Skip to main content

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ

မောင်ငြိမ်းသူ (ကြို့ပင်ကောက်)

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို ၂၀၂၂ ခုနှစ် မေ ၂၁ ရက်နှင့် ၂၂ ရက်နေ့ များတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပရန် ကြိုတင်ပြင်ဆင်နေကြလေပြီ။

မြန်မာနိုင်ငံစာရေးဆရာအသင်း ပထမအကြိမ်ညီလာခံကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် သမိုင်းဝင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လေးနှစ်လျှင် ညီလာခံတစ်ကြိမ် ကျင်းပရသည့် အသင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရုံးချုပ်၌ ကျင်းပနိုင်ခဲ့သည်။ ညီလာခံတစ်ခုနှင့် တစ်ခုအကြား နှစ်နှစ်လျှင် တစ်ကြိမ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ကျင်းပရမည်ဖြစ်ရာ ပထမအကြိမ်ညီလာခံ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်၌ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညီလာခံ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို အသင်းဖွဲ့စည်းပုံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကျင်းပနိုင်ရန် စီစဉ်ထားသော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် အခက်အခဲအကျပ်အတည်းမျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး လုပ်ငန်းစဉ်များအားလုံးကို မလွှဲမရှောင်သာဘဲ ရပ်ဆိုင်းနေခဲ့ကြရသည်။

ယခုတော့ ကိုဗစ်ရောဂါအခြေအနေ အေးငြိမ်းသွားသောကြောင့် လူစုလူဝေးအစည်းအဝေးများ ကျင်းပပြုလုပ်နိုင်ခွင့် ရှိလာသဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို အားသစ် မွေး ကြိုးစားပြီး ကျင်းပနိုင်ရန်စီစဉ်ရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ မူလဘူတအခြေခံမိခင်မှာ “စာပေလုပ်သားအဖွဲ့” ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် စာပေလုပ်သားအဖွဲ့ကို အခြေခံပြီး ပြင်ဆင်ဖွဲ့စည်းခဲ့သော “စာပေနှင့် စာနယ်ဇင်းအဖွဲ့” ပေါ်ပေါက်လာခဲ့ပါသည်။ ဒီမိုကရေစီခေတ်သို့ ကူးပြောင်း လာသောအခါ ခေတ်စနစ်နှင့်အညီ “မြန်မာနိုင်ငံ စာရေးဆရာအသင်း”ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

စာရေးဆရာများအသင်း

တကယ်တော့ မြန်မာနိုင်ငံစာရေးဆရာအသင်းဟူသော ဝေါဟာရ ကို ၂၀၁၂ ခုနှစ်ကျမှ သုံးစွဲခဲ့ခြင်း ဖြစ်သော်လည်း “ပြည်ထောင်စုမြန်မာ နိုင်ငံစာရေးဆရာအသင်း” (စာရေးဆရာများအသင်း)ကို ၁၉၄ဝ-၄၁ ခုနှစ်က ဒီးဒုတ်ဦးဘချို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းစဉ်ကတည်းက စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။

စာရေးဆရာများအသင်းကို ၁၉၄ဝ-၄၁ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဒီးဒုတ်ဦးဘချို၊ ၁၉၄၃-၄၄ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးသိမ်းမောင်၊ ၁၉၄၅-၄၆ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဂျာနယ်ကျော် ဦးချစ်မောင်၊ ၁၉၄၆-၄၇ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဒဂုန်နတ်ရှင်၊ ၁၉၄၇-၄၈ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဆရာ မြို့မမောင်၊ ၁၉၄၈-၄၉ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် မဟာဆွေ၊ ၁၉၄၉-၅ဝ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးတင့်ဆွေ၊ ၁၉၅၀ ပြည့်နှစ်တွင် ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ ၁၉၅၀-၅၁ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဒဂုန်တာရာ၊ ၁၉၅၁-၅၂ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ရွှေပိန် သောင်း၊ ၁၉၅၂-၅၃ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဇဝန၊ ၁၉၅၄-၅၅ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးထင်ဖတ်(ဆရာမောင်ထင်)၊ ၁၉၅၅-၅၆ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဒဂုန်နတ်ရှင်၊ ၁၉၅၆-၅၇ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်း ဖေမြင့်၊ ၁၉၅၈-၅၉ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဇဝန၊ ၁၉၆၁-၆၂ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းဖေမြင့်၊ ၁၉၆၂-၆၃ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ရန်ကုန် ဘဆွေ၊ ၂၂ နှစ်အတွင်း အသင်းဥက္ကဋ္ဌ ၁၄ ဦး အလှည့်ကျတာဝန် ထမ်းဆောင်ခဲ့ကြသည်။ “၁၉၅၇-၅၈ ခုနှစ်တွင် စာရေးဆရာအသင်း၏ နာယကများမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဝန်ကြီးချုပ်ဦးနု” တို့ ဖြစ်ကြသည်။

ထိုသို့တာဝန်ထမ်းဆောင်ခဲ့ကြရာတွင် စာဆိုတော်နေ့ အထိမ်း အမှတ်များအဖြစ် ဝိဇယပြဇာတ်၊ ဦးပေါ်ဦး ပြဇာတ်၊ ခုံတော်မောင်ကျ ဘမ်းပြဇာတ်၊ ဝေသာလီပြဇာတ်၊ ဝန်ဇင်းမင်းရာဇာပြဇာတ်၊ နတ်ရှင် နောင် ပြဇာတ်၊ မြဝတီမင်းကြီး ဦးစပြဇာတ်၊ မောင်ဖေငယ်ပြဇာတ်၊ လှိုင်ထိပ်ခေါင်တင် ပြဇာတ်၊ ဦးပုညပြဇာတ်၊ လက်ဝဲသုန္ဒရပြဇာတ်၊ စာရေးဆရာ မောင်ဒေါနပြဇာတ်၊ နဝဒေးပြဇာတ်၊ ရှင်နှောင်းပြဇာတ်၊ ပြဇာတ်စုစုပေါင်း ၁၄ ပုဒ်၊ ကပွဲပဒေသာများ၊ တစ်ခန်းရပ်ပြဇာတ်များ၊ စကားရည်လုပွဲများ၊ စာပေဟောပြောပွဲများ၊ စာဆိုတော်နေ့ အခမ်းအနားများကို နှစ်စဉ်မပျက် လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြပါသည်။

ထို့ပြင် “စာရေးဆရာ လစဉ်စာစောင်” အမှတ်(၁)ကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်စာရေးဆရာများအသင်းက ထုတ် ဝေခဲ့သည်။ စာစောင်ကို အမှတ်စဉ် (၁) မှ (၉) အထိ ထုတ်ဝေခဲ့ရာတွင် စာရေးဆရာများ၏ ဝတ္ထု၊ ဆောင်းပါးများ၊ သတင်းများ၊ ကဗျာများ၊ အသင်း၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံဥပဒေများကို ဖော်ပြခဲ့ပါသည်။ ၁၉၅ဝ ပြည့်နှစ်တွင် “စာပေ”မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “စာရေးဆရာအသင်း၏ နှစ်ပတ်လည် စာစောင်”နှင့် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် “စာရေးဆရာ စာစောင်” ထုတ်ဝေခဲ့သည်။

စာပေလုပ်သားအဖွဲ့

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပါလီမန်ဒီမိုကရေစီ ခေတ်က စာရေးဆရာများအသင်း ပျက်ပြယ်ပျောက်ကွယ်သွားခဲ့ပြီး “စာပေလုပ်သားအဖွဲ့ကြီး” ပေါ်ပေါက်လာခဲ့ပါသည်။ တော်လှန်ရေး ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာနက ၁၁-၁၂-၁၉၆၆ ရက်နေ့တွင် “ဆရာကြီး ဦးဝန်(မင်းသုဝဏ်)” ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော “စာပေလုပ်သားအဖွဲ့ဖြစ်မြောက်ရေးကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပြီး ၁-၆-၁၉၇၆ ရက်နေ့တွင်ဥက္ကဋ္ဌ ဦးထိန်လင်း (ဗိုလ်တထောင်) (၁၉၇၆-၇၉) နှင့် ဦးအုန်းဖေ (ဆရာတက်တိုး) (၁၉၇၉) တို့ ဦးဆောင်သော “စာပေ လုပ်သားစည်းရုံးရေးကော်မတီ” ကို ဖွဲ့စည်းပေးခဲ့သည်။ စာပေလုပ်သားစည်းရုံးရေးကော်မတီ(ဗဟို)က မြို့နယ်အဆင့်များကို ဆက်လက်ဖွဲ့စည်းစေခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ဦးထွန်းတင် (ဆရာမန်းတင်) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော “စာပေလုပ်သားညီလာခံ စည်းရုံးရေးကော်မတီ”ကို ဖွဲ့စည်းကာ  ၁-၃-၁၉၈၀ တွင် “ပထမအကြိမ် စာပေလုပ်သားညီလာခံ” ကို ကျင်းပခဲ့ရာ ဦးထွန်းတင် (ဆရာမန်းတင်)ကိုပင် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြသည်။ “ဒုတိယအကြိမ် စာပေလုပ်သားညီလာခံ”ကို ၃-၄-၁၉၈၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးဝင်းဖေ (ဆရာ မြဇင်)၊ “တတိယအကြိမ်စာပေလုပ်သားညီလာခံ”ကို ၃၁-၃-၁၉၈၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်အေး (ဆရာ ခင်မောင်အေး-မန္တလေး) (၁၉၈၈-၈၉) စသည်ဖြင့် တာဝန်ပေးအပ်ခဲ့ ကြသည်။

စာပေလုပ်သားအဖွဲ့ လက်ထက်တွင် “စာပေလုပ်သားမဂ္ဂဇင်း” ကို လစဉ်ထုတ်ဝေနိုင်ခဲ့သည့်အပြင် “စာပေလုပ်သား သတင်းဂျာနယ်” ကိုလည်း ထုတ်ဝေနိုင်ခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် စာပေ ဟောပြောပွဲများကို ကျင်းပနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊ ဖွဲ့စည်းပုံ ဥပဒေသစ်ပြဋ္ဌာန်းပွဲများတွင် တာဝန်ကျေပွန်စွာ ပါဝင်ကူညီခဲ့ကြသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အတွက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများတွင် စာပေ ဟောပြောပွဲများနှင့် တေးသရုပ်ဖော်ပွဲများဖြင့် ပါဝင်ကူညီခဲ့ကြသည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့

၁၉၈၈ ခုနှစ်အရေးအခင်းအပြီး တပ်မတော်အစိုးရလက်ထက်တွင် စာပေလုပ်သားအဖွဲ့ကြီး၏ အမွေကို ဆက်ခံသော “မြန်မာနိုင်ငံစာပေ နှင့် စာနယ်ဇင်းအဖွဲ့” ကို ပြန်ကြားရေးဝန်ကြီးဌာနက ၂၁-၁၀-၁၉၈၈ တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ရာ ၂၇-၁၀-၁၉၈၉ တွင် တရားဝင် ဖွဲ့စည်းခွင့် ရခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ဦးစိုးညွန့် (ထီလာစစ်သူ) က ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ပြီး ၂၉-၁၂-၁၉၉၃ တွင် ကျင်းပခဲ့သော “စာပေနှင့်စာနယ်ဇင်းအဖွဲ့ ပထမအကြိမ် ညီလာခံ” က ဥက္ကဋ္ဌအဖြစ် ဦးမျိုးသန့် (ဆရာမောင်ဆုရှင်)၊ ၂၂-၆-၁၉၉၈ ရက်နေ့တွင် ကျင်းပသော “ဒုတိယအကြိမ် ညီလာခံ”က ဥက္ကဋ္ဌ အဖြစ် ဦးကျော်အောင် (ဆရာကျော်အောင်)၊ ၂၁-၂-၂၀ဝ၀ တွင် ဥက္ကဋ္ဌအဖြစ် ဦးလှမြိုင် (ဆရာ ကိုဆောင်း)၊ ၂၈-၆-၂၀၀၂ ရက်နေ့တွင် ကျင်းပခဲ့သော “တတိယအကြိမ်ညီလာခံ”၊ ၁၇-၅-၂၀၀၆ တွင် ကျင်းပ ခဲ့သော “စတုတ္ထအကြိမ်ညီလာခံ” များက ဥက္ကဋ္ဌအဖြစ် ဦးလှမြိုင် (ဆရာ ကိုဆောင်း)၊ ၉-၅-၂၀၁၀ တွင် ကျင်းပခဲ့သော “ပဉ္စမအကြိမ်ညီလာခံ” က ဥက္ကဋ္ဌအဖြစ် ဦးတင်ခ(ဆရာတက္ကသိုလ် တင်ခ)၊ ဦးတင်ခ တာဝန်တစ်ခုအရ နုတ်ထွက်သွားသဖြင့် ဥက္ကဋ္ဌအဖြစ် ဦးတင်လှိုင် (ဆရာ လယ်တွင်းသားစောချစ်) တို့က တာဝန်ထမ်းဆောင်ခဲ့ကြသည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ် ညီလာခံ သက်တမ်း တစ်ဝက် နှစ်နှစ်ခန့်အကြာတွင် ခေတ်စနစ်နှင့်အညီ စာရေးဆရာ အလွှာ၊ သတင်းစာဆရာအလွှာ၊ ပုံနှိပ်ထုတ်ဝေသူအလွှာဟူ၍ အလွှာ သုံးလွှာ ဖွဲ့စည်းရန် ဆုံးဖြတ်ပြီး ၂၄-၃-၂၀၁၂ တွင် အရေးပေါ်ညီလာခံ ခေါ်ယူကာ “စာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့သက်တမ်းတွင် စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများ၊ စာတမ်း ဖတ်ပွဲများ၊ စာပေဟောပြောပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲများ၊ သက်ကြီးစာပေ ပညာရှင်များ ပူဇော် ကန်တော့ပွဲများ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲများ၊ စာပေဆုချီးမြှင့်ပွဲများကို ကျင်းပနိုင်ခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း

စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အခြေခံကာ မြန်မာနိုင်ငံစာရေးဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီက ၁၆-၆-၂၀၁၂ ရက်တွင် “မြန်မာနိုင်ငံစာရေးဆရာအသင်း ပထမအကြိမ် ညီလာခံ” ကို ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် စည်သူဦးတင်လှိုင် (ဆရာလယ်တွင်းသား စောချစ်) ဦးဆောင်သော အမှုဆောင် ၃၅ ဦး ပါဝင်သည့် “မြန်မာနိုင်ငံ စာရေးဆရာအသင်း” ကို စာပေသမိုင်းဝင် ဖွဲ့စည်းနိုင်ခဲ့သည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်အားလုံးသည် မြန်မာ နိုင်ငံစာရေးဆရာအသင်းတွင် အသင်းဝင်များအဖြစ် ပါဝင်ခွင့်ပြုခဲ့သည့် အပြင် မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့များကိုလည်း မြို့နယ်စာရေး ဆရာ အသင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့သည်။ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖွဲ့စဉ်ကာလက အင်အား ၈၂၈၀ ရှိခဲ့သော်လည်း သတင်း စာဆရာအသင်း၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများအသင်း စသည့် အသင်းနှစ်သင်းက သီးခြားဖွဲ့စည်းထားပြီးဖြစ်ရာ အင်အားထက်ဝက်ခန့် လျော့နည်းသွားခဲ့သည်။

သို့သော် စာပေလောကသားများ၏ အကျိုးကို ဦးတည်၍ဖွဲ့စည်းထား ကြသော အခြားမဟာမိတ်စာပေ အသင်းအဖွဲ့များ၊ သမဂ္ဂများထဲတွင် နှစ်ပေါင်းရှည်ကြာ သမိုင်းအစဉ်အလာကောင်းခဲ့သော မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး၌ ၂၀၁၆ ခုနှစ်က မြို့နယ်အသင်းပေါင်း ၁၉၆ သင်း၊ အသင်းဝင်ပေါင်း ၄၄၃ဝ အထိ တိုးပွားလာရာ အားတက်ဂုဏ်ယူ စရာလည်း ကောင်းမွန်ခဲ့သည်။

ယခု မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် မြို့နယ်အသင်းပေါင်း ၂၀၂ သင်းနှင့် အသင်းဝင်ပေါင်း ၅၀၀၀ ကျော်ရှိသဖြင့် အင်အား တောင့်တင်းခိုင်မာနေဆဲဖြစ်ရာ အားရဝမ်းသာ ပီတိဖြာနေကြရပါသည်။

၂၀၁၆ ခုနှစ် ဒုတိယအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌဦးတင်လှိုင် (လယ်တွင်းသားစောချစ်)သည် ကျန်းမာရေးအခြေအနေအရ အနားယူသွားသောကြောင့် ဥက္ကဋ္ဌအဖြစ် ဦးကျော်ဝင်း (မနုဿကျော်ဝင်း) ဆက်လက် အရွေးခံတာဝန်ယူခဲ့ပါသည်။ ဦးကျော်ဝင်းသည် ၂၂-၃-၂၀၂၂ တွင် ကွယ်လွန်သွားသဖြင့် ၂၅-၃-၂၀၂၂ တွင် ဒေါ်ချိုချိုတင် (မစန္ဒာ) အား ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြသည်။

ဒုတိယအကြိမ်ညီလာခံသက်တမ်း လေးနှစ်ကာလအတွင်းတွင် စာပေနှင့်စာနယ်ဇင်းအဖွဲ့ ကာလကဆောင်ရွက်ခဲ့သော အကျိုးပြု လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ပေးနေခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် စာရေးဆရာအသင်းကြီးက ဦးဆောင် ပြီး ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပေးခဲ့ကာ ဆုချီးမြှင့်ခြင်း၊ စာရေးဆရာအသင်းအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ စာရေးနည်း သင်တန်းဆင်းများက စုပေါင်း၍ စာအုပ်များထုတ်ဝေခြင်း၊ နိုင်ငံတကာ စာပေနှင့် မြန်မာစာပေ အပြန်အလှန်ဖလှယ်ကြခြင်း၊ နိုင်ငံတကာ ကဗျာရွတ်ဆိုပွဲများ၊ စာပေနှင့်အထွေထွေ သုတေသန စာတမ်းဖတ်ပွဲ များ၊ လေ့လာရေးခရီးများအတွက် ဤအသင်းကြီးမှ ဗဟိုအမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ်အသင်းဝင်များ သွားရောက်လေ့လာ စာတမ်းဖတ်ကြား ကဗျာများရွတ်ဆိုခဲ့ကြခြင်း၊ မဲခေါင်စာပေဆုနှင့် အရှေ့တောင်အာရှစာပေဆုများ ရရှိခြင်း၊ ၂၀၁၉ ခုနှစ် (၁၀) ကြိမ်မြောက် မဲခေါင်စာပေ ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံစာရေးဆရာ အသင်းက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခြင်း၊ ဂျပန်ရှန်တီ ကလေးစာပေ ဆု ချီးမြှင့်ပွဲများ၊ ကလေးစာပေ အလုပ်ရုံဆွေးနွေးပွဲများကို ပူးပေါင်းကျင်းပပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်မှုများတွင် ပါဝင်လှူဒါန်းခြင်း၊ ရှေ့တန်းရောက် တပ်မတော်သားများနှင့် အသက်စွန့်သွား သူများအတွက် လှူဒါန်းခြင်း၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် အခြားအသင်းအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကစာပေ၊ စာမူပြိုင်ပွဲများတွင် စာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဝင်များအဖြစ် တာဝန်ကျေပွန်စွာ ပါဝင်ကူညီခဲ့ကြသည့်အပြင် ပခုက္ကူစာမူဆုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများကို တာဝန်ယူ ကျင်းပပေးခြင်း၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းတွင် အမှုဆောင်များအဖြစ် ပါဝင်ဆောင်ရွက်နေသည့်အပြင် စာကြည့်တိုက်မှူးများ ညီလာခံ၌ စာတမ်းများ ဖတ်ကြားတင်သွင်းခြင်း၊ သတင်းမီဒီယာ စာတမ်းဖတ်ပွဲတွင် ပါဝင်စာတမ်းဖတ်ကြားတင်သွင်းခြင်း၊ ဗဟိုအသင်းရုံးတွင်လည်း စာပေ၊ ဂီတ၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးဆိုင်ရာ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ ၂၀၁၇ စာပေညီလာခံအပါအဝင် ဝတ္ထုတိုနှင့် ဧရာဝတီ စာပေပွဲတော် အထိမ်းအမှတ်ပွဲများတွင် တက်ကြွကျေပွန်စွာ ပါဝင် လှုပ်ရှားခဲ့ကြခြင်း၊ စာမဖတ်သူပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ဗဟိုနှင့်မြို့နယ်အသင်းများက မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းနှင့်ပူးတွဲပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အဆင့်ဆင့်၏ ကူညီပံ့ပိုးမှုဖြင့် စဉ်ဆက်မပြတ် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် အမှုဆောင်ကော်မတီဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခြင်း စသည်ဖြင့် ကြိုးပမ်းထမ်းရွက်ခဲ့ကြပါသည်။

တတိယအကြိမ် ညီလာခံ

ယခုကျင်းပတော့မည့် “မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယ အကြိမ်ညီလာခံ” တွင် ညီလာခံ သက်တမ်းလေးနှစ်ကာလအတွင်း ဗဟိုအမှုဆောင်ကော်မတီက ဆောင်ရွက်နိုင်ခဲ့သမျှကို တင်ပြအစီရင် ခံရမည်ဖြစ်ရာ တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ်များက အပြုသဘော ဝေဖန်ဆွေးနွေး အကြံပေးကြရပေလိမ့်မည်။ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အတည်ပြုပေးကြပေလိမ့်မည်။ ဆက်လက် တာဝန်ထမ်းဆောင်ကြမည့် ဗဟိုအမှုဆောင်ကော်မတီဝင်များကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြန်လည်ရွေးချယ်တင်မြှောက်ပေးကြရ ပေလိမ့်မည်။

သို့သော် ကိုဗစ်ကပ်ရောဂါကာလအတွင်း အခြေအနေအရပ်ရပ်အကြောင်းအမျိုးမျိုးကြောင့် တတိယအကြိမ်ညီလာခံကို မူလ သတ်မှတ်ကာလအတွင်း မကျင်းပနိုင်ခဲ့သောကြောင့် အချို့ညီလာခံ ကိုယ်စားလှယ်များမှာ အထွေထွေရောဂါများကြောင့် ကွယ်လွန်သွား ကြပြီး အချို့ကျန်းမာရေးအခြေအနေကြောင့် အနားယူသွားကြ ခြင်း၊ အချို့နေရပ်ပြောင်းရွှေ့သွားကြခြင်း စသည်တို့ကြောင့် လစ်လပ် သွားသော ညီလာခံကိုယ်စားလှယ်များနှင့် မြို့နယ်အသင်းအမှုဆောင် လစ်လပ်နေမှုများကို ပြန်လည်အစားထိုး ရွေးချယ်နေကြရသည်။

မြို့နယ်အသင်းများအနေဖြင့် အစားထိုးရွေးချယ်ပြီးပါက မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ အစားထိုးရွေးချယ်ခဲ့ကြသည့် ညီလာခံကိုယ်စားလှယ်များစာရင်းကို မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) သို့ အမြန်ဆက်သွယ်ပေးပို့ကြရန် အသင်းဗဟိုကလည်း လှုံ့ဆော်ပေးလျက်ရှိနေပါသည်။ ညီလာခံကိုယ်စားလှယ်များစာရင်း ပြည့်စုံနိုင်သမျှ ပြည့်စုံပါမှ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်က လုပ်ငန်းစဉ်များချောမွေ့ အဆင်ပြေစွာဆောင်ရွက်နိုင် မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး၏ ကောင်းမွန်ခဲ့သော အစဉ်အလာကောင်းကိုလည်း ဆက်လက်မြှင့်တင် နိုင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်တမ်း”ကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြည့်ပါက လွတ်လပ်ရေးမရသေးမီ နယ်ချဲ့လက်အောက် ၁၉၄ဝ ပြည့်နှစ်ကတည်းက ဒီးဒုတ်ဦးဘချို ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး” (ပထမပိုင်း) ၁၉၄ဝ မှ ၁၉၆၂ အထိ ၂၂ နှစ်၊ (ဒုတိယပိုင်း) ၁၉၆၆ မှ ၂၀၂၂ အထိ ၅၆ နှစ် စုစုပေါင်း ၇၈ နှစ် သက်တမ်း၊ စိန်ရတုခရီးကို ကျော်လွန်လာခဲ့သည်အထိ ရှင်သန်ရပ်တည်ရှည်ကြာလာခဲ့လေပြီ။ သမိုင်းအစဉ်အလာသည်လည်း ကောင်းသည်ထက် ကောင်းမွန်လာခဲ့လေပြီ။

သို့ဖြစ်ရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင်များအနေဖြင့် “အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြှင့်” WE SHALL UPLIFT PRIDE OF HERITAGE AND LITERATURE ဟူသော အသင်းကြီး ၏ ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ကြကာ သမိုင်းအစဉ်အလာကောင်းခဲ့ ကြသော “နှလုံးရည်တပ်သားကောင်းများ” ပီပီ စာပေအကျိုးနှင့် ပြည်သူ့အကျိုးကို အားသစ်လောင်း သယ်ပိုးထမ်းဆောင်နိုင်ရေး အတွက် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တတိယအကြိမ်ညီလာခံ ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးကို ရှေးရှုကာ တက်ညီလက်ညီ ကြိုးပမ်းထမ်းရွက် ပါဝင်ဆင်နွှဲကြပါစို့ဟု ဆန္ဒမွန်ပြုလိုက်ရ ပါသည်။