Skip to main content

ရွှေညာသူ ရွှေညာသားတို့အတွက် သဘာဝလက်ဆောင်

မောင်အောင်

“ခင်ဗျားတို့ အစိုးရတာဝန်ယူပြီးတဲ့နောက် လုပ်တဲ့အလုပ်တွေထဲမှာ ဒီအလုပ်ကိုတော့ ကျုပ်တို့အကြိုက်ဆုံးပဲဗျာ။ တစ်ရွာလုံးကလွှတ်ပြီး ကျေးဇူးတင်နေကြတယ်။”

လွန်ခဲ့တဲ့ ခြောက်လကျော်က မြိုင်မြို့နယ် သဲတောကျေးရွာသို့ရောက်စဉ် ဦးချစ်တုံး၏ ပြောစကားကို ကျွန်တော်ပြန်ပြီး ကြားယောင်နေမိသည်။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လိုက်လံဖြည့်ဆည်းပေးရင်း မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် သဲတောကျေးရွာ မြေအောက်တမံသို့ ရောက်ရှိစဉ် ဦးချစ်တုံးက ပြောလိုက်ခြင်းဖြစ်သည်။

ဦးချစ်တုံးက အသက် ၆ဝ ကျော် ၇ဝ နီးပါး ခန့်ရှိပြီ။ ပခုက္ကူ မြိုင်မြို့နယ်၏ရာသီဥတုအပူက ကျွန်တော်တို့ အားလုံးချွေးဒီးဒီးကျနေသည်။ ရွာသားများကို ကြိုတင်စုထားခြင်း မဟုတ်ပါ။ ကျွန်တော်တို့ သဲတောမြေအောက်တမံအနီး ကားရောက်မှ သူတို့ရွာထဲက ထွက်လာခြင်းဖြစ်သည်။ တမံတည်ဆောက်ထားမှုနှင့် အကျိုးကျေးဇူးကို သိလို၍ ကျွန်တော်လာရောက် စစ်ဆေးကြည့်ရှုခြင်း ဖြစ်သည်။ ကျွန်တော့်ကို ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများ တမာပင်ရိပ်အောက်တွင် ရှင်းပြနေစဉ်ပင် ရွာသားလေး ငါးဆယ်ယောက် ခပ်လှမ်းလှမ်းတွင် ရောက်ရှိလာပြီး ကျွန်တော်တို့ကို ကြည့်နေခြင်း ဖြစ်သည်။

ကျွန်တော့်ဝန်ထမ်းများ ရှင်းပြအပြီး ရပ်ကြည့်နေသော ရွာသားများထဲမှ အသက်အကြီးဆုံးဟု ထင်ရသော ရွာသားကြီးအား ကျွန်တော်က “ဦးလေးကြီးက ဒီရွာကပဲလား၊ နာမည် ဘယ်လိုခေါ်သလဲ၊ အသက်ဘယ်လောက်ရှိပြီလဲ။” သူ့ကိုမေးရင်း ကျွန်တော် သူ့အနားလျှောက်သွားလိုက်သည်။

“ကျုပ်နာမည် ငယ်ငယ်တုန်းကတော့ ချစ်တုံးပေါ့။ အခုတော့ ရွာကလူတွေက ဦးချစ်တုံးလို့ ခေါ်တယ်။ ဒီရွာမှာမွေးတာပဲ၊ အသက် ၆၅ နှစ်။ အဘကရော နာမည်ဘယ်သူလဲ။”

ကျွန်တော်က ရင်းရင်းနှီးနှီး အနားကပ်သွားပြီး မေးလိုက်ခြင်းကြောင့် သူကပြန်ဖြေလိုက်ခြင်းဖြစ်သည်။ ကျွန်တော့်အကျင့်က လူတွေ့လျှင် နာမည်မေးသည်။ ဇာတိမေးသည်။ အသက်မေးတတ်သည်။

“ဟာဗျာ ကျွန်တော့်ကို အဘ မခေါ်စမ်းပါနဲ့။ ကျွန်တော်အဘအရွယ် မရောက်သေးပါဘူး။ ကျွန်တော့်အသက် ဘယ်လောက်ရှိပြီ ထင်လို့လဲ။”

“အင်း ရှိလှ ၆ဝ ဝန်းကျင်ပေါ့။ ရွာကအုပ်ကြီးတို့က မြို့ကလာတဲ့ လူကြီးတွေကို အဘ အဘလို့ ခေါ်တာကြောင့် ကျုပ်လည်း ခင်ဗျားတို့က ကားတွေ အများကြီးနဲ့လာတော့ အဘလို့ ခေါ်လိုက်တာပါဗျာ။”

“ကျွန်တော့်အသက်လည်း ခင်ဗျားနဲ့ မကွာပါဘူးဗျာ၊ ခင်ဗျားထက် နှစ်နှစ်ပဲကြီးတာ။ အေးပါ ခင်ဗျားက ကျုပ်ထက် ရုပ်ဘာကြောင့် ရင့်ရတာလဲ”။

ကျွန်တော်က သူ့ပခုံးကို လှမ်းပြီးပုတ်လိုက်ရင်း ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် မေးဖြစ်လိုက်သည်။

“ဟာ ဒါကတော့ ကျုပ်အမှန်အတိုင်းပြောမယ်နော်။ ခင်ဗျားတို့က မြို့မှာနေတယ်။ ပေါ်ကြော့နေရတယ်။ သွားစရာရှိလည်း ကားအကောင်းစားကြီးနဲ့ သွားရတယ်။ အစား ကောင်းကောင်းစားရတယ်။ ရေဖောဖောသီသီ သုံးရတယ်။ အဲဒီတော့ ခင်ဗျားတို့က ကျုပ်တို့ထက်စာရင် နုတာပေါ့ဗျာ။ စိုပြည်တာ ပေါ့ဗျာ”

ဦးချစ်တုံးက မပြောတော့လည်းမပြော။ ပြောတော့လည်း ကရားမှ ရေလွှတ်လိုက်သည့်ပမာ တဲ့တိုးပြောတော့သည်။

ချောင်းဘေးကပ်လျက် ရေရှားသည့်ရွာ

“နေစမ်းပါဦး။ ကျွန်တော်တို့က ရေဖောဖော သီသီသုံးရလို့ နုနေတယ်ဆိုတော့ ခင်ဗျားတို့ကရော ရေဖောဖောသီသီ မသုံးရဘူးလား။ ခင်ဗျားတို့ရွာက ဒီချောင်းဘေး ကပ်လျက်ရှိနေတာကို”

“အေးအဲဒီချောင်းဘေးမှာရှိပေမယ့် ဒီချောင်းက မိုးတွင်းမှရေရှိတာ၊ ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာပြီဆိုရင် ချောင်းထဲကို ဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။ မနှစ်က မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့ ရွာမြောက်ဘက်ကသာရင် နွားလှည်းနဲ့ဖြတ်ကူးလိုက်တာ၊ နွားရော၊ လူရော၊ လှည်းရောရေစီးနဲ့ပါ သွားလိုက်တာ သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။ ဒီချောင်းက အတော်လေးဆိုးတယ်။ တစ်နှစ်ကိုတစ်ယောက်၊ နှစ်ယောက် လူစားတယ်။”

“ရေကတော့ မိုးရွာပြီးသွားရင် နှစ်လ၊ သုံးလလောက်တော့ လက်ယက်တွင်းတူးပြီး ရေခပ်ရတာပေါ့။ နွေအခါဆိုရင် ရွာထဲက ရေတွင်းတွေလည်း ရေခန်းသွား။ အလွန်ရေရှားတာပေါ့ဗျာ။ ဒါ့ကြောင့် ကျုပ်တို့ သဲတောသားတွေ လူရုပ်မပီတာပေါ့ဗျာ။ ခင်ဗျားတို့လို ရုပ်ရည်မနုတာပေါ့ဗျာ။”

ဦးချစ်တုံးက အတိတ်အကြောင်းကို ပြန်ပြောရင်း ခေါင်းတွင်ပတ်ထားသည့် မျက်နှာသုတ်ပဝါကြမ်းဖြင့် ချွေးဒီးဒီးကျနေသည့် သူ့မျက်နှာကို သုတ်လိုက်သည်။

“အခုတော့ရော ရေအခြေအနေ ဘယ်လိုလဲ”

သူ့ရင်ထဲက စကားကိုသိလို၍ ကျွန်တော် မေးလိုက်ခြင်းဖြစ်သည်။

မြေအောက်တမံ

“အခုတော့ ကျုပ်တို့ ရေနဲ့ပတ်သက်ရင် အတော်အဆင်ပြေပြီလေ။ ပြီးခဲ့တဲ့ ခြောက်လလောက်က ခင်ဗျားတို့အစိုးရတက်ပြီး ခြောက်လလောက်မှာ ဒီဆရာတွေ ရောက်လာ တယ်။ မြေအောက်တမံ လုပ်ဖို့ဆိုပြီး ချောင်းတစ်လျှောက်လိုက်ပြီးကြည့်တယ်။ သဲတွေစစ်ဆေးတယ်။ ချောင်းအကျယ် တိုင်းတယ်။ ဘေးသားမြေအနေအထားကြည့်ပြီး ဒီနေရာကို ရွေးလိုက်တာပဲ။”

“ကျုပ်တို့ကတစ်သက်လုံး ဒီလိုပဲနေလာပြီး ဒီလူတွေ အခုလိုလာပြီးလုပ်တော့ ပထမတော့ သိပ်ပြီးမယုံဘူးလေ။ အဲဒါကြောင့် သူတို့လုပ်တာတွေ ကျုပ်က လိုက်ပြီးကြည့်တာ။ ကျုပ်က အိုပယ်ဖြစ်နေ တော့ အိမ်မှာလည်း တောက်တိုမယ်ရပဲ။ ကျုပ်သမီးနဲ့သားမက်က ကျုပ်ကိုဘာမှမခိုင်းဘူး။ အလုပ်လုပ် စေချင်တာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဆရာတွေ လုပ်တာကို ကျွန်တော်က အသေးစိတ်ကြည့်ဖြစ်တာ”

“ပထမဒီနေရာမှာ ဆယ်ပေအကျယ်လောက် ချောင်းကိုဖြတ် မြောင်းကြီးတူးလိုက်တာ။ တူးတာမှ ရေလုံးဝမစိမ့်တဲ့အထိ တူးလိုက်တာ။ ကျုပ်အထင် အနက်ပေ ၄ဝ-၅ဝ လောက်ရှိမယ် ထင်တယ်။ အဲဒီမှာ အောက်ခံကျောက်ပဲ ရှိတော့တယ်။ အဲဒီနေရာကစပြီး ကန့်လန့်ဖြတ်ကျောက်ကြီးစီတယ်။ ကျောက်လတ်တွေစီတယ်။ ဘိလပ်မြေကို ဖောဖောသီသီသုံးပြီး ဒီတမံဆောက်ခဲ့တယ်။ ကျုပ်မှတ်ထားတာ တစ်လခွဲပြီးနှစ်ရက်နဲ့ ပြီးသွားတယ်။ အောက်ခြေက ခုနစ်ပေ၊ ရှစ်ပေလောက်ရှိပြီး ထိပ်မှာတော့ သုံးပေလောက် ရှိတယ်။ အဲပြီးတော့ ဘေးနံရံ နှစ်ဖက်သဲဖြည့်ပြီးပြီးသွားတယ်။ တမံပြီးတဲ့ရက် ကစပြီး ကျုပ်တို့လည်း မိုးရွာပါစေ၊ ရွာပါစေလို့ ဆုတောင်းနေတယ်။

“မိုးရွာတဲ့နေ့ကတော့ ကျုပ်အိမ်ကနေ သဲချောင်းတမံကို ကျုပ်တန်းပြီးပြေးတာ။ ဒီဆရာတွေ တစ်လခွဲ၊ နှစ်လ အပင်ပန်းခံပြီးလုပ်ထားတဲ့တမံ ဘယ်လိုနေမလဲဆိုတာ သိချင်လို့။ ကျုပ်အိမ်ကနေ ထပြီးပြေးတော့ ကျုပ်သားမက်ကလည်း အဘ၊အဘလို့ လှမ်းခေါ်ပြီး ကျုပ်နောက်ကပြေးပြီးလိုက်တယ်။ တမံထိပ်ရောက်မှ ကျုပ်လည်းအပြေးရပ်ပြီး၊ တမံထိပ်မှာထိုင်ပြီး အမောဖြေရင်းအထက်ဘက်က စီးလာတဲ့ရေကို စောင့်ကြည့်ဖြစ်တယ်။ ရေကအရင်လို သဲချောင်းထဲမှာဝါးလုံးထိုး မစီးတော့ဘူး။ တဖြည်းဖြည်းပဲ စီးလာတယ်။ ကျုပ်တို့လုပ်ထားတဲ့ တမံအထိကို ဖြည်းဖြည်းစီးလာပြီးတမံကို ချက်ချင်းတောင် မကျော်နိုင်ဘူး။ အဲဒီမိုးမှာတော့ ကျုပ်ထင်တယ်။ တမံထဲ ရေဖြည့်နေရလို့လား မသိဘူး။ တမံပေါ်က နည်းနည်းပဲကျော်သွားတယ်”

ဦးချစ်တုံး စိတ်ပါလက်ပါပြောနေ၍ သူ့စကား မဖြတ်လိုသဖြင့် ကျွန်တော်ငြိမ်၍သာ နားထောင်နေမိသည်။

“နေ့လယ်လောက်ရောက်တော့ ဒီဆရာတွေ တမံလာပြီးကြည့်တယ်။ ကျုပ်က အခြေအနေ ရှင်းပြပြီး ရေနွေးကြမ်းသောက်ဖို့ အိမ်ကိုခေါ်တော့ အိမ်မသွားဘဲ ဒီတမာပင်ရိပ်မှာပဲ တမံကိုကြည့်ရင်း ကျုပ်တို့စကားထိုင်ပြီး ပြောနေဖြစ်တယ်။ အဲဒီဆရာတွေနဲ့ ကျုပ်သဲချောင်းထဲဆင်းပြီး လက်ယက်တွင်း တူးကြည့်လိုက်တော့ တောင်ဆုတ်လောက်ပဲ တူးရတယ်။ ရေချက်ချင်းထွက်ပြီး ချက်ချင်းပြည့်လာတယ်။ ကျုပ်တော့ ထပြီး ကချင်လောက်အောင်ကို ဝမ်းသာမိတယ်။”

“ဒီရေတွင်းတွေကရော ဘယ်လောက်ကြာမှ ရေအပေါ်တက်လာလဲ”

ကျွန်တော်က ဦးချစ်တုံး မောနေမည်စိုး၍ အနီးရှိ ရေတွင်းကို လက်ညှိုးထိုးပြပြီး ကြားဖြတ်မေးလိုက် ခြင်းဖြစ်သည်။

“ကျုပ်က အဲဒါလည်း သေချာမှတ်ထားတာဗျ။ မိုးရွာပြီး သုံးရက်လောက်ကြာတော့ ရေက တစ်ပေနီး ပါးတက်လာတယ်။ နောက်ပိုင်းကျုပ်မှတ်ထား သလောက် တစ်ပတ်၊ ဆယ်ရက်ကြာတော့ နှစ်ပေသာသာ တက်လာတယ်။ အခုတော့ မိုးရွာရင်လည်း ကျုပ်တို့သဲချောင်းကကြောက်စရာမလိုတော့ဘူး။ တမံအပေါ် ရေမကျော်သရွေ့ တမံရေမဝင်တဲ့ အောက်ဘက်က ဖြတ်လို့ရတယ်။ ကျုပ်တို့တစ်ရွာလုံး ပျော်မဆုံး မော်မဆုံးပါ။ကျုပ်တို့ သဲတောရွာသားတွေက “ရွှေမလိုချင်ပါ၊ရေကိုသာ လိုချင်တာပါ။” အဲဒါကြောင့်အဘအဲ ဆရာကြီး ရောက်လာတဲ့အချိန်မှာ ဆရာတို့အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း ဝမ်းသာအားရ ပြောမိတာပါ”

သောက်သုံးရေ လုံလောက်စွာရရှိစေခဲ့

သည်တစ်ခါတော့ သဲတောရွာသား ဦးချစ်တုံး၏ စကားသံအောက်တွင် ဝမ်းသာပီတိဖြစ်နေမိသူက ကျွန်တော်ပါ။ ကျွန်တော်ပို၍ ဝမ်းသာပီတိဖြစ်ရသည်က ဦးချစ်တုံးက သူ၏လက်များဖြင့် ကျွန်တော့် လက်ကိုရင်းရင်းနှီးနှီး ဖျစ်ညှစ်နှုတ်ဆက်လာပါသည်။ ကျွန်တော်လည်း ကိုဗစ်ရောဂါကာလဖြစ်နေသည်ကို သတိမရတော့ဘဲ ဦးချစ်တုံး၏ လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်၍ နှုတ်ဆက်ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ပြည့်နှစ်က မကွေးတိုင်းဒေသကြီးတွင် သဲတောမြေအောက်တမံ၊ ကျောက်ထပ်မြေ အောက်တမံနှင့် မန္တလေးတိုင်းဒေသကြီးတွင် ဝါးခင်းကြီးမြေအောက် တမံတို့ကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ပါသည်။ သဲတောမြေအောက် တမံသည်သဲတောကျေးရွာ အပါအဝင် ရွာသုံးရွာရှိ အိမ်ထောင်စု ၆၈၉ စုမှ လူဦးရေ ၃၃၅၈ ဦးနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၁၅၆၅ ကောင်အတွက် သောက်သုံး ရေလုံလောက်စွာ ရရှိစေခဲ့ပါသည်။ ကျောက်ထပ် မြေအောက်တမံသည် ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု ၆၈၉ စုရှိလူဦးရေ ၁၆၇၃ ဦးနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၁၄၂၅ကောင်အတွက် သောက်သုံးရေ ရရှိစေသည့်အပြင် ဝါးခင်းကြီးချောင်း မြေအောက်တမံ တည်ဆောက်ခြင်းကြောင့် ကျေးရွာ ရှစ်ရွာရှိ အိမ်ထောင်စု ၉၆ဝ မှ လူဦးရေ ၄ဝဝဝနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၈ဝဝ အတွက် သောက်သုံးရေ ရရှိစေခဲ့ပါသည်။

၂ဝ၂၁ - ၂ဝ၂၂ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြေအောက်တမံသုံးခု၏ အကျိုးပြုမှုကို ပြန်လည်စိစစ်သုံးသပ်ပြီး ၂ဝ၂၂-၂ဝ၂၃ ခု ယခုဘဏ္ဍာ နှစ်တွင် “ရွှေကိုမလို ရေကိုသာလိုသည့်” ရွှေညာသူ ရွှေညာသားများအတွက် မြေအောက်တမံများ လိုအပ်သည့်နေရာများတွင် ထပ်မံတည်ဆောက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်တည်ဆောက်နေသော မြေအောက်တမံများ

သို့ဖြစ်၍လည်းကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦး မြို့နယ်တွင် တောင်ဇင်းချောင်းမြေအောက်တမံ၊ ဘောလုံးကျွန်းချောင်းမြေအောက်တမံ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်ထိန်းမြေအောက်တမံ၊ မကွေးတိုင်းဒေသကြီးပခုက္ကူ မြို့နယ်တွင် အောင်နန်းမြေအောက်တမံ၊ ကျတ်ပြည့် မြေအောက်တမံ၊ ဖောင်ကျောင်းမြေအောက်တမံနှင့် ရိုးရမြေ အောက်တမံအပါအဝင် မန္တလေးတိုင်းဒေသကြီးတွင် မြေအောက်တမံ သုံးခုနှင့် မကွေးတိုင်းဒေသကြီးတွင် မြေအောက်တမံ လေးခု စုစုပေါင်း ခုနစ်ခုကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိပါသည်။ ၎င်းပြင် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် နတ်မောက်မြို့နယ် ဥသျှစ်ကုန်းမြေအောက် တမံနှင့် ရေထွက်မြေအောက်တမံ စုစုပေါင်း မြေအောက်တမံ နှစ်ခုကို တည်ဆောက်လျက်ရှိရာ မြေအောက်တမံနှစ်ခုလုံး၏ တည်ဆောက်မှုမှာ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါသည်။

အညာဒေသများတွင် မြေအောက်တမံများ တည်ဆောက်ပေးခြင်းဖြင့် ပတ်ဝန်းကျင် ကျေးရွာသူ ကျေးရွာသားများအတွက် သောက်သုံးရေ အထောက်အပံ့ဖြစ်စေခြင်း၊ ချောင်းတစ်လျှောက် စားဖိုဆောင် သီးနှံများ စိုက်ပျိုးလာနိုင်ခြင်း၊ ကျေးရွာအတွင်းရှိ ရေတွင်းများ၏ ရေမျက်နှာပြင်မြင့်တက်လာပြီး ရေပိုထွက်ခြင်းနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်၍ မြေအောက်တမံများသည် “ရွှေကိုမလို ရေကိုသာလိုသည့် ရွှေညာသူရွှေညာသား” များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့မှ ပေးအပ်သည့် “အဖိုးမဖြတ်နိုင်သည့် သဘာဝ လက်ဆောင်များ” ဟု ခံယူမိပါသည်။ ။