Skip to main content

သဘာဝအခြေပြုဖြေရှင်းနည်းများဖြင့် တစ်ခုတည်းသောကမ္ဘာမြေကို ပူးပေါင်းပါဝင် ထိန်းသိမ်းကြပါစို့

ဒေါက်တာဝင်းထိန် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

ဤကမ္ဘာမြေပေါ်ရှိ လူသားများအပါအဝင် သက်ရှိသတ္တဝါများ အားလုံးသည် ခေတ်အဆက်ဆက် ကမ္ဘာမြေပေါ်မှ သဘာဝအရင်းအမြစ်များကို မှီခိုထုတ်ယူသုံးစွဲရင်း မိမိတို့၏ နေ့စဉ်ဘဝများကို ဖြတ်သန်းလာခဲ့ကြပါသည်။ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိများမှ မိမိတို့၏ စားဝတ်နေရေးအတွက် လိုအပ်သော မြို့ပြအဆောက်အအုံများ တည်ဆောက်ခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင် စိုက်ပျိုးလုပ်ကိုင်ခြင်း၊ ရေရရှိရေးအတွက် ဆည်တာတမံ တည်ဆောက်ခြင်း စသည်တို့အတွက် ဆောင်ရွက်ရာမှ ကမ္ဘာမြေ၏ ရေထု၊ လေထု၊ မြေထုကို အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းလဲဖန်တီးလာကြပါသည်။ ပြုန်းတီးနေသော သစ်တောများ၊ တိမ်ကောနေသော မြစ်များ၊ ပျက်စီးနေသော လယ်ယာမြေများ၊ ညစ်ညမ်းနေသော ရေထု၊ လေထု၊ မြေထုများမှာ လူသားများ၏ စီမံခန့်ခွဲမှုလွန်ကဲသော လုပ်ရပ်များ၏ ရလဒ်များပင် ဖြစ်ပါသည်။

ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံ မျိုးကွဲမျာဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အပူချိန်မြင့်မားလာမှု၊ COVID-19 ကပ်ရောဂါဖြစ်ပေါ်မှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်နေကြရပြီဖြစ်ပါသည်။ ရာသီဥတု ပြောင်းလဲမှုသည် တောမီးများလောင်ကျွမ်းခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့်အတူ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်ခံစားစေပါသည်။ ကမ္ဘာမြေမှ ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများမှာ တစ်ဦးချင်းအလိုက်၊ နိုင်ငံအလိုက် ကြုံတွေ့ခံစားနေရသည် မဟုတ်ဘဲ အရွယ်မရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေး ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်သည့်အတွက် လူသားတိုင်းက ဤကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ပါသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ

လူသားတို့ကြောင့် အဘက်ဘက်က ယိုယွင်းလာသည့် ကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် အစီအစဉ်များ ရေးဆွဲချမှတ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၁၉၇၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံ့ ခေါင်းဆောင်များက သတိပြုမိလာပါသည်။ သို့ အတွက် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံ (United Nations Conference on the Human Environment) ၏ ရလဒ်တစ်ခုအနေဖြင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme-UNEP) စတင်ဖြစ်ပေါ်လာပြီး ကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်းရန် တစ်ဦးတစ်ယောက်ချင်း၏ အင်အားမှ အဖွဲ့အစည်းအလိုက် အင်အားစုကြီး ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ အခမ်းအနားကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဟူသော ဆောင်ပုဒ်ဖြင့် စတင်ကျင်းပခဲ့ကြပြီး UNEP နှစ် (၅၀) ပြည့် အထိမ်းအမှတ်အနေဖြင့် ယခု ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဟူသော ဆောင်ပုဒ်ဖြင့်ပင် ကျင်းပသွားမည် ဖြစ်ပါသည်။

ဆောင်ပုဒ်၏အနှစ်သာရ

ယခုနှစ် ဆောင်ပုဒ်၏ အနှစ်သာရမှာ ကျွန်ုပ်တို့သည် ဤကမ္ဘာမြေ ရေရှည်တည်တံ့စေရန်အတွက် သဘာဝတရားနှင့်အညီ ပြုမူနေထိုင်ရန်လိုအပ်ကြောင်း၊ အဖွဲ့အလိုက်၊ တစ်ဦးချင်းအလိုက် ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်ပြီး ပိုမိုစိမ်းလန်းသော ကမ္ဘာကြီး ဖြစ်တည်လာရေးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဤကမ္ဘာမြေပေါ်တွင် ကျွန်ုပ်တို့မှသည် အနာဂတ် မျိုးဆက်များ ရေရှည်တည်တံ့စွာ ဆက်လက်နေထိုင်နိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေစွာ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကျွန်ုပ်တို့လူသားတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ဖော်ညွှန်းထားပါသည်။

ကမ္ဘာမြေမှ ထောက်ပံ့ပေးသည့် သဘာဝလက်ဆောင်မွန်များ

ဤကမ္ဘာမြေသည် မူလအားဖြင့် သန့်စင်သော လေ၊ ကြည်လင်သောရေ၊ အာဟာရ ပြည့်ဝသောမြေ သယံဇာတ၊ စိမ်းလန်းစိုပြည်သော သစ်ပင်၊ ပန်းပင်များ၊ အမျိုးစုံလင်လှသော သားငှက်တိရစ္ဆာန်များ၊ ရေနေသတ္တဝါများဖြင့် ဖွဲ့စည်းထားရှိပြီး သဘာဝဂေဟစနစ်၊ အစာကွန်ရက်စနစ်များ၏ လည်ပတ်ချိတ်ဆက်မှုမှာ ဟန်ချက်ညီလျက် ရှိပေသည်။ ဤကမ္ဘာမြေကပင် လူသားများလိုအပ်သော အစာအာဟာရ၊ သောက်သုံးရေ၊ ပရိဘောဂပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ဆေးဝါးများ စသည့် နေ့စဉ်အခြေခံ လိုအပ်ပစ္စည်းများကို သဘာဝလက်ဆောင်မွန်များသဖွယ် ထောက်ပံ့ဖြည့်စွမ်းပေးလျက် ရှိပါသည်။

လူသားတို့သည် သဘာဝမှ ဖန်တီးပေးထားသော အရင်းအမြစ်များကို လိုအပ်သလို ထုတ်ယူသုံးစွဲပြီး စွန့်ပစ်ပစ္စည်းကို ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာမြေကို ပြန်လည်စွန့်ထုတ် ပေးလျက်ရှိကြပါသည်။ တိုးတက်လာသောလူဦးရေနှင့်အတူ စွန့်ပစ်လာသည့် စွန့်ပစ်ပစ္စည်းများကြောင့် ကမ္ဘာကြီး၏ ရေထု၊ လေထု၊ မြေထုများမှာ တစ်နေ့ထက် တစ်နေ့ ညစ်ညမ်းလာပါသည်။ အထင်ရှားဆုံး ဥပမာအနေဖြင့် စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ရုပ်ကြွင်းလောင်စာ လောင်မြိုက်မှုမှ ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက် စသည်တို့မှာ ကမ္ဘာ့လေထုအတွင်းတွင် ရှိသင့်သည်ထက် အဆမတန် ရောက်ရှိ ခိုအောင်းလျက်ရှိပါသည်။ ရုပ်ကြွင်းလောင်စာ အပါအဝင် အခြားသော အရင်းအမြစ်များကို စနစ်တကျ ပြန်လည်ထိန်းသိမ်းမှုမရှိဘဲ သုံးစွဲမှုပိုများ လာသည်နှင့်အမျှ ကမ္ဘာ့ပတ်ဝန်းကျင်သည်လည်း ပိုမိုညစ်ညမ်းလာမည် ဖြစ်ပါသည်။ ကမ္ဘာကြီးသည်လည်း ပိုမိုယိုယွင်းလာမည် ဖြစ်သည်။

သဘာဝအခြေပြုဖြေရှင်းနည်းများ (Nature-based Solutions-NbS)၏ ဆိုလိုရင်းအဓိပ္ပာယ်

ကမ္ဘာ့ပတ်ဝန်းကျင် တစ်စထက်တစ်စယိုယွင်း ပျက်စီးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို တားဆီးလျှော့ချရန်နှင့် ပြန်လည်ကုစားပြီး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရာတွင် အရိုးရှင်းဆုံးနှင့် ငွေကြေးကုန်ကျမှု သက်သာစွာဖြင့် သဘာဝကိုအခြေခံသည့် ဖြေရှင်းနည်းများကို အသုံးပြုခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုဖြစ်ပြီး ၎င်းနည်းလမ်းများမှာ ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံများမှ လက်ခံကျင့်သုံးလာသော Nature-based Solutions (NbS) ကို ဆိုလိုခြင်းဖြစ်ပါသည်။

“သဘာဝအခြေပြုဖြေရှင်းနည်းများသည် လူမှုဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာနှင့် လိုက်လျောညီထွေဖြစ်စွာ ဖြေရှင်းနိုင်ရေးအတွက် သဘာဝဂေဟစနစ် (သို့မဟုတ်) ပုံသဏ္ဌာန်ပြောင်းလဲထားသော ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့စွာ စီမံခန့်ခွဲခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းနှင့်အတူ လူသားများ၏ ကောင်းကျိုးချမ်းသာနှင့် ဇီဝမျိုးစုံမျိုးကွဲများကို အကျိုးပြုသော လုပ်ငန်းစဉ်များပင်” ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature-IUCN) မှ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

သဘာဝအခြေပြုဖြေရှင်းနည်း အမျိုးအစားနှင့် အရေးပါပုံ

သဘာဝအခြေပြုဖြေရှင်းနည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာရာတွင် (၁) သဘာဝအလျောက် မူလရှိနှင့်နေသော ဂေဟစနစ်များ၏ စွမ်းဆောင်ရည်နှင့် အကျိုးသက်ရောက်မှုများကို ထိန်းသိမ်းခြင်းနှင့်မြှင့်တင်ခြင်း (ကြိုးဝိုင်း သစ်တောဧရိယာအဖြစ် သတ်မှတ်ခြင်း)၊ (၂) သဘာဝဂေဟစနစ်များကို ရေရှည်တည်တံ့ပြီး ဘက်စုံလုပ်နိုင်စွမ်းရှိသော ဂေဟစနစ်အဖြစ် စီမံဆောင်ရွက်ခြင်း (ကမ်းရိုးတန်းဒေသ ပြန်လည်ထိန်းသိမ်းခြင်း)နှင့် (၃) သဘာဝဂေဟစနစ်များကို စနစ်တကျ ပုံစံရေးဆွဲ၍ စီမံဆောင်ရွက်ခြင်း (မြို့ပြပန်းခြံနေရာ စီမံဖန်တီးခြင်း)ဟူ၍ အမျိုးအစား သုံးမျိုး တွေ့ရှိနိုင်ပါသည်။

သဘာဝအခြေပြု ဖြေရှင်းနည်းများတွင် ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းခြင်း၊ လေ/ရေ အရည် အသွေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ မြို့ပြ အစိမ်းရောင် အပန်းဖြေနေရာများ ဖန်တီးခြင်း၊ ကမ်းရိုးတန်းဒေသကို သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ခြင်း၊ မြို့ပြနေရာများ ပြန်လည်စိမ်းလန်းစိုပြည်အောင် ဆောင်ရွက်ခြင်း၊ လူထုကျန်းမာရေးနှင့် သုခချမ်းသာတိုးတက်အောင် ဆောင်ရွက်ခြင်း၊ အစိမ်းရောင်စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ရာသီဥတု ပြောင်းလဲတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းနှင့် ညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်ပါသည်။

သဘာဝအခြေပြု ဖြေရှင်းနည်းများသည် သဘာဝဂေဟစနစ်များကို ကာကွယ်ခြင်း (Protect)၊ စီမံခန့်ခွဲခြင်း (Manage)နှင့် ပြန်လည်ထိန်းသိမ်းခြင်း(Restore) ဆောင်ရွက်လျက် လူသားများ၏ ရာသီဥတုပြောင်းလဲမှုအပေါ် ခံနိုင်ရည်အားမြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးရေး၊ လူမှုစီးပွားနှင့် လူနေမှုဘဝမြှင့်တင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး၊ သဘာဝဘေး အန္တရာယ်ဒဏ်လျှော့ချရေး စသည်တို့ကို ဖော်ဆောင်ပေးနိုင်သည့် Win-Win ဖြေရှင်းချက်များပင် ဖြစ်သည်။ ၎င်းအပြင် သဘာဝအခြေပြုဖြေရှင်း နည်းများသည် ပါရီသဘောတူညီချက်၏ ပန်းတိုင်များ၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရေး၏ သော့ချက်တစ်ခုလည်း ဖြစ်ပါသည်။ သဘာဝအခြေပြု ဖြေရှင်းနည်းများကို ၂၀၂၁ ခုနှစ်တွင် UNEP မှ Triple Planetary Crisis ဖြစ်သော ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေဖြစ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ညစ်ညမ်းမှုထိန်းချုပ် ကာကွယ်ရေးတို့အတွက် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ဖော်ပြထားပါသည်။

ရေအရင်းအမြစ်ရှားပါးမှုအတွက် သဘာဝအခြေပြုဖြေရှင်းနည်းများ

ဤကမ္ဘာမြေ၏ နေရာဒေသအနှံ့အပြားတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်အတူ ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်မှုကြောင့် ရေအရင်း အမြစ်ရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့ နေရပေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရေရှားပါးလာမှုအပေါ် ခံနိုင်ရည်ရှိရေးနှင့် အနာဂတ် ရေအရင်းအမြစ်ဖူလုံရေးကို ဖြေရှင်းရန် သဘာဝအခြေပြု ဖြေရှင်းနည်းများကို အကောင်အထည်ဖော် ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် ရေအရင်းအမြစ်နှင့် ပတ်သက်သော သဘာဝဂေဟစနစ်များ (သစ်တော၊ ရေတိမ်ဒေသ၊ ရေဝပ်မြေ)ကို ပိုမိုခိုင်မာအောင် ပြန်လည်ထိန်းသိမ်းခြင်းကို နိုင်ငံအနှံ့အပြားတွင် လုပ်ဆောင်လာကြပါသည်။ ထိုနည်းတူစွာ သဘာဝအခြေပြုဖြေရှင်းနည်းများကို အခြေခံ အဆောက်အအုံတည်ဆောက်ခြင်း (Grey Infrastructure) နှင့် ပေါင်းစပ်ဆောင်ရွက်မှုကိုလည်း ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် ရေကြီးရေလျှံမှု စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ရေတားကန်သင်းများ၊ ဆည်များတည်ဆောက်ခြင်းနှင့် ရေဝေရေလဲဒေသရှိ သစ်တောဧရိယာကို ပြန်လည်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ မိမိတစ်ဦးချင်းအနေဖြင့် အိမ်ဝင်းပတ်ဝန်းကျင်တွင် ရေစိမ့်ဝင်နိုင်သော မြေနေရာများထားရှိပြီး မိုးရေများ စိမ့်ဝင်စီးဆင်းစေခြင်းဖြင့် မြေအောက်ရေ ပြန်လည်ဖြည့်ဆည်းခြင်းနည်းကို ဆောင်ရွက်နိုင်ပါသည်။ မိုးခေါင်ရေရှားသော ဒေသတွင်လည်း မိုးတွင်းကာလမှ မိုးရေများကို သိုလှောင်ကန်တွင် စုဆောင်းသိုလှောင်ခြင်းဖြင့် ရေအရင်းအမြစ်ဖူလုံရေးကို ဆောင်ရွက်နိုင်ပါသည်။ ထိုသို့သော သဘာဝအခြေပြု နည်းလမ်းများမှာ ကမ္ဘာမြေ၏ ရေရှားပါးမှု ပြဿနာအတွက် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်ပျက်စီးမှု မရှိစေဘဲ ငွေကြေးကုန်ကျမှု သက်သာစွာ ဆောင်ရွက်နိုင်သော နည်းလမ်းများ ဖြစ်ပါသည်။

စားနပ်ရိက္ခာစိန်ခေါ်မှုအတွက် သဘာဝအခြေပြုဖြေရှင်းနည်းများ

စားနပ်ရိက္ခာဖူလုံရေးနှင့် လုံခြုံရေးသည် ယနေ့ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသော အဓိကပြဿနာ တစ်ခုပင်ဖြစ်ပါသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ လူဦးရေသည် ၇ ဒသမ ၈ ဘီလီယံမှ ၉ ဘီလီယံနီးပါးအထိ တိုးလာဖွယ်ရှိပြီး စားနပ်ရိက္ခာမှာလည်း ၇၀ ရာခိုင်နှုန်းအထိ လိုအပ်လာနိုင်ဖွယ်ရှိကြောင်း UNEP မှ ၂၀၂၁ ခုနှစ် ဆန်းစစ်ချက်တွင် ခန့်မှန်းဖော်ပြထားပါသည်။ လိုအပ်သော စားနပ်ရိက္ခာကို ရေရှည်တည်တံ့သော နည်းလမ်းဖြစ်သည့် သဘာဝအခြေပြု ဖြေရှင်းနည်းများဖြင့် ထုတ်လုပ်ဖြည့်ဆည်းလျက် ကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်းသွားရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် Organic စိုက်ပျိုး ရေးစနစ်၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသုံးပြုရေး (Good Agricultural Practices-GAP)၊ တောင်စောင်းဒေသတွင် ကွန်တိုစနစ်များဖြင့် စနစ်တကျစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို ထည့်သွင်းအသုံးပြုရေး၊ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်စေရေးအတွက် တိရစ္ဆာန်နှင့် အပင်များအတွက် မူလမျိုးရိုးဗီဇများကို ထိန်းသိမ်းခြင်း၊ သားငါးများ၏ မူလမျိုးစိတ်များကို ထိန်းသိမ်းခြင်း၊ အထွက်နှုန်း မြင့်မားပြီး အရည်အသွေးကောင်းမွန်သော၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံစပ်မျိုးများကို ထုတ်လုပ်ခြင်း၊ သစ်တောနှင့် သီးနှံရောနှောစိုက်ပျိုးခြင်း စသည့် သဘာဝအခြေပြု ဖြေရှင်းနည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။ စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေး၊ လိုအပ်သော အထောက်ပံ့များ ပေးအပ်ရေးနှင့် မြေပိုင်ဆိုင်မှုခိုင်မာရေးတို့ကိုလည်း ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် ကျယ်ပြန့် စွာဆောင်ရွက်လျက် ဤကမ္ဘာမြေကို ရေရှည်တည်တံ့မှုရှိသည့် စိုက်ပျိုးနည်းစနစ်များဖြင့် ပြန်လည်ထိန်းသိမ်းလျက်ရှိပါသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုအတွက်  သဘာဝအခြေပြုဖြေရှင်းနည်းများ

ယနေ့အချိန်ခါတွင် ကမ်းရိုးတန်းဒေသများ သည် ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများ ကျရောက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းနှင့် ရေကြီးခြင်း၊ ပင်လယ် အပူလှိုင်းများ ရိုက်ခတ်ခြင်း အပါအဝင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်များစွာ ကြုံတွေ့နေရပါသည်။ သဘာဝဘေးဒဏ်များလျော့ပါး သက်သာစေရေးနှင့် ခံနိုင်ရည်ရှိရေးအတွက် နိုင်ငံတကာတွင် သဘာဝအခြေပြု ဖြေရှင်းနည်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင် လာကြပါသည်။ ကမ်းခြေတစ်လျှောက်တွင် လှိုင်းကြမ်းဒဏ်ခံနိုင်ရေးအတွက် သဘာဝအခြေပြု ဖြေရှင်းနည်းဖြစ်သည့် ပင်လယ်ဒီရေတော၊ လမု တောများကို ပြန်လည်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း၊ ပင်လယ်မှ သယ်ဆောင်လာသည့် အနည်အနှစ်များ၊ လှိုင်းများဒဏ်ကို လျှော့ချနိုင်ရေးအတွက် စိမ့်မြေများနှင့် Seagrass တို့ကို ထိန်းသိမ်းခြင်း၊ ပင်လယ်မှ လေမုန်တိုင်း၊ လေကြမ်းများကို တားဆီးရန်အတွက် ကမ်းရိုးတန်းသစ်တောများကို ပြန်လည်ထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။ ဒီရေတော ဂေဟစနစ်များကို ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများအပေါ် ခံနိုင်ရည်ရှိရေးကို တိုးမြှင့်ပေးသည့်အပြင် ကမ်းရိုးတန်းဒေသရှိ ဒေသခံများ၏ လူမှုစီးပွားဘဝကိုလည်း အကျိုးပြုပါသည်။ Scientific Reports တွင် ဖော်ပြခဲ့သည့် Menndez et al., (၂၀၂၀)၏ လေ့လာတွေ့ရှိချက်အရ ဒီရေတောများသည် နှစ်စဉ် လူ ၁၅ သန်းခန့် ရေလွှမ်းမိုးခြင်းဒဏ်မှ ကာကွယ်နိုင်ပြီး ရေဘေးကာကွယ်ရေး ဝန်ဆောင်မှုများတွင် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကျော် ပံ့ပိုးလျက် ကမ္ဘာမြေ၏ သဘာဝဘေး ဒဏ်များကို ကာကွယ်ပေးလျက်ရှိသည်။

(ဆက်လက်ဖော်ပြပါမည်)