သာယာပျော်ရွှင် လုပ်ငန်းခွင်
နွေဦးမောင်
နိုင်ငံတစ်ဝန်းတွင် အစိုးရလုပ်ငန်းဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အမြောက်အမြား လည်ပတ်တည်ရှိနေကြသည်။ သို့ရာတွင် ယင်းအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝချင်း မတူကွဲပြားကြပါ။ ထိုသို့ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ မတူကြသည့်အတွက် တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများ၏ လုပ်ငန်း တာဝန်များလည်း မတူညီနိုင်ကြပါ။
အချို့လုပ်ငန်းခွင်များတွင် ဝန်ထမ်းများ အလုပ်တာဝန် ထမ်းဆောင်ရသည်မှာ ပေါ့ပေါ့ပါးပါး အနေအထားများ တွေ့ကြုံဖူးသည်။ ပကတိအနေအထားတွင် ဦးနှောက်ကိုအသုံးချပြီး ဉာဏ်စွမ်းအားဖြင့် ဆောင်ရွက်ကာ ကာယစွမ်းအားကို လျှော့ချသုံးစွဲခွင့် ရရှိထားခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်အနေဖြင့် ပင်ပန်းဆင်းရဲခြင်း မရှိကြပါ။ သို့ရာတွင် ဦးနှောက်အင်အား၊ စိတ်အင်အားကို အလေးထားအသုံးပြုပြီး တာဝန်များကို ဖြေရှင်းထမ်းဆောင် ရသောကြောင့် စိတ်ဖိစီးမှု ခံစားရတတ်သည်။
အချို့လုပ်ငန်းခွင်များတွင် ကာယအား၊ ဉာဏအားကို အားကုန်စိုက်ထုတ်ပြီး သတ်မှတ်အလုပ်ချိန်အတွင်း ပြီးမြောက်အောင်မြင်စေရန် ပင်ပန်းကြီးစွာ ဆောင်ရွက်ကြရသည်လည်း ရှိကြသည်။ ကိုယ်ရောစိတ်ပါ ဖိစီးလေးလံလျက် မိမိတို့၏ လက်ရှိဘဝကို ဒုတိယနေရာတွင် ထားရစ်လျက် ဆောင်ရွက်ရမည့် အလုပ်အကြောင်းကိုသာ ဦးစားပေး အစဉ်တွေးတော သုံးသပ်နေရသည့် အမှုထမ်း၊ အရာထမ်းများလည်း ရှိကြသည်။
စိတ်လွတ်လပ်ပျော်ရွှင်ရသည့် အရသာ
အချို့ဝန်ထမ်းများမှာမူ ကာယအားကိုသာ အဓိကအသုံးချပြီး ဆောင်ရွက်ရသည်။ သို့အတွက် ပင်ပန်းစွာ စဉ်းစားသုံးသပ်နေစရာ မလိုသည့် အနေအထားကြောင့် ရုပ်ပိုင်းဆိုင်ရာအနေဖြင့် ပင်ပန်းသော်လည်း သီချင်းတညည်းညည်းဖြင့် မိမိတို့၏ တာဝန်များကို အောင်မြင်ပြီးမြောက်စေရန် ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရသည်။ ထိုသူများမှာ စိတ်လွတ်လပ်ပျော်ရွှင်ရသည့် အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ကြသူများ ဖြစ်ကြသည်။
စင်စစ်တာဝန် ခွဲဝေသတ်မှတ်ချက်အရ ဌာန၊ လုပ်ငန်းနှင့် အဖွဲ့အစည်းများ၏ သဘောသဘာဝချင်း မတူညီကြသည့်အတွက် တာဝန်ထမ်းဆောင်ကြသူ ဝန်ထမ်းများဖြစ်သော အမှုထမ်း၊ အရာထမ်းများ၏ ဆောင်ရွက်ရသည့် တာဝန်ပမာဏနှင့် သဘာဝသည် ထပ်တူမရှိနိုင်ကြပါ။ အချို့ဝန်ထမ်းများအနေဖြင့် စနေ၊ တနင်္ဂနွေဆိုသည်ကို အမှတ်မရနိုင်လောက်အောင် တာဝန်၏ဖိစီးမှုကို ခံကြရသော်လည်း အချို့ဝန်ထမ်းများ ရုံးတက်၊ ရုံးဆင်းချိန်များအတွင်း ချွေးတစ်စက်မျှ ထွက်စရာမလိုရလောက်အောင် သက်သာချောမွေ့သော တာဝန်များကို ထမ်းဆောင်ကြရသည်။ သို့သော် မည်သူကိုမျှ အပြစ်တင်စရာမလို။ မိမိဘဝကို ကိုယ်တိုင်တည်ဆောက်ရန်အတွက် မိမိနှင့်သက်ဆိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြဋ္ဌာန်းရွေးချယ်ပြီး ဖြစ်ကြသည်။ ထို့ကြောင့်ပင် ယင်းဖြစ်စဉ်ကို မိမိအတွက် ကိုယ်တိုင်ဖန်တီးထားသော အကြောင်းတရား တစ်မျိုးဟုသာ မှတ်ယူကြရမည်ဖြစ်သည်။
မည်သို့ဆိုစေ လူသားအားလုံးသည် မိမိတို့ဘဝက ဖန်တီးထားသော လမ်းကြောင်းများအတိုင်း၊ ဘဝက သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း တာဝန်များကို ထမ်းဆောင် လျှောက်လှမ်းနေကြရသည်သာ ဖြစ်သည်။ အလုပ်တာဝန် ပင်ပန်းစွာ ထမ်းဆောင်ရသည်ဖြစ်စေ၊ သက်သာလွယ်ကူစွာ ဆောင်ရွက်ရသည်ဖြစ်စေ နိုင်ငံ၏ တာဝန်များ၊ မိမိ၏ အဖွဲ့အစည်း တာဝန်များကို မိမိတို့၏ ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရခြင်းသာဖြစ်သည်။ ထို့အတွက် မိမိတို့ထမ်းဆောင်ရသည့် တာဝန်များကို ကြီးလေးသည်၊ ပေါ့ပါးသည်ဟူ၍ ကြေးတိုက်ယှဉ်ပြိုင်မနေကြဘဲ မိမိတို့အတွက် ချမှတ်ခွဲဝေပေးထားသော တာဝန်များကို ကျေပွန်စေရန်သာ ဦးစားပေး ထမ်းဆောင်သင့်လှသည်။
စည်းလုံးညီညွတ်စေရေး
ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့၏ လုပ်ငန်းခွင် သာယာလှပရေး၊ မိမိတို့၏ အဖွဲ့အစည်းများ အဆင်ပြေပြေ လည်ပတ်နိုင်စေရေး၊ မိမိတို့၏ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်းတို့အကြား စည်းလုံးညီညွတ်စေရေးတို့အပြင် မိမိတို့ကိုယ်တိုင် နေ့စဉ်ဆောင်ရွက်သမျှသော အလုပ်တာဝန်များ ထမ်းဆောင်နေစဉ်အတွင်း စိတ်ရောကိုယ်ပါ ပျော်ရွှင်ချမ်းမြေ့နေစေရန် ဖန်တီးဆောင်ရွက်သင့်ကြသည်။
တကယ့်လက်တွေ့ဘဝတွင် ကိုယ်စိတ်ပင်ပန်းစွာ အားစိုက်တာဝန် ထမ်းဆောင်နေရသည့် အချိန်အတွင်း စိတ်ရောကိုယ်ပါ ပျော်ရွှင်ချမ်းမြေ့နေစေရန် ဖန်တီးရခြင်းသည် လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပါချေ။ သို့ရာတွင် မိမိတို့၏ မူလစိတ်ကို ဖြူစင်အောင်ထားနိုင်ခြင်းကပင် လုပ်ငန်းခွင်နှင့် ယင်းလုပ်ငန်းခွင်အတွင်း ပါဝင်ပတ်သက်နေသူ ဝန်ထမ်းကြီးငယ်များ၏ နေ့စဉ်ဘဝများကို ပျော်ရွှင်စေရန် အစပျိုးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း သိရှိနားလည်နိုင်သည်။
ထို့ကြောင့် လုပ်ငန်းခွင်သာယာပြီး ပျော်ရွှင်စရာကောင်းသည့် ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးရန်မှာ မိမိတို့ဝန်ထမ်းများကိုယ်တိုင်က အဓိကကျကြောင်း သိရှိထားရမည်။ နေရာတိုင်း အချိန်တိုင်းတွင် လူသာပဓာနဆိုသည့်စကားသည် မှန်ကန်နေသည်ကို တွေ့ရမည်။ မိမိတို့ကိုယ်တိုင်က စိတ်ပါလက်ပါ ပါဝင်ဆင်နွှဲပြီး အားလုံး၏ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လန်းဆန်းတက်ကြွစေရန် ဆောင်ရွက်သင့်လှသည်။
ပျော်ရွှင်စေခြင်း အကြောင်းတရားမှ အကျိုးရလဒ်ကို ရရှိနိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရွေးချယ်နိုင်သည်။ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းအတွင်းမှ ပါဝင်သူများအားလုံး ပထမဦးစွာ သတိထားရမည်မှာ တစ်ဦးနှင့်တစ်ဦး မည်သည့်အကြောင်းကိစ္စတွင်မဆို သည်းခံခွင့်လွှတ်ခြင်းတရားကို လက်ကိုင်ထားပြီး အတူပေါင်းသင်း လုပ်ဆောင်ကြရန်ဖြစ်သည်။ မည်သည့်အကြောင်းတရားတွင်မဆို သည်းခံခွင့်လွှတ်နိုင်ခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်ဘဲ အောင်နိုင်သူများအတွက်သာ ဖြစ်သည်။ မိမိ၏ အတွင်းအဇတ္တကို ပထမဆုံး အောင်နိုင်ပြီးမှသာ မိမိပတ်ဝန်းကျင်တွင် သည်းခံခြင်းတရားကို စောင့်ထိန်းနိုင်သောကြောင့် ဝန်ထမ်းအချင်းချင်းအကြား ဖြစ်ပေါ်လာမည့် အဖုအထစ်များ၊ မကျေလည်မှုများကို သာယာချမ်းမြေ့စွာ ဖြတ်ကျော်နိုင်ကာ ပါဝင်သူအားလုံး၏ စိတ်နှလုံး ငြိမ်းချမ်းစေသော အောင်နိုင်မှုကို ရရှိခံစားခွင့် ရနိုင်သည်။ မိမိ၏ သဘောထားကြီးမှုကိုလည်း မိမိ၏လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်များက သိရှိနားလည် သဘောပေါက်ကြမည်မှာ သေချာသည်။ ထို့ကြောင့်ပင် လုပ်ဖော်ကိုင်ဖက်များ၏ စိတ်နှလုံးကိုလည်း အောင်နိုင်သူဖြစ်လာပါလိမ့်မည်။ မိမိ၏ သည်းခံခြင်းတရားကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ကောင်းကျိုးချမ်းသာများသည် အဆုံးသတ်မရှိသည်ကို တွေ့ထိမြည်းစမ်းရသည်ကပင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလှသော အလုပ်ခွင်၏ လှပသော အဓိပွာယ်တစ်မျိုးပင် ဖြစ်သည်။
ဝန်ထမ်းအဖွဲ့အစည်းအတွင်းတွင် နေ့စဉ် ထိတွေ့ဆက်ဆံရေးသည် ရာထူးအဆင့်အတန်းက အရေးမကြီးလှပါ။ သို့ရာတွင် မိမိတို့အချင်းချင်းတွင် လေးစားမှုတော့ ရှိနေရမည်။ ရာထူးကြီးမြင့်သူက ရာထူးငယ်သူအား နှိမ့်ချဆက်ဆံခြင်းကို ရှောင်ကြဉ်ရမည်။ ရာထူးငယ်သူများကလည်း ရာထူးကြီးမြင့်သူများကို အထင်သေးခြင်း မရှိစေရပါ။ ဖြူစင်သော စိတ်ထားကို လက်ကိုင်ထားပြီး မိမိတို့အချင်းချင်း ပေါင်းသင်းဆက်ဆံသင့်သည်။ မည်သူမဆို မိမိအတိုင်းအတာအလိုက် တာဝန်ကို ကျေပွန်စေရန် ထမ်းဆောင်နေကြသည် ဖြစ်လေရာ မိမိ၏တာဝန်နှင့် ထိုက်တန်သော အင်အားစိုက်ထုတ်မှု ထားရှိကြရသည်မှာ သဘာဝဖြစ်သည်။ မိမိတို့ ထမ်းဆောင်ရသည့် တာဝန်ဝတ္တရားအလိုက် နိုင်ငံတော်က ပေးအပ် ချီးမြှင့်သောလစာကို အဆင့်အတန်းအလိုက် ခွဲခြားရရှိပြီး ဖြစ်သည်။ ထို့ကြောင့် မိမိတို့အကြားတွင် ထပ်မံ၍ ခွဲခြားဆက်ဆံခြင်းကို ဖယ်ရှားထားသင့်သည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး ပြုမူဆောင်ရွက်သမျှ အမြင်ကြည်လင် အာဃာတကင်းစင်မည် ဖြစ်သည်။
ခန္တီစသည်းခံခြင်းတရား၊ ခွင့်လွှတ်ခြင်းတရားတို့နှင့် ပြည့်စုံသော ပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စား အလုပ်လုပ်ကိုင်နေကြရသူတို့၏ဘဝသည် အေးချမ်းလှသည်။ မိမိကိုယ်တိုင်က သည်းခံခြင်းကို လက်ကိုင်ထားသောကြောင့် မိမိနှင့် ပတ်သက်သူများသည်လည်း မိမိ၏သည်းခံမှုကို သိရှိနားလည်ကာ မိမိအပေါ်တွင် တူသောတုံ့ပြန်မှု ပေးလာပါလိမ့်မည်။ ထို့အတွက် မိမိတို့ပတ်ဝန်းကျင်သည် အေးချမ်းပျော်ရွှင်စရာ ဖြစ်နေပါလိမ့်မည်။ မိမိ၏ အပြုအမူ၊ အပြောအဆိုနှင့် ဆောင်ရွက်ချက်များကြောင့် သူတစ်ပါးကို မထိခိုက်စေရန် ရှောင်ရှားကြရသည့်အတွက် မိမိပါဝင်သည့် အသိုက်အဝန်းအတွင်းတွင် ပဋိပက္ခဟူသည် ရှိနိုင်တော့မည် မဟုတ်ပါ။ အေးချမ်းပျော်ရွှင်မှုများသာ ကြီးစိုးနေပေလိမ့်မည်။
သာယာပျော်ရွှင်ဖွယ်ကောင်းသောအလုပ်ခွင်
အကျိုးဆက်အနေဖြင့် ဆောင်ရွက်ရသည့် အလုပ်တာဝန်များသည် မည်မျှများပြားပါစေ၊ မည်မျှခက်ခဲပင်ပန်းပါစေ စိတ်နှလုံးရွှင်ပြုံးကြည်သာနေသူတို့အတွက် အားလုံးသော အခက်အခဲမှန်သမျှ မိမိအားထုတ်မှုကြောင့်ဖြစ်စေ၊ စုပေါင်းလုပ်ဆောင်မှုကြောင့်ဖြစ်စေ လွယ်ကူစွာ ကျော်လွှားအောင်မြင်နိုင်ကြပါလိမ့်မည်။ အောင်မြင်သော အလုပ်တာဝန်များကို ထမ်းဆောင်ရသူများအဖို့ အောင်မြင်ခြင်းအတွက် ပီတိအရသာ အစဉ်ထာဝရ ခံစားနေရသောကြောင့် စိတ်ချမ်းသာ ပျော်ရွှင်နေရပါလိမ့်မည်။ ဆက်လက် ထမ်းဆောင်သမျှသော တာဝန်များကိုလည်း သေချာပေါက် ကျော်လွှားအောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်လည်း ရရှိလာပါလိမ့်မည်။ ထို့ကြောင့်ပင် တာဝန်များကို ရဲရင့်ပြတ်သားစွာ ဆောင်ရွက်နိုင်စွမ်းရှိလာမည် ဖြစ်သည်။ စိတ်စွမ်းအား ကောင်းမွန်မှုကြောင့် စိတ်အင်အား တိုးတက်လာခြင်း ဖြစ်သည်။ ထိုသို့စိတ်အင်အား တိုးတက်ရရှိခြင်းသည် သာယာပျော်ရွှင်ဖွယ် ကောင်းသော အလုပ်ခွင်ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်သောကြောင့် ရရှိသည့်ရလဒ်ကောင်း ဖြစ်သည်။
မိမိနှင့် မိမိပတ်ဝန်းကျင်တွင် အစဉ်နှလုံးသွင်း ကျင့်ကြံနေကြရမည်မှာ ဆရာတော်များ ဟောကြားလေ့ရှိသည့် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုသည့် ဆောင်ပုဒ်လေး အတိုင်းပင်ဖြစ်သည်။ ယင်းကို မည်သည့်ဘာသာဝင်မဆို ကျင့်ကြံ လက်ကိုင်ထားနိုင်ကြသည်။ စိတ်ထား ဖြူနိုင်မှသာ စိတ်ကောင်းနှလုံးကောင်းများ မွေးမြူကျင့်ကြံနိုင်ပါမည်။ သို့မှသာ မိမိတို့ရည်မှန်းသော မိမိတို့ပါဝင်သည့် အလုပ်ခွင်၊ ပတ်ဝန်းကျင်သည် ပဋိပက္ခကင်းစင်ပြီး အမုန်းတရားများ ဖယ်ရှားနိုင်ကာ သာယာပျော်ရွှင်စရာ ကောင်းလာပါလိမ့်မည်။ ချစ်ခင်ညီညွတ် စည်းလုံးလာပါလိမ့်မည်။
ဝန်ထမ်းတို့၏ဘဝတွင် တာဝန်ထမ်းဆောင်ရသောကြောင့် တစ်နည်းနည်းဖြင့် ပင်ပန်းကြရသည်ဖြစ်လေရာ တစ်ဖက်ကပင်ပန်းသော်လည်း တစ်ဖက်တွင် ပျော်ရွှင်ချမ်းမြေ့သည်ကို ခံစားကြရလျှင်ပင် ဘဝအမောများ ပြေပျောက်သွားသကဲ့သို့ ခံစားကြရတတ်သည်။ ထို့ကြောင့် မိမိတို့ စိတ်ရွှင်လန်းပျော်ရွှင်ရေးအတွက်လည်း အလေးထား ဆောင်ရွက်သင့်သည်။ သို့မှသာ တာဝန်များကို နှစ်ပေါင်းကြာရှည် ထမ်းဆောင်နိုင်စွမ်းရှိနိုင်ကြမည် ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏ တရားတော်များတွင် ဖော်ပြထားသည့် အဓိကအချက်တစ်ချက်မှာ အကြောင်းအကျိုးဖြစ်စဉ်ဟူ၍ ဖြစ်သည်။ ဖြစ်ရပ်တစ်ခုတွင် အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသည် ကပ်လျက်ဖြစ်ပေါ်လာသည့် နောက်ထပ်နောက်ထပ်သော အကြောင်းတရားများဖြစ်လာပြီး အကျိုးတရားများလည်း ဆက်ကာဆက်ကာ ဖြစ်ပေါ်လာသည်။ အကြောင်းနှင့်အကျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ဖြစ်ပေါ်လျက်ရှိရာ ယင်းဖြစ်စဉ်ကို နားလည်သဘောပေါက်လျက် မိမိပတ်ဝန်းကျင်ကို သာယာပျော်ရွှင်ဖွယ် အသိုက်အဝန်းတစ်ခု ဖြစ်လာစေရန် ကျင့်ကြံတည်ဆောက်သင့်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။