Skip to main content

အခွင့်ကောင်းကို သိမြင်နိုင်ပါစေ

မင်းခေါင်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်စုံတစ်ခုကြုံတိုင်း ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများသည် ရိုက်ခတ်မှုများနှင့် ဦးစွာကြုံတွေ့ရလေ့ရှိသည်။ မရိုက်ခတ်လျှင်လည်း ရိုက်ခတ်လာအောင် နိုင်ငံရေးသမားဟုဆိုသူများက ဆော်ဩကြသည်။ မခံချင်အောင် သွေးထိုးလှုံ့ဆော်တတ်ကြသည်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင်လည်း မူလကဒီမိုကရေစီရရှိရေးအတွက် ရိုးသားစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသော ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းအချို့သည် တပ်မတော်က နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူလိုက်သည့်အချိန်တွင် ဖမ်းဆီးခံရတော့မည်ဟူသော စိုးရိမ်ပူပန်မှုတို့ဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

အချို့ကလည်း “အရေးအခင်းတွင် ပါဝင်သော ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို ရပ်ကွက်အတွင်း လိုက်လံဖမ်းဆီးနေသည်” ဟူသော ကောလာဟလသတင်းများကြောင့် အထိတ်တလန့်ဖြစ်ကာ ပြည်တွင်း၌ ပုန်းအောင်းနေသူများရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက်ခိုလှုံသူများလည်း ရှိခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ပြည်ပအထောက်အပံ့များအပြင် လူသစ်စုဆောင်းမှု အစီအမံမလုပ်လိုက်ရဘဲ တပ်သားသစ်များအဖြစ် အလိုအလျောက်ရောက်လာကြသည်ဆိုတော့ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။ သို့ဖြစ်၍ ထိုစဉ်က ထိုင်းမြန်မာနယ်စပ်ရှိ ရှမ်း၊ ကရင်နီ၊ ပအိုဝ်း၊ ကေအင်န်ယူနှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ ကျောင်းသားကျောင်းသူ ၄၂၀၃ ဦး ရောက်ရှိသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ ၂၀ ခန့်၊ အိန္ဒိယ-မြန်မာ နယ်စပ်သို့ ၂၂၂ ဦး ရောက်ရှိသွားခဲ့သည်။ အချို့မှာ ပြည်တွင်းမှာပင် ခိုအောင်းနေခဲ့ကြရာ စုစုပေါင်း ၅၀၀၀ ခန့်ရှိကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့ကြောင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေက “စစ်မှန်သော ဒီမိုကရေစီ အခွင့်အရေးရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် စိုးရိမ်စိတ်ဖြင့် မြို့ပေါ်တွင်ရှောင်တိမ်း ပုန်းအောင်းနေသည့် ကျောင်းသားကျောင်းသူများရှိနေကြောင်းနှင့် အချို့မှာ သောင်းကျန်းသူအဖွဲ့အစည်းများထံ သွားရောက်ခိုလှုံရန် ကြံစည်လျက်ရှိနေကြောင်း သိရပါသည်။ တပ်မတော် အနေဖြင့်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ပုဂ္ဂိုလ်များမှအပ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော သားငယ်သမီးငယ်အရွယ်များဖြစ်သည့် ကျောင်းသားကျောင်းသူများအပေါ်တွင် မည်သည့်အာဃာတ တရားမျှမထားသည့်အပြင် အတိဒုက္ခရောက်စေလိုသော ဆန္ဒလုံးဝမရှိပါကြောင်း ကြေညာအပ်ပါသည်” စသည်ဖြင့် တပ်မတော်၏ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်၍ နယ်စပ်ဒေသတွင် တပ်မတော်က ကြိုဆိုရေးစခန်းပေါင်း ၂၇ ခု ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများအား ကြိုဆိုခဲ့ပါသည်။

တပ်မတော်၏သဘောထားကို အချိန်မီသိရှိ နိုင်ရန်အတွက်လည်း ကျောင်းသားကျောင်းသူများရှိနေသည်ဟု သတင်းရရှိသောစခန်းများ အနီးတစ်ဝိုက်သို့ တပ်မတော်၏ သဘောထားနှင့် ကြိုဆိုရေးစခန်းများတွင် ကြိုဆိုလက်ခံမည့် အစီအစဉ်ပါရှိသော စာရွက်များကို လေယာဉ်ပျံများဖြင့် ကြဲချပေးခဲ့ပါသည်။

ထို့နောက် ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းသားများ ယာယီလက်ခံရေးစခန်းဖွင့်လှစ်၍ ထိုစခန်းမှတစ်ဆင့် ကျောင်းသားမိဘများထံ ပြန်လည်အပ်နှံပေးရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံတွင် ထိုင်းတပ်မတော်နှင့်ကြက်ခြေနီ တပ်ဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ထားသည့် တပ်ခ်(Tak) ခရိုင်စခန်းသို့ တပ်မတော်အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ကျောင်းသားများ ပြန်လည်ခေါ်ယူရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများက နိုင်ငံရေးသဘောအရ မလိုလားကြသဖြင့် လူသားချင်းစာနာမှုအနေဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြရခြင်း ဖြစ်သည်။

ထို့နောက် ထိုင်းနိုင်ငံနယ်စပ်အသီးသီးသို့ ရောက်ရှိနေကြသူ ၃၆၉ ဦးကို မင်္ဂလာဒုံလက်ခံရေး စခန်းသို့ တပ်မတော်လေယာဉ်ဖြင့် ၁၃ ခေါက် ခေါ်ယူခဲ့မှု အပါအဝင် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈၃၅ ဦး ပြန်လည်ခေါ်ယူခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကြိုဆိုလက်ခံရေးစခန်းများသို့ ကျောင်းသားကျောင်းသူ ၃၃၂၀ ဦး ပြန်လည်ရောက်ရှိလာခဲ့ကြရာ တပ်မတော်က ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ပေးပြီးနောက် မိဘများထံ ပို့ဆောင်အပ်နှံပေးခဲ့ကြရသည်။

“သားရယ်အမေဖြင့် ငါ့သားကိုသေပြီလို့ ထင်နေတာသားရယ်၊ အခု ပြန်တွေ့ရတော့ အမေ့ရင်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ သားကိုပြောမပြတတ်ဘူး သားရယ်”

“သား ပြန်လာမယ်ဆိုတာသိရတော့ ဝမ်းသာလိုက်တာပြောကိုမပြနိုင်ပါဘူး၊ ကျွန်မတို့က သားပျောက်သွားကတည်းက ဘာသတင်းမှမကြားရတော့ သေပြီလား၊ ဘယ်ရောက်နေသလဲ၊ သူပုန်ပဲ ဖြစ်သွားသလားဆိုပြီး ဖြစ်နေရတယ်။ နောက်ကျတော့ သတင်းစာတွေထဲမှာ ကျောင်းသားတွေ ပြန်လာဖို့ အစိုးရကစီစဉ်မှုတွေ ပြုနေတယ်ဆိုတော့ သားလေးပြန်လာမယ့် အထဲပါပါစေ၊ ဘေးမသီ ရန်မခပါစေနဲ့လို့ ဆုတောင်းနေရတာပေါ့၊ အခုတော့ ကျွန်မသားလေး မသေမပျောက် ပြန်တွေ့ရမယ်ဆိုတော့ ဝမ်းသာတာမှရှင် ပြောကိုမပြောနိုင်ပါဘူး”

“သားက မိတ်ဆွေနဲ့ထားဝယ်ဘက်ကို အလုပ်သွားလုပ်မယ်လို့ ကျွန်မကိုပြောတယ်၊ လက်ရှိ ကျောင်းလည်းမနေတော့ သားကိုခွင့်ပြုလိုက်မိတယ်။ အဲဒါ အောက်တိုဘာလလောက်ကဖြစ်မယ်၊ အဲဒီ နောက်မှာ ပျောက်ချင်းမလှပျောက်သွားတာပါပဲ။ အခု သားရောက်လာမယ်လို့ လူကြီးတစ်ယောက်လာ ပြောတော့ အံ့ဩသွားတယ်၊ သားကိုလွမ်းလို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်နေတာ သားကို ခုတွေ့ရတော့ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ငိုမိတော့တာပါပဲရှင်”

“ကျွန်တော်တို့က လက်လုပ်လက်စားလက်သမားပါ။ကျွန်တော့်သားက အဋ္ဌမတန်းမှာ ပညာသင်နေတုန်း ပျောက်သွားတာ၊ နောက်မှ တောထဲရောက်နေတယ်လို့ သတင်းကြားရတယ်၊ ကြားရတဲ့ သတင်းတွေကလည်း မကောင်းတော့ သေပြီလို့မှတ်ထားတာ၊ အခုတော့ မသေဘူး၊ ပြန်တွေ့ရတော့မယ် ဆိုတော့ဗျာ ဝမ်းသာတာပေါ့”

“ကျွန်တော့်ကို ဖေဖေလိုက်ရှာရင်း ကားမှောက်သေသွားတယ်လို့သိရတယ်။ အခုတော့ ကျွန်တော် နောင်တရနေပါပြီ၊ ဖေဖေ့ကို တသသဖြစ်နေရတော့မှာပါဗျာ”

စသည်ဖြင့် တပ်မတော်၏ ကြိုဆိုလက်ခံရေးစခန်းများမှတစ်ဆင့် အနယ်နယ်အရပ်ရပ်ရှိ မိဘရပ်ထံ ပြန်လည်ရောက်ရှိလာကြသော ကျောင်းသားကျောင်းသူ လူငယ်များအား ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက လေဆိပ်တွင် အိုးစည်ဗုံမောင်းများဖြင့် ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည့် ပုံရိပ်များ၊ မိဘဆွေမျိုးများနှင့် မသေကောင်းမပျောက်ကောင်း ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ကြသဖြင့် ဝမ်းနည်းဝမ်းသာ ပုံရိပ်များ၊ အမိရင်ခွင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသူများ၏ ရင်တွင်းဖြစ် စကားသံများ၊ မိဘဆွေမျိုးများ၏ ပီတိစကားသံများကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ၊ ၁၉၈၉ ခုနှစ် ဇန်နဝါရီလထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာတို့တွင် ခေတ်တစ်ခေတ်၏ သမိုင်းပုံရိပ်များကို သမိုင်းသင်ခန်းစာများအဖြစ် တွေ့မြင်နိုင်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင်လည်း ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများကြားတွင် ကြီးစွာသော ရိုက်ခတ်မှုများ၊ လှုပ်ခတ်မှုများ ထပ်မံကြုံတွေ့ခဲ့ကြရပြန်ပါသည်။ အချို့က ဆွဲဆောင်စည်းရုံးမှုကြောင့်၊ အချို့ကားသွေးထိုး လှုံ့ဆော်မှုတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိရာ နယ်မြေဒေသများနှင့် ပြည်တွင်း ပြည်ပဒေသအချို့သို့ ရောက်ရှိသွားခဲ့ကြပြန်သည်။

သို့ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်နေသူများအနက်မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကို ပြန်လည် ဖိတ်ခေါ်ခြင်းတို့အား အသိပေးထုတ်ပြန်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများကိုလည်း စနစ်တကျ လက်ခံပေးလျက်ရှိသည်။

ယခုတစ်ဖန် နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း အသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ကြေညာချက် အပြည့်အစုံကိုလည်း နိုင်ငံပိုင်မီဒီယာများတွင် ဆက်တိုက်ဖော်ပြပေးလျက်ရှိသည်။

ပုထုဇဉ်လူသားတိုင်းလိုလို အမှားမကင်းနိုင်ကြပါ။ သို့သော် အမှားကိုမြင်ပြီး မှားမှန်းသိလျှင် ပြင်နိုင်ကြရပေမည်။ လမ်းကြောင်းမှန်ကို လျှောက်လှမ်းဖို့ဆိုလျှင် အခွင့်ကောင်းကိုရအောင် ယူတတ်ဖို့လိုသည်။ အခွင့်ကောင်းကိုရအောင်ယူပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်စေရန် မြန်မာစကားပုံများတွင် “လသာတုန်း ဗိုင်းငင်”၊ “မိုးရွာတုန်း ရေခံ”၊ “နေပူတုန်း စပါးလှန်း” ဟူ၍ ဖော်ပြထားသည်။

လောကတွင် “အခွင့်ကောင်းဆိုတာနှစ်ခါ မလာဘူး၊ တစ်ခါပဲလာတယ်”ဟု သုံးသပ်ဆင်ခြင်ပြီး အခွင့်ကောင်းကို ပိုင်ပိုင်နိုင်နိုင်အသုံးချ၍ ဘဝခရီးတွင် ကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်သူများ ရှိသကဲ့သို့ အခွင့်ကောင်းတစ်ရပ်နှင့် ကြုံကြိုက်သော်လည်း အခွင့်ကြုံမှန်းမသိကြဘဲ အခွင့်ကောင်းကို အသုံးမချနိုင်ခဲ့၍ ဘဝတစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ကြရသူများလည်း ရှိကြသည်။

စင်စစ်အားဖြင့် မူအကြောင်းအကျိုး၊ အကောင်းအဆိုး၊ လုပ်သင့်တာနှင့် မလုပ်သင့်တာ၊ အခွင့်ကောင်းကြုံကြိုက်ခြင်း၊ မကြုံကြိုက်ခြင်း၊ အခွင့်ကောင်းကြုံလျှင် ဘာလုပ်သင့်သည်ဆိုသည်များကို ပညာဖြင့်သာ ခွဲခြားသိမြင်နိုင်သည်။

သို့ဖြစ်၍ နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များသည် နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အတိတ်က သမိုင်းသင်ခန်းစာများကို ပညာဉာဏ်ဖြင့် ဆင်ခြင်၍ အခွင့်ကောင်းကို လက်မလွှတ်တမ်း အသုံးချနိုင်စေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။