Skip to main content

ကမ္ဘာ့ရာပြည့် သမဝါယမနေ့

Kဇင်သစ်(မန်းတက္ကသိုလ်)

မတူကွဲပြားခြင်းများရှိလင့်ကစား အများအကျိုး ထမ်းသယ်ပိုးဖို့ စိတ်ဆန္ဒတူသူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အများဆန္ဒနှင့်အညီ စီမံခန့်ခွဲလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ်တွင် မားမားမတ်မတ် ရပ်တည်လျက်ရှိနေပေသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ကို ယင်းအဖွဲ့တွင် ပါဝင်သူများ အချိုးကျ ခွဲဝေရရှိစေခြင်းဖြင့် ရာစုနှစ် နှစ်ခုနီးပါး သက်တမ်းရှည်လျားခဲ့သည့် အဖွဲ့အစည်းကို ရည်ညွှန်းရလျှင် သမဝါယမအဖွဲ့/ အသင်းကို ပြဆိုရမည် ဖြစ်ပေသည်။

ရောဘတ်အိုဝင်၊ ဒေါက်တာဝီလျံကင်းတို့၏ အတွေးအခေါ်အယူအဆများမှ အခြေခံ ဆင်းသက်လာခဲ့ကာ ၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးလ်မြို့ (Rochdale)၊ ဖလန်နယ် စက်ရုံမှ အလုပ်သမား ၂၈ ဦးတို့က ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနိမ့်ကျနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမဝါယမ ကုန်စုံဆိုင်တစ်ဆိုင်ကို ရင်းနှီးငွေ စုပေါင်းထည့်ဝင်၍ ဖွင့်လှစ်ထူထောင်ခဲ့သည်မှစ၍ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်ခဲ့ခြင်းဟု မှတ်ယူရမည် ဖြစ်သည်။

အသွင်အမျိုးမျိုးနှင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည့် ကမ္ဘာအနှံ့သမဝါယမများကို စုစည်းပြီး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးအဖြစ် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA – International Cooper-ative Alliance) ကို ၁၈၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် ညီလာခံကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) စတင်ဖွဲ့စည်းခဲ့စဉ်က နိုင်ငံ ၁၃ နိုင်ငံရှိ သမဝါယမအသင်း/ အဖွဲ့များ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံ ၁၁၂ နိုင်ငံမှ သမဝါယမအသင်း/အဖွဲ့/ ဘဏ်နှင့် ငွေကြေးအဖွဲ့ ၃၁၈ ဖွဲ့တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

ယနေ့တိုင်ရှင်သန်ရပ်တည်နေ

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်(ICA)အဖွဲ့ဝင် သမဝါယမအသင်း/ အဖွဲ့အစည်းများမှာ နိုင်ငံအဆင့်၊ အမျိုးသားအဆင့် အဖွဲ့အစည်းများဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ သမဝါယမအဖွဲ့အစည်း/ အသင်းပေါင်း သုံးသန်းကျော်မှ ကမ္ဘာ့ပြည်သူ အသင်းသားပေါင်း (၁/၂) ဘီလီယံခန့်ကို တိုက်ရိုက်တစ်ဖုံ၊ သွယ်ဝိုက်တစ်နည်း အကျိုးပြုနေခြင်းက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပေသည်။ ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို ကျော်လွန်ဖြတ်သန်းပြီး အကျိုးအမြတ် အဓိကမထားဘဲ အစိုးရအဖွဲ့အစည်းမဟုတ်သည့် တစ်ခုတည်းသော အဖွဲ့အစည်းကြီးအဖြစ် ယနေ့တိုင် ရှင်သန်ရပ်တည်နေသည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှာ ၁၉-၈-၁၈၉၅ မှ ရေတွက်သော် ယခုနှစ်ဆိုလျှင် ၁၂၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) ဖွဲ့စည်းထူထောင်ပြီး ၂၈ နှစ်ပြည့်ချိန် ၁၉၂၃ ခုနှစ် ဇူလိုင်လပထမ စနေနေ့တွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို စတင်ကျင်းပခဲ့ပါသည်။ နှစ်စဉ် ဇူလိုင်လရောက်တိုင်း အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day) ကို ကမ္ဘာအဝန်း ကျင်းပခဲ့ရာ ဒုတိယကမ္ဘာစစ်ကာလအတွင်းပင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့များ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ နှစ်စဉ် ဇူလိုင်လ ပထမစနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားများကို ထည်ဝါစွာကျင်းပ ဆောင်ရွက်လာခဲ့ကြသည်။ ၁၉၂၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို စတင်ကျင်းပခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်အထိဆိုလျှင် အကြိမ် (၁၀၀)မြောက်တိုင်အောင် ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကော်မတီငါးရပ် ထူထောင်ထား

ယခုအခါ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် (Brussels)တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး အာဖရိက၊ အမေရိက၊ အာရှနှင့် ပစိဖိတ်၊ ဥရောပတို့တွင် ဒေသရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ လယ်ယာကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ စားသုံးသူ (လက်လီရောင်းဝယ်ရေး)၊ သားငါးလုပ်ငန်း၊ ကျန်းမာရေး၊ အိမ်ရာစီမံကိန်း၊ အာမခံလုပ်ငန်း၊ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည့် စီးပွားရေးကဏ္ဍပေါင်းစုံပါဝင်သော ကမ္ဘာလုံးဆိုင်ရာကဏ္ဍအလိုက် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်း ထားရှိပါသည်။ ကျား မ တန်းတူရေး (gender)၊ သုတေသန၊ ဥပဒေရေးရာ၊ လူငယ်ရေးရာနှင့် ဖွံ့ဖြိုးမှုဟူ၍ ကော်မတီငါးရပ်ကို ထူထောင်ထားရှိသည်။

အောင်မြင်လျက်ရှိသော ကမ္ဘာ့ထိပ်တန်း သမဝါယမလုပ်ငန်း ၃၀၀ ၏ လှည့်လည်ရင်းနှီး ငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံခန့်ရှိပြီး အချိန်ပြည့်၊ အချိန်ပိုင်း လုပ်သားဦးရေ သန်း ၂၈၀ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဆောင်ရွက် ပေးနေပါသည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည့် ပြင်သစ်နိုင်ငံရှိ Credit Agricole Group မှာ တစ်နှစ် ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၃ ဒသမ ၅၀ ခန့်ရှိပြီး ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုတို့ကို လုပ်ကိုင်လျက်ရှိကာ ကမ္ဘာ့သမဝါယမများ၏ အဆင့် (၁)နေရာတွင် ရှိနေသည်။

တူညီသည့် အခြေခံအုတ်မြစ်အပေါ် အခြေတည်ထား

ကမ္ဘာ့သမဝါယမများသည် စုဖွဲ့မှုပုံစံအမျိုးမျိုးနှင့် ကဏ္ဍပေါင်းစုံတွင် အောင်မြင်နေကြသည်ကို တွေ့နေရသည်။ ယခုနှစ် ကမ္ဘာ့ရာပြည့် သမဝါယမနေ့ကို ကမ္ဘာ့သမဝါယမ လောကသားများက ခမ်းနားထည်ဝါစွာ ကျင်းပကြမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် ညီလာခံများကို နှစ်နှစ်(သို့မဟုတ်) သုံးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ (၃၃)ကြိမ်မြောက် ညီလာခံ၌ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဘရူနိုရိုးလန့်စ်က သမဝါယမများသည် တူညီသည့် လူ့ကျင့်ဝတ် ဂုဏ်သိက္ခာစံတန်ဖိုး အခြေခံအုတ်မြစ်အပေါ် အခြေတည်ထားသည့် တစ်ကမ္ဘာလုံး သဘောတူညီထားသော အခြေခံသဘောတရား ဥပဒေများရှိသည့် တစ်ခုတည်းသော စီးပွားရေးလုပ်ငန်း စံပြနမူနာပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သတိတရရှိနေမိပါသည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်က သမဝါယမဟူသည် ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ့်တာဝန် ကိုယ်ယူခြင်း၊ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော အဖွဲ့အစည်းဖြစ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတ စာနာထောက်ထားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှန်ကန်ဖြောင့်မတ်သည့် လူ့ကျင့်ဝတ် စံတန်ဖိုးများရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ လူမှုတာဝန်ရှိပြီး အခြားသူများကို ပြုစုစောင့်ရှောက်ခြင်းဆိုသည့် သမဝါယမ အနှစ်သာရများက နိုးကြွဖြစ်ပေါ်လာစေသည့် မိမိတို့၏ လူထုအခြေပြု စီးပွားရေးပုံစံသည် မည်သို့ရှိသည်ဆိုသည်ကို ကမ္ဘာအနှံ့ သိရှိအောင် ဆောင်ရွက်ရန် ကမ္ဘာ့နေရာဒေသ အသီးသီးတွင်ရှိသည့် သမဝါယမလောကသားများ အားလုံးကို ဖိတ်ခေါ်ကမ်းလှမ်း ထားရှိမှုသည် ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးကို တည်ဆောက်နေခြင်း ဖြစ်သည်။

သမဝါယမများ၏ ကမ္ဘာတစ်ဝန်း လုပ်ငန်းဆောင်ရွက်မှုများသည် ကွဲပြားခြားနားသည့် စီးပွားရေးကဏ္ဍများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အကျပ်အတည်းကာလများတွင်လည်း သမဝါယမများသည် ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ ပုံမှန်ထက် ပိုမိုကြံ့ကြံ့ခံနိုင်ခဲ့သည်။ သမဝါယမများသည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊ အလုပ်အကိုင်ကောင်းများ ဖော်ဆောင်ပေးခြင်း၊ အစားအစာလုံခြုံရေးအတွက် အကူအညီ အထောက်အပံ့ပေးခြင်း၊ ဒေသတွင်း အဖွဲ့အစည်းများအတွင်း ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးခြင်း၊ လူ့ကျင့်ဝတ်နှင့် ကိုက်ညီသော စံတန်ဖိုးဖြစ်စဉ်များကို ပျိုးထောင်ပေးခြင်း၊ အများပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံခြုံမှုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် စစ်မှန်သော ငြိမ်းချမ်းမှုကို အထောက်အကူပြုနိုင်ခြင်း စသည်တို့ကို အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့သမဝါယမများ အောင်မြင်ဖြစ်ထွန်းမှုနှင့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ ချမှတ်ထားသည့် အခြေခံမူများကို ကမ္ဘာတစ်ဝန်း သမဝါယမအသင်းများက လိုက်နာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် လူသားအကျိုးပြုမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့တွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်နေကြမှ ရှေ့သို့သာတိုး၍ လာနေပါသည်။

နှစ်ပေါင်း ၁၁၇ နှစ်ကျော်သည့်တိုင် ရှင်သန်နေ

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA)၏ အခြေခံမူများကို အခြေခံ၍ မြန်မာ့သမဝါယမအခြေခံမူ (၁၀)ချက်နှင့်အညီ သမဝါယမအသင်းများ ဖွဲ့စည်းထားရှိရာ ယနေ့အထိ အသင်းပေါင်း ၃၈၉၆၇ သင်း ရှိနေပါသည်။ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရင်း အသင်းသားအကျိုးပြုမှု၊ ပြည်သူ့အကျိုး အလေးထား၍ ရှင်သန်ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ၃-၁-၁၉၀၅ ရက်နေ့တွင် မြင်းမူငွေစုငွေချေး သမဝါယမအသင်း စတင်ဖွဲ့စည်းကာ သန္ဓေတည်ခဲ့သည့် မြန်မာ့ သမဝါယမသည် ခေတ်အမျိုးမျိုး၊ စနစ်အဖုံဖုံ၊ ဆူကြုံနိမ့်မြင့် လောကသဘာဝကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်း ၁၁၇ နှစ်ကျော်သည့်တိုင် ရှင်သန်နေသည်ကို တွေ့ရသည်။

မြန်မာ့သမဝါယမအသင်းများ၏ APEX Body ဖြစ်သည့် ဗဟိုသမဝါယမအသင်းသည် ၇-၉-၁၉၉၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ICA ၏ လှုပ်ရှားမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိနေပါသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်း သမဝါယမအဖွဲ့ချုပ် ဆိုးလ်မြို့ ကိုရီးယားနိုင်ငံ (ICFO) သို့ ၂၈-၁၁-၂၀၁၂ ရက်နေ့တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမျိုးသမီးများကော်မတီ၊ နယူးဒေလီမြို့ အိန္ဒိယနိုင်ငံ (ICA-AP-Women Committee) သို့ ၃၁-၃-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စားသုံးသူရေးရာကော်မတီ၊ ကွာလာလမ်ပူမြို့ မလေးရှားနိုင်ငံ (ICA-AP Consumer Committee) သို့ ၁-၁၂-၂၀၁၅ ရက်နေ့တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသမဝါယမအဖွဲ့ချုပ် ဆိုးလ်မြို့ ကိုရီးယားနိုင်ငံ (ICAO) သို့ ၂၆-၉-၂၀၁၉ ရက်နေ့တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် လူငယ်ရေးရာကော်မတီ ဘရပ်ဆဲလ်မြို့ ဘယ်လ်ဂျီယံနိုင်ငံ (International Cooperative Alliance – Youth Committee) သို့ ၁၀-၁-၂၀၂၂ ရက်နေ့တွင် လည်းကောင်း အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး နိုင်ငံတကာရေးရာ သမဝါယမ ဖွံ့ဖြိုးမှုကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရပါသည်။

၁၉၉၃ ခုနှစ်တွင် ဗဟိုသမဝါယမအသင်းမှ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ၁၉၉၅ ခုနှစ် ဇူလိုင်လ ပထမပတ် စနေနေ့မှစကာ မြန်မာ့သမဝါယမ လောကသားများက ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်သည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ကျရောက်တိုင်း ဆောင်ပုဒ်များသတ်မှတ်၍ ကမ္ဘာ့သမဝါယမများသို့ နှိုးဆော်တိုက်တွန်းလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက် (စနေနေ့)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်အဖြစ် “Cooperatives Build a Better World” “ကမ္ဘာ့လောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး” ဟူ၍ သတ်မှတ်ထားပါသည်။

အချုပ်ဆိုရသော် ၁၉၂၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့သည် ယခုနှစ်ဆိုလျှင် နှစ် (၁၀၀)ပြည့် အာဇညရတုတစ်နည်း ရာပြည့်ရတုတိုင်ခဲ့ပြီ ဖြစ်ပါသည်။ သမဝါယမများ၏ ရှင်သန်နိုးထမှုနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်၊ ဆင်းရဲမှုလျှော့ချရေးနှင့် ကျား မ တန်းတူညီမျှရှိမှုတို့ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် ကမ္ဘာလုံးဆိုင်ရာ အေးချမ်းတည်ငြိမ်ရေးနှင့် စီးပွားရေးပြန်လည် နာလန်ထူမှုတို့အား ဝိုင်းဝန်းတည်ဆောက်လျက် ရှိနေခြင်းကို ပို၍ပို၍ အလေးထားကာ ကမ္ဘာ့ရာပြည့် သမဝါယမနေ့မှသည် ထောင်ပြည့်၊ သောင်းပြည့်နေ့ ကာလများကို ပိုင်ဆိုင်နိုင်ပြီး ကမ္ဘာ့လောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေးနေဦးမည်ဆိုသည်ကို အစဉ် ယုံကြည်နေမိပါကြောင်း နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပါသည်။       ။

ကိုးကား။       29-4-2022 ရက်နေ့ www.ica.coop တွင် ထုတ်ပြန်ကြေညာချက်။

သမဝါယမဦးစီးဌာနနှင့်ဗဟိုသမဝါယမအသင်းတို့မှ စာရင်းအချက်အလက်များ။