Skip to main content

သတင်း စားသုံးကြသူများ

မောင်မာင်ဟိန်း(အင်းတိုင်)

လူသားတိုင်း နေ့စဉ်သတင်းစားသုံးကြသည်။ သတင်းတစ်ပုဒ်သည် အကြောင်းအကျိုး၊ အကောင်းအဆိုးများစွာ ပါဝင်နေတတ်သည်။ သတင်းအာဟာရ အကျိုးကျေးဇူးရရှိမှုသည် စားသုံးသူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု၊ စိတ်ခံစားမှုတို့ အပေါ်မူတည်၍ ရရှိခံစားကြရမည်သာဖြစ်သည်။

သတင်းဆိုသည်မှာ ကြားသိအပ်သော အဖြစ်အပျက်၊ အကြောင်းအရာများကို ဆိုလိုသည်။ မည်သည့် အကြောင်းအရာ၊ အဖြစ်အပျက်မဆို သတင်းတင်ဆက်သူ၏ တစ်နည်းအားဖြင့် သတင်းဖြန့်ဝေသူ၏ အာဘော်လိုလားချက်များရောပြွမ်းနေတတ်သည်ကို သတိပြုအပ်သည်။ သတင်း တစ်ပုဒ်ကို တင်ဆင်သူများက ဘက်ပေါင်းစုံမှ လိုရာ ပုံဖော်တတ်ကြသည်။

သတင်းစစ်ပွဲများ

ယနေ့ခေတ်သစ်စစ်ပွဲများတွင် အချိန်နှင့်အမျှ ဆင်နွှဲနေကြသည့် သတင်းစစ်ပွဲများကို စနစ်တကျ ပုံဖော်နေကြသည်။ အားကောင်းသော မီဒီယာကြီးများက ဦးတည်အုပ်စုများကို သတင်းစစ်ပွဲဖြင့် နေ့စဉ်တိုက်ခိုက်နေကြသည်။ သတင်းလက်ဦးမှုရယူခြင်း၊ ဝါဒဖြန့်သတင်းများ ဖြန့်ဝေခြင်း၊ သပ်လျှိုသွေးခွဲခြင်း၊ အမှန်နှင့်အမှားရောပြွမ်း၍ လိုရာပုံဖော်ခြင်း၊ အမှားကြာအမှန်ဖြစ်အောင် မှိုင်းတိုက်ခြင်း၊ ကောင်းသောလုပ်ဆောင်ချက်များကို မှေးမှိန်‌အောင်ပြု၍ မကောင်းသည့်လုပ်ရပ် များကို ပုံကြီးချဲ့ထိုးနှက်ခြင်း စသည်တို့ကို ပံ့ပိုးထောက်ပံ့သူများ၏ အလိုကျ မီဒီယာကြီးများက ပုံဖော်၍ သတင်းတင်ဆက်နေကြသည်။

မီဒီယာပလက်ဖောင်းမှာ အများနှင့်တန်းတူ မလျှောက်နိုင်သော အဖွဲ့အစည်းများ၊ တည်ဆဲအစိုးရများသည် ယင်းတို့ကို မလိုလားသူများ၏ မီဒီယာအားကို မလွန်ဆန်နိုင်ဘဲ နောက်ကောက်ကျ နေမည်သာဖြစ်သည်။ သတင်းမှန်ထုတ်ပြန်ရေး စိစစ်နေချိန်တွင် အမှားသတင်းက ကမ္ဘာကြီးကို တစ်ပတ်ပတ်ပြီးတာနှင့် ကြုံတွေ့နေရမည်မှာ သေချာပါသည်။ နောက်ကလိုက်ပြီး ပန်းဝင်တာ အတူတူဖြစ်ချင်၍ မရနိုင်သည်ကို လက်ခံကြရမည်။ သို့သော်လည်း သတင်းအမှန်ကိုသာ စားသုံးလိုကြသူ များ၏အားကို မဖြစ်မနေယူရန် လိုအပ်၍ နည်းမျိုးစုံ ဖြင့် စွမ်းဆောင်ကြရမည်ဖြစ်သည်။

သတင်းစားသုံးသူများတွင် ပူးကပ်နေသော ပယောဂများကို ကုစားရန်လိုအပ်ပါသည်။ အတန်း ပညာတတ်မြောက်တိုင်း အမှန်၊ အမှားခွဲခြားနိုင်မည် မဟုတ်ပါ။ အတန်းပညာမြင့်မားသူတိုင်း ဉာဏ်ပညာမြင့်မားကြသည်လည်းမဟုတ်ပါ။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းသည် ဉာဏ်ပညာ မြင့်မားခြင်းပင်ဖြစ်သည်။ အစွဲအလမ်းကင်းကင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော လူ့ပတ်ဝန်းကျင် တစ်ရပ်ပေါ်ထွန်းလာလေ သတင်းအဆိပ်သင့်မှု ကင်းဝေးလေဖြစ်မည်ဟု ဆိုချင်ပါသည်။

ဒီမိုကရေစီခေါင်းစဉ်အောက်တွင် ငါနှင့်မတူ ငါ့ရန်သူဆိုသည့် လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီရလျှင် လွတ်လပ်ခွင့်ရမည်၊ အလုံးစုံတိုးတက်မည်၊ လူမှုဘဝမြင့်မားမည်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ အလိုအလျောက်ရရှိမည်ဆိုသည့် မစားရဝခမန်း မက်လုံးများပုံအောပြီး မီဒီယာအားဖြင့် ပြည်သူများကို ယုံကြည်စိတ်ဝင်အောင် သတင်းအဆိပ်ခတ်ထားကြသည်။

ရန်ပြုတိုက်ခိုက်သည်အထိ အခြေဆိုက်ခဲ့ကြ

အဆိပ်မိနေသော ပြည်သူများကို ထပ်မံ၍ ဒီမိုကရေစီစနစ်ကို ပျက်သုဉ်းအောင်၊ ဖော်ဆောင် ခွင့်မရအောင် နည်းလမ်းမျိုးစုံဖြင့် အဟန့်အတားပြုနေသော အာဏာရှင်စနစ်ကို တွန်းလှန်ကြရမည်ဆိုပြီး ထပ်မံမှိုင်းတိုက်ထားကြသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရစစ်စစ်ဖြစ်သော အယူအဆ၊ အတွေးအခေါ်မတူညီသူများအားလုံး စုပေါင်းအဖြေရှာရမည့် သာတူညီမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ဘက်ပေါင်းစုံကွဲကာ ငါနှင့်မတူငါ့ရန်သူ အယူအဆများအားကြီးကာ ဒီမိုကရေစီဟု ကြွေးကြော်ကြသူများသည် ဘက်မတူသူ၊ ယုံကြည်ချက်၊ ခံယူချက်မတူသူများကို ရန်ပြုတိုက်ခိုက်သည်အထိ အခြေဆိုက်ခဲ့ကြသည်။

မိဘ၊ ဆရာသမား၊ ရဟန်းသံဃာများပါမကျန် ရန်ပြုရဲ၊ တိုက်ရဲ၊ သတ်ရဲသည်အထိ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဖြစ်မှန်းမသိဖြစ်နေကြရသည်။

တိုင်းပြည်တစ်ခုတည်ထောင်ရာတွင် ပြည်သူအားဖြင့်သာ တည်ထောင်ကြရခြင်းဖြစ်သည်။ ပြည်သူအချင်းချင်း သွေးကွဲနေသရွေ့ ရန်ပြုနေသရွေ့ မည်သည့်တိုင်းပြည်မှ ထူထောင်နိုင်မည် မဟုတ်ပါ။ အလုံးစုံပျက်သုဉ်းမည်သာဖြစ်သည်။ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ကောင်းပေးနေသည့် မီဒီယာအားက ကြီးမားနေသည်ကို ပြည်သူများ ကြီးစွာသတိထား ဆင်ခြင်ကြရ ပေမည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်အရှိဆုံးမှာ ထိုနိုင်ငံရှိပြည်သူများ ပင်ဖြစ်သည်။ ပြည်သူများ၏ လုပ်ဆောင်ချက်များ ကောင်းခြင်း၊ ဆိုးခြင်း တို့သည် တိုင်းပြည်အပေါ် တိုက်ရိုက်သက်ရောက်နေမည်ဖြစ်သည်။

ယုံကြည်ချက်အပေါ်အခြေခံ၍ ခံယူချက်များ ကွဲပြားတတ်ကြသည်။ ခံယူချက်မတူလျှင် လုပ်ဆောင်ချက်များတူညီရန် မဖြစ်နိုင်တော့သဖြင့် စည်းလုံးညီညွတ်ရေး ပျက်ပြားစေမည် ဖြစ်သည်။ ယုံကြည်ချက်ဆိုသည်မှာ အသိ၊ အမြင်၊ အကြား လွှမ်းမိုးမှုအပေါ် မူတည်၍ ဖြစ်တည်လာတတ်သည်။ သိသမျှ၊ မြင်သမျှ၊ ကြားသမျှကို အမှန်နှင့်အမှား ခွဲခြားနိုင်စွမ်းရှိမှသာ တစ်ဖက်သတ် လွှမ်းမိုးခံရခြင်း ဘေးဆိုးမှ ကင်းလွတ်နိုင်ကြမည်ဖြစ်သည်။

ယနေ့ခေတ်ဆိုရှယ်မီဒီယာ အားကောင်းမှုကို ထိရောက်စွာ အသုံးချ၍ နည်းပညာအား၊ ငွေအား ပုံအောကာ လိုရာပုံဖော်ကြသော ပြည်ဖျက်မီဒီယာ များ၏ ဝါဒမှိုင်းအောက်ရောက်နေကြရသူ များစွာရှိ သည်။ နိုင်ငံကြီးများသည် သူတို့၏ အကျိုးစီးပွားကို ဦးတည်၍ ခေတ်သစ်ကျွန်ပြုရန် မီဒီယာလုပ်ငန်း အပါအဝင် ဘက်ပေါင်းစုံဖြင့် ဆောင်ရွက်နေကြသည်။ သူတို့၏ အလိုကျ လိုက်လျောဆက်ဆံခြင်း မပြုသော နိုင်ငံငယ်များကို နည်းမျိုးစုံဖြင့် ဖိအားပေးခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်း၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို နောက်ကွယ်မှကူညီထောက်ပံ့ခြင်း တို့ကို ခေါင်းစဉ်မျိုးစုံပြကာ လိုသလိုပုံဖော်ကြသည်။

အကျိုးလို၍ ညောင်ရေလောင်းနေကြခြင်း ဖြစ်သည်ကို ခွဲခြားသိမြင်နိုင်မှသာ တော်ကာကျ မည်ဖြစ်သည်။ ခေတ်သစ်ကျွန်ပြုခြင်းတွင် သိသာထင်ရှားသော ဖြစ်စဉ်များအနက် အင်အားကြီးနိုင်ငံ ကြီးများသည် သူတို့လိုရာကြိုးဆွဲ၍ရသော အစိုးရတစ်ရပ်ကို နိုင်ငံငယ်များ တွင် တင်မြှောက်ထားနိုင်ရန် ပုံဖော်ကြသည်။ သူတို့နှင့်သဟဇာတ မဖြစ်သော အစိုးရ ပြုတ်ကျရေးဆောင်ရွက်ကြသည်။

ပညာရေးကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ဦးတည်ကြိုးပမ်း

ကမ္ဘာ့နိုင်ငံများအားလုံးသည် ပညာရေးကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးအတွက် ဦးတည်ကြိုးပမ်းနေကြသည်။ Education for All ဆိုသည်နှင့်အညီ နိုင်ငံသားအားလုံး ပညာသင်ကြားခွင့်ရရှိရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဆိုင်ရာအစိုးရများက အလေးထား ဆောင်ရွက်နေကြသည်။

ပညာရေးကို အားမပေးခြင်း၊ ဟန့်ထားနှောင့်ယှက်ခြင်း၊ အေးချမ်းစွာပညာသင်ယူခွင့် မရရှိစေရန် အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ခြင်း၊ မတရားသဖြင့် တရားမဝင် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ လှုံ့ဆော်ခြင်း၊ ပညာရေးကိုလိုလားသော မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို စာနာမှုကင်းမဲ့စွာ အပြစ်တင်ခြင်း၊ အပြစ်ဖို့ခြင်းတို့ ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးသည် ပညာသင်ကြားနေသော ကလေးငယ်များ၏ ဘဝကိုစတေးကာ နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးနေသော အင်မတန် အောက်တန်းကျသည့် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို မရိုးမဖြောင့်သော အကြံအစည်ဖြင့် လုပ်ဆောင်နေကြသူများ သာ ဖြစ်သည်ကို ကြီးစွာသတိချပ်သင့်ပေသည်။

နိုင်ငံတကာရှိ အဆင့်မြင့်တက္ကသိုလ်ကြီးများအားလုံးက ယခုနှစ်အပါအဝင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနက်မှ အကျိုးအကြောင်းသင့်၍ ယင်းတက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာသင်ကြားလိုသူများကို သတ်မှတ်အရည်အချင်း ကိုက်ညီလျှင် လက်ခံသင်ကြားပေးကြမည်သာဖြစ်သည်။ မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို လက်မခံကြောင်း ကြေညာချက် ထုတ်ပြန်ထားရှိမှု တစ်စုံတစ်ရာမရှိသည်ကို ထောက်ရှုခြင်းအားဖြင့် နိုင်ငံတကာ ကလည်း Education for All ကို လိုက်နာ‌ဆောင်ရွက်လျက်ရှိကြောင်း သိသာထင်ရှား လှပါသည်။

ပညာရေးကို အားပေးနေသည့် အစိုးရတစ်ရပ်ကို မလိုလားသူများက ယင်းအစိုးရ၏ကောင်းမွန်သော လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုကာ ယင်းအစိုးရကာလ ပညာမသင်ကြားနိုင်ရေး အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေကြခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို ချိုးဖျက်နေကြသည့် လူ့အသိုင်းအဝိုင်းတွင် မရှိသင့်မရှိထိုက်သော စိတ်ဓာတ်အောက်တန်းကျ သူများသာဖြစ်သည်။

သတင်းအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်မည်

နေ့စဉ်သတင်းများ တင်ဆက်ထုတ်လွှင့်ဖြန့်ချိနေသော သတင်းဌာနအများစု၏ သတင်းများ အားလုံးသည် သတင်းအမှန်များချည်းသာ မဟုတ်ဘဲ လိုရာဆွဲပုံဖော်ခြင်း၊ အမှန်နှင့်အမှား ရောထွေးပြီး ဝေဝါးစေခြင်း၊ နစ်နာစေလိုသည့်အုပ်စုကို ဦးတည်တိုက်ခိုက်ခြင်း၊ အမှန်တရားကို မျက်ကွယ်ပြုကာ အကျိုးစီးပွားရှာဖွေခြင်း၊ သတင်းလက်ဦးမှုနှင့် သတင်းလွှမ်းမိုးမှု တည်ဆောက်ကာ တရားမျှတမှုမရှိသောသတင်းများဖြင့် တစ်ဖက်သတ်ဝါဒ ဖြန့်ချိခြင်း စသည်ဖြင့် အဆိပ်ခတ်ထားသော သတင်းများဖန်တီး၍အတ္တအကျိုးစီးပွား ဗဟိုပြုကာ တင်ဆက်လျက်ရှိကြသည်ကို အသိ၊ သတိရှိစွာဖြင့် အမှန်၊ အမှားခွဲခြားကာ ဆင်ခြင်သုံးသပ် နိုင်စွမ်းရှိမှသာ တစ်နည်းအားဖြင့် ဝမ်းစာပြည့်ဝမှသာ သတင်းအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

နေ့စဉ်ဘဝမှာ စားသုံးနေကြရသည့် သတင်းများကို အမှား၊ အမှန်၊ အဖြူအမည်း၊ မိတ်ဆွေ၊ ရန်သူ ခွဲခြားသုံးသပ်နိုင်မှသာ အဆိပ်သင့်သတင်းများဘေးမှ ကင်းဝေးကာ အမြင်မှား၊ အတွေးမှား၊ ခံယူချက်အမှားများ ကင်းစင်သည့် သန့်ရှင်းသော လူမှုအသိုင်းအဝိုင်းတစ်ရပ် ဖြစ်ပေါ်လာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

သတင်းစားသုံးသူများ သတင်းအဆိပ်သင့်ခြင်း အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ ။