Skip to main content

အသိသတိနဲ့ စနစ်တကျနေထိုင်ကြဖို့ အရေးကြီး

ယခုရက်ပိုင်း COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံတော်တော်များများကို ပြန့်လာတာကြောင့် ကမ္ဘာတစ်ဝန်းလုံး သဲသဲလှုပ်ဖြစ်နေကြပါတယ်။ တချို့ လူတွေက အကြောက်တရားလွန်ကဲပြီး စားသောက်ဖွယ်ရာကအစ ရေအိမ်သုံးစက္ကူတွေအဆုံး ဝယ်ယူသိုလှောင် တာတွေပါ စိုးရိမ်မှုလွန်ကဲပြီး ပြုလုပ်လာကြပါတယ်။

စူပါမားကတ်တွေမှာ အစောင့်ချထားရပြီး စားစရာနဲ့ ကုန်ပစ္စည်းတွေကိုဝေစုတွေနဲ့ ရောင်းချပေးရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

အရှုံးပေါ်

ကမ္ဘာ့စက်ရုံကြီးတစ်ခုလို့ တင်စားခဲ့တဲ့ တရုတ်နိုင်ငံက စတင်ဖြစ်ပွားလိုက်တဲ့ COVID-19 ကြောင့် ကမ္ဘာ့ စီးပွားရေးတွေဖရိုဖရဲဖြစ်ပြီး စတော့ရှယ်ယာတွေ အရှုံး ပေါ်လာပါတယ်။ မှန်တဲ့သတင်းရော လုပ်ကြံသတင်းပါ ကမ္ဘာတစ်ဝန်းလုံး ပြန့်လာတာကြောင့် လူတွေမှာ ဘာလုပ် ရမယ်မှန်းမသိလောက်အောင် ဖြစ်ကုန်ကြပါတယ်။

အဲဒီမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံး လူညွန့်တုံးတော့မယ့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ပုံဖော်လာတာကြောင့် ပြည်သူအများ စိုးရိမ်ကြောက်ရွံ့စိတ်တွေ ကြီးမားလာပါတော့တယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာဝေဒနာကို ဖြစ်ပွားစေတဲ့ ပိုးတစ်မျိုးပါ။ ဘာလို့ နာမည် ဒီလောက်ကြီးပြီး လူတွေကြောက်ကြပါသလဲ။ တကယ်တော့ ဒီရောဂါဟာ လူတွေသာမန်ဖြစ်နေကျရောဂါ မဟုတ်ဘဲ အသစ်ဖြစ်နေလို့ပါပဲ။

အဆုတ်ပျက်စီး

အဲဒီရောဂါဆိုးကျိုးကတော့ ရောဂါဝင်ရင် နှစ်ပတ်လောက်အထိ ဘာမှရောဂါလက္ခဏာ မပြတတ်ဘဲ နှာစေး၊ ချောင်းဆိုးကနေ အပူချိန်တက်လာကာ အဆုတ်နှစ်ဖက် ခဲပြီး အဆုတ်ပျက်စီးသည်အထိ ဖြစ်တတ်ပါတယ်။

ပထမတော့ တရုတ်နိုင်ငံ ဟူပေပြည်နယ်နဲ့ အဲဒီ အနီးအနားဒေသက ပြန်လာသူတွေမှာသာဖြစ်ပေမယ့် နောက်တော့ တောင်ကိုရီးယားနဲ့ အီတလီတို့မှာ တရုတ်နိုင်ငံ မရောက်ဖူးသူ တရုတ်နိုင်ငံနဲ့ ပတ်သက်မှုမရှိတဲ့ သူတွေပါ ဖြစ်လာကြပါတယ်။ အဲဒီလို မူရင်းတရုတ်နိုင်ငံ မှာဖြစ်တဲ့ ဗိုင်းရပ်စ်မဟုတ်ဘဲ ပြည်တွင်းမှာ အချင်းချင်း ကူးရင်တော့ Community Transmission လို့ခေါ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ဖြစ်နိုင်ပါတယ်။

အထိနာတာက သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်ပြီး ကိုယ်ခံအားနည်းသူတွေပါ။ ဒီရောဂါဖြစ်ရင် အဓိက အန္တရာယ်ကလူနာတွေ ဆေးရုံကို အချိန်တိုအတွင်း အမြောက်အမြားရောက်လာကြပြီး ဆေးရုံပြည့်လျှံကာ နောက်ဆုံးမှာတော့ ကုသမှု လက်လျှော့လိုက်တာဖြစ်ပါ တယ်။

ယခုတွေ့ရှိချက်တွေအရ လူ ၁၀၀ ဖြစ်ရင် ၈၀ ပြန် ကောင်းပြီး ၂၀ က ဆေးရုံတက်ရတဲ့အထိ ဆိုးပါမယ်။ ပြောရ မယ်ဆိုရင်တော့ အဲဒီ ၂၀ မှာ ငါးယောက်က တော်တော်ကို အသည်းအသန်အခြေအနေပါပဲ။

ပြန်ဖြန့်လေ့ရှိ

ဒါ့အပြင် ရောဂါရှိသူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် လူနှစ်ယောက်၊ သုံးယောက်ကြား ပြန်ဖြန့်လေ့ရှိပါတယ်။

သေချာတာတစ်ခုက နောက်တစ်လ၊ နှစ်လအတွင်းမှာ ဒီဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးနီးပါး ရောက်ရှိလာနိုင်တာ ဖြစ်ပါတယ်။

အဲဒီအခါ ဖြစ်နိုင်တာက ချမ်းသာတဲ့နိုင်ငံတွေက ရောဂါမပြန့်အောင် နည်းလမ်းမျိုးစုံနဲ့ကာကွယ်ကြဖို့ လုပ်ကြမှာဖြစ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေကတော့ ကူးစက်မှု မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရတဲ့ သူတွေရဲ့ အသက်ကို မနည်းလုရမှာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ရောဂါပြန့်ပွားပုံအနေနဲ့ ကွာခြားပြီး ဆေးကုသခံယူပုံလည်း မတူညီကြပါဘူး။

ဥပမာ- မြန်မာနိုင်ငံကလူတွေအနေနဲ့ ဖျားနာလာရင် လမ်းထိပ်ကွမ်းယာဆိုင်က အဖျားကျဆေးစားပြီး အိမ်မှာ နေပေမယ့် ဥရောပ၊ အမေရိကက လူတွေက နည်းနည်းဖျားရင် ဆေးရုံပြေးပါတယ်။ ဒီလိုကြည့်ရင် လူနာတွေအများ အပြား ဆေးရုံကို ဖျားရုံနဲ့လာမယ့် အရိပ်အယောင်တော့ မြန်မာနိုင်ငံမှာ မရှိသလောက်ဆိုရမှာဖြစ်ပါတယ်။

ထည့်စဉ်းစားရမယ့်အချက်

မြန်မာနိုင်ငံအတွက် ကျွန်တော်စိုးရိမ်တာက မြန်မာနိုင်ငံရှိ ပြည်သူတွေအနေနဲ့တော့ ပါရာစီတမော့လေး သောက်ပြီး လူအုပ်စုကြား သွားလာနေကြတဲ့ လူမျိုးတွေ ဖြစ်တယ်။ ဒီဗိုင်းရပ်စ်ပိုးခံစားလာရရင်ဆိုတဲ့ အချက်ကို အဓိကထား ထည့်စဉ်းစားရမယ့် အချက်ဖြစ်လာပါတယ်။

မြန်မာနိုင်ငံက ဆေးရုံတွေအနေနဲ့ အဆုတ်ရောင်ပြီး အောက်ဆီဂျင်လိုတဲ့ အဲဒီလိုလူနာတွေ အချိန်တိုအတွင်း ဆေးရုံတက်လာကြရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့စနစ်တကျ စီစဉ်ကြံဆထားရမှာဖြစ်ပါတယ်။

Ventilator လို့ခေါ်တဲ့ အသက်ရှူစက်တပ်ရမယ် ဆိုရင်ကော ICU capacity လို့ ခေါ်တဲ့ အထောက်အကူပြု ဆေးဝါးများထားရှိရပါမယ်။

ပိုးက ဆိုးလာလို့ နောက်ဆက်တွဲအဆုတ်ဗက်တီးရီး ယားတွေ ဖြစ်လာရင်တော့ နောက်တစ်ဆင့်ဘာဆေး အသုံးပြုရမလဲဆိုတာကိုတော့ ကြိုတင်စဉ်းစားထားရမှာ ဖြစ်ပါတယ်။

အဓိကကတော့ လုပ်ငန်းထိရောက်အောင်မြင်ဖို့ဆိုရင် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုတာကြောင့် ပြည်သူသာလျှင် အဓိကဖြစ်ပါတယ်။ ရောဂါဖြစ်လာရင် အားနည်းချက်ကို တတ်နိုင်သမျှနည်းအောင် ဆင်ခြင်ဖို့ဆိုတာ မြန်မာ ပြည်အတွက် တစ်ခုတည်းသောနည်းကတော့ တစ်ချိန် တည်းမှာ လူနာအမြောက်အမြား မကူးစက်သွားဘဲ သတ္တဝါနဲ့ လက်နက်မျှစေတဲ့ ကာကွယ်နည်းကသာ နည်းလမ်းအမှန် ဖြစ်ပါတယ်။

ပထမဦးဆုံးလုပ်ရမှာက တစ်ဦးနဲ့တစ်ဦး မဖြစ်ဘူး လို့ ငြင်းမနေဘဲ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဖြစ်လာရင်လည်း တိကျခိုင်မာတဲ့ Plan ချသင့်ပါတယ်။

ဖျားနေသူအားလုံးကိုစစ်ဆေးဖို့ရာမှာ နိုင်ငံအတွက် ကုန်ကျစရိတ်များတဲ့အတွက် ဖြစ်နိုင်ရင်တော့ ဖျားနေသူ ကို ဆရာဝန်များအနေနဲ့ PPE စတဲ့ ဝတ်စုံတွေနဲ့ သတိ ထား ကိုင်တွယ်တာ၊ သံသယလူနာကို သီးသန့်ခွဲထားတာ၊ နဂိုကမှ ကျပ်ပိတ်နေတဲ့ ဆေးရုံ Ward တွေမှာ Aerosol အငွေ့တွေပြန့်စေတဲ့ Nebulizer လို ကိရိယာမျိုးတွေ အစား MDI နဲ့ Spacer ကို အစားထိုးသုံးတာတွေ လုပ်သင့် ပါတယ်လို့ အကြံပြုလိုပါတယ်။

ထိရောက်စွာဆောင်ရွက်

အောက်ဆီဂျင်ကို Pressure နဲ့ ဖိသွင်းတဲ့ ARVO စက်တွေ၊ Non Invasive Ventilation ဖြစ်တဲ့ CPAB/ BiPAP တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာပဲ သုံးစွဲတာ ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှလည်း ပိုးပြန့်ပွားမှုကို ထိရောက်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဆရာဝန်၊ သူနာပြုတွေ Hand Hygiene Complaince ၁၀၀ ရာခိုင်နှုန်းနီးပါးရအောင် လုပ်သင့်ပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ကိုယ်နေမကောင်းရင် သူတစ်ပါးမကူးရအောင် အထူးဂရုစိုက်တာ၊ လက်ကို သန့်နေအောင်လုပ်တာတွေ သိစေဖို့ Public Health Campaign တွေ လုပ်သင့်ပါတယ်။

တတ်နိုင်သလောက် လူအစုအဝေးလိုက်လုပ်ရတဲ့ အခမ်းအနားတွေကို ရွှေ့ဆိုင်းတာ၊ ပျော်ပွဲရွှင်ပွဲတွေ နားထားတာတွေ လုပ်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့က ထုတ်ပြန် ထားတဲ့အချက်တွေကို လိုက်နာဖို့၊ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့နဲ့ စနစ်တကျ နေထိုင်ကြဖို့ အရေးအကြီး ဆုံးဖြစ်ပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး ပြိုင်တူတွန်းရင် အရွေ့တစ်ခုကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

နင်လားဟဲ့ ကိုရိုနာဆိုပြီး ခပ်ရဲရဲလေးသင်္ကြန် ထွက်ကဲတာမျိုးလည်းမဟုတ်ဘဲ အသိသတိနဲ့ စနစ်တကျ နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။ ။

ဒေါက်တာနေမျိုးဦး