တို့ကမ္ဘာမြေသန့်ရှင်းသာယာဖို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြပါစို့
ဒေါက်တာတင်အောင်ဝင်း(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)
ကျွန်ုပ်တို့၏ နေ့စဉ်လူနေမှုဘဝတွင် မလွဲမသွေ တွေ့ကြုံနေရသောအရာများတွင် စွန့်ပစ်ပစ္စည်းများသည် တစ်ခုအပါအဝင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် ကောင်းမွန်သည့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများနှင့်အတူ သန့်ရှင်းသည့် ပတ်ဝန်းကျင် အခြေအနေများရှိသလို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်ချက်များနှင့် စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာ စွန့်ပစ်မှုများကြောင့် မြေထု၊ ရေထုနှင့် လေထုညစ်ညမ်းမှုများ အပါအဝင်ညစ်ညမ်းသည့် ပတ်ဝန်းကျင်အခြေအနေများ ရှိနေပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသည့်ပတ်ဝန်းကျင်တွင် ကျွန်ုပ်တို့နေထိုင်ရှင်သန်နိုင်ရေးကို ရည်ရွယ်၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး လေ့လာတင်ပြလိုက်ခြင်းဖြစ်သည်။
စွန့်ပစ်ပစ္စည်းဆိုသည်မှာ
စွန့်ပစ်ပစ္စည်းဟုဆိုရာတွင် ၂၀၁၂ခုနှစ်၌ အတည်ပြုထုတ်ပြန်ခဲ့သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပတ်ဝန်းကျင်၌ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော ပစ္စည်းပမာဏ၊ ဖွဲ့စည်းမှု သို့မဟုတ်နည်းလမ်း တစ်ရပ်ရပ်ဖြင့် ပတ်ဝန်းကျင်တွင် စွန့်ပစ်သည့်၊ ထုတ်လွှတ်သည့် သို့မဟုတ် စုပုံသည့် အစိုင်အခဲ၊ အရည်နှင့် အခိုးအငွေ့များ ဖြစ်ပါသည်။
စွန့်ပစ်ပစ္စည်းအမျိုးအစားများစွာရှိပြီး စွန့်ပစ်ပစ္စည်းများသည် နေအိမ်များ၊ စားသောက်ဆိုင်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ မြို့ပြနှင့် ကျေးလက်ဒေသများစသည့် လုပ်ငန်း ကဏ္ဍ၊ နေရာအသီးသီးမှထွက်ရှိလာကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါ စွန့်ပစ်ပစ္စည်းများ တွင်ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်းများ၊ ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည်ပြုပြင်အသုံးပြု၍ မရနိုင်သော စွန့်ပစ်ရန် လိုအပ်သည့် စွန့်ပစ်ပစ္စည်း များ ပါဝင်ကြပါသည်။
စွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များ
ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာ ဆန်းစစ်တွေ့ရှိမှုများအရ ကမ္ဘာပေါ်တွင်နှစ်စဉ် စွန့်ပစ်ပစ္စည်းထွက်ရှိမှု ပမာဏသည် ၁၁ ဒသမ ၂ ဘီလီယံတန်ခန့်ရှိနေပြီး ပလတ်စတစ်စွန့်ပစ် ပစ္စည်း ပမာဏအနည်းဆုံးတန်ချိန် ရှစ်သန်းခန့်သည်ပင်လယ်နှင့် သမုဒ္ဒရာများအတွင်းသို့ နှစ်စဉ်ရောက်ရှိနေကာ ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၁၂ ခုနှစ်အတွက် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်းများ တစ်ရက်လျှင် ၅၆၁၆မက်ထရစ်တန် ထွက်ရှိနေပြီး နိုင်ငံသားတစ်ဦးချင်းအနေဖြင့် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒသမ ၄၄ ကီလိုဂရမ် စွန့်ပစ်လျက် ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၂၁၀၁၂ မက်ထရစ်တန် နှင့်၀ ဒသမ ၈၅ ကီလိုဂရမ်သို့ ရောက်ရှိလာနိုင် ကြောင်း ခန့်မှန်းထားပါသည်။
လတ်တလော ခန့်မှန်းမှုများအရ ၂၀၁၇ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးအနေဖြင့် စွန့်ပစ်ပစ္စည်း တစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့် ထွက်ရှိကြောင်း Netherland Enterpriser Agency ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ သိရှိရသည်။ ထို့ပြင် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် လူတစ်ဦးမှ တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒသမ ၈ ကီလိုဂရမ် ထွက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လူတစ်ဦးမှ တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၁ ကီလိုဂရမ်ခန့် ထွက်ရှိမည်ဖြစ် ကြောင်း ထိုအစီရင်ခံစာတွင် ခန့်မှန်းဖော်ပြထားပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း ပမာဏစုစုပေါင်း ၅၀ ရာခိုင်နှုန်းခန့်ကို အဓိက မြို့ကြီး သုံးမြို့ ဖြစ်သော ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့မှထွက်ရှိလျက်ရှိသည်။ ရန်ကုန်မြို့ မှ တစ်ရက်လျှင်တန် ၂၀၀၀ ခန့်၊မန္တလေးမြို့မှ တစ်ရက်လျှင် ၉၅၅ တန်ခန့်နှင့် နေပြည်တော်မှ တစ်ရက်လျှင် တန်၂၀၀ခန့် ထွက်ရှိကြောင်း လေ့လာသိရှိရပါသည်။ (ကိုးကားချက်။ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀))
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လက်ရှိအခြေအနေ
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် ရာသီဥတုပြောင်းလဲမှုအပါအဝင် သဘာဝ သယံဇာတများ လျော့နည်းဆုံးရှုံးလာခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စသည့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုပြဿနာများကို ရင်ဆိုင်ကြုံတွေ့ နေကြရသည်။ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ဖြစ်ပေါ်စေသည့်အဓိက အကြောင်းအရင်းများတွင် စွန့်ပစ်ပစ္စည်းများသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။
ထို့အပြင်ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် စွန့်ပစ်ပစ္စည်းများအားတစ်နိုင်ငံမှ တစ်နိုင်ငံသို့ တရားမဝင် တင်သွင်း/ တင်ပို့မှုများကို ဖြေရှင်း ဆောင်ရွက်နေကြ ရပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်များရှိနေခြင်းနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများ၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တရားမဝင် တင်သွင်းမှုများ ဖြစ်ပေါ်လာပါက ပြည်တွင်း၌ စွန့်ပစ်ပစ္စည်း စုပုံရောက်ရှိနိုင်မှုကို အထူးဂရုပြု ကာကွယ် တားမြစ်နိုင်ရေးစီမံ ဆောင်ရွက်ကြရမည်ဖြစ်သည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများက အာရုံစိုက်ပြီး အလေးထား ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်တစ်ခုမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းညစ်ညမ်းမှု တိုက်ဖျက်ရေးဖြစ်သည်။ ပစ္စည်းများအားထုပ်ပိုး ရာတွင်အသုံးပြုသည့် ပလတ်စတစ်အိတ်များသည် ကမ္ဘာပေါ်တွင် တစ်ခါသုံး ပလတ်စတစ်စွန့်ပစ် ပစ္စည်းထွက်ရှိမှု၏ အဓိကကျသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။ တစ်ခါသုံး ပလတ်စတစ်ထုတ်ကုန်များကို အများအပြား သုံးစွဲလာပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်မှု လျော့ကျလာပါက ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ပလတ်စတစ်စွန့်ပစ် ပစ္စည်းများ တိုးပွားလာ မည့်အခြေအနေနှင့်အတူ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများ မြေပြင်မှတစ်ဆင့် မြစ်များ၊ ချောင်းများ၊ ပင်လယ်သမုဒ္ဒရာများသို့ရောက်ရှိပြီး အဏ္ဏဝါ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာမည့် အခြေအနေကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်လျက်ရှိကြသည်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများကိုဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံများတွင် ကမ္ဘာ့နိုင်ငံများ ဆွေးနွေးညှိနှိုင်းပြီး ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပတ်သက်သောဥပဒေအရ စည်းနှောင်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခု (An internationally legally binding instrument on plastic pollution) ချမှတ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်တွင် မိမိတို့နိုင်ငံအတွင်း၌ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြဿနာများကို လေ့လာကြည့်ပါက မြို့ပြနှင့် ကျေးလက်ဒေသအချို့တွင် စွန့်ပစ်ပစ္စည်းများကို လမ်းဘေးဝဲယာနေရာများ၊ နောက်ဖေး လမ်းကြားများ၊ ရေမြောင်းများ၊ အင်းအိုင်များ၊ ချောင်းများ၊ မြစ်များနှင့်ပင်လယ်ကမ်းစပ်နေရာ များတွင် စည်းကမ်းမဲ့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ လေဟာပြင်တွင် စုပုံစွန့်ပစ်ခြင်းနှင့် လေဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အကျိုးဆက်အနေဖြင့် လေထုညစ်ညမ်း မှု၊ ရေထုညစ်ညမ်းမှုနှင့် မြေထုညစ်ညမ်းမှုများကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်။
အဆိုပါ ညစ်ညမ်းမှုများသည် ပြည်သူလူထု၏ ကျန်းမာရေးနှင့် မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများ အတွင်းရှိ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများကိုထိခိုက်စေနိုင်ရုံသာမက အဆိုပါ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြဿနာများကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ကုန်ကျစရိတ်များစွာ အသုံးပြု ဆောင်ရွက်နေရသည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို စနစ်တကျ စီမံဆောင်ရွက်သင့်
စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်မည့်နည်းလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးဆောင်ရွက် လာကြသည်။ အဆိုပါ နည်းလမ်းများမှာ 3Rs (Reduce–Reuse– Recycle) ဆိုသည့် စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းလမ်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသော ခိုင်လုံသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် (Environmentally Sound Waste Management)၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ် (Circular Economy)၊ ထုတ်လုပ်သူမှ တာဝန်ယူဖြေရှင်းဆောင်ရွက်သည့် နည်းလမ်း (Extended Producer Responsibility) နှင့် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းပစ္စည်းများအဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းတို့ ဖြစ်ကြပါသည်။
ယခင်ကစွန့်ပစ်ပစ္စည်းများသည် အသုံးမလိုသည့်အတွက် စွန့်ပစ်လိုက်သောပစ္စည်းများ သက်သက်သာဖြစ်ခဲ့ပြီး လက်ရှိကာလတွင် နည်းပညာများ ဖွံ့ဖြိုးလာခြင်းနှင့် တီထွင်ဆန်းသစ်မှုများ တိုးတက်လာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများတွင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင်များ အဖြစ်ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။ထိုသို့ ဆောင်ရွက်လာနိုင်မှုများကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံဝင်ငွေ တိုးတက်လာခြင်းနှင့် နိုင်ငံအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာကြသည်။
သဘာဝသယံဇာတများသည် လူသားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မှုသည် အကန့်အသတ်ဖြင့် ရှိနေသည်ဖြစ်ရာ သဘာဝသယံဇာတများကို စဉ်ဆက်မပြတ်ထုတ်ယူ အသုံးပြုခွင့်ရရှိနိုင်ရန် လိုအပ်လှသည်။ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်ပြီး ကုန်ကြမ်းပစ္စည်းများ၊ အရင်းအမြစ်များအဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ်အသုံးပြုခြင်းသည် သဘာဝသယံဇာတများကို စဉ်ဆက်မပြတ်ထုတ်ယူ အသုံးပြုနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ရေရှည် တည်တံ့ရေးနှင့် ကမ္ဘာကြီး ရေရှည်တည်တံ့ရေးတို့ကို များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်များကို စနစ်တကျ ထည့်သွင်းဆောင်ရွက်ကြ ရန်လိုအပ်သည်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အလေးထား ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့မှု နည်းပါးခဲ့ပါက အကျိုးဆက်အဖြစ် ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်ပြီး လူသားများ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိခိုက်မှုများအပေါ် ပြန်လည် ကုစားမှုများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
စွန့်ပစ်ပစ္စည်းများကို ရေရှည်စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု
မြန်မာနိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်းများကိုရေရှည်စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူများ ပူးပေါင်းပြီး တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်များအထိ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၏ ရေရှည်မျှော်မှန်းချက်မှာ “မြန်မာနိုင်ငံ၏ တောက်ပသော အနာဂတ်ကို ရည်မှန်း၍ထာဝစဉ် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားရန်” ဖြစ်ပြီး ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံတွင် ပိုမိုစိမ်းလန်း သန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင် အခြေအနေကို ရရှိနိုင်ရေးအတွက် ထုတ်လုပ်သူနှင့် စားသုံးသူ အားလုံးပူးပေါင်းပါဝင်ခြင်း၊ စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လုံးဝမရှိစေခြင်းနှင့် စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ်ဖြစ်ခြင်း တို့ကို အခြေခံသော ဘက်စုံစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်ရန်” ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)