Skip to main content

ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ရွေးချယ်ကြရာတွင် ...

သိန်းထွန်း (IR)

အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ပါတယ်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမှာဆိုရင် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိပါတယ်။ စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူပေါင်း ၂၈၁၇၅၁ ဦးမှာ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူပေါင်းက ၁၃၂၀၇၇ ဦးပါ။

အခုဆို တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အဆင့်မြင့် ပညာရေးတွေ၊ အသက်မွေးဝမ်းကျောင်းပညာရေးတွေ စတဲ့ပညာရေးလမ်းကြောင်းနဲ့ ဘဝရှေ့ရေး ရွေးချယ်ဖို့ စဉ်းစားနေကြပါပြီ။ ကာယကံရှင် ကျောင်းသား ကျောင်းသူတွေတင် မကပါဘူး မိဘတွေလည်း စဉ်းစားနေကြပြီပေါ့။

တက္ကသိုလ်ဝင်တန်းအောင်လို့ ပျော်ရွှင်ကြည်နူးမှုတွေ ပြည့်နေတဲ့အချိန်မှာ ကိုယ်ရတဲ့ အမှတ်နဲ့မီတဲ့ ဘယ်တက္ကသိုလ်တက်မလဲ၊ ဘယ်ဘာသာတွေ ယူကြမလဲဆိုတာ ရွေးရပါတော့မယ်။ စိတ်လှုပ်ရှား တာရော၊ မသေချာမရေရာတာတွေ ခံစားချက်မျိုးစုံ ဖြစ်တဲ့အချိန်လို့ ဆိုနိုင်ပါတယ်။ အဆင့်မြင့်ပညာရေး ဆက်တက်ဖို့ ကာယကံရှင်ကျောင်းသား၊ မိဘ၊ ဆရာ တွေနဲ့ နီးစပ်ရာ တိုင်ပင်ကြရပါတယ်။ ကိုယ်ရတဲ့ အမှတ်၊ ကိုယ့်ဝါသနာ၊ မိဘရဲ့အခြေအနေ၊ အသက် မွေးဝမ်းကျောင်းနဲ့ အလုပ်အကိုင်၊ ခေတ်အခြေအနေ ဆိုတာတွေကို ခြုံငုံစဉ်းစားပြီး ရွေးချယ်ကြရပါတယ်။

ကျွန်တော်တို့ ဆယ်တန်းအောင်တုန်းကလည်း အဲဒီလိုပဲ စဉ်းစားရွေးချယ်ခဲ့ရတာ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ရွေးရင်း မှန်တဲ့သူလည်း မှန်၊ လွဲတဲ့ သူလည်း လွဲကြတာ ရှိပါတယ်။ ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်တဲ့လမ်းကြောင်း မကိုက်ညီတဲ့အခါ သင်ခဲ့တဲ့ပညာနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်နိုင် ဘူးပေါ့။ နီးစပ်ရာသိရသလောက်တော့ ကိုယ်တကယ်စိတ်ဝင်စားတဲ့ဘာသာရပ် ရွေးချယ်ကြတာထက် ကျောင်းပြီးရင် အလုပ်အကိုင်အဆင်ပြေမယ့်ဘာသာရပ်ကိုပဲ ဦးစားပေး ရွေးချယ်ကြတာ များပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့။ စိတ်ဝင်စားလို့ ရွေးချယ်တာ၊ ဝါသနာပါလို့ ရွေးချယ်တာတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် နည်းပါတယ်။

ဒီတော့ ဆယ်တန်းအောင်စာရင်း ထွက်ပြီးလို့ အမောမဖြေနိုင်သေးဘူး၊ အမှတ်စာရင်းရတာနဲ့ တက်မယ့်တက္ကသိုလ်နဲ့ ယူမယ့်ဘာသာရပ်ရွေးဖို့ စဉ်းစားရပါပြီ။ မစဉ်းစားလို့လည်း မရဘူး။ တက္ကသိုလ်နဲ့ ဘာသာရပ်ရွေးချယ်တာက တစ်ဘဝလုံးနဲ့ဆိုင်တော့ အရေးကြီးတဲ့အပိုင်း ဖြစ်နေလို့ပါပဲ။

ဆန္ဒနှင့်ဘဝ

တက္ကသိုလ်ဝင်တန်းစာမေးပွဲက ကျောင်းသား တစ်ယောက်ရဲ့ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲ သွားစေနိုင်တဲ့ စာမေးပွဲတစ်ခုလို့ ဆိုလို့ရပါတယ်။ ဘဝကို အလှည့်အပြောင်းဖြစ်စေနိုင်တာကြောင့် ကျောင်းသားတိုင်း၊ မိဘတိုင်းက အားကုန်ထုတ် ကြိုးစားကြပါတယ်။ အဲဒီစာမေးပွဲ ရမှတ်ပေါ်မူတည်ပြီး ကိုယ့်ရဲ့အခြေအနေနဲ့ ကိုက်ညီအောင် ရွေးနိုင်လေ ရှေ့ဘဝခရီးမှာ အဆင်ပြေချောမွေ့လေ ဖြစ်မှာမဟုတ်လား။ ရမှတ်များတဲ့သူတွေအတွက်တော့ ဆန္ဒနဲ့ဘဝ ထပ်တူကျနိုင်ပေမယ့် မျှော်မှန်းထားတဲ့ ရမှတ်မရတဲ့သူတွေအတွက်တော့ ဆန္ဒနဲ့ဘဝထပ်တူ ကျဖို့ ထပ်ပြီးကြိုးစားကြရဦးမှာပါ။

အချို့ ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ ထားပါတော့။ ငွေတတ်နိုင်ရင် တတ်နိုင်သလောက်၊ ကြိုးစားနိုင်ရင် ကြိုးစားနိုင်သလောက် နိုင်ငံခြား သွားတက်နိုင်တာကိုး။ သူလိုကိုယ်လိုလူတွေ အတွက်ကတော့ စာမေးပွဲရမှတ်ပေါ်မူတည်ပြီး ဘဝ ရှေ့ရေးအတွက် အသင့်တော်ဆုံးဖြစ်အောင် ရွေးကြ ရပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်းအောင်ပြီးလို့ တက္ကသိုလ်မှာ ဘာသာရပ်နဲ့ အသက်မွေးဝမ်း ကျောင်းရွေးချယ်တာ မှန်ကန်ဖို့က အရေးကြီးတယ် လို့ဆိုတာပါ။ ဆုံးဖြတ်ချက် မှန်ရင် မှန်သလောက် ဆန္ဒနဲ့ဘဝ ထပ်တူဖြစ်ကြပါတယ်။ တချို့လည်း မဖြစ် ကြပါဘူး။ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ ရည်မှန်းချက်၊ ဝါသနာ၊ ငွေကြေး၊ အလုပ်အကိုင်မျှော်မှန်းချက်ဆိုတာတွေနဲ့ စရွေးကိုက်အောင်ရွေးနိုင်မှ ကိုယ့်ဘဝရဲ့ ဆန္ဒတွေအပြင် အောင်မြင်မှု၊ တိုးတက်မှု၊ ပျော်ရွှင်မှု ဆိုတာတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆုံးအဖြတ်မဟုတ်

တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်တော့ အောင်တဲ့သူအတွက် ဝမ်းသာရသလို မအောင်သေးတဲ့သူတွေလည်း ဆက်ပြီးကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ စာမေးပွဲ မအောင်တာဟာ ကာယကံရှင်တွေအတွက် လက်ခံဖို့ခက်ခဲပေမယ့် ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စာမေးပွဲမအောင်သေးတာဟာ ပညာရေးအဆုံးသတ်သွားတာ၊ အခြား ရည်မှန်းချက်တွေ အဆုံးသတ်သွားတာမှ မဟုတ်တာ။ စာမေးပွဲကျရှုံးတာထက် အရေးကြီးတာက ကိုယ့်ဘဝကို အရှုံးမပေးဖို့ပါပဲ။ ကိုယ့်ဘဝကို အရှုံးပေးလိုက်ရင်တော့ ဘဝတစ်ခုလုံး ဆုံးရှုံးလိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာမေးပွဲမအောင်လို့ဆိုပြီး ဘဝကိုအရှုံးပေးဖို့ မလိုပါဘူး။ ဒီနှစ်မအောင်ရင် နောက်နှစ်တွေကြိုးစားနိုင်သလို ဘဝအောင်မြင်ဖို့ အခြားနည်းလမ်းတွေ၊ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။

အဲဒီလိုပဲ စာမေးပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရမှတ်နည်းသွားပြီး လိုချင်တဲ့ လိုင်းမရ လို့လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ကြိုးစားသူတွေအတွက် အခွင့်အလမ်းဆိုတာ အမြဲရှိနေပါတယ်။ ကမ္ဘာမှာ အောင်မြင်နေသူတိုင်းဟာ တစ်ခါတည်း ကြိုးစားရုံနဲ့ ထိပ်ဆုံးရောက်လာကြတာ မဟုတ်ပါဘူး။ ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေ၊ အခက်အခဲတွေကို ကြိုးစားကျော်ဖြတ်ရင်း အောင်မြင်လာကြတာပါ။ ဆယ်တန်းစာမေးပွဲဆိုတာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ အရေးကြီးလားဆိုရင်တော့ အရေးကြီးပါတယ်။ ဒါပေမယ့် ဘဝအတွက် နောက်ဆုံးအဆုံးအဖြတ်တော့ မဟုတ်ပါဘူး။

နမူနာယူစရာ အတွေ့အကြုံတစ်ခု မျှဝေချင်ပါတယ်။ မိတ်ဆွေရဲ့သားတစ်ယောက်ဟာ စာတော်တဲ့ ကလေးပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးရမယ်လို့ အားလုံးက ခန့်မှန်းထား ပြီးသား။ ဒါပေမယ့် အောင်စာရင်းထွက်တဲ့အချိန်မှာ ဘယ်လိုမှမျှော်လင့်မထားတဲ့ နှစ်ဘာသာပဲ ဂုဏ်ထူး ထွက်ပါတယ်။ မိတ်ဆွေနဲ့ သူ့ကလေးဟာ ထွက်လာ တဲ့အဖြေကို ဘယ်လိုမှမကြိုက်ကြပါဘူး။ ဒါပေမယ့် ရလာတဲ့ရလဒ်အပေါ် မိဘကရော၊ ကလေးကရော စိတ်ပျက်အားလျော့မနေပါဘူး။ တက်မယ့် တက္ကသိုလ်နဲ့ ဘာသာရပ်ကို အကောင်းဆုံးရွေးချယ် ခဲ့ကြပါတယ်။ ရွေးချယ်ဆုံးဖြတ်တဲ့အတိုင်း ကြိုးစားလိုက်တာ အခုဆို နိုင်ငံခြားကနေ ပါရဂူဘွဲ့ ရပြီးနေပါပြီ။ အတုယူစရာပါပဲ။

ရွေးချယ်မှုမှန်ကန်စေဖို့

ကျောင်းသားတစ်ယောက်ရဲ့ အနာဂတ်ပညာရေး၊ ဘဝအသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်ဆုံးဖြတ်ချက်မှန်ကန်ဖို့ ဆိုခဲ့ပြီးပါပြီ။ အဲဒီလိုဆုံးဖြတ်ဖို့အတွက် ကာယကံရှင် ကျောင်းသားကိုယ်တိုင် လွတ်လပ်စွာဆုံးဖြတ်တာဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဆုံးဖြတ်မယ့် ကာယကံရှင်ရဲ့ အတွေ့အကြုံနဲ့ ဆုံးဖြတ် နိုင်စွမ်းဆိုတာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ ငါ့ကလေးကိုတော့ သူကြိုက်တာ သူ့ဘာသာ ရွေးခွင့်ပေးထားတယ်လို့ပြောပြီး ကလေးဆုံးဖြတ်တဲ့ အတိုင်း လုပ်ပေးတဲ့ မိဘတွေကိုလည်း တွေ့ဖူးပါတယ်။ ဒီလောက်အမှတ် ကောင်းနေတာ ဆေးကျောင်းကိုပဲ တက်ရမယ်လို့ ဖိအားပေးပြောတဲ့ မိဘတွေကိုလည်း တွေ့ဖူးပါတယ်။

မိဘတွေအနေနဲ့ ထည့်သွင်းစဉ်းစားဖို့က အတွေ့အကြုံနဲ့ ဆုံးဖြတ်နိုင်စွမ်း နုနယ်သေးတဲ့ သူတစ်ယောက်ကို သူ့စိတ်ကြိုက်ရွေးခိုင်းလို့ မှားသွားခဲ့ရင် သူ့ဘဝတစ်လျှောက်လုံး နစ်နာသွားနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ မှားသွားလို့ ပြန်ပြင်လို့ရရင် တော်သေးရဲ့၊ ပြင်ဖို့ခက်သွားရင် ဘဝတစ်လျှောက် နောင်တရနေ ပါလိမ့်မယ်။ အဲဒီတော့ မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ဆရာတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်တွေနဲ့ ကာယကံရှင်ရဲ့ ပါရမီ၊ ဝါသနာ၊ ဘဝရည်မှန်းချက်ဆိုတာ တွေကို ချိန်ထိုးစဉ်းစား ဆုံးဖြတ်မယ်ဆိုရင် အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာပါ။

နောက်တစ်ချက်က မိဘတွေနဲ့ ပတ်ဝန်းကျင်က ဖိအားပေး လွှမ်းမိုးပြီး ဆုံးဖြတ်လိုက်တဲ့အခါ ကာယကံရှင်ရဲ့ဆန္ဒတွေ၊ ဝါသနာတွေနဲ့ မကိုက်ညီတော့ ဘဝမှာ အောင်မြင်သင့်သလောက် မအောင်မြင် ဖြစ်တတ်ပါတယ်။ ကာယကံရှင်ဟာ ဆုံးဖြတ်သူ ဖြစ်သင့်ပြီး မိဘတွေနဲ့ ပတ်ဝန်းကျင်ဆိုတာက ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်စေဖို့ အကြံဉာဏ်ပေးတဲ့သူ၊ အကောင်းဆုံး အထောက်အကူပေးတဲ့သူသာ ဖြစ်သင့်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုတွေ၊ အပေါ်ယံ အမြင်နဲ့ဆုံးဖြတ်တာတွေနဲ့ စိတ်ကူးနဲ့ ဆုံးဖြတ်တာ တွေက ဘာသာရပ်ရွေးချယ်တာနဲ့ အသက်မွေးဝမ်း ကျောင်းရွေးချယ်ရာမှာ အံမဝင်တာတွေ ဖြစ်တတ်ပါတယ်။ တက္ကသိုလ်ဘာသာရပ်ရွေးချယ်မှုဟာ ကိုယ့်ဘဝရဲ့ ရေရှည်ဆုံးဖြတ်ချက် ဖြစ်လို့ အတတ်နိုင်ဆုံး ကိုယ်နဲ့ကိုက်ညီဖို့ ရွေးရပါတယ်။ စိတ်ကူးယဉ်လို့ မရပါဘူး။ ဘာသာရပ်ရွေးချယ်မှု မှန်ကန်မှ ကျောင်းတက်ရာမှာဖြစ်ဖြစ်၊ ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်း ကျောင်းမှာဖြစ်ဖြစ် တိုးတက်နိုင်မှာပါ။ အချို့သူတွေ မှာဖြစ်တတ်တာက ကိုယ့်အမှတ်မီတဲ့ တက္ကသိုလ်တက်ဖို့၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားဖို့အတွက် ငွေကြေးအခက်အခဲရှိတဲ့ အခါ လတ်တလော အလုပ်အကိုင် အဆင်ပြေစေတာကို ရွေးချယ်တတ် ကြပါတယ်။ လတ်တလော အခြေအနေအရတော့ မှန်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုရွေးချယ်ဆုံးဖြတ်မှုဟာ လတ်တလော ပြေလည်အောင်ဖြေရှင်းနည်းဖြစ်လို့ နောက်ပိုင်း ဘဝရေရှည်တိုးတက်ဖို့အတွက် အခက်အခဲတွေဖြစ်တတ်လို့ သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆုံးဖြတ်သင့်ပါတယ်။

ဆုံးဖြတ်ချက်လွဲမှားစေနိုင်တဲ့ နောက်အချက် တစ်ခုက အခြားသူတွေကို အားကျစိတ်နဲ့ ဆုံးဖြတ် လိုက်ရာက ရေတိုမှာ မှန်ကန်သလိုရှိပေမယ့် ရေရှည်မှာကျတော့ ကိုယ့်ရဲ့ဝါသနာ၊ စရိုက်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တော့ဘဲ ကျွမ်းကျင်မှု၊ တိုးတက်မှု၊ အောင်မြင်မှု၊ ကျေနပ်မှုဆိုတာတွေ ပျောက်ဆုံး သွားတတ်ပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ရွေးချယ်မှုဟာ ကိုယ့်ဘဝတစ်လျှောက် အောင်မြင်ရေးကို အထောက် အကူဖြစ်ဖို့ လိုပါတယ်။

ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို တစ်ဆင့်တည်းနဲ့ မရနိုင်တဲ့အခါ အဆင့်လိုက်ကူးပြီး ကြိုးစားသွား တဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။ ဒီတော့ အခြေအနေ အမျိုးမျိုးအောက်မှာ လတ်တလော အမြင်၊ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်လိုက်ပြီး နောင်တစ်ချိန်မှာ ပြန်ပြင်မယ်ဆိုရင် အချို့ရွေးချယ်မှုတွေဟာ ပြင်ဖို့ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဆိုတော့ ကျွမ်းကျင်သူတွေ၊ သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်စဉ်းစားဆုံးဖြတ်မယ်ဆိုရင် ဘဝနဲ့ဆန္ဒ အနီးစပ်ဆုံး ကိုက်ညီတဲ့ ဆုံးဖြတ်ချက် ဖြစ်လာမှာပါ။

ချင့်ချိန်စဉ်းစားသင့်သော အချက်များ

ကျောင်းသားတစ်ယောက်ဟာ ဘယ်တက္ကသိုလ်တက်မယ်၊ ဘာမေဂျာယူမယ်ဆိုတဲ့ စဉ်းစားဆုံးဖြတ် ပုံချင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တချို့က သူ့ဘဝအတွက် အလုပ်အကိုင် အဆင်ပြေစေမယ့်လိုင်းကို ဦးစားပေးရွေးချယ်ကြပါတယ်။ တချို့ကတော့ သူစိတ်ဝင်စားတဲ့ဘာသာရပ်ကို အဓိကထားရွေးချယ်တတ်ကြပါတယ်။ အများစုကတော့ ကိုယ်လည်း စိတ်ဝင်စား၊ အလုပ်အကိုင်လည်း အဆင်ပြေ၊ တိုးတက်မှုလည်း ရှိမယ်ဆိုတဲ့ တက္ကသိုလ်နဲ့ မေဂျာကိုပဲ ရွေးချယ်တတ်ကြပါတယ်။

အဲဒီလို ရွေးချယ်နိုင်ဖို့ အောက်ပါအကြံပြုချက်တွေနဲ့ ချင့်ချိန်စဉ်းစားနိုင်ပါတယ် -

၁။      ဘဝရည်မှန်းချက်။ ဘဝရည်မှန်းချက်ဆိုတာကတော့ အရေးကြီးဆုံးပါပဲ။ အချို့ဆို ကျောင်းသားရော၊ မိဘတွေကရော တက္ကသိုလ်ဝင်တန်း မဖြေခင်ကတည်းက ရည်မှန်းချက် ရှိပြီးသားပါ။ ဥပမာ- ဆရာဝန်ဖြစ်ချင်တယ်၊ အင်ဂျင်နီယာ ဖြစ်ချင်တယ် စသဖြင့်ပေါ့။ အချို့လည်း ဘဝရည်မှန်းချက် ငယ်ငယ်ကတည်းက ရှိပေမယ့် လိုချင်တာသာရှိပြီး လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမရှိပြန်ဘူး။ အချို့ကတော့ စာမေးပွဲအောင်ပြီးမှ ရတဲ့အမှတ်ကိုကြည့်ပြီး ဆုံးဖြတ်ကြတယ်။ ဘဝရည်မှန်းချက်နဲ့ ပတ်သက်လို့ အမျိုးမျိုးရှိကြပေမယ့် ဆယ်တန်းအောင်ပြီးလို့ အဆင့်မြင့်ပညာရေးနဲ့ သက်မွေးပညာ ရွေးချယ် ရာမှာတော့ ဘဝရည်မှန်းချက်ဆိုတာ အရေးကြီးလာပါတယ်။ ဘဝကို ရေစုန်မျှောပြီး အမှတ်မီတဲ့လိုင်း တက်တာပေါ့ကွာဆိုပြီး ပေါ့ပေါ့ဆုံးဖြတ်လိုက်ရင် ဘဝဟာလည်း ဦးတည်ချက်မဲ့ပြီး ရောက်ချင်ရာရောက်သွား နိုင်ပါတယ်။ ဒီတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားဆုံးဖြတ်ရာမှာ ငါဘာရည်မှန်းထားသလဲ၊ ဘာကြောင့် တက္ကသိုလ်တက်တာလဲ၊ ဘာဝါသနာပါသလဲ၊ ဘယ်လို အလုပ်အကိုင်မျိုး မျှော်မှန်းထားသလဲဆိုတဲ့ မေးခွန်းတွေဖြေဖို့ ကိုယ့်ရဲ့ဘဝရည်မှန်းချက်ကို သိဖို့၊ ချမှတ်ဖို့ လိုအပ်ပါတယ်။

၂။       စိတ်ဝင်စားမှု။ ဘာသာရပ်တစ်ခု၊ အသက် မွေးဝမ်းကျောင်းပညာတစ်ခု ရွေးချယ်ရာမှာ ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကလည်း အရေးပါ ပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်တစ်ခုကို ရွေးချယ်မိရင် သင်ကြားလေ့လာရာမှာ စိတ်ပါဝင်စားမှုမရှိလို့ အဲဒီဘာသာရပ်မှာ ထူးချွန်ထက်မြက်ဖို့ ခက်ခဲနိုင်ပါတယ်။ အဲဒီတော့ ကိုယ်စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို လေ့လာသင်ကြားမှ ထူးချွန်ထက်မြက်တာ၊ ကျွမ်းကျင်တာနဲ့ အောင်မြင်မှုတွေ ရရှိမှာပါ။

၃။      မိမိအရည်အချင်းများ။ ကိုယ်က ဘယ်ဘာသာတွေမှာ တော်တယ်၊ စိတ်ဝင်စားတယ်၊ ဘယ် ဘာသာရပ်တွေမှာ အားနည်းချက်ရှိတယ်ဆိုတဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်ကို သိထားမယ်ဆိုရင် တက္ကသိုလ်တက်ဖို့ ဘာသာရပ် ရွေးချယ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် အခြေခံပညာမှာ သင်ကြားခဲ့တဲ့ ဘာသာရပ်တွေနဲ့တိုင်းတာပြီး တစ်သမတ်တည်း ယူဆလို့မရပါဘူး။ တက္ကသိုလ်မှာက အခြေခံပညာလိုမဟုတ်ဘဲ သာသာရပ်မျိုးစုံရှိနေတာမို့ ကိုယ်နဲ့ကိုက်ညီနိုင်တဲ့ အခြားဘာသာရပ်တွေ ရှိနေနိုင်ပါတယ်။ အဲဒီထဲကမှ ကိုယ်နဲ့ကျွမ်းဝင်မှု မရှိတဲ့ ဘာသာရပ်တွေကို ရွေးမယ်ဆိုရင်တော့ အဲဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ၊ အဲဒီဘာသာရပ် တက်နေသူတွေဆီမှာ ဂဃနဏ မေးမြန်းစုံစမ်းပြီး ကိုယ်ရဲ့အရည် အချင်းနဲ့ကိုက်ညီမှ ရွေးချယ်သင့်ပါတယ်။

၄။      အနာဂတ် အလုပ်အကိုင်ရရှိနိုင်မှု။ တက္ကသိုလ် ဝင်တန်းအောင်ပြီးလို့ ဘာသာရပ် ရွေးချယ်ရာမှာ ကိုယ်ရွေးချယ်လိုက်တဲ့ဘာသာရပ်နဲ့ ဘွဲ့ရပြီးရင် အလုပ်အကိုင်ရနိုင်တဲ့ မျှော်လင့်ချက်ကိုလည်း ထည့်ပြီးစဉ်းစားကြရပါတယ်။ ကိုယ်ရွေးလိုက်တဲ့ ဘာသာရပ်နဲ့ အလုပ်ရနိုင်မလား၊ အလုပ်ရှာလို့ လွယ်မလား၊ တိုးတက်မှုရှိနိုင် သလားဆိုတာက ဘဝရပ်တည်ရေးအတွက် အရေးကြီးပါတယ်။ ကိုယ်ကြိုက်တဲ့ ဘာသာတော့ ယူလိုက်တယ်၊ ဘွဲ့ရပြီး အလုပ်အကိုင်ရဖို့ မလွယ်ဘူးဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ အလုပ်အကိုင်ရနိုင်တဲ့ ဘာသာတွေကိုပဲရွေးပြီး တက်ကြလွန်းလို့ တချို့ဘာသာရပ်တွေမှာဆို တက်မယ့် ကျောင်းသားမရှိဘူးဆိုတဲ့ သတင်းလည်း ဖတ်ရပါတယ်။ ဒါကတော့ ခေတ်အခြေ အနေအရလို့ ဆိုရမှာပေါ့။ ကျောင်းသားအနေနဲ့ကတော့ ကိုယ်လည်းဝါသနာပါ၊ ဘဝရည်မှန်း ချက်လည်းရှိ၊ အလုပ်အကိုင်ရနိုင်ဖို့ အခွင့် အလမ်းများတာလည်း ဖြစ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ။

၅။      ငွေကြေး။ ငွေကြေးဆိုတာကတော့ ကိုယ်ရတဲ့ အမှတ်နဲ့လည်း မီတယ်၊ ကိုယ်လည်း တက်ချင်ပေမယ့် ကိုယ့်အိမ်ရဲ့ ငွေကြေးအခက်အခဲ ရှိတတ်ကြပါတယ်။ အခြားနိုင်ငံက တက္ကသိုလ်တွေမှာတော့ ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်တွေ ရှိကြပါတယ်။ ဒီမှာတော့ ကိုယ့်အား ကိုယ်ကိုးရတော့ ကျောင်းစရိတ် အဆင်ပြေ/မပြေဆိုတာကို ထည့်စဉ်းစားရပါတယ်။ အခု နောက်ပိုင်း ကျောင်းစရိတ် တာဝန်ယူပေးတဲ့သူတွေ၊ လူမှုအဖွဲ့အစည်းတွေ ရှိနေပါပြီ။ ငွေကြေးအခက်အခဲကြောင့် အချို့ရဲ့ ရည်မှန်းချက်တွေဟာ အကန့်အသတ်ဖြစ်လာတတ်တာမို့ ဒီအခက်အခဲကိုဖြေရှင်းနိုင်မယ့် နည်းလမ်းနဲ့ အခြားအခွင့်အလမ်းတွေကို ချိန်ဆစဉ်းစားဖို့ ဖြစ်ပါတယ်။

၆။      ကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူများနှင့် တိုင်ပင် ဆွေးနွေးခြင်း။ အကြံပြုချင်တဲ့ နောက်ဆုံး တစ်ချက်ကတော့ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံ ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆက်ပြီးသင်ယူမယ့် ဘာသာရပ်ရွေးဖို့၊ အသက်မွေးပညာ ကျောင်းရွေးဖို့ အကြုံပြုရေးသားတာတွေဟာ တကယ်တော့ ယေဘုယျသာ ဖြစ်ပါတယ်။ အားလုံးနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ တစ်ဦး ချင်းရဲ့ အခြေအနေအလိုက် မတူညီတာတွေ အများကြီးရှိနေဦးမှာ သေချာပါတယ်။ ဒီတော့ တစ်ဦးချင်းရဲ့အခြေအနေ အလိုက် အကောင်းဆုံး ရွေးချယ်ဆုံးဖြတ်ဖို့ လိုပါတယ်။ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံရှိတဲ့ သူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် တစ်ဦးချင်းရဲ့ အားသာချက်၊ အားနည်းချက်အလိုက် စဉ်းစားဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ။