ထင်မှတ်မထားသော မြင်ကွင်းကို အံ့အားသင့်ဖွယ် မြင်တွေ့ရသည်။ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ မိမိတို့မြန်မာနိုင်ငံတွင် မဟုတ်ဘဲ ရုရှားနိုင်ငံကဲ့သို့သော ပြည်ပ နိုင်ငံတစ်ခုတွင်ပြုလုပ်သည့် ဘာသာရေး အခမ်းအနားတစ်ခုအနေဖြင့် မိမိထင်မှတ် ထားသည်ထက် လူဦးရေပရိသတ်များ များပြားနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အထွတ်အမြတ်ထားရာ ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပြသသည့် အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီးများ၊ လားမားဘုန်းတော်ကြီးများကပါ တက်ရောက်ကြသည်ကို တွေ့ရှိရသည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Konstantin Losifovich Kosachev၊ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ မော်စကိုထေရဝါဒဗုဒ္ဓအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံပေါင်းစုံ သံရုံးနှင့် စစ်သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှုလေ့လာကြသည်ကို တွေ့မြင်ခဲ့ရမှုကြောင့် ဗုဒ္ဓဘာသာ သာသနာတော်ကြီး ထွန်းကားပြန့်ပွားရေးအတွက် ယခုကဲ့သို့ အခမ်းအနားကြီး ကျင်းပပြုလုပ်ခဲ့ခြင်းကို များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။
ကောင်းကင်ယံမှာ ပျံ့လွင့်နေ
သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ် တရားတော်သံများကလည်း ETHN-OMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ကြီးရဲ့ ကောင်းကင်ယံမှာ ပျံ့လွင့်နေပြီး တိတ်ဆိတ်စွာ နာယူနေသည့် ပတ်ဝန်းကျင်ကို ခန့်ညားတည်ကြည်စွာ လွှမ်းမိုးနေသည်။
ကြည်နူးဖွယ်တွေ့မြင်ရ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ မြန်မာတို့၏ ထုံးတမ်း အစဉ်အလာများနှင့်အညီ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပင့်ဆောင်ပူဇော်ကြသည်။ ဆရာတော်၊ သံဃာတော်များ၊ တက်ရောက်လာ သည့် ဗုဒ္ဓဘာသာဝင် သူတော်စင်များ၏နှုတ်မှ ဘုရား၊ တရား၊ သံဃာဂုဏ်တို့အား ရည်မှန်း၍ ရွတ်ဆိုပူဇော်နေမှု၊ စည်းစနစ်ကျနစွာဖြင့် လှည့်လည် အပူဇော်ခံယူမှု၊ မြင့်မြတ်လှသည့် အစဉ်အလာကောင်းများကို ထိန်းသိမ်း ဆောင်ရွက်မှုများအား တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အခြားနိုင်ငံ အသီးသီးများမှ ဧည့်ပရိသတ်များ၏ ရင်သပ်ရှုမော အံ့ဩနေမှုများကလည်း ၎င်းတို့၏ မျက်နှာထက်တွင် အထင်အရှား ပေါ်လွင်နေသည်။ လေးနက်တည်ကြည် လှသော မျက်နှာ၊ ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းနေမှု၊ ဘာသာတရားအပေါ် အလေးအနက်ထားမှု တို့ကို တဒင်္ဂမဟုတ်သည့် ကာလအတွင်း ကိုယ်စီပါရှိလာသည့် ကင်မရာ အမျိုးမျိုးဖြင့် မှတ်တမ်း တင်နေကြသည်မှာလည်း ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရသည်။ မြန်မာ့ရိုးရာ အမျိုးသမီး ဝတ်စုံဖြစ်သည့် ချိတ်ထဘီ၊ ရင်ဖုံးအင်္ကျီ၊ စုံချပဝါတို့ဖြင့် လှည့်လည်အပူဇော်ခံရာ လျှောက်လမ်းတစ်လျှောက်တွင် ပန်းကြဲ၍ ကုသိုလ်ယူနေသည့် ရုရှားအမျိုးသမီးငယ်နှစ်ဦး ကလည်း အလှတွင်အယဉ်ဆင့်ရုံသာမက ကူးလူးနိုင်သည့် ယဉ်ကျေးမှု သဘောကိုလည်း ကြည်နူးဖွယ်တွေ့မြင်ရသည်။
ဘာသာတရားအပေါ် ရိုကျိုးသက်ဝင်မှု
ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်ကြီး၏ လျှောက်လမ်းတစ်လျှောက် လက်ယာရစ် လှည့်လည်ပူဇော်မှုခံယူပြီးနောက် မင်္ဂလာအချိန်ကျရောက်ချိန်တွင် စေတီတော် အထွတ်သို့ ထုံးတမ်းစဉ်လာများနှင့်အညီ အသီးသီးပင့်ဆောင်၍ တပ်ဆင်ပူဇော်သည်။ စေတီတော်ကြီးတွင် သက်ဆိုင်ရာ ဌာနအလိုက် ငှက်မြတ်နား တော်၊ ရတနာစိန်ဖူးတော်တို့ကို တပ်ဆင် ပူဇော်ပြီးနောက် ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်း၍ မဟာမင်္ဂလာအခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာသည့် ရဟန်းရှင်လူများက “အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ” ဟု ကြွေးကြော်သံကား ဘဝဂ်သို့ပင် လွင့်ပျံသွားမည်ဟု ထင်ရပေသည်။ ဗုဒ္ဓဘာသာ သာသနာအတွက် တစ်ခန်းတစ်ကဏ္ဍ၊ တစ်တိုင်းတစ်ရပ်တွင် အောင်သံလွှမ်းသည်ကလည်း ကျက်သရေရှိလှပေသည်။ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲခြင်းအောင်မြင်မှု အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးသည့် မြင်ကွင်းကလည်း ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပေသည်။ အဆိုပါ မြင်ကွင်းကိုကြည့်၍ တက်ရောက် လာသည့် ရုရှားနိုင်ငံနှင့် အခြားနိုင်ငံ အသီးသီးမှ ဧည့်ပရိသတ်များ၏ စိတ်တွင်လည်း မြန်မာလူမျိုးတို့၏ ဘာသာတရားအပေါ် ရိုကျိုးသက်ဝင်မှု သာမက လှူဒါန်းမှု အရာတွင်လည်း လက်မနှေးတတ်သူများအဖြစ် သိမှတ်သွားနိုင်မည်ဟုလည်း ယုံကြည်မိပါ သည်။
စုပေါင်း၍ ဆောင်ရွက်မှု
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပထမဆုံးမြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် ရွှေစည်းခုံပုံတူစေတီတော်ကြီး ယခုကဲ့သို့ တည်ထားနိုင်ရန်အတွက် မြန်မာနိုင်ငံမှ စေတနာရှင် အလှူရှင်များ၊ မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မတည်လှူဒါန်းမှုဖြင့် စတင်ခဲ့သည်။ စေတီတော်ကြီးအား အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် ၁၀ ကြိမ်တိုင်တိုင် ကြွရောက် ကြိုးပမ်းတော်မူခဲ့ပြီး သီတဂူ ဗုဒ္ဓဝိဟာရ(မော်စကို)တွင် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာတော်များ၊ သံအမတ်ကြီးများ၊ စစ်သံမှူးများ ဦးဆောင်စီမံကြီးကြပ်မှုနှင့် မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသား အရာရှိများ၊ ရုရှားနိုင်ငံမှ ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။
အထင်အရှားကြည်ညိုဖွယ်အဖြစ် သိမြင်နိုင်
ယင်းနောက် သီတဂူဆရာတော် ဘုရားကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကာလုဂါပြည်နယ် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ ပုံတူစေတီတော်ကြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက် ဝမ်းမြောက် ဩဝါဒစကားနှင့် ဗုဒ္ဓဘာသာ သာသနာထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို မြွက်ကြားသည်။ သက်တော်အရ မငယ်လှတော့သော်လည်း ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ သာသနာတော်အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေမှုများက ဆရာတော်ကြီး၏ မိန့်မှာချက် တွင် အထင်အရှားကြည်ညိုဖွယ်အဖြစ် သိမြင်နိုင်ပါသည်။
ဝမ်းမြောက် စကားများအသီးသီး ပြောကြား
“ဘာသာ၊ သာသနာ ဟူသည်မှာ လူတို့၏ စိတ်နှလုံးအေးချမ်းမှု၊ ငြိမ်းချမ်း သာယာမှုကို အထောက်အပံ့ပြုစေပါ ကြောင်း၊ သို့ဖြစ်၍ ယခု စေတီတော်မြတ် ကြီးသည်လည်း ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံး အေးချမ်းမှု၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ခိုင်မြဲသည့် အေးချမ်းသာယာမှုကို ခိုင်မာစွာ ဆောင်ကြဉ်းပေးမည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ပါကြောင်း၊ ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီး တည်ထားနိုင်ရေးအတွက် ကြိုးပမ်း တော်မူခဲ့သည့် သီတဂူဆရာတော် ဘုရားကြီးနှင့် သီတဂူဗုဒ္ဓဝိဟာရ (မော်စကို)မှ ဆရာတော်များအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း၊ ယနေ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော် ပြီးစီးသည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးသည် ရုရှား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စေတီတော်မြတ်ကြီး နှစ်ပေါင်းရှည်ကြာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလို ပါကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား အပြီးတွင် သီတဂူဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်သံဃာတော်များကို ဝမ်းမြောက်စွာ လျှောက်ထားခဲ့သည်။ လျှောက်ထားမှုအပေါ် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုခဲ့ကြသည်မှာလည်း ကြည်နူးဖွယ်ကောင်းလွန်းလှပါသည်။ ထို့အပြင် အခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသည့် လားမားဘုန်းတော်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ကလည်း စေတီတော်ကြီးအား အောင်မြင်စွာ တည်ထား ကိုးကွယ်နိုင်ခဲ့မှုအပေါ် ဝမ်းမြောက် စကားများ အသီးသီး ပြောကြားခဲ့ကြ သည်။
ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ကြီးအတွင်း ကမ္ဘာ့နိုင်ငံ အသီးသီးမှ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို လာရောက်လေ့လာနိုင်မည်ဖြစ်ပြီး ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော်ကြီး အဝင်မုခ်ဦးကို ကျော်လွန်လာသည်နှင့် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓယဉ်ကျေးမှုကို ပြသနေသည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးကို ဖူးမြော် တွေ့ရှိနိုင်ပြီ ဖြစ်ပါတော့သည်။