Skip to main content

မဲဆန္ဒရှင်တစ်ဦးသိမှတ်ဖွယ်

ရွှေဇာမြေစိုးမိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်နောက်မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြရပါသည်။ ထိုသို့ ဆန္ဒမဲ ပေးခဲ့ကြရသော်လည်း လူအများစုမှာ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် နည်းလမ်းတကျ မည်သို့မဲပေးရမည်ကို သေသေချာချာ နားမလည်ခဲ့ကြပေ။ ထိုသို့သော အခြေအနေများကြောင့် ကျင်းပပြီးစီးခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်တွင် ပယ်မဲ ၁၄၁၁၉၈၂ မဲ၊ အမျိုးသားလွှတ်တော်တွင် ပယ်မဲ ၁၁၃၇၃၁၄ မဲ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ပယ်မဲ ၁၀၁၈၈၀၀ ရှိခဲ့ကြောင်း သိရပါသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးအနေဖြင့် မိမိတို့၏အသည်းကြားမှ ထွက်ပေါ်လာသော မဲတစ်ပြားသည် နိုင်ငံတော်အတွက် အကျိုးရှိစေရန်အတွက် မဲဆန္ဒရှင်တစ်ဦး လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ရှင်းပြလိုပါသည်။

မဲပေးပိုင်ခွင့်ရှိသူ

ရွေးကောက်ပွဲစတင်ကျင်းပမည်ဟု ကြေညာသောရက်တွင် အသက် (၁၈)နှစ် ပြည့်ပြီးသူတစ်ဦး ဖြစ်ရမည့်အပြင် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ် တစ်ခုခုကို ကိုင်ဆောင်ထားသူ ဖြစ်ရပါမည်။ ၎င်းမဲဆန္ဒရှင်သည် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်တွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ဖြင့် နေထိုင်သူတစ်ဦးလည်း ဖြစ်ရပါမည်။ ၎င်းအပြင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၏ မဲဆန္ဒရှင် အမည်စာရင်းတွင် ပါဝင်နေရမည် ဖြစ်ပါသည်။ ထိုသို့ပါဝင်နေပြီဆိုလျှင် မဲပေးပိုင်ခွင့်ရပြီးလား၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဟုတ်မဟုတ် သိရှိထားရန် လိုအပ်ပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများမှာ-

(က)    သာသနာ့ဝန်ထမ်း။ ကမ္ဘာပေါ်တွင် ကိုးကွယ်သောဘာသာကြီး လေးခုရှိသည်တွင် ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ တို့ဖြစ်ပြီး သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့်လည်း သက်ဆိုင်စေရမည် ဖြစ်ပါသည်။ ခရစ်ယာန် ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကိုဆက်ကပ်ပြီးသောပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်း ခံရသောပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာ ဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက်လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သည့် ပုဂ္ဂိုလ်များပင် ဖြစ်ပါသည်။ ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် ဂုရု (Guru) (တရားပြပုဂ္ဂိုလ်)၊ ပဏ္ဍိတ (ဟိန္ဒူဒဿနပညာရပ်များတွင် အထူးနားလည်ကျွမ်းကျင်သူ)၊ မဟန့် (ဘာသာရေးပုဂ္ဂိုလ်)၊ စံညာစီ (ဘာသာရေးပုဂ္ဂိုလ်)၊ စံညာစိနီ (အမျိုးသမီး သူတော်စင်)၊ ဆာဒူး၊ ဆာဒ်ဝီ (သီလရှိ‌သော အမျိုး သမီး)၊ ဆွာမိ၊ ဆွာမိနီ (ဘာသာရေးပုဂ္ဂိုလ် သို့မဟုတ် သန့်ရှင်းမွန်မြတ်သောပုဂ္ဂိုလ်) တို့ဖြစ်ကြောင်း သိရှိရပါသည်။ အစ္စလာမ် ဘာသာဝင်များအတွက်ဖြစ်လျှင် မော်လဝီ (ဆွန်နီမွတ်စလင်ဘာသာရေး ဆရာ)၊ ဟာဖိဇ် (Huffaz)၊ ဟာဖိဇာ (Hafiza) (ကိုရမ် ကျမ်းတစ်ခုလုံးကို နှုတ်တိုက်အာဂုံဆောင် မှတ်မိထားသော အစ္စလာမ်ဘာသာဝင် အမျိုးသား/ အမျိုးသမီး)၊ အီမန် (Imam) (အစ္စလာမ်ဝတ်ပြုမှုများတွင် ခေါင်းဆောင်သောပုဂ္ဂိုလ်)၊ မုဖ်သီ (Mufti) (ဘာသာရေးဆိုင်ရာ ဥပဒေအကြံပြုချက်များကို ပေးရသောပုဂ္ဂိုလ်)၊ မုဖတ်စိရ်(Mufassir) (ကိုရမ်ကျမ်းကို အဓိပ္ပာယ်ဖွင့်ဆိုရသောပုဂ္ဂိုလ်)၊ အိုလမာ (Ulama) (အစ္စလာမ်ဘာသာနှင့် ပတ်သက်သည့် ဗဟုသုတအသိအမြင်များ ကြွယ်ဝစွာသိမြင်ထားသော ပုဂ္ဂိုလ်) ပီရ် သို့မဟုတ် မရှာအိခ် (Pir or Mashaikh) (မူဆလင်ဘာသာ တိုးတက်ပြန့်ပွားမှုကို အဓိကထား ဆောင်ရွက်သောသူများ)တို့ ဖြစ်ကြောင်း သိရှိရပါသည်။

(ခ)     ထောင်ဒဏ်ကျခံနေရသူ။ တရားရုံးတစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုပါသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာတရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ် ကျခံနေရဆဲဖြစ်သူလည်း ပါဝင်ပါသည်။

(ဂ)     စိတ်ပေါ့သွပ်သူ။ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ ဖြစ်ပါသည်။

(ဃ)    လူမွဲအဖြစ်ကြေညာခြင်း ခံထားရသူ။ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ ဖြစ်ပါသည်။

(င)     ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူ၊

(စ)     နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ တို့သည် မဲဆန္ဒပေးပိုင်ခွင့် မရှိသူများ ဖြစ်ပါသည်။

မဲစာရင်းတွင် အမည်ပါရှိရေး ဆောင်ရွက်ရန်

အထွေထွေရွေးကောက်ပွဲကျင်းပမည့် နေ့ရက်များ ကြေညာပြီးသည့်နောက်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးက သတ်မှတ်ချက်များနှင့်အညီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ညှိနှိုင်းပြုစုထားသည့် မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ ထိုသို့ ကြေညာသည့်အခါ မိမိ၏အမည်စာရင်းသည် မဲစာရင်းတွင်ပါဝင်မှု ရှိ/ မရှိ စစ်ဆေးကြည့်ရှုရမည်မှာ မဲဆန္ဒရှင်များ၏တာဝန်ပင် ဖြစ်ပါသည်။ ထိုသို့ မဲဆန္ဒရှင် စာရင်းအား သွားရောက်ကြည့်ရှုရာတွင် မိမိ၏ အမည်ပါဝင်ခဲ့ခြင်း မရှိလျှင်၊ မိမိသည် ၎င်းရပ်ကွက်၊ ၎င်းကျေးရွာအုပ်စုအတွင်းတွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ဖြင့် နေထိုင်သူ တစ်ဦးဖြစ်ပါက မဲစာရင်းတွင် မိမိအမည် စာရင်းထည့်သွင်းပေးရန် တောင်းဆိုလွှာ သတ်မှတ် ပုံစံ (၃)ဖြင့် မဲစာရင်း ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ (၁၄)ရက်အတွင်း တောင်းဆိုရပါမည်။ ထိုတောင်းဆိုလွှာ လက်ခံရရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် စနစ်တကျ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက မဲစာရင်းတွင် ထည့်သွင်းပေးပါရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်တင်ပြရမည် ဖြစ်ပါသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် တင်ပြလာချက်အပေါ် စိစစ်၍ မှန်ကန်ပါက မဲစာရင်းတွင် ထည့်သွင်းဖော်ပြပေးရမည် ဖြစ်ပါသည်။

မိမိအမည်စာရင်းပါရှိသော မဲစာရင်းတွင် ပါဝင်နေသူ တစ်ဦးဦး၏ အမည်စာရင်း ပါဝင်နေမှုကို ကန့်ကွက်လိုပါက သတ်မှတ်ပုံစံ (၄)ဖြင့် ကန့်ကွက်လွှာကို မဲစာရင်းထုတ်ပြန် ကြေညာသည့်နေ့မှစ၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် တင်ပြလာသော ကန့်ကွက်လွှာအား စိစစ်၍ စိစစ်တွေ့ရှိချက် အစီရင်ခံစာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရပါမည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် တွေ့ရှိတင်ပြချက်အရ မဲဆန္ဒရှင်စာရင်းမှ ပယ်ဖျက်ခြင်း၊ လက်ရှိအတိုင်းထားရှိခြင်းတို့ကို စီမံဆောင်ရွက်ရမည် ဖြစ်ပါသည်။

မဲစာရင်းတွင်ပါဝင်နေသာ မဲဆန္ဒရှင်တစ်ဦး၏ အချက်အလက်များကို ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာကို မဲစာရင်း ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ တင်သွင်းရမည်။ မဲစာရင်းနှင့်စပ်လျဉ်း၍ တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို မဲစာရင်းထုတ်ပြန် ကြေညာသည့်နေ့မှစ၍ (၁၄)ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် မဲဆန္ဒနယ် တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ် တစ်နယ်၏ မဲစာရင်းသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အမည်ပြောင်းရွှေ့လိုလျှင် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ၂၆(၂)နှင့် နည်းဥပဒေ ၂၇ (၁) တို့အရ ထုတ်ပေးထားသော ပုံစံ (၁၀)သို့မဟုတ် ပုံစံ (၉၀/၁/နငသ) နှင့်အတူ လက်ရှိ မဲဆန္ဒနယ်စာရင်း၌ မိမိ၏အမည်ကို ပယ်ဖျက်၍ အခြားဒေသ၏ မဲစာရင်းသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုလွှာ ပုံစံ (၄-က) ဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရပါမည်။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ခွင့်ပြု၍ ၎င်းမဲဆန္ဒရှင်၏အမည်ကို မဲစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အထောက်အထားဖြစ်သော ပုံစံ (၄-ခ) ကို ထုတ်ပေးပါလိမ့်မည်။ ၎င်းမဲဆန္ဒရှင်သည် မိမိ ပြောင်းရွှေ့နေထိုင်သည့်ဒေသ၏ မဲစာရင်းတွင် မိမိ၏အမည်စာရင်း ထည့်သွင်းပေးပါရန် ပြောင်းရွှေ့ရောက်ရှိသည့်နေရာ၏ အိမ်ထောင်စုလူဦးရေပုံစံ (၆၆/၆)နှင့် ပုံစံ(၄-ခ)တို့ ပူးတွဲ၍ တောင်းဆိုလွှာ ပုံစံ (၃)ကို မဲစာရင်း ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ (၂၁) ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ တင်သွင်း၍ မဲစာရင်းတွင် ထည့်သွင်းပါဝင်ခွင့် ရမည်ဖြစ်ပါသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦး၏ အမည်သည် မြို့နယ်တစ်မြို့နယ်ထက်ပိုသော မဲစာရင်းတွင် လည်းကောင်း၊ မြို့နယ်တစ်ခုအတွင်းတွင်ရှိ‌သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တစ်ခုထက်ပိုသော မဲစာရင်းများတွင် ပါရှိနေပါက လက်ရှိနေထိုင်ရာ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ရှိသည့် မြို့နယ်/ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ မဲစာရင်းဖြင့်သာ ဆန္ဒမဲပေးရမည် ဖြစ်ပါသည်။ အခြားမြို့နယ်/ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် ပါဝင်နေကြောင်း သိရှိရပါက မိမိအမည်ကို ပယ်ဖျက်ပေးရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ပုံစံ (၄-က) ဖြင့် လျှောက်ထားရပါမည်။

မဲပေးခြင်းနည်းလမ်းများ

ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိအမည်များကို မဖတ်တတ်လျှင်လည်းကောင်း၊ ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင် လည်းကောင်း၊ မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမ အရင်းတစ်ဦးဦးက ဆန္ဒမဲပေးသူ၏ ညွှန်ကြားချက်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် ဆန္ဒမဲလက်မှတ်၌ လျှို့ဝှက် ဆန္ဒပြုရပါမည်။ ၎င်းပုဂ္ဂိုလ်များမရှိခဲ့လျှင် မဲရုံမှူးက ဆောင်ရွက်ပေးရပါမည်။ ကြိုတင်ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများအနေဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်ထားပါသည်။ ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သော အသက်အရွယ် ကြီးရင့်သူများ၊ အနာကြီးရောဂါ စွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ နေအိမ်တွင် မီးဖွားနေသူ၊ မသန်စွမ်းသူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေ‌သော အတွင်းလူနာများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ခရီးသွားရန်ရှိသူများ၊ ရွေးကောက်ပွဲကျင်းပသည့် နေ့၌ ပြင်ပသို့ သွားရောက်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များသည် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်သူများ ဖြစ်ကြပါသည်။

မဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိသော ကျောင်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေသော အတွင်းလူနာများသည်လည်း ကြိုတင်ဆန္ဒမဲ ပေးနိုင်သူများ ဖြစ်ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည်လည်း နိုင်ငံခြား ကြိုတင်ဆန္ဒမဲပေးနိုင်သူများ ဖြစ်ကြပါသည်။

မဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေသော အခြားဒေသရှိ စီမံကိန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းတစ်ခုခုတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အခြားမဲဆန္ဒရှင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေကြသော မဲဆန္ဒရှင်များသည် အမြဲတမ်း နေရပ်ရှိ မဲစာရင်းဖြင့် ထိုမဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးလိုပါက မိမိတို့၏ အမြဲတမ်းနေရပ် သို့သွားရောက်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့မတိုင်မီ သက်မှတ်ရက်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ကြိုတင်ဆန္ဒမဲပေးနိုင်ပါသည်။ ၎င်းအပြင် ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မိမိ၏အမြဲတမ်းနေရပ်ရှိ သတ်မှတ်ထားသည့် မဲရုံတွင် ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲပေးနိုင်ပါသည်။

မဲရုံတွင်မဲပေးခြင်း

မဲဆန္ဒရှင်တစ်ဦးသည် မဲရုံသို့လာရောက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ် တစ်မျိုးမျိုးပါရှိလာ ရမည်ဖြစ်ပါသည်။ မဲရုံရှေ့သို့ ရောက်ရှိစဉ်တွင် မဲရုံရှေ့ရှိ မဲစာရင်းများ ကတ်ထားသည့်စာရင်းတွင် မိမိတို့၏ မဲစာရင်းအမှတ်စဉ်ကို ကြည့်ရှုမှတ်သား ကြရမည်ဖြစ်ပါသည်။ မဲရုံအတွင်းသို့ ရောက်ရှိစဉ်တွင် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရ လက်မှတ်တစ်မျိုးမျိုးကို မဲရုံရှိ မဲစာရင်းစစ်ဆေးသူအား ပြသပြီး ဆန္ဒမဲလက်မှတ်ကို ကိုယ်တိုင်ထုတ်ယူရပါမည်။ ၎င်းဆန္ဒမဲလက်မှတ်တွင် မဲရုံမှူးလက်မှတ် ပါ/ မပါ စစ်ဆေးရပါမည်။ ၎င်းနောက် လျှို့ဝှက်ဆန္ဒပြုခန်းအတွင်းသို့ဝင်၍ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိမဲပေးလိုသော နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ဆန္ဒပြုပြီး ဆန္ဒမဲလက်မှတ်ကို မဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့် ရပါမည်။ မဲပုံးထဲသို့ထည့်ရမည့် ဆန္ဒမဲလက်မှတ်တွင် မဲရုံမှူး၏ လက်မှတ်နှင့် လေးထောင့်အကွက်အတွင်း မဲဆန္ဒရှင်ဆန္ဒပြုထားသော အမှတ်အသားမှတစ်ပါး အခြားမည်သည့် အမှတ်အသားမျှ မပါဝင်စေရပါ။ လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ပေးရမည်။ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲမပေးရပါ။ ဆန္ဒမဲပေးခြင်းအားလုံး ပြီးဆုံးလျှင် နောက်တစ်ကြိမ် ဆန္ဒမဲပေးနိုင်ခြင်းမရှိစေရန် တာဝန်ရှိသူက ညွှန်ကြားသည့်အတိုင်း လက်ချောင်းတစ်ချောင်းတွင် မင်တို့ခြင်း ပြုလုပ်ရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင် သက်သေခံလက်မှတ် ( Voter Slip ) ဖြင့် မဲပေး၍ မရပါ။

ပယ်မဲအမျိုးအစားများ

မဲဆန္ဒရှင်တစ်ဦးသည် မိမိတို့ဆန္ဒပြုသော မဲလက်မှတ်သည် ပယ်မဲဖြစ်နိုင်၊ မဖြစ်နိုင် သိရှိထားရန် လိုအပ်ပါသည်။ ပယ်မဲအဖြစ် သတ်မှတ်ထားသော မဲလက်မှတ်များမှာ -

ကော်မရှင်က အတည်ပြုထားသော အမှတ်အသားမပါသည့် ဆန္ဒမဲလက်မှတ်၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၏ တံဆိပ်မပါရှိသော ကြိုတင်ဆန္ဒမဲလက်မှတ်၊ မဲရုံမှူးလက်မှတ်မပါသည့် ဆန္ဒမဲလက်မှတ်၊ နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ဆန္ဒပြုထားသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားခြင်းမရှိသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားခြင်းမှာ မသေချာ မထင်ရှားသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲလက်မှတ် အတုဖြစ်သည်ဟု မဲရုံမှူးက ဆုံးဖြတ်သည့် ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် အမှတ်အသားပြုထားသည့် ဆန္ဒမဲလက်မှတ်၊ ဆုတ်ဖြဲထားသည့် ဆန္ဒမဲလက်မှတ်၊ ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ရန် ထုတ်ပြန်ထားသော ဆန္ဒမဲလက်မှတ်များပင် ဖြစ်ပါသည်။

မဲပေးရာတွင် သတိပြုရမည့်အချက်များ

မိမိထုတ်ယူထားသော မဲလက်မှတ်ကို သက်ဆိုင်ရာ မဲပုံးတွင်ထည့်ခဲ့ရန် အရေးကြီးပါသည်။ မဲရုံအပြင်သို့ မဲလက်မှတ်ပါသွားခဲ့လျှင် ရွေးကောက်ပွဲ ပြစ်မှုမြောက်သဖြင့် အရေးယူခံရမည် ဖြစ်ပါသည်။ မည်သည့်ပါတီ/ မည်သည့်ကိုယ်စားလှယ်လောင်းအား မဲပေးခဲ့ပါသလဲဟု မေးလျှင် ဖြေဆိုရန်မလိုပါ၊ မိမိကိုယ်တိုင်လည်း မည်သည့်ပါတီ/ ကိုယ်စားလှယ်လောင်းကို မဲထည့်ခဲ့ကြောင်း အများကြားအောင် မပြောရပါ။ ထိုသို့ပြောဆိုပါက မဲဆွယ်စည်းရုံးရာရောက်ပြီး ရွေးကောက်ပွဲပြစ်မှုမြောက်သဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

မဲပေးရာတွင် ရှောင်ရန်အချက်များ

ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်ကို အခြားသူတစ်ဦးအား မပေးရ။ ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ မထည့်သွင်းရ။ အခွင့်အာဏာမရှိဘဲ မဲပုံးကို ဖွင့်လှစ်ခြင်း၊ မဲလက်မှတ်များကို ဖျက်ဆီးခြင်းမပြုရ။ ရွေးကောက်ပွဲတစ်ခုခုတွင် လွှတ်တော် မဲဆန္ဒနယ် တစ်နယ်ထက်ပို၍ ဆန္ဒမဲမပေးရ။ ရွေးကောက်ပွဲတစ်ခုခုတွင် မိမိဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက် ပို၍ဆန္ဒမဲမပေးရ။ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို တောင်းဆိုခြင်း၊ ဆန္ဒမဲပေးခြင်းမပြုရ။ မဲရုံအတွင်းသို့ ဝင်ခွင့်မရှိဘဲ ဝင်ရောက်ခြင်းမပြုရ။ ဆန္ဒမဲလက်မှတ်ကို မဆုတ်ဖြဲရ။ အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်တစ်ခုခုကိုဖြစ်စေ၊ အများကိုဖြစ်စေ၊ မဲပုံးအတွင်းသို့ မထည့်သွင်းရ၊ မဲပေးပြီးသည့်အခါ လက်ချောင်းတစ်ချောင်းချောင်းကို မင်တို့ရန် ငြင်းဆန်ခြင်း သို့မဟုတ် တမင်ပျက်ကွက်ခြင်း မပြုရပါ။ မည်သူမဆို အထက်ပါအကြောင်းအရာ တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ငွေဒဏ်ကျပ်တစ်သိန်း ချမှတ်ခံရမည်။ ငွေဒဏ်မပေးဆောင်ပါက ထောင်ဒဏ် (၁၄)ရက် ချမှတ်ခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါရှိစေရေးကို အဓိကထား ဆောင်ရွက်ရမည့်အပြင် မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ မိမိအမည်စာရင်း ပါဝင်ခဲ့လျှင်လည်း မိမိတို့နေထိုင်ရာ ဒေသမှလွဲ၍ ကျန်မဲဆန္ဒနယ်ရှိ အမည်စာရင်းကို ပယ်ဖျက်ရမည် ဖြစ်ပါသည်။ ထိုသို့မဆောင်ရွက်ခဲ့လျှင် အခြားသူ တစ်ဦးဦးက ကိုယ်စားဝင်ရောက် မဲပေးခဲ့ပါက မဲနှစ်ကြိမ်ပေးခြင်း ဖြစ်နိုင်သဖြင့် အထူးဂရုပြု ဆောင်ရွက်ရန်လိုကြောင်း သတိပြုကြရန်လိုပါသည်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များဖြင့် အရေးယူမခံရစေရေးအတွက် မဲဆန္ဒရှင်များ အလေးထား ဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။          ။