မိုးရာသီလျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်များ
မောင်မောင်ကျော်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့် မြင့်မားရေးတို့အတွက် လိုအပ်လျက်ရှိသော၊ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး”ဆိုသကဲ့သို့ စနစ်တကျ သတိတရားဖြင့် သုံးစွဲပါက အကျိုးရှိသော်လည်း သတိလက်လွတ်၊ မဆင်မခြင်၊ ပေါ့ပေါ့ဆဆ သုံးစွဲကြပါက ရာသီမရွေး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။
အထူးသဖြင့် မိုးရာသီ၌ ဓာတ်လိုက်မှုအန္တရာယ်ကို သတိပြုကာကွယ်ကြရန် လိုအပ်ပေသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌သာမက မြန်မာပြည်တစ်ဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၌ မိုးသည်းထန်စွာရွာသွန်ခြင်း၊ မြစ်ရေ၊ ချောင်း ရေများတိုးခြင်း၊ မုန်တိုင်းငယ်များ အဖျားခတ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည့် ဓာတ်လိုက်မှုအန္တရာယ်ကို သတိပြုကြရန် လိုအပ်ပါသည်။ လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုသော်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲသူတို့၏ ပေါ့ဆမှု၊ လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးသူတို့၏ မကျွမ်းကျင်မှု၊ လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းများ၊ ဝိုင်ယာကြိုးများ စံချိန်မမီမှု၊ ချို့ယွင်းမှု၊ ထိခိုက်ပျက်စီးနေမှုတို့ကြောင့် နွေရာသီတစ်လျှောက် မီးလောင်မှုများ ဖြစ်ပွားခဲ့ရသည်ကို သိရှိကြပြီး ဖြစ်ပေသည်။ ထို့အတူ မိုးရာသီ၌လည်း ဓာတ်လိုက်မှုအန္တရာယ် အလွယ်တကူ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
“မြွေကိုက်လျှင်ဆေးရှိသည်။ ဓာတ်လိုက်လျှင် ဆေးမရှိ” ဆိုသကဲ့သို့ မြွေဆိပ်ဖြေဆေးရှိသော်လည်း ဓာတ်လိုက်ပါက ဖြေဆေးလုံးဝမရှိပါ။ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်လျှင် အသိတရား သတိထား၍ စနစ်တကျ ကိုင်တွယ်သုံးစွဲခြင်းဖြင့်သာ ဓာတ်လိုက်မှုအန္တရာယ် ကာကွယ်နိုင်ပေသည်။
စိုစွတ်နေသော အရာဝတ္ထုတို့တွင် လျှပ်စစ်ဓာတ်စီးဝင်နိုင်
အိမ်တိုင်းတွင် မသုံးမဖြစ်သုံးနေကြသည့် အိမ်သုံးဆားသည် ရေတွင်ပျော်ဝင်လွယ်သော ဂုဏ်သတ္တိရှိသကဲ့သို့ လျှပ်စစ်ဓာတ်အားသည်လည်း စိုစွတ်နေသောမြေပြင်၊ စိုစွတ်နေသော အရာဝတ္ထု၊ သံ၊ ကြေး၊ သွပ်နှင့် ရေတို့တွင်အတိုင်းအဆမရှိ လျှပ်စစ်ဓာတ်စီးဝင်နိုင်သည် (ဝါ) ဓာတ်လိုက်နိုင်သည်။ သိသာထင်ရှားစေရန် ရေးသားဖော်ပြရပါက ခြောက်သွေ့နေသော သစ်သား၊ ဝါးလုံးတို့ကို လျှပ်စစ်ဓာတ်မစီးနိုင်(ဝါ) ဓာတ်မလိုက်နိုင်သော်လည်း ရေစိုနေသော သစ်သား၊ ရေစိုနေသော ဝါးလုံးတို့မှာ လျှပ်စစ်ဓာတ်ကူးနိုင်၊ ဓာတ်လိုက်နိုင်ပေသည်။
သို့ဖြစ်၍လည်း ဓာတ်လိုက်မှုအန္တရာယ်မှာ မိုးရာသီတွင် အဖြစ်များကြောင်း တွေ့ရှိကြရပေမည်။ ယခုလို မိုးရာသီ၌သွားသတိ၊ လာသတိဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကြရန်၊ နေ့ရောညပါ ဓာတ်လိုက်မှုအန္တရာယ်ကို သတိထားရန် လိုအပ်ပါသည်။ မိုးသည်းထန်စွာ ရွာသွန်း၍ မိမိတို့ ရပ်ကွက်၊ မိမိတို့ နေအိမ်ဝန်းကျင်၊ မိမိတို့နေအိမ်၌ ရေဝင်နေပါက၊ ရေမြုပ်နေပါက လျှပ်စစ်ဓာတ်အားသုံးစွဲရာ၌ သတိထားရန်လိုအပ်ပါသည်။ နေအိမ်ရှိ ရေမော်တာ လျှပ်စစ်ရေစုပ်စက်၊ မီးအားမြှင့်စက်၊ အင်ဗာတာတို့ ရေနစ်မြုပ်နေလျှင်၊ ရေစိုနေလျှင် အသုံးမပြုကြစေလိုပါ၊ အသုံးမပြုသင့်ပါ။ ၎င်းတို့ကို သတိမထားဘဲ အသုံးပြုခြင်းဖြင့် ဓာတ်လိုက်နိုင်ပါသည်။
အကယ်၍ လျှပ်စစ်မီးခလုတ်၊ မီးခေါင်းများ၊ ပလပ်ပေါက်များ ရေဝင်နစ်မြုပ်နေပါက၊ ရေစိုနေပါက၊ ရေငွေ့များရှိနေပါက လျှပ်စစ်ဓာတ်အား သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ ဧကန်မုချ ဓာတ်လိုက်တတ်ပါသည်။ ရေစိုနေသော လက်များ၊ ရေစိုနေသောမြေပြင်၊ ရေစိုနေသောကြွေပြား၊ သမံတလင်း၊ ရေစိုနေသော ဖိနပ်များစီး၍ လျှပ်စစ်မီးခလုတ်များ ဖွင့်ခြင်း၊ ပလပ်ပေါက်များတွင် ပလပ်ထိုးခြင်းတို့ကိုလည်း မပြုလုပ်သင့်ပါ။ သတိထား၍ ရှောင်ကြဉ်ကြရပါမည်။
မိမိတို့အိမ်ရှေ့ရှိ ဓာတ်အားလိုင်းပေါ်သို့ သစ်ကိုင်းသစ်ခက်များ တင်နေခြင်း၊ အုန်းလက်ပြုတ်ကျခြင်း၊ တီဗွီအင်တာနာများ လဲကျခြင်း စသည့်ကိစ္စများ ဖြစ်ပေါ်လာပါက မိုးရွာနေသည့်အချိန်၊ ရေစိုနေသည့်အချိန်တို့တွင် ကိုယ်တိုင်ဖယ်ရှားခြင်း၊ တစ်ဦးတစ်ယောက်ကို ဖယ်ရှားစေခြင်း လုံးဝမလုပ်သင့်ပါ။ ဓာတ်လိုက်မှုအန္တရာယ် ဖြစ်ပေါ်နိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုး တွေ့ကြုံရပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးများသို့ မြန်နိုင်သမျှ မြန်မြန် အကြောင်းကြား၍ တာဝန်ရှိသူများ လာရောက်ရှင်းလင်းသည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းကြစေလိုပါသည်။
လျှပ်စစ်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်
ထရန်စဖော်မာများ ရေဝင်နစ်မြုပ်ခြင်း၊ ဓာတ်တိုင်များ ရေထဲကျရောက်နေခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်ကြိုးများ ပြတ်ကျခြင်း၊ လက်လှမ်းမီသော နေရာအထိ ဓာတ်ကြိုးများ လျော့ကျခြင်းတို့ကို တွေ့မြင်ပါကလည်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ အမြန်ဆက်သွယ် အကြောင်းကြားခြင်းဖြင့် သင်နှင့် သင့်ပတ်ဝန်းကျင်ကို လျှပ်စစ်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ကြပါ။ ရေထဲတွင် မြွေပွေး၊ မြွေဟောက် တွေ့ရှိသော်လည်း ကိုက်ချင်မှ ကိုက်ပါမည်။ ဝေးပါက ခြောက်လှန့်၍ ရနိုင်ကောင်းပါသည်။ ကိုက်လျှင်လည်း တစ်ဦးတစ်ယောက်ကိုသာ ကိုက်မည်ဖြစ်ပြီး ကိုက်ပြီးပါက ထွက်ပြေးမည်ဖြစ်သလို ဝိုင်းဝန်းရိုက်နှက်ပါကလည်း ရပေသည်။ သုံးလေးယောက် ဆက်ကိုက်လေ့မရှိပါ။
ရေထဲမှဖြတ်သန်းသွားလာသူ ဓာတ်လိုက်မည်
သို့သော် ရေထဲသို့ဓာတ်ကြိုးပြုတ်ကျနေပြီး သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မသိရှိ၍ ဓာတ်အားဖြတ်တောက်ထားခြင်း မရှိသည့် (ဓာတ်အားရှိနေသည့်) ဓာတ်ကြိုးကြောင့် ရေပြင်တစ်ခုလုံး လျှပ်စစ်ဓာတ်အားစီးဝင်နေမည်ဖြစ်ရာ ထိုရေထဲသို့ ဆင်းမိသူ၊ ထိုရေထဲမှဖြတ်သန်း သွားလာသူ၊ လူများသာမက ကျွဲ၊ နွား၊ ခွေး စသည့် တိရစ္ဆာန်များပါ ဓာတ်လိုက်မည်ဖြစ်သည်။
ပြတ်ကျသောဓာတ်ကြိုးကြောင့် လျှပ်စစ်ဓာတ်ရှိနေသည့် ရေထဲဆင်းမိ၍ ဓာတ်လိုက်နေသူကို မြေပြင်ပေါ်ရှိ တစ်ဦးတစ်ယောက်က ကယ်တင်ရန်အတွက် လှမ်းဆွဲပါက ကယ်တင်သူ မြေပြင်ပေါ်ရှိ ပုဂ္ဂိုလ်ကိုပါ ဓာတ်လိုက်မည်ဖြစ်သည်။ ဓာတ်အား စီးဝင်နေသည့် (လျှပ်စစ်ဓာတ်ရှိနေသည့်) ရေပြင်ထဲသို့ ဆင်းမိသမျှ လူဦးရေအကန့်အသတ်မရှိ၊ မျက်နှာကြီးငယ်မရွေး ဓာတ်လိုက်ခံရမည်ဖြစ်ရာ အလွန်အန္တရာယ် များလှပေသည်။
အထူးသဖြင့် ရန်ကုန်မြို့ရှိတိုက်ခန်းများ၌ ရေမော်တာကို နောက်ဖေးလမ်းကြားတွင် ထားလေ့ရှိရာ မော်တာများထဲ ရေဝင်ရောက်နေပါက ရေမော်တာများကို မဖွင့်သင့်ပါ။ အန္တရာယ်များပါသည်။
ရေကြီးရေလျှံနေချိန် မိုးရွာသွန်း၍ စိုစွတ်နေသော အချိန်တို့တွင် သွားလာရာ၌ ဓာတ်တိုင်များကို အားပြုကိုင်တွယ်ခြင်း၊ ရပ်ကွက်အတွင်းရှိ ထရန်စဖော်မာများကို ကာရံထားသောခြံဝင်း အတွင်းသို့ ဝင်ရောက်ခြင်း၊ အဝတ်လှန်းခြင်း၊ အနီးအနား၌ ကလေးများ ဆော့ကစားခြင်းတို့ကို ရှောင်ကြဉ်တားဆီးကြရန် လိုအပ်ပါသည်။
မိုးရာသီတွင်လျှပ်စစ်အန္တရာယ်(ဝါ) ဓာတ်လိုက်မှုအန္တရာယ် ဖြစ်ပွားနိုင်သဖြင့် လျှပ်စစ်ဗဟုသုတ၊ လျှပ်စစ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်တို့ကို လေ့လာသိရှိပြီး သတိဖြင့် နေထိုင်သွားလာခြင်းဖြင့် လျှပ်စစ်အန္တရာယ်(ဝါ) ဓာတ်လိုက်မှုအန္တရာယ်မှ “မိမိကိုယ်မိမိ ကာကွယ်ပါ”၊ “မိမိမိသားစုနှင့်တကွ ပတ်ဝန်းကျင်ကို ကာကွယ်ပါ”ဟု တိုက်တွန်း အသိပေးလိုက်ရပါတော့သည်။ ။