Skip to main content

ရေထဲမှ ပလတ်စတစ်အမှိုက်သရိုက်များ အန္တရာယ်

ပေါက်ပေါက်

ပလတ်စတစ်ညစ်ညမ်းမှုများသည် သမုဒ္ဒရာ၏အစိတ်အပိုင်းအားလုံးကို စိမ့်ဝင်သွားပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(WWF)က ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပလတ်စတစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ကြရန် တောင်းဆိုထားသည်။ WWF က ထုတ်ပြန်သည့် အစီရင်ခံစာအရ အဏ္ဏဝါမျိုးစိတ်များ၏ ၈၈ရာခိုင်နှုန်းသည် သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုဒဏ်ကို ခံစားနေကြရပြီး တိရစ္ဆာန်များစွာသည် အဆိုပါပလတ်စတစ်များကို မျိုချမိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း၌ ပလတ်စတစ် ထုတ်လုပ်မှုသည် ၂၀၄၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားကာ ထိုဂယက်ကြောင့် သမုဒ္ဒရာအတွင်း ပလတ်စတစ်အမှိုက်လေးဆတိုးလာမည်ဖြစ်ပြီး ၎င်းအမှိုက်များသည် ဂရင်းလန်းကျွန်း၏ နှစ်ဆခွဲမျှအရွယ် အစားရှိသောဧရိယာကို အကျိုးသက် ရောက်မှုရှိလိမ့်မည် ဖြစ်သကဲ့သို့ အထူးသဖြင့် ပင်လယ်ဝါ၊ တရုတ်အရှေ့ပင်လယ်နှင့် မြေထဲပင်လယ်တို့တွင် သက်ရောက်မှုအများဆုံး ဖြစ်နိုင်ကြောင်းကိုလည်း သတိပေးထားသည်။

ပလတ်စတစ်ဆိုးကျိုး

ဓာတုဗေဒဆိုင်ရာနည်းပညာဖြင့် ဖန်တီးထုတ်လုပ်သော ပလတ်စတစ် သည် လူနေမှုဘဝကို အဘက်ဘက်မှ အကျိုးပြုခဲ့သော်လည်း လူတို့နေထိုင်သော ကမ္ဘာ၏ မြေထု၊ ရေထု ပတ်ဝန်းကျင်ကို အလွန်အမင်း ထိခိုက်စေကြောင်း နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက ဖော်ထုတ်တွေ့ရှိလာကြသည်။ ပလတ်စတစ် ညစ်ညမ်းမှု၏အဓိက ပြဿနာမှာ ပလတ်စတစ်သည်စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ် ပစ္စည်းများကဲ့သို့ မြေကြီးနှင့်ရောနှောကာ မြေဩဇာဖြစ်သွားခြင်းမရှိ၊ ဆွေးမြည့်ကွယ်ပျောက်ခြင်းလည်း မရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက ယင်းပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှ ဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာသည်။ ထိုအခါ ရေထဲရှိ ရေနေသတ္တဝါများ သေဆုံးကာ ဂေဟစနစ် ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ် အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ်ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေး ထားသည်။

ဤနည်းအားဖြင့် ကမ္ဘာ့မြေထုကို ပလတ်စတစ်က ပျက်စီးစေကြောင်း သိပ္ပံပညာရှင်များကတွေ့ရှိပြီးနောက် ပင်လယ် သမုဒ္ဒရာများထဲအထိ မျောပါသွားသော ပလတ်စတစ်စွန့်ပစ်ပစ္စည်း အပိုင်းအစများသည် ရေ၏ ပင်ကိုဂုဏ်သတ္တိကို ပျက်ပြားစေရုံသာမက ငါးနှင့် အခြား ရေသတ္တဝါများအား အသက်သေသည်အထိ ဘေးဖြစ်စေကြောင်း ဆက်လက် ဖော်ထုတ်လာနိုင်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် ပတ်ဝန်းကျင်သိပ္ပံပညာရှင်များ ပူးပေါင်းကာ ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာ များအတွင်းရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စီမံချက်များရေးဆွဲပြီးရှင်းလင်း ဖယ်ရှားပစ်ခဲ့ကြသည်။ ထိုသို့ရှင်းလင်းဖယ်ရှားခဲ့သည့်တိုင် လူတို့၏မဆင်မခြင် စွန့်ပစ်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ညစ်ညမ်းနေဆဲဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု စမစ်ဆိုးနီးယန်း ပတ်ဝန်းကျင်သုတေသနဌာန ဦးဆောင်သုတေသီ ဒေါက်တာလင်းဆေးဟာရမ်က အတည်ပြုပြောကြားသည်။ ထို့ပြင် ပလတ်စတစ် အမှိုက်သရိုက်များကြောင့် ပင်လယ်ရေသတ္တဝါများစွာတို့ ထိခိုက်သေကျေနေကြရဆဲဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။ အဆိုပါသုတေသနကို ဟာဝိုင်ယီတက္ကသိုလ်မှ အဏ္ဏဝါဗေဒ ပညာရှင်များနှင့် ပူးတွဲလေ့လာခဲ့ကြရာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ် အမှိုက်ပမာဏသည် တန်ချိန်ပေါင်း ၇၉ဝဝဝ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

ကမ္ဘာ့အညစ်ညမ်းဆုံး မြစ် ၁၀ စင်းတွင် ဧရာဝတီမြစ်ပါဝင်

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ် ၁၀ စင်း စာရင်းတွင် မြန်မာနိုင်ငံရှိ ဧရာဝတီမြစ် ပါဝင်လာကြောင်း မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)၏ စစ်တမ်းအရ သိရသည်။ ဧရာဝတီမြစ် အတွင်းသို့ နေ့စဉ်ပလတ်စတစ် စွန့်ပစ် ပစ္စည်း ၁၁၉ တန်ခန့် စီးဝင်လျက်ရှိပြီး မြစ်အတွင်း ပလတ်စတစ်စွန့်ပစ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုများလာခြင်းကြောင့် ကမ္ဘာပေါ်ရှိ အညစ်ညမ်းဆုံးမြစ် ၁၀ စင်းတွင် ဧရာဝတီမြစ်က နံပါတ် (၉) အဆင့်တွင် ရောက်ရှိကြောင်း ဝမ်းနည်းဖွယ် သိရသည်။ ယခုအခါ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် နေထိုင်သူများ၏ ပလတ်စတစ်အမှိုက်စွန့်ပစ်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ်ထက် ပိုမိုများပြားလာလျက်ရှိသည်။ ဧရာဝတီမြစ်အတွင်းသို့ မြစ်ဝကျွန်းပေါ် ဒေသများမှ တစ်ရက်လျှင် ပလတ်စတစ် ၃၂ တန်စွန့်ပစ်နေကြပြီး အဆိုပါ စွန့်ပစ်မှုပမာဏသည် လူဦးရေထူထပ်သည့် ရန်ကုန်မြို့၏ တစ်ရက်လျှင် ပလတ်စတစ်စွန့်ပစ်မှု ၂၉တန်ထက် ပိုများနေကြောင်း စစ်တမ်းထဲတွင်ပါရှိသည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင်စနစ်တကျ စွန့်ပစ်ပစ္စည်းများ စုစည်းရန် ကောင်းမွန်သော အမှိုက်သိမ်းသည့် စနစ်မရှိသဖြင့်ယင်းစနစ်များ တည်ဆောက်ရန် အစိုးရနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့မှ အထောက်အပံ့များ လိုအပ်နေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကိုဗစ်ကာလ ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ

ကိုဗစ်ကာလ ကြာရှည်လာသည်နှင့် အမျှကပ်ရောဂါနှင့်ဆက်စပ်နေသော ပလတ်စတစ်ပစ္စည်းများ စွန့်ပစ်မှုကလည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြီးစွာသောအဟန့်အတား ဖြစ်စေသည်။ ၎င်းပလတ်စတစ်အများစုသည် တစ်ကိုယ်ရေသုံးရောဂါကာကွယ် ရေးပစ္စည်းများ၊ ဆေးရုံ၊ ဆေးခန်းများမှ ထွက်ရှိသည့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့် အွန်လိုင်းဈေးဝယ် အစားအသောက် ထုပ်ပိုးပစ္စည်းများဖြစ်ကြသည်။ လူအများက ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို တက်ညီလက်ညီ စနစ်တကျ စွန့်ပစ်မည်ဆိုပါက သက်ဆိုင်ရာ အမှိုက်ပုံးများသို့ ရောက်ရှိသွားမည်ဖြစ်သော်လည်း စည်းကမ်းမဲ့စွန့်ပစ်ထားသော ပလတ်စတစ်ပစ္စည်းများမှာ ရေမြောင်းများ၊ မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်သို့ မျောပါသွားကြသည်။ ထိုမှတစ်ဆင့် သေးငယ်သောအစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ရောက်သွားမည်ဖြစ်ကာ နောက်ဆုံးတွင် အာတိတ်သမုဒ္ဒရာ၌ စုပုံလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအခြေစိုက် သုတေသီအဖွဲ့တစ်ဖွဲ့က နိုင်ငံပေါင်း ၁၉၃ နိုင်ငံသည် ကိုဗစ်ကပ်ရောဂါနှင့် ဆက်စပ်သော ပလတ်စတစ်အမှိုက်မက်ထရစ် တန်ချိန် ရှစ်သန်းခန့်ကို အသုံးပြုခဲ့ကြောင်း ယမန်နှစ်က ထုတ်ဝေခဲ့သည့် သိပ္ပံဂျာနယ်တစ်စောင်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံသည် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ ဆေးရုံ၊ဆေးခန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုဌာနများနှင့် လူတစ်ဦးချင်းစီတိုင်း ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် နှာခေါင်းစည်းများ၊ လက်အိတ်များ၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံများနှင့် အခြားသော ကာကွယ်ရေးပစ္စည်းများကို ပိုမိုသုံးစွဲလာကြသဖြင့် စွန့်ပစ်ပစ္စည်းများသည်လည်း ပုံမှန်အနေအထားထက် ပိုများလာသည်။ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နှင့် နှိုင်းယှဉ်ပါက ဆေးဘက် ဆိုင်ရာ စွန့်ပစ်ပစ္စည်းများသည် ခြောက်ဆ ခန့်တိုးမြင့်လာခဲ့ကြောင်း သိရသည်။ ၎င်းအရေအတွက်တွင် လူအချို့၏ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် လမ်းမများနှင့် နေရာအနှံ့ရှိ ပမာဏမြောက်မြားစွာသော နှာခေါင်းစည်း (Mask) များ မပါဝင်သေးပေ။ ကပ်ရောဂါသည် ကမ္ဘာကြီးကို ပူနွေးစေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကိုသိသိသာသာ ကျဆင်းစေခဲ့သော်လည်း ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာဂြိုဟ်အတွက် အကြီးမား ဆုံးခြိမ်းခြောက်မှုဖြစ်နေ၍ လူသားအားလုံး သတိပြုဆင်ခြင်သင့်ပါသည်။

ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော ပလတ်စတစ်အမှိုက်များအကြောင်း

နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် ပလတ်စတစ် အန္တရာယ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ယမန်နှစ် ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ အောက်ပါအတိုင်း ဖော်ပြထားကြောင်း လေ့လာသိရှိရပါသည်။

ယနေ့ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၅၀၀ မှ တန်ချိန်သန်းပေါင်းတစ်သန်း (တစ်ထရီလီယံ)အထိ သုံးစွဲလျက်ရှိပြီး မိနစ်တိုင်းတွင် ပလပ်စတစ်အိတ်ပေါင်း တစ်သန်းနီးပါး စွန့်ပစ်နေကြသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ကုန်စုံဆိုင်လုပ်ငန်း သုံးအိတ်များကို ငါးထရီလီယံအထိ သုံးစွဲနေပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမှုမရှိသဖြင့် ကမ္ဘာကြီးသည် အမှိုက်များဖြင့် ပိတ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ရာစုနှစ်ဝက် အရောက်တွင် ပလတ်စတစ်အိတ် တန်ချိန် ၁၂ ဘီဘီယံကြောင့် ကမ္ဘာကြီးသည် ရေလွှမ်းမိုးမှုဒဏ် ခံစားရနိုင်သည်။ ထိုသို့ နှစ်စဉ်ပလတ်စတစ်အိတ် ငါးထရီလီယံ အသုံးပြုနေခြင်းက တစ်မိနစ်လျှင် ပလတ်စတစ်အိတ် ၁၀ သန်းနီးပါး အသုံးပြုခြင်းနှင့် ညီမျှသည်။

အသုံးပြုပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်သဖြင့် ၇၉ ရာခိုင်နှုန်းသည် အမှိုက်အဖြစ် အဆုံးသတ်သွားသည်။ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများသည် အန္တရာယ်ရှိသော ပစ္စည်းများ စွန့်ပစ်မှုအတွက် အသုံးပြုခံနေရပြီး ရေနေသတ္တဝါများမှာလည်း အမှိုက်သရိုက်များကြောင့် အသက်ရှင်ရန် ခက်ခဲလာကာ အချို့ရေကြောင်းနေရာများသည် ပလတ်စတစ်စွပ်ပြုတ်ကဲ့သို့သော နေရာအဖြစ်ပြောင်းလဲလာသည်။ ပလတ်စတစ်ပစ္စည်းအများစုသည် ရေကြောင်းကိုပိတ်စေပြီးကောက်ရိုး၊ ပလတ်စတစ်အိတ်နှင့်ဇွန်း၊ ခက်ရင်း အစရှိသောပစ္စည်းများက အမှိုက်ပုံ တစ်ခုကဲ့သို့ ဖြစ်လာသည်။

ပလတ်စတစ်အိတ်များသည် ရေဆိုးပိုက်များကို ပိတ်နေသဖြင့် ရောဂါပိုးမွှားများ ပျံ့နှံ့ကူးစက်နိုင်ပြီး အကယ်၍ တိရစ္ဆာန်များ၏ အစားအစာထဲသို့ ပါသွားပါက အသက်ဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၌ သေဆုံးသွားသော နွားများ၏ ဝမ်းဗိုက်အတွင်း ပလတ်စတစ်အိတ်များတွေ့ရှိရပြီး ထိုင်းနိုင်ငံ၌ဝေလငါး တစ်ကောင်သည်လည်း အသုံးပြုပြီး ပလတ်စတစ်အိတ်များ စားသုံးမိသဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရေထုသန့်ရှင်းရန်အတွက် လူသားတို့တာဝန်

မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများသည့် နိုင်ငံဖြစ်သည့်အလျောက် မြန်မာလူမျိုးတို့၏ အမြင်တွင် ရေသည် အပေါများဆုံးသော အရာဝတ္ထုအဖြစ် ရှုမြင်သည့်အကျင့်က စွဲနေသည်။ စင်စစ်အားဖြင့်မူ လူနှင့်တကွ ကုန်းနေရေနေ သက်ရှိသတ္တဝါအားလုံးအတွက် ဘေးကင်းစွာ သောက်သုံးနိုင်သည့် သန့်ရှင်းသောရေသည် ထင်သလောက် မပေါများသည့်အတွက် တန်ဖိုးထားအပ်ပြီး စနစ်တကျသုံးစွဲရန်လည်း လိုအပ်သည်။

ကမ္ဘာကြီးသည်ရေကမ္ဘာကြီးဟု ဆိုရလောက်အောင် ကုန်းမြေထက် ရေများက ဖုံးလွှမ်းနေသော်လည်း ၉၈ ရာခိုင်နှုန်းဖြစ်သော ပင်လယ်ရေများသည် သောက်သုံး၍မရဘဲ နှစ်ရာခိုင်နှုန်းမျှသာရှိသော ရေချိုကို သောက်သုံးနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေကို နိုင်ငံအတွင်းရှိ အိမ်ထောင်စုများ၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်းကသာ သုံးစွဲခွင့် ရရှိနေသည်။ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေဆိုသည်မှာ ရောဂါပိုးမွှား ကင်းစင်ပြီး ကောင်းမွန်သော ရေအရင်း အမြစ်မှ အချိန်မရွေး လက်တစ်ကမ်းတွင် ရနိုင်သောရေဖြစ်သည်။အိမ်ထောင်စု များ၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းသည် မြစ်များ၊ချောင်းများ၊ ဆည်များ၊ တူးမြောင်းများ၊ ကန်များ စသည့် မြေပေါ် ရေများကို သုံးစွဲနေကြရသည်။ ထို့ကြောင့် လက်ရှိ “ကမ္ဘာ့အညစ်ညမ်းဆုံးမြစ် စာရင်းဝင်ဧရာဝတီမြစ်”ကို အရေးတကြီး စောင့်ရှောက်ကြရန်နှင့် ဧရာဝတီမြစ်နည်းတူ အလားတူ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပေါ်စေရေးမှာလည်း မြန်မာပြည်သူ ပြည်သားအားလုံး၏အမျိုးသားရေး တာဝန် ဖြစ်ပေသည်။

သို့ပါ၍ အများပြည်သူတို့အနေဖြင့် ပလတ်စတစ်အိတ် သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူ ဆွေးမြည့်နိုင်သောထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချရန်လိုအပ်ပါကြောင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အသွယ်သွယ်က ရှောင်လွှဲ၍အညစ်အကြေး ကင်းစင်သန့်ရှင်းသည့်ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။။