Skip to main content

တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အားကစားထူးချွန်သူ

ရန်ကုန်တက္ကသိုလ် ရာပြည့် ဂုဏ်ပြုဆောင်းပါး

တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အားကစားထူးချွန်သူ

အုပ်မှူးဇော်

ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်းထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ်ဟု အမည်ပြောင်းခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် ယူနီဗာစီတီ ကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍ ပေါ်ထွက်လာခဲ့သည်။ ယူနီဗာစီတီကောလိပ်မှာ ဘာသာရေးနှင့် မသက်ဆိုင်သောကျောင်းဖြစ်ပြီး ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်း ခရစ်ယာန်သာသနာအခြေပြုကျောင်းဖြစ်သည်။ အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ်ကို ရန်ကုန်တက္ကသိုလ် လက်အောက်ခံသီးခြားလွတ်လပ် သည့် ကျောင်းအဖြစ် အသိအမှတ်ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့နှင့် ကိန်းဘရစ်ချ်တက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်နှင့် ၁၉၅၀ ပြည့်နှစ်များအတွင်းတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှအဆင့်တွင်လည်း ထိပ်တန်းရပ်တည်နိုင်ခဲ့ခြင်း ကြောင့် အခြားအာရှနိုင်ငံများမှ ကျောင်းသားများ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်ဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော ကျောင်းသားများအနက်မှ အားကစား၊ အနုပညာ၊ နိုင်ငံရေး ထူးချွန်ခဲ့သည့် ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့သည်။ ယင်းပုဂ္ဂိုလ်များမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာ ဘမော်၊ ကာတွန်းဘကလေး၊ သိန်းဖေမြင့် ၊ ဦးရာဇတ်၊ ဦးနု၊ ဦးသန့်၊ မောင်မောင်၊ ဦးနေဝင်း၊ ဆာမောင်ခင်၊ မြို့မ-ဦးသန်းကြွယ်၊ ခင်မျိုးချစ်၊ ဒေါက်တာသန်းထွန်း၊ မင်းသုဝဏ်၊ နိုင်ရွှေကျင်၊ ဦးကြည်မောင်၊ လူထုဒေါ်အမာ၊ တက္ကသိုလ်ဘောလုံး အသင်းတွင် ကောလိပ်ဂျင်နေဝင်း စသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။

တစ်ခေတ်တစ်ခါက တက္ကသိုလ်ဘောလုံးအသင်း

ရန်ကုန်ကောလိပ် ဘောလုံးအသင်းအောင်ပွဲကို ၁၉၁၅ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ဆက်တိုက် ဆိုသလိုပင် ၁၉၁၆၊ ၁၉၁၇ တို့တွင် သုံးနှစ်ဆက်တိုက် BAA ပထမတန်း အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့သည်။ ထို့အပြင် ၁၉၁၈ ခုနှစ် တစ်နှစ်သာခြားကာ ၁၉၁၉ နှင့် ၁၉၂၀ ပြည့်နှစ်တို့တွင်လည်း ရန်ကုန်ကောလိပ် အသင်း သည် ထပ်ဆင့်ချန်ပီယံဖြစ်ခဲ့သည်။

ယင်းနောက် ၁၂ နှစ်တိတိ ရန်ကုန်ကောလိပ်အသင်း သည် အောင်မြင်မှုနှင့် ဝေးကွာခဲ့ပြီးနောက် ၁၉၃၂ ခုနှစ် တွင် အောင်မြင်မှုတစ်ဖန် ပြန်လည်ရရှိခဲ့သည်။ ယင်းသို့ သော ဘောလုံးအောင်မြင်မှုမှာ ရပ်တန့်မသွားဘဲ ၁၉၃၃၊ ၁၉၃၄ ခုနှစ် ရန်ကုန် BA စုံ အားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံတက္ကသိုလ်ပေါင်းစုံ လက်ရွေးစင် အားကစားသမား ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်းမရှိဘဲ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များသာ ဆွတ်ခူးနိုင်ခဲ့သည်။ တက္ကသိုလ်၏ အားကစားအဆင့်အတန်းကို ဘောလုံးအားကစားနည်းက ပြသခဲ့သည်။ မြန်မာနိုင်ငံတွင် BAA (Burma Athletics Association) က ကြီးမှူးပြီး ၁၉၀၀ ပြည့်နှစ်၌ ကျင်းပ သည့် အမှတ်ပေးဘောလုံးပြိုင်ပွဲ စတင်ကျင်းပရာ ပထမဆုံး အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းမှာ စိန်ဂျွန်းကောလိပ်အသင်း ဖြစ်သည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ဘောလုံးပွဲ များတွင် အများဆုံးပါဝင်ယှဉ်ပြိုင်သည့် အသင်းများမှာ အင်္ဂလိပ်စစ်တပ်များနှင့် ဗြိတိသျှသြဇာခံ ဘောလုံး အသင်းတို့က အများဆုံးဖြစ်သည်။ အင်္ဂလိပ် စစ်တပ် ဘောလုံးအသင်းများမှာ ရန်ကုန် မြို့စောင့်တပ်၊ ပထမ ဘုရင် ရီဂျီမင့် (ပထမဘုရင့်တပ်) ပထမ ဒီကျွန်ဂျီရီဂျီမင့်၊ ပထမ ရွိုင်ရယ်စကော့ ဗြူဇီလာ၊ နယ်ခြားစောင့်တပ်၊ ပထမ မန်ချက်စတာ ဗြူဇီလာ စသည့် စစ်တပ်အသင်း များနှင့် အင်္ဂလိပ်အသင်းများဟူ ဖြစ်ကြသည်။

မြန်မာအားကစားလောက ရွှေရောင်ဝင်းလက်စဉ် ကာလတွင် မြန်မာအောင်မြင်ရေးအတွက် အခြေခံ ဒေါက်တိုင်ကြီး သုံးတိုင်ရှိခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်များ၊ တပ်မတော်နှင့် ဝန်ထမ်းအားကစား ဒေါက်တိုင်ကြီးတို့ ဖြစ်သည်။ အားကစားတစ်မျိုး တစ်လေသာမဟုတ်၊ ပြေးခုန်ပစ်၊ ရေကူး၊ တင်းနစ်၊ ကြက်တောင်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ အနောက်တိုင်းလှေလှော် စသည့် အားကစားနည်းများ တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသား အားကစား သမားများက လက်ရွေးစင်အဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည်။

တက္ကသိုလ်၊ ကောလိပ်များအတွက် အားကစား အရင်းအမြစ်များ ထွက်ပေါ်လာခြင်းမှာ အထက်တန်း ကျောင်းများမှ စတင်ပါသည်။ ယခင်ခေတ်ကာလက တက္ကသိုလ်နှင့် ကောလိပ်များကလည်း ယခုလောက် မများသေးပါ။ မြစ်ကြီးနားတွင် ကောလိပ်ရှိပါသည်။ မန္တလေး၌ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ရှိပါသည်။ တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ စစ်တွေနှင့် ပျဉ်းမနားတွင် စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း) စသည် တို့သာ ရှိပါသည်။

ရန်ကုန်တွင်မူ ပင်မတက္ကသိုလ် (ဝါ) ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် (RIT)၊ ဆေးတက္ကသိုလ် (၁ နှင့် ၂)၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်၊ တိရစ္ဆာန်နှင့် မွေးမြူရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ သက်ကြီးတက္ကသိုလ်၊ နောက်ပိုင်း စာပေးစာယူ၊ အဝေးသင်တက္ကသိုလ်များ ပေါ်ပေါက်လာကြပါသည်။ ယင်းတက္ကသိုလ်နှင့် ကောလိပ်များတွင် အဆောင်လိုက်၊ ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများ နှစ်စဉ်မပြတ် ကျင်းပခဲ့ပါသည်။

ယင်းနောက် ဒေသအလိုက်စုပေါင်းကာ တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲများ အားကစားနည်းအလိုက် ကျင်းပကြသည်။ ရန်ကုန်တွင်မူ ပြေးခုန်ပစ်၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ရေကူးစသည့် အားကစား နည်းတစ်မျိုးစီပြိုင်ပွဲများ ကျင်းပပါသည်။

အောက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲ၊ အထက်မြန်မာပြည် တက္ကသိုလ်နှင့် ကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲ၊ တက္ကသိုလ်ပေါင်းစုံ အားကစား ပွဲတော်ဟူ၍ စဉ်ဆက်မပြတ် ကျင်းပနိုင်ခဲ့သည်။ ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပရုံမျှသာမက တက္ကသိုလ်မှ အားကစားဆရာ အရာရှိများ၊ အားကစားဦးစီးဌာနမှ အရာထမ်းဝန်ထမ်းများနှင့်အတူ ဆိုဗီယက်ပြည်ထောင်စု၊ အရှေ့ဂျာမနီ၊ အနောက်ဂျာမနီ၊ ဟန်ဂေရီ စသည့် ကမ္ဘာတွင် အားကစားနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားသည့် နိုင်ငံများမှ အားကစား တက္ကသိုလ်၊ အားကစားသိပ္ပံများတွင် အားကစားပညာတော်သင်များအဖြစ် သွားရောက်၍ အားကစားပညာရပ်များ ဆည်းပူးသင်ကြားခဲ့ရသည်။

သို့ရာတွင် လမ်းစဉ်ပါတီ အစိုးရနှောင်းပိုင်းမှစတင်ကာ ပြည်ပသို့အားကစားပညာသင်များ စေလွှတ်ခြင်းမရှိတော့ သလို မူလတန်းကျောင်းလေးများမှစကာ တက္ကသိုလ်နှင့် ကောလိပ်ကြီးများအထိ လုံခြုံရေးကို အကြောင်းပြုကာ အားကစားပြိုင်ပွဲများကို တဖြည်းဖြည်းနှင့် မသိမသာ ကျင်းပခြင်း မပြုလုပ်နိုင်တော့သည့်အတွက် တက္ကသိုလ် များမှ ထူးချွန်သည့် အားကစား ကျောင်းသူ ကျောင်းသား များ မပေါ်ထွန်းခဲ့တော့ပေ။

တစ်ခေတ်တစ်ခါတုန်းက တက္ကသိုလ်ကျောင်းသား အားကစားသမားများကို ပြည်သူတို့က အသည်းစွဲ ချစ်ခင် မြတ်နိုး အားပေးခဲ့ကြသည်ကို မှတ်တမ်းများအရ သိရှိခဲ့ရ သည်။ စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် တက္ကသိုလ် ဘောလုံး အသင်းမှ မောင်ဝင်း၊ ယုတ်ကွင်း၊ မောင်မောင်ကလေး၊ ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်၊ ကက်နက်ရှိန်၊ အောင်ခင်၊ စိုးမြင့်၊ မောင်ပြုံး၊ ဘမောင်၊ စောဦး၊ ကျော်ကျော်၊ မောင်မောင် (စက်မှုတက္ကသိုလ်)၊ ငွေကိုင် စသည့် တက္ကသိုလ် ကျောင်းသားဘောလုံးသမားများသည် အထူးကျော်ကြား ထင်ရှားသူများဖြစ်သည်။ မောင်မောင် ကလေး၏ အားကစားထူးချွန်မှုကြောင့် အင်္ဂလန်နိုင်ငံသို့ အားကစားပညာတော်သင်အဖြစ် အစိုးရက ရွေးချယ် စေလွှတ်ခြင်းခံရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အားကစား ပညာတော်သင်ဖြစ်သည်။

စစ်ကြိုခေတ်အစောပိုင်းက မြန်မာဘောလုံးလောက တွင် အောင်မြင်မှုမှတ်တိုင် အလီလီစိုက်ထူနိုင်ခဲ့သည့် တက္ကသိုလ်ဘောလုံးအသင်းမှာ ယခုအခါ အမည်ပါ ပျောက်လျက်ရှိသည်။ စစ်ပြီးခေတ်တွင် အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခဲ့သည့် ရန်ကုန်တက္ကသိုလ်ဘောလုံး အသင်းမှာ အောင်မြင်မှုနည်းပါးခဲ့သော်လည်း လက်ရွေးစင်ဘောလုံးသမားများကိုမူ မွေးထုတ်ပေးနိုင် ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၆ ခုနှစ် တွင် ပြန်လည်ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင် ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းမှာ အောင်မြင်မှု နည်းပါးခဲ့ သည်။ သို့သော် ပြိုင်ဘက်အသင်းများက လေးစားရပြီး ပြည်သူများချစ်သော ပြည်သူ့အချစ်တော် ဘောလုံးအသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်း ကွယ်ပျောက် မသွားမီအထိ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်များ လက်ရွေးစင်ဘောလုံး အသင်း အနေဖြင့် ၁၉၄၆ ခုနှစ် နောက်ပိုင်းကျင်းပခဲ့ သည့် ဘောလုံးပြိုင်ပွဲများတွင် တစ်ကြိမ်သာ အောင်မြင်မှုရခဲ့သည်။ ၁၉၆၁-၆၂ ဘောလုံးရာသီ အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ပထမရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်နှင့်အခြားအားကစားနည်းများ

ရန်ကုန်တက္ကသိုလ်တွင် ဘောလုံးအားကစားနည်း သာမက အခြားသော အားကစားနည်းများ ဖြစ်ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ တင်းနစ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ လှေလှော်ရွက်တိုက်အားကစားနည်း တို့တွင်လည်း မြန်မာ့လက်ရွေးစင်အဆင့်အထိ ထူးချွန် သည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ ထွက်ရှိ ခဲ့သည်။ မြန်မာ့လက်ရွေးစင် အားကစားသမားဖြစ်ရုံမျှ သာမကဘဲ နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များပင် ဆွတ်ခူးခဲ့ကြသည်။ ယခင်ကတက္ကသိုလ် အားကစားလောကကို ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ဆေးတက္ကသိုလ် ၁ နှင့် စီးပွားရေးတက္ကသိုလ် တို့က ဦးဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ်မတိုင်မီ စနစ်သစ် ဖြင့် တက္ကသိုလ်များ မဖွဲ့စည်းခင်ကမူ ရန်ကုန်တက္ကသိုလ် (ပင်မ)က တက္ကသိုလ်အားကစားလောကကို ဦးဆောင် နိုင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်၏ ထင်ရှားသောအောင်မြင်မှု မှတ်တိုင်မှာ မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် တက္ကသိုလ် ကျောင်းသားများ မြန်မာ့လက်ရွေးစင် အားကစားသမား အဖြစ် တစ်စုတစ်ဝေးတည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။

ယင်းအားကစားသမားများမှာ ဒဲရစ်လင်းစ်ဒေးလ် (ရေကူး)၊ မူမူခင် (တင်းနစ်)၊ ထွန်းမြ (ပြေးခုန်ပစ်)၊ စိုးမရ (ပြေးခုန်ပစ်)၊ ရစ်ချတ်ယုခင်(ရွက်လှေ)၊ မောင်လှ (ကြက်တောင်)၊ မျိုးညွန့် (အလေးမ)၊ သန်းလွင် (တင်းနစ်)၊ မော်ထွန်းရှိန် (စားပွဲတင်တင်းနစ်)၊ အေးကျော် (ရေကူး)၊ ဂျိုးဘမောင် (တင်းနစ်)၊ ဉာဏ်မင်း (ဘတ်စကက်ဘော)၊ စီဆေးအင်န် (စားပွဲတင်တင်းနစ်)နှင့် မသီတာ (ကြက် တောင်)တို့ ဖြစ်ကြသည်။

အထက်ပါ မြန်မာ့လက်ရွေးစင်အားကစားသမား ကျောင်းသူ ကျောင်းသားတို့မှာ ရန်ကုန်တက္ကသိုလ် တစ်ကျောင်းတည်းမှ ထွက်ပေါ်လာသည့် လက်ရွေးစင် ကစားသမားများဖြစ်ကြသည်။ ထို့ပြင် တက္ကသိုလ်တွင် ဘောလုံးအားကစားနည်းအပြင် တခြားသော အားကစား နည်းများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ တင်းနစ်၊ ဘော်လီဘော၊ ကြက်တောင် စသည့်အားကစားနည်းများ တွင်လည်း မြန်မာ့လက်ရွေးစင်များ မွေးထုတ်ပေးနိုင် ခဲ့သည်။ စိုးမရ၊ ထွန်းမရ၊ ကျော်မရ၊ မောင်မောင်မရ ညီနောင်လေးဖော်မှာ တက္ကသိုလ်ကျောင်းသားများ ဘဝ ကပင် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်သမားများ ဖြစ်ကြသည်။ ကျော်ခင်၊ ကျော်မြင့်၊ ထွန်းနောင်၊ မိုးအေး (ဂရေစီကား)၊ နော်ရီနာမြတို့မှာ ထင်ရှားသည့် မြန်မာ့ လက်ရွေးစင် ပြေးခုန်ပစ်သမား တက္ကသိုလ်ကျောင်းသားကျောင်းသူများ ဖြစ်ကြသည်။

ထို့အပြင် ဘော်လီဘောတွင်လည်း ကျော်ဟန်၊ အေးထွန်း၊ စန်းစန်းဖေ၊ ဖြူဖြူဇော် စသည့်တက္ကသိုလ် ဘော်လီဘောသမားများ။ ထို့ပြင် အအောင်မြင်ဆုံး ရေကူး သမားနှစ်ဦးကို တက္ကသိုလ်က မွေးထုတ်ပေးနိုင်ခဲ့သည်။ ၎င်းတို့မှာ တင်မောင်နီ အာရှအားကစားပြိုင်ပွဲ ၁၉၆၂ ခုနှစ် တွင် ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ နောက် တစ်ဦးမှာ နန္ဒကျော်စွာ (အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ငြိမ်း) ဖြစ်သည်။ ၁၉၆၉ ခုနစ် ရန်ကုန်ကျွန်းဆွယ် ပြိုင်ပွဲတွင် တစ်ဦးတည်း ရွှေတံဆိပ်သုံးဆု ဆွတ်ခူးနိုင်ခဲ့ သည်။

ထိုစဉ်ကမူ ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားမှာ ခွဲခြား၍မရသည့် စည်းလုံးညီညွတ်မှု ရှိခဲ့သည်။ သို့ရာတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း၌ မြန်မာပြည်အနှံ့တွင် တက္ကသိုလ်နှင့် ကောလိပ်များ ဖွင့်လှစ်ခဲ့ချိန်မှစ၍ တက္ကသိုလ်များနှင့် အားကစားသည် အလှမ်းဝေးကွာသွားသည်ဟု မြင်ပါသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ် ပြန်လည်အသက်ဝင်လာသလို တက္ကသိုလ် အားကစားလှုပ်ရှားမှုလည်း စုစည်းညီညွတ်စွာ ပြန်လည် အသက်ဝင်စေချင်ပါသည်။ ရှေးယခင်က တက္ကသိုလ်များ၏ အောင်မြင်ကျော်ကြားသည့် ဂုဏ်သတင်းများထဲတွင် အားကစားဂုဏ်သတင်းတစ်ရပ် လည်း အပါအဝင်ဖြစ်ရာ တက္ကသိုလ်များ၏ အားကစား ကဏ္ဍများ ပြန်လည်ဦးမော့လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။