လဝါဆိုအခါအတွင်းက လွမ်းဖွယ့်သမိုင်း
ဒီနှစ်ဝါဆိုမှာ အောက်ပြည်အောက်ရွာအဖို့ မိုးကောင်းနေတယ်လို့ပဲဆိုရပါမယ်။ မိုးမရွာတဲ့ရက်က ခပ်နည်းနည်းရယ်။ တစ်ခါတစ်ရံ မိုးကတဖွဲဖွဲ၊ တစ်ခါတစ်လေ မိုးကသဲသဲမဲမဲ။ တစ်လောကလုံး ကလည်း ညိုမှိုင်း အုံ့ဆိုင်းနေပြန်တော့ ဒီလရာသီကို ရှေးစာဆိုများက “ဂနိုင်စိုစို၊ လဝါဆို၊ လွမ်းဖွယ့်ရာသီကို”ရယ်လို့ တင်စားစပ်ဆိုခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၇၅ နှစ်က ဒီလ ဒီရာသီမှာပဲ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ပြန်တော့ ဝါဆိုလ(ဇူလိုင်)ဟာ မြန်မာပြည်သူတို့အဖို့ အမှန် တကယ် လွမ်းဖွယ်ကောင်းတဲ့ လတစ်လလည်း ဖြစ်ခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ ဝါဆိုလဆန်း ၁၁ ရက် (ဇူလိုင် ၈ ရက်)နံနက်မှာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ နာရမြို့မှာ ကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတစ်ခုမှာ တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် မသမာသူတစ်ဦးရဲ့ လက်လုပ်သေနတ်နဲ့ အနီးကပ် လုပ်ကြံပစ်ခတ်မှုကြောင့် ညနေ ပိုင်းမှာ ကွယ်လွန် အနိစ္စရောက်ခဲ့ရပြန်ပါတယ်။
ကမ္ဘာမှာလုံခြုံမှုအရှိဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ရုံမက သေနတ်ကိုင်ဆောင်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဂျပန်နိုင်ငံမှာ ယခုလိုဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့သတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကတော့ “ခွင့်လွှတ်လို့မရတဲ့ ကြမ်းကြုတ်မှုတစ်ခု” လို့ ဆိုပါတယ်။
စီးပွားရေးပြဿနာအပေါ် အခြေခံပေါ်ပေါက်လာ
ရှင်ဇိုအာဘေးကို လုပ်ကြံသူက နာရမြို့ခံတစ်ဦး ဖြစ်တဲ့ အသက် ၄၁ နှစ်ဝန်းကျင်ရှိ တက်ဆုယာယာ မာဂါမီဆိုသူဖြစ်ပြီး နိုင်ငံရေး ရပ်တည်ချက်ကြောင့် မဟုတ်ဘဲ မိသားစုစီးပွားရေး ပြဿနာအပေါ် အခြေခံပြီး ပေါ်ပေါက်လာတဲ့ မုန်းတီးမှုကြောင့် လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ မာတင်လူသာကင်းကို အမှတ်ရစရာပါ။ မုန်းတီးမှုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရရှာတဲ့ သားကောင်တွေထဲမှာ ဒေါက်တာ မာတင် လူသာကင်း တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ဒေါက်တာ မာတင်လူသာကင်းဟာ လူဖြူလူမည်း မခွဲခြားရေး၊ နိုင်ငံသားတို့ အခွင့်အရေးညီမျှရေးနဲ့ လူတိုင်းတန်းတူရည်တူ အခွင့်အလမ်းရရှိရေး အတွက် ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့သူ လူမည်း ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
သူဟာ လူဖြူလူမည်း မခွဲခြားရေးအတွက် အမေရိကန်ပြည်ထောင်စုတစ်ခွင် လှည့်လည် ဟောပြော စည်းရုံးခဲ့သူဖြစ်တဲ့အတွက် လူမည်းတို့ အတွက် အားကိုးအားထားပြုစရာ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပေမယ့် အစွန်းရောက် လူဖြူအချို့ အတွက်ကတော့ ဒေါက်တာ မာတင်လူသာကင်းဟာ မုန်းတီးစရာလူတစ်ဦး ဖြစ်နေခဲ့ပါတယ်။
အဲဒီအမုန်းတရားကြောင့်ပဲ မာတင်လူသာကင်းဟာ ၁၉၆၆ ခုနှစ် ဧပြီ ၄ ရက်မှာ တင်နက်ဆီ ပြည်နယ် မင်းဖစ္စမြို့မှာကျင်းပတဲ့ ကျန်းမာရေးဌာန လုပ်သားများရဲ့ သပိတ်ကို ထောက်ခံချီတက်ဆန္ဒပြပွဲကို စည်းရုံးဟောပြောဖို့လာရင်း သူခေတ္တတည်းခိုရာ ဟိုတယ်တစ်ခုမှာ နားနေစဉ် မျက်နှာချင်းဆိုင် တည်းခိုရိပ်သာကနေ အစွန်းရောက်သမားတစ်ဦးရဲ့ အဝေးကြည့် တယ်လီစကုပ်ပါ ရိုင်ဖယ်သေနတ်နဲ့လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရရှာပါတယ်။
မုန်းတီးစိတ် ပိုပြီးပြင်းထန်လာ
ဒေါက်တာ မာတင်လူသာကင်းကို လုပ်ကြံ သတ်ဖြတ်သူကတော့ အသက် ၃၈ နှစ်အရွယ်ရှိ ဂျိမ်းစ်အားလ်ရေးဆိုသူ လူဖြူတစ်ဦး ဖြစ်ပါတယ်။ ရေးရဲ့အဆိုအရကတော့ သူဟာ မွေးလာ ကတည်းက လူမည်းတွေကို မုန်းတီးတယ်လို့ဆိုတယ်။ ဒီကြားထဲ မှာ သူ့မိဘများရဲ့ မြေနဲ့အိမ်ကို လူမည်းမိသားစုက ဝယ်ယူသွားတဲ့အခါ သူ့ရဲ့လူမည်းမုန်းတီးစိတ်က ပိုပြီးကြီးမားပြင်းထန် လာခဲ့တယ်လို့ သိရတယ်။
ကမ္ဘာ့သမိုင်းဝင် လုပ်ကြံမှုကြီးများကို လေ့လာကြည့်ရင် နိုင်ငံ့ခေါင်းဆောင်အချို့နဲ့ ထင်ရှား ကျော်ကြားသူအချို့ဟာ တစ်ခါတစ်ရံအကြောင်းပြချက် မည်မည်ရရ ပြစရာမရှိဘဲ လုပ်ကြံသတ်ဖြတ် ခြင်းခံရလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။
လူအများ မယုံကြည်နိုင်အောင်ဖြစ်သွား
ကမ္ဘာကျော် ရော့ခ်အဆိုတော် ဂျွန်လင်နွန်ဆိုရင် ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ အထီးကျန်သမား သူရူးတစ်ယောက်က အကြောင်း တစ်စုံတစ်ရာ မရှိပါဘဲလျက် သေနတ်နဲ့ ပစ်သတ် ခြင်းကို ခံခဲ့ရရှာတယ်။ သူ့ကိုချစ်ခင်လေးစားကြတဲ့ တစ်ကမ္ဘာလုံးက သန်းပေါင်း များစွာသော လူအများဟာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ကြတယ်။ အမေရိကန်ပြည်သူများ ကတော့ လင်နွန်သေဆုံးရ ခြင်းအပေါ် အကြီးအကျယ် ဝမ်းနည်းကြေကွဲခဲ့ ကြရုံမက ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးအား လုပ်ကြံ သတ်ဖြတ်ခြင်းဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ကင်းမဲ့စေတာ မဟုတ်၊ လူမျိုးတစ်မျိုး လုံးအား အရှက်ရစေသော လုပ်ရပ်၊ စိတ်ထိခိုက်စရာ ကောင်းလှတဲ့လုပ်ရပ်လို့လည်း မြင်ခဲ့ကြတယ်။
ဂျွန်လင်နွန်ကို သေနတ် ပစ်ခတ်သတ်ဖြတ်ခဲ့သူ ကတော့ ဂျော်ဂျီယာပြည်နယ်သား အသက် ၂၅ နှစ် အရွယ် မတ်စ်ချက်မင်းဆိုသူ ဖြစ်တယ်။ သူ့ကို တရားရုံးမှာ စစ်ဆေးတဲ့အခါ လင်နွန်ကို သူဘာ ကြောင့် သတ်သလဲ၊ ဘာတွေကို မကျေနပ်လို့လဲဆိုတဲ့ သဲလွန်စ အထောက်အထားနဲ့ ပတ်သက်ပြီး နည်းနည်းမျှ ဖော်ပြခြင်းမပြုခဲ့ဘူး။ ဒါ့အပြင် သူ့ လုပ်ရပ်အတွက် ဝမ်းနည်းကြေကွဲခြင်း၊ နောင်တရ ခြင်းတို့ကိုလည်း မဖော်ပြခဲ့ဘူး။
မေးခွန်းအတွက် အဖြေမရခဲ့
ဂျွန်လင်နွန်နည်းတူ ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ် ဒါးလက်စ်မြို့မှာ သေနတ်နဲ့ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရရှာတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ၃၅ ဦးမြောက် သမ္မတဂျွန်အက်ဖ်ကနေဒီ လုပ်ကြံမှုကြီးဟာလည်း “ဂျွန်အက်ဖ်ကနေဒီကို ဘယ်သူသတ်သလဲ၊ ဘာကြောင့် သတ်တာလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေမရခဲ့ပါဘူး။
သံသယတရားခံ လီးဟာဗေးအော့စ်ဝဲလ်ကို အချုပ်ကနေ ဒါးလက်စ်ကောင်တီခရိုင် ထောင် လွှဲပြောင်းစဉ်မှာပဲ ဂျက်ရူဘီက ခြောက်လုံးပြူး သေနတ်နဲ့ အနီးကပ် ပစ်ခတ်သတ်ဖြတ်လိုက်တဲ့ အတွက် လုပ်ကြံမှုဖြစ်စဉ်ဟာ ပိုပြီး ရှုပ်ထွေးသွားခဲ့ပါတယ်။ ဂျက်ရူဘီကတော့ “ကျွန်တော် ဂျက်ကီ အတွက် လက်စားချေတာ” လို့ ဆိုခဲ့ပေမယ့် အော့စ်ဝဲလ်ကိုသတ်သူ ဂျက်ရူဘီဆိုတာ ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်နဲ့ သတ်တာလဲ၊ ကနေဒီ လုပ်ကြံမှု ဟာ အဖွဲ့နဲ့လျှို့ဝှက်လုပ်ကြံခြင်းလား၊ လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ မာဖီးယားဂိုဏ်း ရှိနေသလား၊ ကျူးဘားလူမျိုးတွေများ ပါနေသလား၊ နောက်ကွယ် မှာ စီအိုင်အေရော မပါပေဘူးလား စသဖြင့် ယခုတိုင် မေးခွန်းပေါင်းများစွာရှိနေဆဲပါ။
အိန္ဒိယစာရေးဆရာများက “အိန္ဒိယရဲ့ ဝိညာဉ်” လို့ တင်စားခေါ်ဝေါ် ရေးသားခဲ့တဲ့ မဟတ္တမဂန္ဓီနဲ့ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီတို့ကတော့ လူမျိုးရေး၊ ဘာသာရေးအစွဲအလမ်းတွေကိုအခြေခံတဲ့ လုပ်ကြံမှု တွေကြောင့် အသက်ပေးခဲ့ရရှာပါတယ်။
အကြမ်းမဖက်ရေး အဟိံသဝါဒကိုလက်ခံထားတဲ့ ဂန္ဓီကြီးဟာ ၁၉၄၈ ခုနှစ် နှစ်ဦးမှာ နိုင်ငံသား အချင်းချင်းကြားဖြစ်ပွားလာတဲ့ ပဋိပက္ခများနဲ့ အကြမ်းဖက်မှုများ ရပ်ဆိုင်းသွားစေရေးအတွက် အစာငတ်ခံပြီး ကြိုးပမ်းခဲ့ရာမှာ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ ဟိန္ဒူအချို့ရဲ့ ဆန့်ကျင် မုန်းတီးမှုများကို ခံခဲ့ရပါတယ်။
အနီးကပ် လုပ်ကြံသတ်ဖြတ်
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက် ညနေမှာတော့ ဂန္ဓီကြီးဟာ သူ့တူမလေးတစ်ဦးနဲ့ ဘုရားဝတ်ပြုဖို့ အသွားမှာ ဆီးကြိုနေတဲ့ လူအုပ်ကြားထဲက နာသူရမ် ဗွီရုဆီးဆိုသူ အစွန်းရောက် ဟိန္ဒူလူရွယ်တစ်ဦးရဲ့ ပစ္စတိုနဲ့သုံးချက် အနီးကပ် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရရှာပါတယ်။
နောက်ပိုင်းမှာ သက်ဆိုင်ရာက ဂန္ဓီကြီးကို လုပ်ကြံမှုဟာ သူတစ်ဦးတည်းမဟုတ်ဘဲ ဟိန္ဒူ အစွန်းရောက်အဖွဲ့ရဲ့ လျှို့ဝှက်ကြံစည်မှုဖြစ်ကြောင်း ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။ အစွန်းရောက် စစ်သွေးကြွ ဟိန္ဒူအုပ်စုဝင်များက ဂန္ဓီကြီးဟာ သူတို့ရဲ့ဘာသာအယူဝါဒနဲ့ ယုံကြည်မှုများကို ဆန့်ကျင်နေပြီလို့ စွပ်စွဲခဲ့ကြရုံမက သူတို့ရဲ့အကြမ်းဖက်ဝါဒဟာလည်း ဂန္ဓီကြီးရှိနေသမျှ ကာလပတ်လုံး ကျင့်သုံးလို့ရနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်လာတဲ့အတွက် သူတို့ရင်ဆိုင် နေရတဲ့ ပြဿနာရဲ့ အဖြေဟာ ဂန္ဓီကြီးကို သုတ်သင် ရှင်းလင်းပစ်မှဖြစ်မယ်လို့ တွေးခေါ်လာကြပြီး လုပ်ကြံခဲ့ခြင်း ဖြစ်ပါတယ်။
အိန္ဒိယစာရေးဆရာများက “အိန္ဒိယရဲ့ ရတနာ” လို့ တင်စားခေါ်ဝေါ်ရေးသားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ် ဂျဝါဟလာနေရူးရဲ့ သမီးဖြစ်သူ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကတော့ ဘာသာရေးအရ အငြင်းပွားမှုများ ဖြစ်ပေါ်နေတဲ့ ရွှေကျောင်းတော်ကြီးကို ခံတပ်သဖွယ် စီးနင်း သိမ်းပိုက်ထားတဲ့ ဆစ်ခ်အစွန်းရောက် စစ်သွေးကြွများကို စစ်ရေးအရ အရေးယူဆောင်ရွက်ခဲ့မှုအပေါ် မကျေနပ်တဲ့ ဆစ်ခ်လူမျိုးအစွန်းရောက် သက်တော်စောင့်တို့ရဲ့ လက်စားချေလုပ်ကြံမှုကြောင့် အသက်ပေးခဲ့ရခြင်း ဖြစ်ပါတယ်။
အကြံအစည် ရိပ်မိကြ
ရွှေကျောင်းတော်ကြီးကို စစ်ရေးအရဝင်ရောက် တိုက်ခိုက်သိမ်းပိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆစ်ခ် လူမျိုး ဘာသာရေးအစွန်းရောက်များရဲ့ မကျေနပ်မှုနဲ့ လက်စားချေမယ့် အကြံအစည်တို့ကို ရိပ်မိကြတဲ့ တာဝန်ရှိသူများနဲ့ အစိုးရအဖွဲ့က အင်ဒီရာဂန္ဒီရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ဆစ်ခ်လူမျိုးတွေကို ဖြစ်နိုင်ရင် အားလုံးကို ဖယ်ရှားလူစားထိုးလဲလှယ်ဖို့ အကြံ ပြုခဲ့ကြပေမယ့် အင်ဒီရာဂန္ဒီက လုံးဝလက်မခံဘဲ ပယ်ချခဲ့ပါတယ်။
အင်ဒီရာဟာ မိမိရဲ့ အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်မှုများ တစ်နေ့တခြား ပိုပြီးကြီးမားလာ တာကို သူကိုယ်တိုင်လည်း မသိတာမဟုတ်ပါဘူး၊ သိပါတယ်။ လုပ်ကြံခံရမှု မဖြစ်ခင် တစ်ရက်အလို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ အင်ဒီရာက “ဒီနေ့တော့ ကျွန်မအသက်ရှင်နေတုန်းပဲ။ မနက်ဖြန် ကျရင်တော့ ဒီနေရာမှာ ကျွန်မရှိချင်မှရှိမယ်။ ဒါပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်ထဲက သွေးတစ်စက် ချင်းစီဟာ အိန္ဒိယတစ်နိုင်ငံလုံးအပေါ် ကျနေမှာပါ” လို့ ပြောခဲ့ပါတယ်။
နောက်တစ်နေ့ အောက်တိုဘာ ၃၁ ရက်မှာတော့ အင်ဒီရာဂန္ဒီဟာ သူ့နေအိမ်ကနေ ရုံးခန်းဆီသို့ သွားရာလူသွားလမ်းလေးပေါ်အတိုင်း လျှောက်လာစဉ်မှာ မလှမ်းမကမ်း သစ်ပင်ရိပ်အောက်မှာ လုံခြုံရေး အစောင့် တာဝန်ယူထားသူ ဘီယန်ဆင်းနဲ့ ဆတ်တဝမ့်ဆင်းတို့နှစ်ဦးက သေနတ်နဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရရှာပါတယ်။
သို့သော်လည်း ကမ္ဘာ့သမိုင်းဝင်လုပ်ကြံမှုကြီးများကို လေ့လာကြည့်ရင် နိုင်ငံရေးအရ လုပ်ကြံ သတ်ဖြတ်မှုများက အများစုဖြစ်ကြောင်း တွေ့မြင် ရပါလိမ့်မယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၇၅ နှစ်က လုပ်ကြံခံခဲ့ရတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီး များရဲ့ ကျဆုံးမှုဖြစ်စဉ်ဟာလည်း နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခံရခြင်းပဲ ဖြစ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဆောင်သူ ဂဠုန်ဦးစောနဲ့ အပေါင်းပါများကို လုပ်ကြံသူတရားခံများ အဖြစ်၊ နိုင်ငံတော်လုပ်ကြံမှုကြီး မဖြစ်ပွားမီ ဗြိတိသျှစစ်တပ်က လက်နက်များကို ခိုးထုတ် ဖြန့်ဖြူးပေးခဲ့သူ ဗြိတိသျှစစ်ဗိုလ်များဖြစ်ကြ တဲ့ မေဂျာယန်းနဲ့ ကပ္ပတိန်ဗီဗြင်တို့ရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်မှုများသာ လူသိများခဲ့ပေမယ့် အဲဒီအချိန်က တကယ့်အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ မြန်မာပြည်ကနေ စုံးစုံးမြုပ်ပျောက်ကွယ် သွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
ထိုပုဂ္ဂိုလ်ကတော့ ဗြိတိသျှကောင်စီကိုယ်စားလှယ်ဖြစ်သူ မစ္စတာဘင်ဂလေဆိုသူဖြစ်ပြီး သူဟာ ဂဠုန်ဦးစောတို့ အဖမ်းခံရပြီးနောက် ၄၈ နာရီအချိန်အတွင်း မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ တစ်ချိုးတည်း လစ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဝမ်းနည်းကြေကွဲ မဆုံး
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရ တာ ယခုနှစ်ဆို ၇၅ နှစ်ပြည့်ခဲ့ပြီ။ အချိန်ကာလအရ ကြာညောင်းခဲ့ပြီထင်ရပေမယ့် မြန်မာပြည်သူများ အဖို့ကတော့ ယခုလို “ဂနိုင်စိုစို၊ လဝါဆို၊ လွမ်းဖွယ့် ရာသီကို”ရောက်တိုင်း သတိတရ ဝမ်းနည်းကြေကွဲ မဆုံး ရှိနေကြဆဲပါပဲ။
ဒီနှစ် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခါသမယမှာတော့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများအပြင် မနေ့တစ်နေ့က မသမာသူတစ်ဦးရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန် အနိစ္စရောက်သွားရှာတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး အပါအဝင် လုပ်ကြံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ လင်ကွန်း၊ ဂျွန်အက်ဖ် ကနေဒီ၊ ရောဘတ်ကနေဒီ၊ မဟတ္တမဂန္ဓီ၊ အင်ဒီရာ ဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ အီတလီဝန်ကြီးချုပ်ဟောင်း ခရစ်ယာန် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အယ်လ်ဒိုမိုရိုစတဲ့ နိုင်ငံ့ခေါင်းဆောင်များကို နှမြောတသ သတိတရဖြစ်ရတယ်။
အတိတ်သမိုင်းသင်ခန်းစာများ ဆန့်ကျင်တားဆီး
တကယ်တော့ နိုင်ငံရေးကို အကြောင်းပြုပြီး လုပ်ကြံသတ်ဖြတ်တဲ့ လုပ်နည်းလုပ်ဟန်များဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင် ရှေးရောမ၊ ခေါမ ခေတ်ကတည်းက အခြေတည်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်းရာစုတွေ အလီလီပြောင်းပြီး ယနေ့ခေတ်ယဉ်ကျေးတဲ့ လူ့ဘောင် အသိုင်းအဝိုင်း ရောက်သည့်တိုင် မသမာသူများ၊ အစွန်းရောက် သမားများက ဆက်လက် အသုံးပြုနေကြဆဲပါ။ ဒါကို အသိဉာဏ်တိုးတက် မြင့်မားလာပြီဖြစ်တဲ့ ယဉ်ကျေးတဲ့ လူ့ဘောင် အသိုက်အဝန်းတစ်ရပ်လုံးက အတိတ်သမိုင်းသင်ခန်းစာများအရ ဆန့်ကျင်တားဆီး ကာကွယ်သွားကြရမှာ ဖြစ်ပါတယ်။ ။
ကိုးကား။ ။ မောင်ထွန်းသူ၏ နိုင်ငံတကာ လုပ်ကြံမှုကြီးများ။