နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား လှိုက်လှဲစွာကြိုဆိုပါ၏
အားကစားပရိသတ်တစ်ဦး
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နဲ့ အခြားဆက်စပ်မြို့တွေမှာ မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
အောင်မြင်စွာလို့ဆိုရတဲ့အကြောင်းက ဒေသတွင်းနိုင်ငံတွေကြားမှာ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးရဲ့ ခြိမ်းခြောက်မှုကြောင့် မူလသတ်မှတ်ရက်အတိုင်း မကျင်းပနိုင်ခဲ့ဘဲ နှောင့်နှေးကြန့်ကြာခဲ့ရပြီးမှ ရက်ရွှေ့ဆိုင်း ပြန်လည်ကျင်းပရာမှာ နဘယံ အနှောင့်အယှက်မရှိ စည်စည်ကားကား ခမ်းခမ်းနားနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ပြောင်းရွှေ့ကျင်းပပေးဖို့ အဆိုတင်သွင်း
(၃၁) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို မူလက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားသော်ငြား အိမ်ရှင်ဗီယက်နမ်က ဇွန်လ ၉ရက်နေ့တွင် ကျင်းပတဲ့ အစည်းအဝေးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည် မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့ကျင်းပပေးဖို့ အဆိုတင်သွင်းခဲ့မှုကြောင့် နှောင့်နှေးခဲ့ရခြင်း ဖြစ်ပါတယ်။
မူလ ၂၀၂၁ခုနှစ်အစား ၂၀၂၂ခုနှစ်သို့ ခရစ်နှစ်ကူးပြောင်း ကျင်းပခဲ့ရသော်ငြား ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲလိုပဲ SEA Games ပြိုင်ပွဲခေါင်းစဉ်ကိုလည်း ၂၀၂၁ ခုနှစ် ခေါင်းစဉ်အောက်မှာပဲ ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အားကစားနည်း ၄၀ ထည့်သွင်းကျင်းပပြီး ဒေသတွင်းနိုင်ငံ ၁၁ နိုင်ငံက အားကစားသမားပေါင်း ၅၄၆၇ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ အိမ်ရှင်ဗီယက်နမ်ကပဲ ဆုတံဆိပ်အများဆုံးနဲ့ ဗိုလ်စွဲခဲ့ပြီး ထိုင်းနဲ့အင်ဒိုနီးရှားတို့က ဒုတိယနဲ့ တတိယ ရရှိခဲ့ကြပါတယ်။
မြန်မာနိုင်ငံကတော့ အားကစားနည်း ၂၀ ပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ်၁၈ခု၊ ကြေးတံဆိပ် ၃၅ ခုနဲ့ နိုင်ငံအလိုက် သတ္တမရရှိခဲ့ပါတယ်။ ဗိုဗီနမ်၊ ဝူရှူး၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ Kurash၊ ဘိလိယက်နှင့် စနူကာ၊ ပိုက်ကျော်ခြင်း၊ ပီတန်းအားကစားနည်းတွေက ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ ကြေးတံဆိပ်ပါမကျန် ဆွတ်ခူးနိုင်ခဲ့ပြီး ဂျူဒို၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ကနူး/ကယက်၊ တိုက်ကွမ်ဒို၊ အပြည်ပြည်ဆိုင်ရာ လှေလှော်၊ လက်ဝှေ့၊ မြားပစ်၊ အလေးမအားကစားနည်းတွေကတော့ ရွှေဆုနဲ့ လွဲခဲ့ပေမယ့်လည်း ငွေတံဆိပ်၊ ကြေးတံဆိပ်တွေ နိုင်ငံ့အတွက် ရယူဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဘောလုံး၊ ဂေါက်သီး၊ စစ်တုရင်၊ ဘော်လီဘောနဲ့ E-sports အားကစား နည်းတွေကတော့ ယခုအကြိမ်ပြိုင်ပွဲမှာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ကြရကြောင်းပါ။
မြန်မာ့ဂုဏ်ဆောင် ဗိုဗီနမ်အားကစားအဖွဲ့ကတော့ (၃၁)ကြိမ်မြောက် SEA Games မှာ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခြောက်ခုနဲ့ အောင်မြင်မှုအမြင့်မားဆုံး စိုက်ထူနိုင်ခဲ့ကြတယ်လို့ပဲ ဆိုရပါမယ်။ မြန်မာအားကစားအဖွဲ့ရဲ့ စုစုပေါင်း ဆုတံဆိပ်အရေအတွက်အရ ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် SEA Games ပြိုင်ပွဲထက် ရွှေတံဆိပ်အရေအတွက်ထက်ချိုးမက ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် ဖိလစ်ပိုင် SEA Games မှာတော့ မြန်မာအသင်းက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်၁၈ခု၊ ကြေးတံဆိပ် ၄၉ ခုသာ ဆွတ်ခူးရရှိခဲ့ကြောင်းပါ။ ဒါကြောင့်မို့ ယခု (၃၁) ကြိမ်မြောက် SEA Games မှာ မြန်မာအသင်းအနေနဲ့ အထိုက်အလျောက် အောင်မြင်မှုရခဲ့တယ်လို့ပဲ ဆိုရပါမယ်။
ဆုရအားကစားနည်းတွေထဲမှာ တစ်ခေတ်တစ်ခါက ဒေသတွင်း နိုင်ငံတွေကြားမှာ အောင်မြင်မှု အစဉ်အလာကြီးမားခဲ့ပြီး လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ ပြေးခုန်ပစ်အားကစား နည်းက ယခုနှစ်ပြိုင်ပွဲမှာ ငွေတံဆိပ်နှစ်ခု ပြန်လည်ရယူဆွတ်ခူးပေးနိုင်ခဲ့တာလည်း အထိုက်အလျောက် ကျေနပ်စရာပါ။ သို့သော် တတ်များတတ်နိုင်ရင် ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ်ကိုတော့ ချင်ခြင်းတပ် တောင့်တမျှော်လင့်မိပါတယ်။
မြန်မာ့ပြေးခုန်ပစ်အားကစား
အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် မြန်မာ့ပြေးခုန်ပစ် အားကစား မောင်မယ်တွေဟာ အမိနိုင်ငံတော်အတွက် ရွှေတံဆိပ်ပေါင်း မြောက်မြားစွာကို အကြိမ်ကြိမ် အလီလီ ရယူဆောင်ကြဉ်း ပေးနိုင်ခဲ့တဲ့အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသမိုင်းနဲ့ချီပြီး ပြောရရင်လည်း ပထမဦးဆုံးအကြိမ် ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ဗွေဆော်ဦး ရွှေတံဆိပ်ကို ရယူဆွတ်ခူးပေးခဲ့တဲ့ အားကစားနည်းကလည်း ပြေးခုန်ပစ်အားကစားပဲ မဟုတ်ပါလား။
၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ အမိမြန်မာနိုင်ငံအတွက် ဗွေဆော်ဦး ပွဲဦးထွက် ရွှေတံဆိပ်ဆုကို ရယူဆွတ်ခူးပေးခဲ့သူကတော့ မြန်မာတာဝေး အပြေးသမား ကချင်တိုင်းရင်းသား အာဖူး(ခ)အဖူး ဖြစ်ပါတယ်။အာဖူးဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်ဗွေဆော်ဦး ရွှေတံဆိပ်ကို မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ အိမ်ရှင် ထိုင်းတာဝေးအပြေးသမားကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ရယူပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဖွင့်ပွဲအပြီးနောက်တစ်နေ့မှာ ပြေးခုန်ပစ်ပြိုင်ပွဲတွေကို စတင် ကျင်းပခဲ့ရာမှာ နံနက်ကနေ ညနေစောင်းလာသည်အထိ မြန်မာတို့ ဗိုလ်စွဲခြင်းမရှိသေးဘဲ အိမ်ရှင်ထိုင်းကသာ အများဆုံးဗိုလ်စွဲပြီး စင်ကာပူနဲ့မလေးရှားတို့က ကြားပေါက်ဗိုလ်စွဲနေခဲ့လို့ ထိုစဉ်က မြန်မာအားကစားအဖွဲ့ဟာ စိတ်သောကရ ောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
မြန်မာရွှေတံဆိပ်ရခဲ့ရင်
နံနက်ကနေ ညနေစောင်းလာသည်အထိ ကိုယ့်နိုင်ငံတော်အလံ၊ ကိုယ့်အမျိုးသားတေးသံကို မမြင်ရမကြားရဘဲ အိမ်ရှင်ယိုးဒယား (ထိုင်း) အလံနဲ့ တေးသံတွေပဲ မနားတမ်း ကြားနေရလို့ စိတ်ပျက် ငြီးငွေ့နေခဲ့ကြပါတယ်။ ဒါကြောင့်မို့ ထိုတစ်နေ့တာရဲ့ နောက်ဆုံးကွင်း ပိတ်ပွဲစဉ်ဖြစ်တဲ့ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ မြန်မာရွှေတံဆိပ်ရခဲ့ရင် ပထမနေ့ အပိတ်ကို မြန်မာအမျိုးသားတေးသံသာနဲ့ ပိတ်သိမ်းနိုင် လိမ့်မယ်ဆိုပြီး မြန်မာအားကစားအဖွဲ့ဟာ စိတ်ကူးယဉ်နေခဲ့ကြပါတယ်။
မြေပြင်မှာတော့ ထိုင်းတာဝေးအပြေးသမားကပဲ ရှေ့ကဦးဆောင်နေတယ်။ ကစားကွင်း တစ်ပတ်ပြီးတစ်ပတ် ပြေးနေရာမှ တစ်ဝက်ကျိုးလာတော့ အာဖူးက ကပ်လိုက် လာနိုင်ပြီ။ ထိုင်းတာဝေးအပြေး ချန်ပီယံ ဆရီဆွတ်ဘတ်ဟာ အာဖူးကို ဖြတ်ချန်ထားနိုင်ဖို့ အားသွန်ပြေးနေတယ်။ အိမ်ခံထိုင်းပရိသတ်တွေဟာ သူတို့လူကို တစ်ခဲနက် သံပြိုင်ဟစ်အော် အားပေးနေကြတယ်။ အာဖူးဟာ စိတ်ဓာတ်ကြံ့ခိုင် ဇွဲကောင်းသူပီပီ ဆွတ်ဘတ်အရိပ်ကိုနင်းပြီး နောက်ကထက်ကြပ်မကွာ လိုက်နေတယ်။ ရှေ့ကပြေးနေသူ ဆွတ်ဘတ် တစ်စတစ်စ သိသိသာသာ ခြေကျလာပြီ။ အာဖူးကဖြတ်ကျော်တက်ပြီး ရှေ့ကဦးဆောင်လိုက်တယ်။ နောက်ဆုံးအပတ်မှာတော့ လေဟုန်ကိုခွင်းကာခြေကုန် သုတ်ပြေးနေသူ အာဖူးကို ဆွတ်ဘတ် မလိုက်နိုင်တော့ပါဘူး။ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ပြောင်းသွားတယ်။ ပထမနေရာကပန်းဝင်ဖို့ထက် သူ့နောက်က ထပ်မံကပ်လိုက်လာနေတဲ့ နောက်ထပ် မြန်မာတာဝေး အပြေးသမားတစ်ဦးဖြစ်တဲ့ ရှင်မွေးဂန်းကို နောက်တစ်ကြိမ် နေရာထပ်မဖယ်ရေးဘဲ ဖြစ်တော့တယ်။ ပန်းဝင်ရန် မီတာတစ်ရာသာလိုတော့တဲ့ အချိန်မှာတော့ အာဖူးဟာ ခြေထောက် နှစ်ချောင်းမြေကြီးနဲ့ မထိတော့ဘဲ လေထဲမှာဝဲပျံနေအောင် တာတို ပြေးသလို ပြေးဝင်ပြီး ပထမဆုံး ပန်းဝင်နိုင်ခဲ့ပါတယ်။
ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြိုင်ပွဲမှာအမိမြန်မာနိုင်ငံအတွက် ပထမဆုံးသမိုင်းဝင်ရွှေတံဆိပ်၊ တစ်နေ့တာ ပြေးခုန်ပစ်ပြိုင်ပွဲရဲ့ အပိတ်နောက်ဆုံးပွဲစဉ်မှ ရယူဆွတ်ခူးနိုင်ခဲ့တဲ့ ရွှေတံဆိပ်တစ်ခုဖြစ်လို့ မြန်မာအားကစား အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ခဲ့ကြပါတယ်။
မှတ်တမ်းတင်ရေးသားခဲ့
ဝါရင့်အားကစားကလောင်ရှင်ကြီး ဆရာမောင်ရဲဝင်းက ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှ ၁၉၇၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မှတ်တမ်း တင်ရေးသားခဲ့တဲ့ “လေဟုန်ခွင်း၍ အောင်ပွဲဆင်” စာအုပ်မှာ အာဖူး ဗွေဆော်ဦးရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့မှုနဲ့ ပတ်သက်ပြီး“ဝမ်းသာ လိုက်သည့်ဖြစ်ခြင်း၊ သည်ဝမ်းသာမှုမျိုးကို ယခင်ကတစ်ခါမျှမခံစားဖူး ခဲ့ပါ၊ ကျေနပ်မှုအရသာကိုလည်း အပြည့်အဝခံစားမိသည်။ ဆုတံဆိပ် များချီးမြှင့်ပြီးသည်နှင့် မြန်မာနိုင်ငံ အလံတော်သည်လေထဲ၌ တလွင့်လွင့်တက်လာနေသည်။ ဘင်ခရာတီးဝိုင်းကလည်း ‘ကမ္ဘာမကြေ’ တေး တီးမှုတ်သံပေါ်ထွက်လာသည်။ သူတစ်ပါးနိုင်ငံ၊ သူတစ်ပါးမြေပေါ်ဝယ် ကိုယ့်အလံနှင့် ကိုယ့်အမျိုးသား တေးသံကို မြင်တွေ့ရ၊အလေးပြုရ၊ ကြားရခြင်းအရသာသည် ရင်တွင်းဝယ်မဖော်ပြနိုင်စွမ်းသော ဝမ်းသာပီတိ ဖြစ်ပေါ်ရပေသည်။ ဝမ်းသာ လွန်းလို့ မျက်ရည်များတောင် လည်ရသည်ဆိုသည်မှာ ယခုဖြစ်ရပ်မျိုးပင် ဖြစ်သည်။ ကိုယ့်အလံကို သူများပါအလေးပြုရသဖြင့်လည်း ကျေနပ်အားရမှု ဖြစ်ပေါ်ရပေသည်”လို့ မှတ်တမ်းတင်ရေးဖွဲ့ခဲ့ပါတယ်။
နိုင်ငံတကာပြိုင်ပွဲတွေမှာ နိုင်ငံတော်အတွက် နိုင်ငံ့ဂုဏ်ကို ဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေရဲ့ ဂုဏ်ဒြပ်က ကြီးမြတ်လှပါပေတယ်။ သို့အတွက်ကြောင့် ယခု ၂၀၂၂ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြတဲ့ အားကစားသမားတွေကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါတယ်။
နိုင်ငံတော်အစိုးရကလည်း အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို ရွှေတံဆိပ်တစ်ဆု ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် တစ်ဆု ငွေကျပ်သိန်း၂၀၀၊ ကြေးတံဆိပ် တစ်ဆုအတွက် ငွေကျပ် သိန်း ၁၀၀ အပြင် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် သင်ကြားပေးခဲ့တဲ့ နည်းပြတွေကိုလည်း သတ်မှတ်ဆုကြေးတွေကို ဂုဏ်ပြုအခမ်းအနားနဲ့အတူ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်သွားမယ်လို့ သိရပါတယ်။
ထပ်ဆောင်းချီးမြှင့်
ပြိုင်ပွဲကာလအတွင်းမှာလည်း ထပ်ဆောင်းချီးမြှင့်ငွေအဖြစ် တစ်ဦးချင်းပြိုင်ပွဲများမှာ ရွှေတံဆိပ်တစ်ဆုကို အမေရိကန်ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ် တစ်ဆုကို အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်းအပြင် အသင်းလိုက်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တစ်ဆုအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်း၊ ငွေတံဆိပ်တစ်ဆုအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၇၅၀ နှုန်းနဲ့ ကြေးတံဆိပ်တစ်ဆုအတွက် တစ်ဦးလျှင်အမေရိကန် ဒေါ်လာ၅၀၀ နှုန်းစီ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့်မို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက “ကျွန်တော့် အတွေ့အကြုံအရ နိုင်ငံတော်ကချီးမြှင့်ခဲ့တာ တစ်ခါမှ ဒီလောက် မများခဲ့ဘူးလို့ သိရတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတွက် ကျေးဇူးဆပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပြိုင်ပွဲမှာ အစွမ်းကုန်ကြိုးပမ်း အားထုတ်ခဲ့ကြပေမယ့် အကြောင်းကြောင်းကြောင့် ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့ကြရတဲ့ မြန်မာအားကစား မောင်မယ်များအနေနဲ့လည်း လာမယ့်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ အနိုင်မခံ အရှုံးမပေး မလျှော့သော ဇွဲစိတ်ဓာတ်အားမာန် အပြည့်ဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်းလိုကြောင်းပါ။
ပြီးခဲ့တဲ့ပြိုင်ပွဲမှာ မြင်းကောင်းခွာလိပ်ဖြစ်ခဲ့ရတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ အစကောင်းသော်လည်း အနှောင်းမသေချာခဲ့တဲ့ မြန်မာအမျိုးသားဘောလုံးအသင်းတို့ အနေနဲ့လည်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်းပင်မြို့မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တစ်ကျော့ပြန် အောင်မြင်မှု ရရှိစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။