Skip to main content

မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းမှု၏ စွမ်းဆောင်ရည်များ ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမည်

မောင်သင်းပျံ့

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော လူသားမျိုးနွယ်အားလုံးကို ယခုအခါ ပိုမိုခြိမ်းခြောက်လျက်ရှိသည်။ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများ ကြီးထွားလာမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းဂိုဏ်းအဖွဲ့များက ကွန်ရက်ချဲ့ထွင်၍ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုမိုကျူးလွန်လာမှုတို့သည် နိုင်ငံတိုင်း၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်းအေးချမ်းတည်ငြိမ်မှုတို့ကို ထိခိုက်နေသည်။

02

မူးယစ်ဆေးဝါးတွင် ဘိန်းကို ကမ္ဘာ့နိုင်ငံများလက်တွဲ၍ ပူးပေါင်းတားဆီး ကာကွယ်နေစဉ် စိတ်ကြွရူးသွပ်ဆေးပြားသည် လူတန်းစားမရွေးသုံးစွဲနိုင်သောအဆင့်သို့ ထုတ်လုပ်ဖြန့်ချိလာသော ကြောင့် အကျိုးဆက်အနေဖြင့် ဖွံဖြိုးပြီးနိုင်ငံများတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများသည် အခက်အခဲအတား အဆီးများစွာ ရင်ဆိုင်လာရသည့်နည်းတူ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်လည်း တစ်ပူပေါ် နှစ်ပူဆင့်သည့်ပမာ မူးယစ် ဆေးဝါးအန္တရာယ်ကို အမျိုးသားရေး အသွင်တစ်ရပ်အနေဖြင့် တားဆီး ကာကွယ်နှိမ်နင်းနေရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး လျော့နည်းပပျောက်ရေးတွင် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နိုင်ငံတကာ၊ အိမ်နီးချင်း နိုင်ငံများနှင့် အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စွမ်းအားပြည့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တစ်ချိန်တွင် မြန်မာ့မြေပေါ်၌ မူးယစ်ဆေးဝါးသည် ‘နေလာ၍နှင်းကွဲ’ သည့်ပမာ မူးယစ်ကင်းစင်သော နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများအလယ်တွင် ဂုဏ်ယူဖွယ် တွေ့မြင်ရမည် ဖြစ်သည်။

03

ဘိန်းဟူသော ဝေါဟာရနှင့် ဘိန်းပင်၏ မူလဇာတိ

မူးယစ်ဆေးဝါး၏ ပင်ရင်းဖြစ်သည့် “ဘိန်း” ဟူသော ဝေါဟာရသည် မြန်မာဝေါဟာရမဟုတ်ဘဲ မူလဇာတိဒေသ ဖြစ်သော ဥရောပတိုက်မြေထဲပင်လယ် အာရှမိုင်းနားဒေသတွင် အိဖွန်ဟု ခေါ်ဆို၍ ယင်းကိုအိန္ဒိယဘာသာစကားဖြင့် ‘အဖိန်း’ ဟု ခေါ်ဆိုရာမှ မွန်မြန်မာဘာသာဖြင့် ‘ဘိန်း’ ဟူ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဘိန်းပင် စတင်ပေါ်ပေါက်သော မူလဒေသသည် ဥရောပအရှေ့ပိုင်း မြေထဲပင်လယ်ဒေသတစ်ဝိုက်၊ ဥရောပ တောင်ပိုင်းနှင့် အာရှတိုက်အနောက်ပိုင်း တို့ဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၄၀၀ ခန့်မှစ၍ ဥရောပအလယ်ပိုင်း တိုက်ဂရစ်မြစ်ဝှမ်းဒေသ၊ မက်ဆိုပိုတေးမီးယားဒေသ လူမျိုးများ၏ ကျူနီဖောင်းအက္ခရာဖြင့် ရေးသားထားသည့် ပရဆေးပင်များစာရင်းတွင် ဘိန်းပင်အကြောင်းနှင့် ဘိန်း၏ ဂုဏ်သတ္တိကို ဖော်ပြခဲ့သည်။

ဆူမေရီးယန်း လူမျိုးများသည် ဘိန်းပင်ကို ပျော်ရွှင်မှုအပင်(Hulgai)ဟု ခေါ်ဆိုကြသည်။ ၉ ရာစုနှစ်ခန့်တွင် အာရပ်လူမျိုး သမားတော်ကြီးများသည် ဘိန်းကို ဆေးဝါးကုသရာတွင် စတင် အသုံးပြုခဲ့ကြသည်။ ဥရောပအလယ် ပိုင်းတွင်ရှိသော ဘိန်းစိုက်ပျိုးရေး လုပ်ငန်းသည် အာရပ်ကုန်သည်များမှ တစ်ဆင့် အာရှနှင့်အရှေ့ဖျားနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။ ၁၆ ရာစုခန့်တွင် အာရှတိုက်ဒေသသို့ ဥရောပမှ ဗာစကို ဒဂါးမား (Vasco da Gama)ကဲ့သို့ ပင်လယ်ရပ်ခြား စွန့်စားသွားလာသည့် အာရပ်နှင့်ပေါ်တူဂီကုန်သည်များ အိန္ဒိယနိုင်ငံသို့ကူးသန်းရာမှ ဘိန်းမျိုးစေ့နှင့် ဘိန်းစိုက်ပျိုးမှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် စတင်ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။

ဟီးရိုးအင်း ခေါ် ဘိန်းဖြူ ဖြစ်ပေါ်လာ

ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ ခန့်က သမားတော်များသည် ဘိန်းကို အဖိုးတန် ဆေးဝါးတစ်ခုအဖြစ် သုံးစွဲခဲ့ကြသည်။ ဂရိနှင့်ရောမခေတ်တို့တွင်လည်း ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြသည်။ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၁၀၀၀ အတွင်း၌ ဘိန်းသည် မူရင်းဒေသဖြစ်သော မြေထဲပင်လယ်ဝန်းကျင်ဒေသမှ အရှေ့ဘက်အိန္ဒိယနှင့် တရုတ်ပြည်သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်မှစ၍ သမားတော်တို့က ဘိန်းကို ဆေးဝါးအဖြစ် ဆက်လက်သုံးစွဲခဲ့ရာ ၁၈ နှင့် ၁၉ ရာစုနှစ်အတွင်း အင်္ဂလန်နိုင်ငံတွင် ဘိန်းပါသော ဆေးဝါးများသည် ခေါင်းကိုက်၊ အအေးမိ စသည့် ရောဂါ ဝေဒနာများအတွက် လူသုံးများသောဆေးဝါးဖြစ်လာခဲ့သည်။ သမား တော်များသည် ဘိန်းကို ဆေးဝါးအဖြစ် နှစ်ပေါင်း ၄၀၀၀ ခန့် ပုံစံအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြပြီး ၁၈၀၅ ခုနှစ်တွင် ဆေးသိပ္ပံ လောက၌ ဘိန်းမှ မော်ဖိန်းကို စတင် ထုတ်လုပ်နိုင်ခဲ့သည်။ မော်ဖိန်းကို အကိုက်အခဲဝေဒနာအတွက် စားဆေး အဖြစ် သမားတော်တို့က အသုံးပြုခဲ့ကြသည်။ ၁၈၅၈ ခုနှစ်တွင် အမေရိကန် သမားတော်နှစ်ဦးက မော်ဖိန်းကိုထိုးဆေးအဖြစ် စတင်စမ်းသပ်ခဲ့သည်။ ၁၉ ရာစုအတွင်း၌ မော်ဖိန်းကို ထိုးဆေးအဖြစ်အသုံးပြုနိုင်ရန် တစ်ဆင့်ပြီး တစ်ဆင့်စမ်းသပ်ခဲ့ကြသည်။ သို့ရာတွင် ဘိန်းနှင့် မော်ဖိန်းဆေးဝါးများ အသုံး များလာသည်နှင့်အမျှ ထိုးဆေးကိုသုံးစွဲရာ၌ ဆိုးကျိုးများလည်း ပြန့်ပွားလာခဲ့သည်။ အကိုက်အခဲလည်းပျောက်နိုင်ပြီး စွဲလည်းမစွဲနိုင်သော ဆေးဝါးကို ရှာဖွေခဲ့ကြရာမှ ‘ဟီးရိုးအင်း’ ခေါ် ဘိန်းဖြူပေါ်လာခြင်းဖြစ်သည်။

ဟီးရိုးအင်းထုတ်လုပ်မှုကို တင်းကျပ်စွာတားမြစ်

၁၈၇၄ ခုနှစ်တွင် အင်္ဂလိပ်သုတေသီ စီအာရိုက်ဆိုသူက မော်ဖိန်းနှင့် အက်စစ်တစ်အင် ဟိုက်ဒရိုက်ကို ဖျော်၍ နာရီပေါင်းများစွာကျိုကြည့်ရာ Diacetyl morphine ခေါ် ဟီးရိုးအင်းဓာတ်ပေါင်း ကို ကနဦးရရှိခဲ့သည်။ ထိုဟီးရိုးအင်း ဓာတ်ပေါင်းကို တိရစ္ဆာန်ဖြင့် စမ်းသပ်ခဲ့ရာ ဆက်လက်စမ်းသပ်ခြင်းမပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ နှစ်ပေါင်း ၂၀ ကြာသောအခါ ထိုဟီးရိုးအင်းဓာတ်ပေါင်း (ဒိုင်ဆက်တယ်မော်ဖိန်း)ကို ဂျာမန် ဆေးပါရဂူတစ်ဦးက ချောင်းဆိုး၊ ပန်းနာ၊ လည်ချောင်းနာ ရောဂါတို့အတွက် ထက်မြက်သော ဆေးဝါးဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

ထို့ကြောင့် ဂျာမနီနိုင်ငံ ဗေယာ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အဆိုပါ ဒိုင်ဆက်တယ် မော်ဖိန်းကို ‘ဟီးရိုးအင်း’ ဟု အမည်ပေး၍ ထုတ်လုပ်ရောင်းချခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာအရပ်ရပ်မှ သမားတော်တို့က မစွဲလမ်းစေတတ်သော ကိုးဆယ့်ခြောက်ပါးဝေဒနာ ပျောက်ကင်းသည့် ဆေးဝါးအဖြစ်အသုံးပြုခဲ့ရာ ကမ္ဘာတွင် လူကြိုက်အများဆုံး‌ ဆေးဝါးတစ်ခု ဖြစ်လာခဲ့သည်။

၁၉၀၆ ခုနှစ်တွင် အမေရိကန်သမား တော်များအသင်းက ဟီးရိုးအင်းကို မော်ဖိန်းအစား အသုံးပြုနိုင်ကြောင်း ထောက်ခံခဲ့လေသည်။ ဟီးရိုးအင်းကို အကန့်အသတ်မရှိ သုံးစွဲခွင့်ပြုထား သည့်အတွက် ထိုဆေးဝါးကို အလွဲသုံး သည့်ပြဿနာများ ‌ပေါ်ပေါက်လာခဲ့ သည်။ ၁၉၂၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ဟီးရိုးအင်းစွဲသူပေါင်း နှစ်သိန်းရှိခဲ့ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က ခန့်မှန်းခဲ့သည်။ ရာဇဝတ်မှုအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းခံရသည့် ဆေးမှီဝဲသူများအနက် ၉၄ ရာခိုင် နှုန်းသည် ဘိန်းဖြူသုံးစွဲသူများဖြစ်ကြောင်း အစီရင်ခံခဲ့သည်။

၁၉၂၄ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်က ဟီးရိုးအင်း တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းကို ဥပဒေဖြင့် ပိတ်ပင်ခဲ့သည်။ နိုင်ငံတကာမှ သမားတော်တို့ကလည်း ဟီးရိုးအင်း၏ အန္တရာယ်ကြီးမားပုံကို အသိအမှတ်ပြု လာကြကာ နိုင်ငံပေါင်းချုပ်အသင်းအနေဖြင့် ဟီးရိုးအင်းထုတ်လုပ်မှုကို တင်းကျပ်စွာ ကန့်သတ်ရန် သဘောတူစာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် အလားတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဟီးရိုးအင်းကို ဆေးဝါးအဖြစ်နှင့် သိပ္ပံ ဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုခြင်းမှအပ အခြားမည်သည့်အကြောင်းနှင့်မျှ မထုတ်လုပ်ရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ဘိန်းရောက်ရှိလာပုံ

ရှေးမင်းများလက်ထက် ၁၅၁၅ ခုနှစ် တောင်ငူခေတ်တွင် နိုင်ငံခြားသား ပေါ်တူဂီများ မြန်မာနိုင်ငံ မုတ္တမမြို့သို့ ရောက်ရှိခဲ့ကြသည်။ အေဒီ ၁၅၈၀ ခန့်က ပုသိမ်ဆိပ်ကမ်းမြို့သို့ အိန္ဒိယမှ သယ်ဆောင်လာသော ဘိန်းနှင့် အာရပ် ကုန်သည်များ သန်လျင်ဆိပ်ကမ်းသို့ သယ်ဆောင်လာသော ဘိန်းများ စတင် ရောက်ရှိခဲ့ကြောင်း အင်္ဂလိပ်လူမျိုး ဂျွန်ပင်ကာလ်တန်က ခရီးသွားမှတ်တမ်း ထားရှိခဲ့သည်။ ၁၅၈၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ ဗင်းနစ်မြို့သား ဆီဇာဖက်ဒရစ်သည် မြန်မာပြည်သို့အလည် ရောက်ရှိစဉ် ပဲခူးမြို့၌ ဘိန်းအရောင်း အဝယ်လုပ်ခဲ့ကြောင်း မှတ်တမ်းရေးခဲ့ သည်။

အိန္ဒိယအနောက် ကမ်းရိုးတန်းရှိ ကန်ဘေမြို့(Cambay)မှ ဘိန်းများကို နှစ်ကြိမ်တိုင် ပဲခူးမြို့တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၁၆၁၃ ခုနှစ် ဒတ်ချ်ကုမ္ပဏီ မှတ်တမ်းတွင် မလ္လကာမြို့၌ ဘိန်း ပေါင်ချိန် ၂၀၀ နှစ်စဉ်ရောင်းချခဲ့ပြီး ထိုဘိန်းများကို ယိုးဒယား(ထိုင်း) နိုင်ငံသို့ ဟံသာဝတီ(ပဲခူး)မှတစ်ဆင့် ယူဆောင် ၍ ရောင်းချခဲ့သည်။ တိုင်းတစ်ပါးသားတို့ သည် သင်္ဘောဆိပ်မြို့များဖြစ်သော ဟံသာဝတီ၊ ဓညဝတီ၊ ရမ္မာဝတီ၊ ဒွာရ ဝတီ၊ မေဃဝတီမြို့ဆိပ်ကမ်းများသို့ ဘိန်း၊ ဘင်း၊ မူးယစ်ပစ္စည်းများ သယ် ဆောင်၍ ထိုမှတစ်ဆင့် အမရပူရမြို့သို့ ရောက်ရှိခဲ့သည်။

လိုင်စင်ရဘိန်းခန်းများဖွင့်လှစ်ခဲ့

၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့ကို နယ်ချဲ့ဗြိတိသျှတို့က သိမ်းယူ ခဲ့သည်။ ထို့နောက် ဗြိတိသျှတို့သည် ရခိုင်နှင့် တနင်္သာရီသို့ သင်္ဘောဖြင့် ဘိန်းများကို တင်သွင်းခဲ့သည်။ မြန်မာတိုင်းရင်းသားများ ဘိန်းမရှူတတ်၊ မစားတတ်သောကြောင့် အခမဲ့ပေး၍ ဖြန့်ဝေခြင်း၊ ရှူပုံရှူနည်းပြသခြင်းဖြင့် ရခိုင်တွင် လိုင်စင်ရဘိန်းခန်းများ ဖွင့်လှစ်ရန် ဆောင်ရွက်ပေးခဲ့ရာ လိုင်စင်စီရရှိသူများမှာ တရုတ်နှင့် ဘင်္ဂလီများဖြစ်သည်။ ဘိန်းခန်းများ ဖွင့်လှစ်ခွင့်ပြုသောအခါ ရခိုင်ပြည်နယ်အတွင်း၌ ဘိန်းရှူ၊ ဘိန်းစားခြင်းများ ပြန့်ပွားလာခဲ့သည်။ ထိုအခါ ရခိုင်ပြည်နယ်ရှိ ရဟန်းရှင်လူ ပြည်သူတို့က ဘိန်းခန်းများ ထပ်မဖွင့်ရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် ဗြိတိသျှ တို့သည် မြန်မာနိုင်ငံသို့ ပုံစံအမျိုးမျိုးဖြင့် ဘိန်းကို တင်သွင်းခဲ့ရာ မြန်မာတို့အား ဘိန်းစွဲစေခဲ့ပြီး နယ်ချဲ့ကို တော်လှန်လို သောစိတ်များ အားနည်းမှုဖြင့် အင်္ဂလိပ်တို့ နှစ်ပေါင်းများစွာ အုပ်ချုပ်နိုင်ရေးကို အထောက်အကူဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံကို နယ်ချဲ့တို့သိမ်းပိုက် ပြီးနောက် ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ် ခြင်းနှင့်သုံးစွဲခြင်း အလေ့အထတို့ ပေါ်ပေါက်လာခဲ့သည်။ ကချင်တောင်တန်း တို့တွင် တရားဝင် ဘိန်းစိုက်ခွင့်ပြုခဲ့ပြီး ဘိန်းခန်းဖွင့်၍ ဘိန်းရှူခြင်းကို မှတ်ပုံတင်ဖြင့် ခွင့်ပြုခဲ့သည်။ အာသံပြည်နယ်မှ ဘိန်းမျိုးစေ့များသည် မြန်မာပြည် မြောက်ပိုင်း ချင်းတွင်းဒေသ၊ ချင်းတောင် ဒေသ၊ ကချင်ဒေသ၊ ရှမ်းဒေသများသို့ ရောက်ရှိလာရာမှ ဘိန်းခင်းများ စတင်ပြန့်ပွားလာခဲ့သည်။ သံလွင်မြစ် အရှေ့ ဘက်ကမ်းတွင် ဘိန်းကို တရားဝင် စိုက်ပျိုးခွင့်ပေးခဲ့သည်။

ဗြိတိသျှအစိုးရက ဘိန်းသယ်ယူခြင်း၊ ရောင်းချခြင်းကို ကိုယ်တိုင်ပြုလုပ်ပြီး ဘိန်းဆိုင်ပေါင်း ၂၁၆ ဆိုင် ဖွင့်လှစ်ခဲ့ သည်။ ဘိန်းရှူသူနှင့် စားသုံးသူတို့ကို တရားဝင်မှတ်ပုံတင်စနစ်ဖြင့် ရောင်းချ ခဲ့သည်။ ထိုသို့ကျင့်သုံးသကဲ့သို့ အခြားမူးယစ်ဆေးဝါးဖြစ်သော ဆေး‌ခြောက်ကိုလည်း သိုဝှက်ရောင်းချခဲ့သည်။ ဗြိတိသျှ တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားချိန်တွင် မှတ်ပုံတင်ထားသော ဘိန်းစား၊ ဘိန်းရှူ သူပေါင်း ၄၈၂၁၁ ဦး ရှိခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံမတင် သော ဘိန်းစားသူ ဦးရေက ပိုများမည်ဟု ခန့်မှန်းခဲ့ကြသည်။

စိတ်ကြွရူးသွပ်ဆေးပြားပြဿနာ

မြန်မာနိုင်ငံအတွင်းသို့ ဘိန်းဓလေ့သွတ်သွင်းခြင်းခံခဲ့ရပြီးနောက် ၁၉၆၀ ပြည့်နှစ်ခန့်အထိ ပြည်တွင်း၌ ဘိန်း စိုက်ပျိုးမှု တွင်ကျယ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မတိုင်မီ မြန်မာနိုင်ငံတွင် ဘိန်းဖြူသုံးစွဲမှု အထောက်အထားမရှိခဲ့ ချေ။ ဘိန်းဖြူကို မြစ်ကြီးနားမြို့တွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ဖားကန့်မှ ကျောက်စိမ်းများကို ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့သူများမှတစ်ဆင့် ထိုင်းဘက်မှ တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၈၂၄ မှ ၁၉၇၀ ပြည့်နှစ်ခန့်အထိ ဘိန်းမည်းကို သုံးစွဲခဲ့ပြီး ၁၉၇၀ မှ ၁၉၉၉ ခုနှစ်အထိ ဘိန်းဖြူ ကို သုံးစွဲလာခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ယနေ့အထိ စိတ်ကြွရူးသွပ်ဆေးပြားကို သုံးစွဲလာကြရာ ကမ္ဘာ့နိုင်ငံများနည်းတူ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် ကိုလိုနီခေတ်တွင် အမြစ်တွယ်ခဲ့သော ဘိန်း ပြဿနာကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နှင့်ပြည်သူတို့ လက်တွဲ၍ ခေတ်အဆက်ဆက်တွင် အခက်အခဲ များစွာကြားမှ တားဆီးကာကွယ် တွန်းလှန်ခဲ့ကြသည်။ နည်းပညာမြင့်မားလာသောအိုင်တီခေတ်တွင် ဘိန်းပြဿနာထက် စိတ်ကြွရူးသွပ်ဆေးပြားပြဿနာသည် တိုင်းရင်းသားပြည်သူတို့၏ ရှေ့မှောက်သို့ တိုက်ရိုက်ရောက်ရှိလာ သောကြောင့် နိုင်ငံတော်မှ တိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းအား၊ နိုင်ငံတကာ ပူးပေါင်းအားဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တွန်းလှန်ကာကွယ် ခဲ့ကြသည်။

အမိန့်ကြော်ငြာစာများထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၁၉၉၃ ခုနှစ် မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အခန်း(၃)၊ ပုဒ်မ ၄ နှင့် ၅ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ကို ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက် တွင် အမိန့်ကြော်ငြာစာအမှတ် ၈၆/၂၀၂၁ ဖြင့် အဖွဲ့ဝင် ၁၇ ဦး၊ လုပ်ငန်းတာဝန် ၁၇ ချက်ဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အမိန့် ကြော်ငြာစာ အမှတ် ၃၁၄/၂၀၂၁ ဖြင့် အဖွဲ့ဝင် ၁၇ ဦး၊ လုပ်ငန်းတာဝန် ၁၈ ချက် ဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၂၂ ဖြင့် အဖွဲ့ဝင် ၁၉ ဦး၊ လုပ်ငန်း တာဝန် ၂၁ ချက်ဖြင့် လည်းကောင်း အဆင့်ဆင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာများ၊ အုပ်ချုပ်မှု အလှမ်းဝေးသော နေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျနေသောနေရာများ၊ လုံခြုံရေးတည်ငြိမ်မှု မရှိသောနေရာများနှင့် လူသူ အရောက်အပေါက်နည်းပြီး တောတောင် ထူထပ်သည့်နေရာများတွင် ဘိန်းကို စိုက်ပျိုးထုတ်လုပ်လေ့ရှိသည်။

ဘိန်းကို ရှမ်းပြည်နယ်တွင် အများ ဆုံးစိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ တွင်လည်း စိုက်ပျိုးလျက်ရှိသည်။ ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)နှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့တို့ ပူးပေါင်း၍ ဘိန်းစိုက်ပျိုး/ထုတ်လုပ်မှုကို တိုင်းတာ ခဲ့ရာ ၂၀၁၂ ဘိန်းစိုက်ရာသီမှစ၍ တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်လျော့ကျလာခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၀-၂၀၂၁ ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ပျိုး/ထုတ်လုပ်မှုအနေဖြင့် ဟက်တာ ၃၀၂၀၀ စိုက်ပျိုးခဲ့ပြီး ၄၂၃ မက်ထရစ်တန်ထွက်ရှိကာ ဘိန်းခင်းဖျက်ဆီးမှုအနေဖြင့် ၄၆၃၂ ဒသမ ၉၇ ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်)