မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းမှု၏ စွမ်းဆောင်ရည်များ ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမည်
မောင်သင်းပျံ့
(ယမန်နေ့မှအဆက်)
တရားဝင်ကုန်သွယ်မှု
မြန်မာနိုင်ငံတွင် ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများက ဓာတုပစ္စည်းများကို အသုံးပြုရန်နှင့် ပြန်လည်ရောင်းချရန် ပြည်ပမှ တင်သွင်းခွင့်ရရှိရေးကို ထောက်ခံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း ကုမ္ပဏီ/လုပ်ငန်းရှင် စုစုပေါင်း ၆၉ ခုရှိပြီး အသုံးပြုသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် ၅၁ ခု၊ တစ်ဆင့် ပြန်လည်ရောင်းချသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် ၁၂ ခု၊ ဌာနဆိုင်ရာ လျှောက်ထားမှု ငါးခု၊ ပြည်တွင်း ထုတ်လုပ်ပြီး ကိုယ်တိုင်သုံးကုမ္ပဏီ တစ်ခုဖြစ်သည်။
ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် လည်းကောင်း၊ တရားဝင် ကုန်သွယ်မှုများမှတစ်ဆင့် လမ်းလွှဲရောက်ရှိခြင်းကို ကာကွယ်ရန်အတွက် လည်းကောင်း ၂၀၂၁ ခုနှစ်အတွင်း ရှောင်တခင်/ ပုံမှန်စစ်ဆေးခြင်း ၆၅၆ ကြိမ်၊ အသိပညာပေးဟောပြောခြင်း ၅၅၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ကျော် သယ်ဆောင်မှု ၂၈၃ ကြိမ်တို့ကို ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ဘဏ္ဍာသိမ်းဆည်းရရှိမှု
မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအမှုဖြင့် အရေးယူခဲ့သည့် တရားခံများထံမှ ငွေကြေးပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရရှိမှုမှာ ၂၀၂၀ ပြည့် နှစ်က အမှုပေါင်း ၂၀၂၂ မှု၊ တရားခံပေါင်း ၂၉၀၆ ဦးမှ မြန်မာငွေကျပ် ၂၇၈၂ သန်းကျော်၊ ၂၀၂၁ ခုနှစ်က အမှုပေါင်း ၁၀၁၈ မှု၊ တရားခံပေါင်း ၁၇၁၁ ဦးထံမှ မြန်မာငွေကျပ် ၇၇၉ သန်းကျော်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အမှုပေါင်း ၄၆၂ မှု၊ တရားခံပေါင်း ၈၂၂ ဦးထံမှ မြန်မာငွေကျပ် ၈၁၅ သန်းကျော် ဖြစ်သည်။
မူးယစ်ဆေးဝါးပြစ်မှုနှင့် ဆက်နွယ်ပြီး ကျူးလွန်ရာမှရရှိသော အကျိုးအမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည့် ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်/မရွှေ့ပြောင်း နိုင်ပစ္စည်းများအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်တန်ဖိုးမှာ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် မြန်မာငွေကျပ် ၂၉၉၇ သန်းကျော်၊ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်၊ စင်ကာပူဒေါ်လာ ၂၂၅၀ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာငွေကျပ် ၅၀၂၆ သန်းကျော်၊ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သိန်း ကျော်၊ စင်ကာပူဒေါ်လာ ၃၇၀ တို့ ဖြစ်ပါ သည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း၏ ဆောင်ရွက်မှု
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင် ရေးအသင်း(Myanmar Anti-Narcotics Association - MANA)ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ် ဇွန် ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှတ်ပုံတင်ဌာနက ၁၉၉၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် ၁၇၇၀ ဖြင့် ခွင့်ပြုခဲ့သည်။
အသင်း၏မျှော်မှန်းချက်မှာ “Myan-mar is A Drug Free Society and Healthy Nation” ကျန်းမာကြံ့ခိုင်၍ မူးယစ်ကင်းစင်သော မြန်မာ့လူ့ဘောင် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် ဖြစ် သည်။ အသင်းအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မူးယစ်ဆေးဝါး၏ ဝင်ပေါက်ဖြစ်သော ဆေးလိပ်နှင့် အရက်သောက်ခြင်းကို တားဆီးကာကွယ်ရေးအတွက် ပြည်သူလူထုအတွင်း ပညာပေးဟောပြော မှုလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း
မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း(Border Areas Development Association-BDA)သည် မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ စီမံချက်များကို ထိရောက်စွာအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်မှုနှင့်အညီ မူးယစ်ဆေးဝါး အန္တရာယ်သည်လည်း တစ်ချိန်တွင်ချုပ်ငြိမ်းသွားမည်ဟု ယုံကြည်လုပ်ဆောင် လျက်ရှိသည်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (INCB)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ (AFP)၊ အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့ နှင့်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစည်းအဝေးများဖြစ်သော မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (AMMD)၊ အာဆီယံမူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံ လေကြောင်းကြားဖြတ် စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေး (AAITF)၊ အာဆီယံပင်လယ်ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့ အစည်းအဝေး(ASITF)၊ အာဆီယံမူးယစ် ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု ကွန်ရက် အစည်းအဝေး (ADMN) တို့သို့ ပါဝင်တက်ရောက်၍ တက်ကြွစွာပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။
အာဆီယံအဖွဲ့မှ ချမှတ်ထားသော ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) (ASEAN Work Plan - 2016-2025)၊ ရွှေတြိဂံဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအား တိုက်ဖျက်ရေး အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စီမံချက် (၂၀၁၉-၂၀၂၂) (ASEAN Co- operation Plan -2019-2022) တို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မူးယစ်ဆေးဝါးပြဿနာကို ခံစားနေရသောနိုင်ငံများ၏ အကူအညီများဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ဆောင်ရွက်ရန်အတွက် မဲခေါင်သဘော တူညီချက်အား ပါဝင် လက်မှတ်ရေးထိုးကာ မဲခေါင်ဒေသခွဲ ခြောက်နိုင်ငံအတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။ မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံများမှ အလှည့်ကျ အိမ်ရှင်အဖြစ် ဝန်ကြီးအဆင့် အစည်းအဝေးကို နှစ်နှစ်လျှင် တစ်ကြိမ်၊ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးနှင့် ဗဟိုတာဝန်ခံအစည်းအဝေးများကို တစ်နှစ်လျှင် တစ်ကြိမ် လက်ခံကျင်းပလျက်ရှိပါသည်။
ဘင်းမ်စတက် မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု ကြိုတင် ကာကွယ်ရေး လုပ်ငန်းခွဲအုပ်စု (BIM-STEC Sub-Group on Prevention of Illicit Trafficking in Narcotics Drug, Psychotropic Substances and Pre-cursor Chemicals) ကို မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ လုပ်ငန်းခွဲအုပ်စု အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၂၄ ခုအား လက်မှတ်ရေးထိုးကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှစ်နိုင်ငံအစည်းအဝေးများအား အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပါသည်။ ထို့အပြင် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ်အတွင်း မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ပြည်တွင်း/ပြည်ပ နိုင်ငံများတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အခမ်းအနား တစ်ကြိမ်၊ တွေ့ဆုံဆွေးနွေးပွဲ/ အလုပ်ရုံ ဆွေးနွေးပွဲ သုံးကြိမ်၊ အွန်လိုင်းဖြင့် ပြုလုပ်သော အစည်းအဝေး ၂၁ ကြိမ်၊ တွေ့ဆုံဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ သုံးကြိမ်၊ အခမ်းအနားတစ်ကြိမ်နှင့် သင်တန်းတစ်ကြိမ်တို့ကို တက်ရောက်ခဲ့သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr. Som-sak Thepsutin ၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်၍ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေး လုပ်ငန်းများအား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူး စစ်ဆင်ရေး Operation 1511/22 ၏ အောင်မြင်မှုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မူးယစ်ပြစ်မှု ဆက်နွှယ်၍ သိမ်းဆည်းထားသော ဘဏ္ဍာသိမ်းပစ္စည်းများအား စီမံခန့်ခွဲမှုနှင့် ခေတ်မီနည်းပညာအသုံးပြု၍ မူးယစ်မှုခင်းများအား ဖော်ထုတ် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။
အဆိုပါ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အတူလိုက်ပါသွားခဲ့သော မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသအတွင်း မူးယစ်ဆေးဝါး အခြေအနေများ၊ ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ပရီကာ ဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုတို့အား ထိန်းချုပ်ဆောင်ရွက် နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ အလိုရှိတရားခံများအား ဖော်ထုတ် ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရာရှိများ၏ စွမ်းရည်မြှင့် တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူငယ်များကြား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေး ဆိုင်ရာကိစ္စရပ်တို့အား ဆွေးနွေးသဘောတူခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းအားဖြင့်
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့နိုင်ငံများ၏ တရားဥပဒေစိုးမိုးရေး၊ လူသားမျိုးနွယ်များ ဉာဏ်ရည်မြင့် ရှင်သန်ရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားတို့ကို ပိုမိုခြိမ်းခြောက်လျက်ရှိသည့်အပြင် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်သောင်းကျန်းမှုဖြင့် ပြည်တွင်းမငြိမ်သက်မှုတို့သည် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချိမှု၏ ဆိုးကျိုးများပင်ဖြစ်သည်။
လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှုတို့ကြောင့် မိသားစုတွင် စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကို ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်သို့ ကူးစက်ပျံ့နှံ့ကာ အေးချမ်းလုံခြုံသော လူမှုဝန်းကျင်ကို ထိခိုက်စေလျက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို အဟန့်အတား ဖြစ်စေလျက်ရှိသည်။ ထို့ကြောင့် တိုင်းပြည်၏ အနာဂတ် ဥယျာဉ်မှူးများနှင့် ပန်းခင်းများဖြစ်သည့် မျိုးဆက်သစ်လူငယ်များ ပွင့်သောပန်းတိုင်းလန်းစေရန် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အမြစ်ဖြတ်တိုက်ဖျက်ရေးတွင် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းရင်းသားပြည်သူတို့ စုပေါင်းအားဖြင့် တားဆီးကာကွယ်လျက်ရှိသည်။
ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် ကျန်ရှိနေမည်
မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှုကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်း၍ တိုက်ဖျက်နေလျက်ကပင် နှစ်စဉ်တိုးပွားလာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်လာရလျက်ရှိသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းနှင့် ဆက်စပ်ပေါ်ပေါက်လာသော မူးယစ်ဆေးဝါးအန္တရာယ် သည် ကမ္ဘာ့လူသားအားလုံးကို လွှမ်းခြုံလာလျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတိုင်းတွင် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားတို့ကို ခေတ်အဆက်ဆက် နိုင်ငံတော်က ပြင်းပြင်းထန်ထန် တားဆီးနှိမ်နင်းခဲ့ပြီး တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစွာ တိုင်းပြည် အတွက် အသက်ပေးခဲ့ကြသည်။ ယနေ့တိုင် အမြစ်မပြတ်သော မူးယစ်ဆေးဝါး ပြဿနာကို အခက်အခဲများကြားမှ တားဆီး နှိမ်နင်းလျက်ရှိသည်။
မူးယစ်ဆေးဝါး လျော့နည်းပပျောက်ရေးတွင် ပြည်သူလူထု၏ အသိရှိရှိ၊ သတိရှိရှိဖြင့် ပူးပေါင်းပါဝင်မှုသည် နိုင်ငံအတွက် အရေးကြီးသောအချက်တစ်ချက် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် စိတ်ကြွရူးသွပ်ဆေးပြား ပိုမိုဖမ်းဆီးရရှိမှုသည် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာမှုကို ပြသခြင်း ဖြစ်သည်။ နည်းပညာနှင့်စွမ်းဆောင်ရည်သည် မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရာတွင် အရေးပါသောကြောင့် ဖြည့်ဆည်း ဆောင်ရွက်မှုဖြင့် စွမ်းဆောင်ရည်ပြည့်ဝသော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ အောင်မြင်မှုရည်မှန်းချက် ပန်းတိုင်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပပျောက်ရေးကြိုးပမ်းမှုတွင် မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ စွမ်းဆောင်ရည်သည် ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင် အဖြစ် တည်ရှိနေမည် ဖြစ်ပါကြောင်း ၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။ ။