Skip to main content

ငြိမ်းချမ်းရေး

ဇော်ဇော်အောင်(မန္တလေး)

ငြိမ်းချမ်းရေးဆိုတာ လူသားတို့ရဲ့ အမြင့်ဆုံးသော တန်ဖိုးများ (Value) ထဲမှာမှ ထိပ်ဆုံးကနေ ရပ်တည်ပါဝင်တဲ့အရာဖြစ်ပါတယ်။ တရားမျှတခြင်းမရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ ရှိခဲ့ရင်တောင် အဲဒီ ငြိမ်းချမ်းရေးဟာ တရားမျှတတဲ့ စစ်ပွဲထက် ပိုကောင်းတယ်လို့တောင် ဆိုနိုင်ပါတယ်။ တစ်ခါကောင်းမွန်တဲ့ စစ်ပွဲဆိုတာမရှိနိုင်သလို ဆိုးရွားတဲ့ငြိမ်းချမ်းရေးဆိုတာလည်းမရှိတာ အမှန်ပါ။ (There never was a good war or a bad peace.) ငြိမ်းချမ်းရေးဟာ တန်ဖိုးဖျက် လို့မရနိုင်တဲ့ အရာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူကိုးကွယ်ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမကို လေးစားလိုက်နာလို့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရင်တောင်မှ သူ့ရဲ့ဝန်းကျင်တစ်ခုလုံးဆီ အဲဒီငြိမ်းချမ်းရေးဟာ ကူးစက်နိုင်သလိုလူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရင် အဲဒီငြိမ်းချမ်းရေးဟာ နောက်မျိုးဆက်တွေရဲ့ဘဝတွေအထိ၊ နိုင်ငံ တစ်ခုရဲ့ မဆုံးနိုင်တဲ့အနာဂတ်အထိ ကူးစက်နိုင်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ လူတစ်ယောက်အတွက်ရော၊ လူ့အဖွဲ့အစည်းတစ်ရပ်(နိုင်ငံတစ်ခု) အတွက်ရော မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရင် ရရှိမယ့်အကျိုးစီးပွားတွေက အလျှံပယ်ပါပဲ။ အတိုင်းအဆမရှိပါဘူး။ ငြိမ်းချမ်းရေးကို အားလုံးကလိုလားအပ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လို့ ရရှိလာမယ့် မြောက်မြားလှစွာသော အကျိုးအမြတ်တွေကို မြော်မြင်အပ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကိုတွေ့ရင် မလွတ်တမ်းဆုပ်ကိုင်ပြီး အစွမ်းကုန်ကြိုးပမ်း တည်ဆောက် အပ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းသည် အနာဂတ် ကောင်းတစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ခြင်းလည်း မည်ပါတယ်။ မျိုးဆက်တွေရဲ့အကျိုးစီးပွားကို အုတ်မြစ်ချပေးခြင်းလည်း မည်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်သူတွေဟာ နိုင်ငံကို တည်ဆောက်သူတွေ (Statesman) လို့ ယူဆရင်တောင် မှားမယ်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းက သူတော်ကောင်း တို့ရဲ့အလုပ်လည်း ဖြစ်ပါတယ်။ အနာဂတ်ကောင်းမွန်ဖို့၊ မျိုးဆက်တွေ အကျိုးများဖို့၊ ခိုင်မာတဲ့နိုင်ငံတော်ကြီးပေါ်ပေါက်ဖို့ ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အောင်မြင်အောင် တည်ဆောက်အပ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရင် ဆိုခဲ့သလိုပါပဲ အကျိုးအမြတ်တွေ အများကြီးရှိနိုင်ပါတယ်။ အဲဒီအကျိုးအမြတ်တွေထဲကမှ လတ်တလောမှာ မဖြစ်မနေ အမြန်ဆုံးလည်းလိုအပ်နေပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တာနဲ့ အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မယ့် အကျိုးအမြတ်တချို့ကို ဖော်ပြအပ်ပါတယ်။

အခြေခံအဆောက်အအုံများ

လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တာနဲ့ အခြေခံအဆောက်အအုံတွေကို အထိရောက်ဆုံး၊ အကောင်းဆုံး၊ အမြန်ဆုံး တည်ဆောက်နိုင်ပါလိမ့်မယ်။ အာရှဒေသ(အရှေ့တိုင်း) တစ်ခုလုံးဟာ အခုဆိုရင်အလားအလာ အကောင်းဆုံး စီးပွားရေးဘလော့ကြီးတစ်ခုအဖြစ် ပေါင်းစည်းဖြစ်ပေါ် နေပြီဖြစ်ပါတယ်။ အထူးသဖြင့် အခုရာစုနှစ်ရဲ့ စီးပွားရေးစူပါပါဝါ ကြီးတွေဖြစ်လာဖို့ အလားအလာအကောင်းဆုံး ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ကို ဗဟိုပြုပြီးတော့ ကမ္ဘာ့ဦးဆောင်စီးပွားရေးဒေသကြီးအဖြစ် ဦးတည်ရွေ့လျားနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့ကြားမှာတည်ရှိနေပြီးတော့ ရာစုသစ်စီးပွားရေး အခွင့်အလမ်းကြီးရဲ့ ဗဟိုချက်နေရာမှာ ကုသိုလ်ထူးစွာတည်ရှိနေတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ရင် အခြေခံအဆောက်အအုံတွေ အလျင်အမြန်နဲ့ အကောင်းဆုံးတည်ဆောက်ရေးကိစ္စဟာ အင်မတန်မှ လွယ်ကူမြန်ဆန်စွာ လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ဒီနိုင်ငံကြီးနှစ်နိုင်ငံစလုံးက သူတို့အကျိုးစီးပွားတွေ ဖြစ်ထွန်းဖို့ များစွာဆက်စပ်နေတဲ့ မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေးကိစ္စတွေကို ကူညီဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှာဖွေထားပြီးလည်း ဖြစ်နေပါပြီ။ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ရင် ရာစုသစ်စီးပွားရေးအခွင့်အလမ်းကြီးနဲ့ လွဲချော်မသွားဘူးဆိုရင်တောင်မှ ရသင့်သလောက်အပြည့်အဝမရဘဲ ရှိပါလိမ့်မယ်။ တကယ်လို့ ငြိမ်းချမ်းရေးကိုသာ အခိုင်အမာတည်ဆောက် နိုင်ရင် ကိုယ့်နိုင်ငံကြီးပွားချမ်းသာရေးကို ဆောင်ကြဉ်းပေးနိုင်ရုံ မကဘဲနဲ့ ဒေသတွင်းအကျိုးစီးပွားနဲ့ ကမ္ဘာကြီးရဲ့အကျိုးစီးပွားကို ပုံဖော်ပေးတဲ့ ပဓာနဇာတ်ကောင် (Key Player) နိုင်ငံတစ်ခု ဖြစ်လာပါလိမ့်မယ်။

စည်းလုံးညီညွတ်ရေး

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတဲ့အခါ ဒေသတစ်ခုနဲ့ တစ်ခု အခုလိုဝေးကွာမနေတော့ဘဲ၊ နိုင်ငံသား၊ တိုင်းရင်းသားတွေ အချင်းချင်းကြား အခုလိုစိမ်းမနေတော့ဘဲနဲ့ ပိုမိုရင်းနှီးကျွမ်းဝင် ချစ်ခင်လာကြမှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ စရိုက်၊ လိုအပ်ချက် စတာတွေကို တခြားလူမျိုးတွေက ပိုမိုကောင်းမွန်စွာ နားလည်လာကြမှာဖြစ်သလို အားနည်းချက်၊ အားသာချက်တွေ ကိုလည်း အချင်းချင်းအပြန်အလှန် ပိုမိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ပိုမိုနီးကပ်စွာ ကူးလူးဆက်ဆံလာနိုင်ကြတာနဲ့အမျှ၊ ပိုမိုနားလည်ယုံကြည်မှု ရှိလာကြတာနဲ့အမျှ အချင်းချင်းပိုမိုစည်းလုံး ညီညွတ်ချစ်ခင်ရင်းနှီးလာခြင်းနဲ့အတူ ငြိမ်းချမ်းရေးကို ပိုမိုတောင့်တင်းခိုင်မာအောင် ကျွဲကူးရေပါဆောင်ရွက်ပြီးသား ဖြစ်နေမှာပါ။ ဒီစည်းလုံးညီညွတ်မှုကပဲ ငြိမ်းချမ်းရေးကို ရေရှည်အာမခံချက်ရှိအောင် ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။

စီးပွားရေး

လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားသောအခြေခံအဆောက် အအုံတွေကို တစ်နိုင်ငံလုံးမှာ အကြားမလပ်ကောင်းမွန်အောင် တည်ဆောက်နိုင်တာနဲ့အမျှ နိုင်ငံတစ်ဝန်း စီးပွားရေးအရ သီးပွင့်လာ မယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒေသထွက်ကုန်တွေဟာ အခုဆိုရင် သာမန်ကုန်ကြမ်းအဆင့်မှာပဲ အများစုက ရောင်းဝယ် ဖောက်ကားနေကြရပြီးတော့ ရသင့်သလောက် အကျိုးအမြတ် မရကြ ဘဲနဲ့ စီးပွားရေးအရ အောက်တန်းနောက်တန်းကျနေရခြင်းဖြစ်ပါ တယ်။ ခေတ်မီနည်းပညာနဲ့ ဒေသထွက်ကုန်တွေကို အဆင့်မြင့်မြင့် ထုတ်လုပ်နိုင်လာတာနဲ့အမျှ တစ်နိုင်ငံလုံးမှာ တင်ပို့ရောင်းချနိုင်ရုံမက ကမ္ဘာတစ်ဝန်းအထိ ဈေးကွက်ရရှိလာပါလိမ့်မယ်။ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် များစွာအထောက်အပံ့ ဖြစ်စေရုံမျှမက ဘဲနဲ့ ခေတ်မီကမ္ဘာကြီးကို နိုင်ငံတွင်းဘယ်နေရာကနေမဆို အမီလိုက် နိုင်မှာဖြစ်တာကြောင့် ကမ္ဘာ့အဆင့်မီနိုင်ငံတစ်ခု ဖြစ်လာဖို့ဆိုတာ အလွယ်တကူကိစ္စ ဖြစ်လာပါလိမ့်မယ်။

ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတစ်ခုရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို ငြိမ်းချမ်းရေး အခိုင်အမာမရရှိဘဲ ဆောင်ရွက်ဖို့ ဆိုတာ အင်မတန်လက်တွေ့ မကျတဲ့ကိစ္စဖြစ်ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးစတဲ့ကိစ္စတွေဟာ တစ်ခုနဲ့တစ်ခု အသေအချာဆက်နွှယ်နေပြီးတော့ တစ်ခုချင်းစီပြည့်ပြည့်ဝဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ဆိုတာလည်း လက်တွေ့မှာမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ခြင်းအားဖြင့် သာဆောင်ရွက်နိုင်ပါလိမ့်မယ်။ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ရင် တစ်နိုင်ငံလုံး အကြားမလပ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စက သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်တော့ ပါဘူး။

နိုင်ငံတော်၏တန်ဖိုးနှင့် ဂုဏ်သိက္ခာ

တိုင်းပြည်မငြိမ်းချမ်းတဲ့အခါ၊ နိုင်ငံသားတွေအချင်းချင်း မညီညွတ်ကြတဲ့အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ရုံမက နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေ ကိုလည်း ရှိသင့်သလောက်ရှိအောင်၊ တင့်တယ်သင့်သလောက် တင့်တယ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ ငြိမ်းချမ်းတဲ့နိုင်ငံတွေက မငြိမ်းချမ်းတဲ့နိုင်ငံတွေထက် အစစအရာရာသာလွန်တဲ့ အခွင့်အလမ်းတွေရှိတယ်ဆိုတာ အထူးပြောစရာ မရှိပါဘူး။ နိုင်ငံတွေ အတွက် ပြည့်ဝပြည့်စုံသော အခွင့်အလမ်းတွေကိုရရှိဖို့ ငြိမ်းချမ်းရေးကလိုအပ်ချက်ဖြစ်ပါတယ်။ ပြည့်ဝပြည့်စုံတဲ့ အခွင့်အလမ်းတွေကိုရရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေပဲ တန်ဖိုးမြင့်မားနိုင်ပါတယ်။ ဂုဏ်သိက္ခာ မြင့်မားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုရဲ့ တန်ဖိုးနဲ့ဂုဏ်သိက္ခာကို အမြင့်မားဆုံးတည်ဆောက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ အခြေခံလိုအပ်ချက်တွေအနက်က အရေးအကြီးဆုံးတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကြီးပွားချမ်းသာနိုင်တဲ့၊ ဖွံ့ဖြိုးတိုးတက်နိုင်တဲ့၊ ဂုဏ်သိက္ခာမြင့်မားနိုင်တဲ့ အခွင့်အလမ်းကြီးတစ်ရပ်နဲ့ သေသေချာချာကို တည့်တည့်တိုးနေတဲ့အချိန်ကာလထဲမှာရှိနေပါတယ်။ အာရှရဲ့ ထူးခြားကောင်းမွန်တဲ့ ကံကြမ္မာကြီးဟာ နှစ်ဆယ့်တစ်ရာစုအစမှာပဲ စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခွင့်အလမ်း တွေရဲ့ ဆုံမှတ်တစ်နေရာမှာ အသေအချာကိုတည်ရှိနေပါတယ်။ ငြိမ်းချမ်းရေးကို အားလုံးရဲ့ကောင်းမြတ်တဲ့ စိတ်ဆန္ဒတွေနဲ့ တည်ဆောက်နိုင်မှသာလျှင် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေကို အဲဒီအခွင့်အလမ်းတွေထဲကနေ အပြည့်ဝဆုံးရရှိနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို အမြော်အမြင်ကြီးကြီး၊ သဘောထားကြီးကြီး၊ ချစ်ခြင်းမေတ္တာကြီးကြီး၊ စေတနာကြီးကြီးနဲ့ အတ္တများဖယ်ခွာပစ်ကြပြီး အမြန်ဆုံး၊ အခိုင်အမာဆုံး၊ အကောင်းဆုံးတည်ဆောက်နိုင်ကြပါလိမ့် မယ်လို့ တိုက်တွန်းရင်း တောင်းဆုဆန္ဒပြုလိုက်ရပါတယ်။