Skip to main content
ပညာရှာရမယ့်အချိန် ပညာရှာဖို့ ကျောင်းသွားကြစို့

ပညာရှာရမယ့်အချိန် ပညာရှာဖို့ ကျောင်းသွားကြစို့

မျိုးငြိမ်းငယ်

မကြာခင်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ဖွင့်ပါတော့မယ်။ တက္ကသိုလ်တန်းတွေကတော့ ဖွင့်နေပါပြီ။ ကျောင်းသားတွေ၊ မိဘတွေအတွက် ဝမ်းသာစရာပါပဲ။ ကျောင်းသားလေးတွေ ကျောင်းတက်နေကြတာကိုမြင်တိုင်း ကြည်နူးမိတာအမှန်ပါ။ ကျောင်းဖွင့်ရာသီဆို မိဘတွေရော၊ ကျောင်းသား ကျောင်းသူတွေရော ပြင်ဆင်ကြရတာ နှစ်စဉ်ပါပဲ။

ကျောင်းဝတ်စုံတွေ၊ ကျောင်းစာအုပ်တွေ၊ စာရေး ကိရိယာတွေ ပြင်ဆင်ကြရပါတယ်။ ငွေအား၊ လူအား စိုက်ထုတ်ကြရတယ်။ ဒါပေမယ့် နှစ်တိုင်း စိတ်ရော၊ လူရော ဘယ်လောက်ပင်ပန်းပင်ပန်း ကျောင်းသား ကျောင်းသူလေးတွေ တစ်နှစ်တစ်တန်း အောင်နေရင်၊ ထူးချွန်နေပြီဆိုရင် အမောတွေပြေလို့။ စိတ်ချမ်းသာလို့။ ကလေးတွေရဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကို တဖြည်းဖြည်း ပုံဖော်ယူကြရတာဆိုတော့ ကြည်နူးစရာပါပဲ။ ပညာရေးဆိုတာက သူတို့လေးတွေရဲ့ အနာဂတ်မဟုတ်လား။

ငယ်ငယ်ကဆို မိဘတွေက သားသမီးတွေကို ပညာတတ် ဖြစ်စေချင်လိုက်တာ။ သူတို့တုန်းက ကျောင်းမတက်ခဲ့ရ၊ ကျောင်းမပြီးခဲ့ရ၊ ပညာတတ်တွေ မဖြစ်ခဲ့ကြဘူးကိုး။ သေစာရှင်စာနဲ့ပဲ ဘဝကို ရုန်းကန်ခဲ့ကြရတာ။ ဒီတော့ သားသမီးတွေ ပညာတတ်ကြီးဖြစ်ဖို့က သူတို့ရဲ့အိပ်မက်၊ သူတို့ရဲ့ အဓိကအလုပ်လို့ ယူဆထားခဲ့ကြတာကို သိခဲ့ရတယ်။ နောက်ပြီး ပညာမတတ်ရင် အတွေးအခေါ်တွေ နောက်ကျမယ်၊ ဗဟုသုတတွေ နည်းမယ်ဆိုတော့ သားသမီးတွေကို သူတို့လို မဖြစ်စေချင်ကြဘူး။ သားသမီးနဲ့မိဘ၊ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြား ပညာတွေပိုတတ်သွားမှ တိုးတက်လာမှာပေါ့။ ဒီတော့ ကျောင်းတက်ရမယ့်အရွယ်မှာ ကျောင်းထားဖို့က မိဘတွေအတွက် ပထမဦးစားပေးပဲ။ ပညာရှာရမယ့်အချိန် ပညာရှာဖို့က ကိုယ့်အသိုက်အဝန်းတစ်ခုထဲမှာ ရှိတာမှ မဟုတ်တာ။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေဆို ကလေးတွေပညာရေးကို ဒီထက်အလေးထားသေးတယ်။ နိုင်ငံသားတွေ ပညာတတ်ဖြစ်ဖို့ဆိုတာက သူတို့ရဲ့ ဦးစားပေးမူဝါဒတွေထဲမှာ တစ်ခုအနေနဲ့ တွေ့ရတယ်။ ကိုယ့်နိုင်ငံလို ရုန်းကန်နေရတဲ့နိုင်ငံ၊ တည်ဆောက်ဆဲနိုင်ငံမှာဆို ပညာရေးကို ပိုပြီး လိုအပ်တော့မှာပေါ့။

နောက်ပြီး ပညာဆိုတာက အခြားဥစ္စာတွေလို မဟုတ်ဘူး၊ ကိုယ်နဲ့တစ်ပါတည်း သေတဲ့အထိ ပါသွားမယ့်အရာ။ ဒါကြောင့်လည်း ပညာရွှေအိုး လူမခိုးလို့ ဆိုခဲ့ကြတာ။ ပညာနဲ့တူသော ဥစ္စာ ဘယ်မှာရှိနိုင်မလဲ။ ပညာတွေတတ်သွားလို့ သုံးတတ်ရင် ဘယ်နေရာဖြစ်ဖြစ် အသုံးဝင်တော့ ဘဝတစ်လျှောက်လုံး ပညာက အကျိုးပြုနေမှာပဲ။ ပညာတတ်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အကျိုးပြုသလို လူ့အသိုက်အဝန်းကို အကျိုးပြုနိုင်တယ်။ အဲဒီတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ဆိုရင် မကောင်းတဲ့သူတွေကို ဖယ်ရုံနဲ့ ကောင်းတဲ့ဝန်းကျင်ဖြစ်လာမယ်လို့ မဆိုနိုင်ဘူး။ မကောင်းတဲ့သူတွေကို ကောင်းလာအောင်၊ ကောင်းတဲ့သူတွေကို ပိုကောင်းလာအောင်၊ တော်တဲ့သူတွေ ပိုတော်လာအောင် တည်ဆောက်ယူမှ ဒီလူ့ပတ်ဝန်းကျင်ကြီးက တိုးတက်ကောင်းမွန်လာမှာဆိုတော့ ပညာသင်ဖို့လိုတာပေါ့။

နောက်ပြီး ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာ ငွေရှိရင် ချက်ချင်းဝယ်လို့ ရတယ်၊ တည်ဆောက် ယူလို့ရတယ်။ ပညာဆိုတာက ချက်ချင်းလုပ်ယူလို့ရတဲ့ အရာမဟုတ်ဘူး။ အချိန်ယူ တည်ဆောက်ရတယ်၊ အသက်အရွယ်နဲ့ တည်ဆောက်ရတယ်။ စဉ်ဆက်မပြတ် တည်ဆောက်နေကြရတာ။ ဒီတော့ ကျောင်းတက်ရမယ့်အရွယ်မှာ၊ ပညာရှာရမယ့်အရွယ်မှာ ပညာကိုရှာကြမှ သူ့အသက်အရွယ်နဲ့သူ တိုးတက်လာမှာ။ ပညာရှာရမယ့်အရွယ်မှာ ပညာရှာကြမှ သူတို့လေးတွေရဲ့ ဘဝခရီးက ဖြောင့်ဖြူးချောမွေ့နေကြမှာ။

နောက်ပြီး ပညာတတ်ရင်ရလာတဲ့ စွမ်းရည်တွေက ပြောလို့ကို မကုန်နိုင်ဘူး။ ခြုံပြောရင် အသိပညာတွေ၊ အတတ်ပညာတွေပေါ့။ ဥပမာ အင်ဂျင်နီယာ ပညာတတ်တစ်ယောက် ဖြစ်လာရင် အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မှုတွေတင် မကဘူး၊ စဉ်းစားတွေး ခေါ်နိုင်စွမ်းတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ စူးစမ်းလေ့လာနိုင်စွမ်းတွေပါ ပါလာတယ်။ ဒါတင်မကဘူး ကျောင်းမှာက ပေါင်းသင်းဆက်ဆံရေးတွေ၊ ကျင့်ဝတ်တွေ၊ ဘယ်လိုဆက်ပြီး လေ့လာသင်ကြားရမယ် ဆိုတာတွေအထိ လူ့ဘဝနေထိုင်နည်းတွေပါ သင်ပေးလိုက်တာကိုး။ ပညာတတ်တိုင်း ဒီလိုစွမ်းရည်တွေ အကုန်ရတယ်လို့ မဆိုနိုင်ပေမယ့် ပညာမတတ်ရင် အဲဒီအရည်အသွေးတွေရဖို့ကတော့ အတော်ခက်ခဲမှာပါ။ ဒီတော့ ပညာရှာရမယ့်အချိန်မှာ ပညာရှာကြမှ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေကို အရည်အသွေးတွေ မြှင့်တင်နိုင်ပါလိမ့်မယ်။

ပညာရေးနဲ့ပတ်သက်လို့ တစ်လောက စာအုပ် တစ်အုပ် ဖတ်မိပါတယ်။ Creating Cultures of Thinking: The 8 Forces We Must Master to Truly Transform Our Schools ဆိုတာပါ။ ရေးတဲ့သူက ဟားဗတ်တက္ကသိုလ် Project Zero ရဲ့ အကြီးတန်း သုတေသနပညာရှင် Ron Ritchhart ပါ။ သူက ကျောင်းသားတွေရဲ့ တွေးခေါ်မှုစွမ်းရည် တိုးတက်ဖို့ ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရာမှာ စာသင်ခန်းယဉ်ကျေးမှုရဲ့ အခန်းကဏ္ဍကို လေ့လာသုတေသနပြု ရေးထားတာပါ။ စာအုပ်က ပြဿနာအခြေပြု လေ့လာတဲ့သူတွေ၊ ဆရာတွေအတွက် အသုံးဝင်ပါတယ်။ အခု စာအုပ်က သူရဲ့ အရင်စာအုပ် Intellectual Character: What It Is, How To Get It Matters, 2002 ကို အခြေခံထားပြီး အဲဒီစာအုပ်က စာမေးပွဲမှာ ရမှတ်တွေထက် ပိုမိုကျယ်ပြန့်နက်နဲတဲ့ ဉာဏ်ရည်ကို ရေးထားတာပါ။

Creating Cultures of Thinking စာအုပ်က တော့ ကျောင်းတွေရဲ့ အခြေခံရည်ရွယ်ချက်ဟာ ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်မှု စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်မှု မြင်သာနိုင်ဖို့နဲ့ ကျောင်းသားတွေရဲ့ လေ့လာသင်ယူမှုကို အထောက်အကူပေးရာမှာ စာသင်ခန်းယဉ်ကျေးမှုရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒါဟာ ပညာရေးရဲ့ အရင်းခံအနှစ်သာရပါပဲ။ ပညာအရည်အသွေးတွေ မြှင့်တင်နိုင်မှ အမှား/ အမှန်၊ ကောင်းတာ/ ဆိုးတာ၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဆိုတာတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်စဉ်းစားဆုံးဖြတ် နိုင်မှာမဟုတ်လား။ ဒီလိုအဆင့်အထိ ဖြစ်လာဖို့ကတော့ လုပ်စရာတွေ အများကြီးပဲ ရှိနေပါလိမ့်ဦးမယ်။ တဖြည်းဖြည်း ပညာရေးကဏ္ဍကို မြှင့်တင်ရင်း အရည်အသွေးရှိတဲ့ ပညာရေးဖြစ်လာမှ အသိပညာရှင်၊ အတတ်ပညာရှင်တွေ မွေးထုတ်နိုင်ပြီး လူသားအရင်းအမြစ်တွေ များလာမှာပါ။ ထူးချွန်ထက်မြက်တဲ့ လူသားအရင်းအမြစ်တွေ များလာမှလည်း နိုင်ငံတည် ဆောက်ရေးတွေ၊ ဒေသအကျိုး၊ လူမှုပတ်ဝန်းကျင် အကျိုးတွေသယ်ပိုးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ ပညာရှာရမယ့်အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ဥစ္စာရှာနေကြရတဲ့ ကလေးသူငယ်တွေ၊ ပညာရေးလမ်းကြောင်းနဲ့ လွဲသွားတဲ့ လူငယ်လေးတွေကို တွေ့ရတိုင်း သားသမီးချင်း ကိုယ်ချင်းစာမိ၊ မိဘချင်း ကိုယ်ချင်းစာမိတယ်။ ဘယ်သူဖြစ်ဖြစ် တိုးတက်ချင်ကြတာပဲ။ ခက်ခဲပင်ပန်းတဲ့အလုပ် လုပ်မလား၊ ပညာနဲ့ရှာတဲ့အလုပ် လုပ်မလားဆိုရင် ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုချင်ကြတာချည်းပဲ။ ဝေးလံခေါင်းပါးတဲ့ဒေသက ကလေးတွေဆို ကျောင်းတက်ဖို့ နေ့တိုင်း မိုင်ချီ လမ်းလျှောက်ပြီး ကျောင်းတက်နေကြရတာကို တွေ့ရတယ်။ တချို့ဆို ကုန်းတစ်တန် ရေတစ်တန်နဲ့ သွားနေကြရတယ်။ ခက်ခဲပင်ပန်းမှုတွေကြားက ပညာရှာနေကြရတယ်။ မြို့ကြီးတွေမှာလို သူတို့လည်း တက်ချင်တာပေါ့။ မြို့ကြီးတွေမှာလို အခြေအနေမရှိတော့ ရုန်းကန်ပြီး ကျောင်းတက်ပညာရှာနေကြရတာ။ ဒါဟာ ကလေးငယ်တွေတိုင်း၊ လူငယ်လေးတွေ တိုင်းအတွက် ပညာရေးဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြနေတာပါ။

နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရဖို့ လူတိုင်းအတွက် ပညာရေးစနစ် အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ ကျောင်းနေနိုင်တဲ့ သူရော၊ ကျောင်းမနေနိုင်တဲ့ သူတွေရော ပညာသင်ကြားဖို့ အခွင့်အလမ်းရဖို့ပါ။ ပညာသင်ယူခွင့်ဆိုတာက လူ တစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးရဖို့အတွက် ကျောင်းတွေကို အခုပြန်ဖွင့်နေပါပြီ။ စာသင်နှစ် တစ်နှစ်ရဲ့အစ ကျောင်းဖွင့် ရာသီဆိုတာက ပညာတံခါးကြီးဖွင့်တာပဲ မဟုတ်လား။ ထောင်တံခါးတွေ ပိတ်ဖို့ဆိုရင် ကျောင်းတံခါးတွေ ဖွင့်ဖို့လိုတယ်ဆိုတာလိုပဲ။ အဲဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့က ကျောင်းတံခါးတွေ ပိတ်ကုန်ရင် ထောင်တံခါးတွေ ပွင့်လာမှာပဲပေါ့။

ဆိုလိုတာက ကောင်းမွန်တဲ့၊ တိုးတက်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ ကျောင်းတွေ၊ ပညာရှာလို့ရတဲ့ ရပ်ဝန်းတွေ၊ အခြေအနေတွေ ဖန်တီးပေးရမှာပါ။ ကျောင်းတွေ ကြာရှည်ပိတ်ထားရတာနဲ့ ပညာရှာလို့ရတဲ့ နယ်ပယ်ဘောင်ကျဉ်းလာတာနဲ့အမျှ အဲဒီလူမှုပတ်ဝန်းကျင်ရဲ့ စဉ်းစားတွေးခေါ်မှု၊ စရိုက်၊ ကျင့်ဝတ်စတဲ့ အခြေခံတွေ အားနည်းလာမှာဖြစ်ပြီး လူငယ်တွေရဲ့ ရည်မှန်းချက်တွေ၊ အနာဂတ်တွေလည်း ပျောက်သွား နိုင်ပါတယ်။

နောက်ပြီး ပညာသင်ယူကြတယ်ဆိုတာက တစ်ဦးတစ်ယောက်တည်း ပညာတတ်သွားတာလို့ ပြောလို့မရပါဘူး။ ကောင်းမွန်တဲ့ လူ့ပတ်ဝန်းကျင်ကို ဖန်တီးနေတာ၊ တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျောင်းတွေပိတ်ထားရလို့၊ ကျောင်းတွေမတက်ရလို့ အရပ်ထဲမှာ ကျောင်းသားတွေ ညည်းညူနေကြတာကို မြင်ရ ကြားရတိုင်း စိတ်မချမ်းသာပါဘူး။ ကျောင်းတွေပိတ်ထားတော့ သူတို့လေးတွေ ယောင်ချာချာ ဖြစ်နေတာတွေလည်း တွေ့ရပါတယ်။ အချို့လည်း အွန်လိုင်းက သင်တန်းတွေ တက်နေကြ၊ ဘာသာစကားသင်တန်းတွေ တက်နေကြပေါ့။ အချို့လည်း မတက်နိုင်တဲ့သူတွေလည်း မတက်ကြဘူးပေါ့။ အဲဒီလိုအခြေအနေကနေ အခုလို ကျောင်းတွေ ဖွင့်နေပြီဆိုတော့ ဝမ်းသာစရာပဲဖြစ်ပါတယ်။

ကိုဗစ်ရောဂါကြောင့် ကျောင်းပိတ်ထားရတာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေကတော့ မတူဘူးပေါ့။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေ၊ နည်းပညာတိုး တက်တဲ့နိုင်ငံတွေက ကလေးတွေကတော့ ပညာသင်ယူခွင့် အခွင့်အလမ်း ပိုများပါတယ်။ ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းကို နည်းလမ်းမျိုးစုံနဲ့ ဖွင့်ပေးနိုင်တာကိုး။ ကိုဗစ်ရောဂါကြောင့် ကလေးတွေရဲ့ လူကိုယ်တိုင် ပညာသင်ယူခွင့် ဆုံးရှုံးသွားတာတွေ၊ ရင်ဆိုင်နေရဆဲ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံတွေက သူ့အတိုင်းအတာနဲ့သူ ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။

ကိုဗစ်-၁၉ နဲ့ အခြားသော စိန်ခေါ်မှုတွေကြောင့် ကလေးမျိုးဆက်တစ်ခုလုံးရဲ့ ပညာရေးကို ပျက်စီးစေခဲ့ပြီး ဒီကနေ့အထိလည်း ရင်ဆိုင်နေရဆဲပါ။ ဒီအကျိုးဆက်ဟာ လတ်တလော အခြေအနေအတွက်သာမကပါဘူး။ ဆင်းရဲမွဲတေမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေလို ရေရှည်အကျိုးဆက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ယူနီဆက်ဖ်ရဲ့ Prospects for children in 2022: a global outlook အရဆို လာမယ့်နှစ်မှာ ကလေးတွေရဲ့ ပညာရေးအခြေအနေ ဟာ မရေရာမသေချာမှုတွေ ရှိနေဦးမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အခုဆို ကိုဗစ်-၁၉ ဖြစ်တာ တတိယနှစ်ထဲ ဝင်လာပါပြီ။ ကလေးတွေအနာဂတ် မြှင့်တင်ဖို့ ဘာတွေ လုပ်ပေးနိုင်သလဲဆိုတဲ့ မေးခွန်းလည်း ထုတ်ထားပါတယ်။

အခု မေလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကမ္ဘာ့ပညာရေးဖိုရမ် ကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပညာရေးဖိုရမ်ရဲ့ ဆောင်ပုဒ်ကတော့ Education: building forward; stronger, bolder, better ဖြစ်ပါတယ်။ ပညာရေးကို ပိုမိုစွမ်းရည်ပြည့်ဝ အားကောင်းလာပြီး အနာဂတ် ခရီးဆက်နိုင်ဖို့ ရည်မှန်းထားတာ တွေ့ရပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ ပဋိပက္ခတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ၊ စီးပွားရေးဆိုင်ရာတွေ စတဲ့ စိန်ခေါ်မှုတွေ များပြားလာတဲ့ အချိန်မှာ ပညာရေးကတစ်ဆင့် ငြိမ်းချမ်းရေး၊ မိတ်ဖက်ဆက်ဆံရေးနဲ့ ကြွယ်ဝချမ်းသာရေးတွေကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို လေ့လာမယ်လို့ ဆိုထားပါတယ်။ ဒီတော့ပညာရေးကို ဘယ်လိုပြောင်းလဲကြမလဲ၊ ဘယ်လို အားပေးမြှင့်တင်ကြမလဲ ဆိုတာတွေလည်း ပါဝင်ပါတယ်။ ပညာရေးဟာ လူတစ်ဦး၊ နိုင်ငံတစ်နိုင်ငံအတွက်သာမကဘဲ ကမ္ဘာ့အပြောင်းအလဲနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာကို တွေ့ရမှာပါ။

ကမ္ဘာနဲ့အဝန်း ကလေးငယ်တွေ ပညာရေးအတွက် လုံးပန်းနေကြချိန်မှာ အခုလို ကျောင်းတွေပြန်ဖွင့်တာဟာ ကလေးတွေအတွက် ပညာသင်ယူခွင့် အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။ ဒါမှလည်း ကလေးငယ်တွေရဲ့ အနာဂတ်တွေကို ပြောင်းလဲပေး နိုင်ပါလိမ့်မယ်။ “မာလာလာ” ပြောခဲ့တဲ့ စကားလိုပါပဲ။ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်း၊ ကလေးတစ်ယောက်နဲ့ ဆရာတစ်ယောက်ဟာ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တာကို သတိရကြပါစို့ ဆိုတာပါ။ ကျောင်းမတက်ဘဲနဲ့ ကလေးငယ်တွေရဲ့ဘဝတွေ၊ အနာဂတ်တွေနဲ့ ကမ္ဘာကြီးကို ဘယ်လိုများ ပြောင်းလဲကြမလဲ။

ဒီတော့ အနာဂတ် မျိုးဆက်သစ်လေးတွေရဲ့ ပညာရေးတိုးတက်မြင့်မားဖို့၊ ကျောင်းနေရမယ့်အရွယ်၊ ကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းတက်နိုင်ဖို့၊ ကျောင်းသွားကြဖို့ ပစ္စုပ္ပန်မျိုးဆက်တွေက ဝိုင်းဝန်းစောင့်ရှောက် ပံ့ပိုးကြရမှာပါ။ ဒါဟာ ပညာမျိုးဆက်လက်ဆင့်ကမ်းခြင်းပဲ မဟုတ်လား။    ။