Skip to main content

ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ

ဇာနည်ဘွား

“ရင်းနှီးနွေးထွေးခြင်းနဲ့ ဆုံကြမယ်၊ ငြိမ်းချမ်းအေးမြခြင်းကို အတူခံစားမယ်၊ စေတနာတရားရဲ့အဓိပ္ပာယ် ရင်းနှီးတဲ့အခါသိလိမ့်မယ်၊ ရန်ပြိုခြင်းရဲ့အဓိပ္ပာယ် ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်” တစ်ခေတ်တစ်ခါက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မကြာခဏ ထုတ်လွှင့်သော “ငြိမ်းချမ်းရေးပန်းခင်း” တေးသီချင်းကား လက်ရှိကာလအထိ မရိုးနိုင်ပေ။ ခေတ်မီနေဆဲ။

၇၅ နှစ်ရှိခဲ့ပြီ

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အရှည်ကြာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေသောကြောင့်ပင်။ ၇၅ နှစ်ရှိခဲ့ပြီ။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ထိုအချိန်တွင် မူဂျာဟစ်များနှင့် အလံနီကွန်မြူနစ်များက သူပုန်ထ၍ အတော်ပင် အရှိန်ရနေခဲ့ချေပြီ။ ထို့နောက် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် သခင်သန်းထွန်း ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့် အချိန်မှစပြီး နှစ်လကျော်ကျော်မျှသာ သက်သောင့်သက်သာ နေလိုက်ရရှာသည်။

ထိုစဉ်က ကြေကွဲဖွယ်ရာ နိုင်ငံ့အရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ဦးနုက “အဲဒီအချိန်မှာ ပြည်ထောင်စုရဲ့ နောင်ရေးဟာ အတော်လေး မှောင်နေပြီဆိုတာကို သိပ်ပြီးတောင် အကဲခတ်ဖို့ မလိုပါဘူး။ ခပ်လွယ်လွယ်နဲ့ မြင်နိုင်ပါတယ်။ ပြည်တွင်းမှာထတဲ့ သူပုန်တွေကလည်း ထကုန်ပြီ၊ နောက်လာမယ့် သူပုန်လောင်းတွေကလည်း သူပုန်ထတမ်း ကစားကြဖို့ အရှိန်ယူနေကြတယ်”ဟု အတိတ်အကြောင်းကို အမှတ်တရ ပြန်ပြောင်း ရေးသားခဲ့သည်။

တကယ်တော့ ထိုစဉ်က ဝန်ကြီးချုပ် သခင်နုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီ အစိုးရသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ရှောင်လွှဲနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုသည် အာဇာနည်ကုန်း၌ ကျင်းပသည့် တော်လှန်ရေးနေ့အထိမ်းအမှတ် လူထုအစည်းအဝေးတွင် သွေးထွက်သံယို ဖြစ်မည့်လမ်းစဉ်ကို မလိုက်ကြရန်၊ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ လိုက်ကြရန်နှင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် အစရှိသည့် နိုင်ငံရေးသမားများ ညီညွတ်နိုင်ကြလျှင် ဝန်ကြီးချုပ်ရာထူးကရော ဖဆပလဥက္ကဋ္ဌရာထူးကပါ ထွက်ပေးမည်ဖြစ်ပြီး အများလက်ခံသူတစ်ဦးကို တင်မြှောက်ပေးပါ့မည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ထိုတစ်ရက်တည်းမှာပင် ဗန္ဓုလပန်းခြံ၌ ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် သခင်သန်းထွန်းက ဖဆပလအစိုးရကို လက်နက်နှင့် ဖြုတ်ချရမည်၊ ဗားကရာချောက်ကြီးကို ဖဆပလ အရိုးနှင့်ဖို့ပစ်မည် စသဖြင့် ဖဆပလအစိုးရကို ခြိမ်းခြောက်စိန်ခေါ်ခဲ့လေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမှာ အစစ်အမှန်မဟုတ်၊ အတုအယောင်သာဖြစ်သည်။ လွတ်လပ်ရေးကိုလက်ခံသော ဖဆပလအစိုးရနှင့် ခေါင်းဆောင်များသည် တိုင်းပြည်၏ သစ္စာဖောက်များဖြစ်၍ အစိုးရကိုတိုက်ဖျက်ကာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက်ဆင်နွှဲရမည်ဖြစ်ကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီက မူလကတည်းက ကြေညာခဲ့သည်။

ပေါက်ကုန်းကြီးတိုက်ပွဲမှ အစပြုခဲ့သည့် သေနတ်သံ

ထိုသို့ဗမာပြည်ကွန်မြူနစ်ပါတီ၏ တစ်ယူသန်ဝါဒစွဲကြောင့် ဖဆပလသည် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် လမ်းစမပေါ်နိုင်တော့၍ မတ်လ ၂၈ ရက်နေ့တွင် ကွန်မြူနစ်ခေါင်းဆောင်များကို ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်လေတော့သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ ကွန်မြူနစ်ခေါင်းဆောင်ပိုင်းသည် မြေလျှိုး၍ တောခိုသွားခဲ့ကြပြီ ဖြစ်သည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဧပြီလ ၂ ရက်နေ့ တွင် ပဲခူးခရိုင် ပေါက်ကုန်းကြီးတိုက်ပွဲမှ အစပြုခဲ့သည့် သေနတ်သံဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် စတင်လေတော့သည်။

ဖဆပလအစိုးရသည် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်အဖွဲ့အစည်းများနှင့် လက်ဝဲညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အချက် ၁၅ ချက် ပါဝင်သော လက်ဝဲညီညွတ်ရေးလမ်းစဉ် တစ်ခုကိုရေးဆွဲပြီး ၁၉၄၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျင်းပသည့် လူထုအစည်းအဝေးကြီးတွင် ကြေညာခဲ့ပြန်ပါသည်။ သို့ရာတွင် နောက်ဆုံးအချက်ဖြစ်သည့် မာ့စ်ဝါဒစည်ပင်ပြန့်ပွားရေးဟူသည့် အချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။ အင်္ဂလန်နှင့် အမေရိကန် သတင်းစာတချို့က မြန်မာနိုင်ငံသည် ကွန်မြူနစ်နိုင်ငံဖြစ်သွားပြီဟု ရေးသားခဲ့ကြရုံမက ဗြိတိန်ကလည်း မြန်မာနိုင်ငံသည် ကွန်မြူနစ်ဖြစ်သွားပါလျှင် ဗြိတိသျှအစိုးရ၏ သဘောထားကို ပြောင်းလဲရလိမ့်မည်ဟု တင်းတင်းမာမာ ကြေညာပြန်သည်။

သို့နှင့် နောက်ဆုံးအချက်ကို ပယ်ဖျက်၍ နောင်တွင် သမိုင်းတွင်မည့် နု-မူ ၁၄ ချက်ကိုသာ ထုတ်ပြန်ခဲ့ရသည်။ ထိုသို့ ဝန်ကြီးချုပ်သခင်နုက ကွန်မြူနစ်များနှင့် လက်ဝဲညီညွတ်ရေးကို တည်ဆောက်နိုင်ရန် နု-မူ ၁၄ ချက်ကို စေတနာမှန်ဖြင့် ထုတ်ပြန်ကြေညာခဲ့သော်လည်း ဖွတ်မရ ဓားမဆုံး ပြည်သူ့ရဲဘော်တို့ နှစ်ခြမ်းကွဲသွားခဲ့ပြီး ရဲဘော်ဖြူတို့က ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တောခိုသွားခဲ့ကြပြန်သည်။

အန်တု ပုန်ကန်တိုက်ခိုက်

ထိုစဉ် အတောအတွင်းမှာပင် ကေအင်န်ဒီအိုတို့က သထုံ၊ မော်လမြိုင်တို့ကိုသိမ်းပိုက်ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စောဘဦးကြီး ခေါင်းဆောင်သော ကေအင်န်ဒီအိုများက အင်းစိန်မြို့ကို စီးနင်းသိမ်းပိုက်၍ ဖဆပလအစိုးရကို အတိအလင်းအန်တု ပုန်ကန်တိုက်ခိုက်လာတော့သည်။

ဆက်လက်၍ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် N.S.H ခေါ် နွံစစ်ဟန် (ရဲရင့်သောလူငယ်များအဖွဲ့)အမည်ဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ် ထပ်မံပေါ်ပေါက်လာပြန်သည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စိုင်းနွဲ့ ဦးစီးသောအဖွဲ့သည် “ရှမ်း တော်လှန်ရေးစပြီ”ဟု ကြွေးကြော်၍ တပ်မတော်၏ ပုံပါကျင်စခန်းကို တိုက်ခိုက်လေတော့သည်။

ယင်းနောက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သည့် သီးခြားလွတ်လပ်သော ကချင်သမ္မတနိုင်ငံ ထူထောင်ရန်ဟုဆိုကာ ကွတ်ခိုင်နယ်မြေ၌ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ)တို့ ပေါ်ပေါက်လာပြန်သည်။

“ဗမာနိုင်ငံမှာ လယ်တွေအများကြီး ရှိတယ်။ ဒီလယ်တွေကြောင့် ဗမာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံဖြစ်နေတယ်။ ဒီလယ်တွေအပြင် အဖိုးတန်ကျွန်းသစ်တွေထွက်တဲ့ သစ်တောတွေလည်း အများကြီးရှိတယ်။ သတ္တုမျိုးစုံရှိတယ်။ ပတ္တမြားတွင်းတွေရှိတယ်။ ရေနံတွင်းတွေရှိတယ်။ ပြည်ထောင်စုသားတွေ လူချမ်းသာတွေဖြစ်အောင် အဘက်ဘက်က ကူညီထောက်ပံ့နိုင်တဲ့ ဧရာဝတီမြစ်ကြီးကလည်း ပြည်ထောင်စုကို အရှေ့နဲ့အနောက် နှစ်ခြမ်းခွဲပြီး မြောက်ဘက်က တောင်ဘက်ကို စီးဆင်းနေတယ်။ မိုးလေဝသလည်း အထူးကောင်းတယ်။ လူဦးရေကျတော့ အင်မတန်နည်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်ထောင်စုထဲမှာ ပြည်တွင်းစစ်မဖြစ်ရဘဲ စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်လုပ်ခွင့်ရကြမယ်ဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံဟာ မိသားစုတိုင်းကို အိမ်တစ်ဆောင်၊ မော်တော်ကားတစ်စီး၊ လစဉ်ဝင် ငွေကျပ် ၈၀၀ ကနေ ကျပ် ၁၀၀၀ ရအောင် လုပ်ပေးနိုင်တဲ့အထိ ချမ်းသာတဲ့နိုင်ငံ ဖြစ်မယ်”ဟူ၍ ဝန်ကြီးချုပ် ဦးနုက ၁၉၅၂ ခုနှစ် အာဇာနည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် ပို၍ပြင်းထန်လာခဲ့ပေသည်။

တော်လှန်ရေးကောင်စီ အစိုးရခေတ်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းများကို ဦးစားပေး ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်မှုကို ထူထောင်ရာ၌ တော်လှန်ရေးကောင်စီသည် လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးနေသော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်းသို့ ဖိတ်ခေါ်၍ လူသစ်စိတ်သစ်ဖြင့် နိုင်ငံတော် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပြီးနောက် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များစွာတို့သည် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည်။ သို့သော် ဗမာပြည် ကွန်မြူနစ်ပါတီကဲ့သို့သော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအချို့ကမူ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မခံနိုင်ဟုဆိုကာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် တော်လှန်ရေးကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်တွင်-

-        တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများသည် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လို၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သည် မလုံလောက်ဟုဆိုပါက တော်လှန်ရေးကောင်စီသည် ပြဿနာအဝဝကို ကူညီဖြေရှင်းလိုပါသည်။

-        တွေ့ဆုံဆွေးနွေးရာ၌ ကြိုတင် စည်းကမ်းသတ်မှတ်ချက်မျိုးမထားဘဲ တိုင်းပြည်၏ ပကတိအခြေအနေကို လက်တွေ့ကျကျ ဆွေးနွေးဖြေရှင်းမည်။

-        ဆွေးနွေးရာတွင် အမြတ်မထုတ်ကြဘဲ လုပ်သားပြည်သူတို့အကျိုးကိုသာ အာရုံစိုက် ဆွေးနွေးမည်။

-        မည်သည့်အကြောင်းနှင့်ဖြစ်စေ တောတွင်း၌ ရောက်ရှိနေကြသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံဆွေးနွေးမည်။

-        လာရောက်ဆွေးနွေးသော တောတွင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ လုံခြုံရေးကို တော်လှန်ရေးကောင်စီက တာဝန်ယူမည်။

-        အကယ်၍ဆွေးနွေးပွဲ မအောင်မြင်သဖြင့် တောတွင်းမှကိုယ်စားလှယ်များ တောတွင်းသို့ပြန်သွားလိုပါလျှင် သွားလိုရာဒေသအထိ လိုက်ပို့ပေးမည်သာမက သုံးရက်အတွင်း ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ဟူသည့် အချက်များ ပါရှိသည်။

စုစုပေါင်း ရှစ်ဖွဲ့တက်ရောက်

တော်လှန်ရေးကောင်စီ၏ ထိုသို့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်အရ ကွန်မြူနစ်ပါတီ (ဗမာပြည်)ကိုယ်စားလှယ်အဖွဲ့၊ ရခိုင်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့၊ ရှမ်းအမျိုးသားတပ်ပေါင်းစုနှင့် ရှမ်းပြည်နယ် လွတ်မြောက်ရေးတပ်မှ ကိုယ်စားလှယ်အဖွဲ့၊ ကချင်လွတ်လပ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၊ ရဲဘော်ဌေး ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့၊ မန်းဘဇံခေါင်းဆောင်သော ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီတို့ပါဝင်သော သုံးပါတီ ကိုယ်စားလှယ်အဖွဲ့၊ မန်းဘဇံခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)ကိုယ်စားလှယ်အဖွဲ့နှင့် မုဆိုးကော်ကဆာ ဟန်တာသာ မွှေးခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီကိုယ်စားလှယ်အဖွဲ့ အပါအဝင် စုစုပေါင်း ရှစ်ဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

သို့ရာတွင် မုဆိုးကော်ကဆာ ဟန်တာသာမွှေး ခေါင်းဆောင်သော ကရင်တော်လှန်ရေး ကောင်စီအဖွဲ့ တစ်ဖွဲ့တည်းနှင့်သာ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျန်အဖွဲ့များနှင့် သဘောထားချင်း မတိုက်ဆိုင်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် ရပ်ဆိုင်းခဲ့ရသည်။

တော်လှန်ရေးကောင်စီက ကျန်တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများသည် တော်လှန်ရေးကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ထားရှိသော စိတ်ရင်းစေတနာမှန်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေးမှုအပေါ် အခွင့်ကောင်းယူကာ နိုင်ငံရေး၊ စည်းရုံးရေး အမြတ်ထုတ်ခြင်း၊ တော်လှန်ရေး ကောင်စီအစိုးရကို နိုင်ငံရေးအရ၊ စစ်ရေးအရ အကျပ်ကိုင်ရန် ကြိုးပမ်းခြင်း၊ ပြည်ထောင်စုကြီးပြိုကွဲမည့်အချက်ကိုသာ ဦးစားပေးဆွေးနွေးခြင်း စသည်များကို ပြုလုပ်ခဲ့ကြသောကြောင့် ယင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများမှာ ပျက်ပြားခဲ့ရလေသည်ဟု သတင်းထုတ်ပြန်သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ နဝင်းချောင်းကိုဖြတ်၍ ပဲခူးရိုးမတောတွင်းသို့ ပြန်လည်ထွက်ခွာခဲ့သည့် ပုံရိပ်များကို “သူတို့ပြန်ကြလေပြီ” ခေါင်းစဉ်ဖြင့် ထိုခေတ်က ရှုဒေါင့်ဂျာနယ်တွင် မျက်နှာဖုံးသတင်းဓာတ်ပုံအဖြစ် ဖော်ပြခဲ့ရာ ငြိမ်းချမ်းရေးကိုလိုလားသူ ပြည်သူအပေါင်း ဝမ်းနည်းပက်လက် ဖြစ်ခဲ့ကြရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်လည်း နိုင်ငံတော်ကောင်စီသည် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်(၂/၈၀)ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

အိမ်ပြန်လာကြဖို့ ဖိတ်ခေါ်

ထိုစဉ်က နိုင်ငံတော်အကြီးအကဲ ဦးနေဝင်းကလည်း “ကျွန်တော်တို့ အဝေးရောက်နေသူတွေကို အိမ်ပြန်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ခဏတာခွဲခွာပြီး အိမ်ကိုပြန်လာတဲ့ ဆွေမျိုးသားချင်းတွေကို ကြိုဆိုသလို ကျွန်တော်တို့ သူတို့ကို ကြိုဆိုကြရအောင်။ ပြီးခဲ့တာတွေ မေ့ဖျောက်ခွင့်လွှတ်ပြီး ကျွန်တော်တို့တိုင်းပြည် ကောင်းကျိုးအတွက် ရှေ့ဆက်လက်တွဲ အလုပ်လုပ်ကြရအောင်”ဟု ၁၉၈၀ ပြည့်နှစ် မေလအတွင်းက ကျင်းပခဲ့သော စုံညီအစည်းအဝေးတစ်ရပ်၌ ဖိတ်ခေါ်ပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် (၂/၈၀)အရ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့်ဇနီး ဒေါ်မြရီ၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဇာလီမော်၊ စခန်းမှူး ဦးလှိုင် နှင့် မိသားစုဝင် ၁၁ ဦး၊ သခင်သင်းကြည်၊ ဒေါက်တာမန်းမြင့်ဆိုင်၊ ရန်ကုန်ဘဆွေ နှင့်မိသားစု၊ ကျားနက်တပ်ရင်းမှူး ထွန်းမြိုင်နှင့် ၁၀ ဦး၊ တောင်ပိုင်းတိုင်းမှ ပြည်သိမ်းတပ်ရင်းမှူးဖေတင်၊ တပ်မမှူးတင်ငွေ၊ ဒုတိယတပ်ရင်းမှူး အောင်နိုင်၊ မြဝတီရဲခေါင်၊ တွဲဖက်အတွင်းရေးမှူး ဦးသုဝေနှင့်ဇနီးအပါအဝင် ပြည်ပြေးအဖွဲ့မှ ၄၅၈ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြ၍ ပြည်ပြေးအဖွဲ့၏ လှုပ်ရှားမှုလည်း ချုပ်ငြိမ်းသွားခဲ့လေသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရခေတ်တွင်မူ ငြိမ်းချမ်းရေးစာချုပ်၌ တရားဝင် လက်မှတ်မရေးထိုးနိုင်ခဲ့သော်လည်း Gentlemen agreement အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ခဲ့သဖြင့် တစ်နိုင်ငံလုံးနီးပါး အေးချမ်းလာသည်။

၁၉၈၉ ခုနှစ်မှစတင်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီများဖွဲ့စည်းပြီး ဒေသဖွံ့ဖြိုးရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော နယ်စပ်ဒေသများ မျှမျှတတ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

၂၀၁၀ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင်မူ သမ္မတ ဦးသိန်းစိန်အစိုးရသည် “ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီစနစ်မထွန်းကားနိုင်သလို ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်”ဟု ခံယူကာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

ငြိမ်းချမ်းရေးဆွေးနွေး

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြည်နယ်အဆင့် သဘောတူညီချက်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်ဟူ၍ လုပ်နိုင်သည့်အဆင့်များဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ဖြစ်ပေါ်လာရေးအတွက် အဖွဲ့ပေါင်းစုံမှ ညှိနှိုင်းရေးဆွဲခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၆ ဖွဲ့နှင့်ဆွေးနွေးခဲ့ပြီး အားလုံးသဘော တူညီမှုဖြင့် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် အချောသပ်နိုင်ခဲ့ကြသည်။ သို့သော် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် သမိုင်းဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲတွင်မူ အကြောင်းကြောင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့်သာ တရားဝင်လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ NCA ငြိမ်းချမ်းရေး ခရီးစဉ်အစအဆုံး ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး အစည်းအဝေးပေါင်း ၅၀၀၀ ခန့်ရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင်မူ NLD အစိုးရသည် ယခင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအမည်အစား ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအမည်ဖြင့် လေးကြိမ်တိုင်တိုင် ဆက်လက်ကျင်းပခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့် ထပ်မံသဘောတူညီချက် ရရှိခဲ့ပါသည်။

သို့ဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU-KNLA/PC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီတပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDC) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့ရာတွင် ငြိမ်းချမ်းရေးခရီးလမ်းကား မပြီးဆုံးသေးပါ။ ခရီးဆုံးကို ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် လိုအပ်နေဆဲ။ မပြီးဆုံးသေးသော ခရီးရှည်ကြီးအတွက် ခေါင်းဆောင်အဆက်ဆက်တို့၏ ပခုံးထက်ဝယ် သမိုင်းပေးတာဝန်က ရှိနေသေးသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ မိဘပြည်သူများခင်ဗျား။

နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာအာမခံထားပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၇၅ နှစ်ကာလကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစားရသေးတာကိုလည်း လက်ရှိပကတိ ဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိက အကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကို ကျွန်တော်တို့ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။

ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုယ်စားလှယ်များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။

လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးမှုကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် နှစ်ဦးစီ တက်ရောက်ပေးကြပါ။ တက်ရောက်မယ့် ပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုပါတယ်။

နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ် ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသား ပြည်သူအားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရသာကို ခံစားနိုင်ရေး ကျွန်တော်တို့အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြပါမယ်။

ပြည်ထောင်စုသားအားလုံးရဲ့အကျိုးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

ထပ်မံဖိတ်ခေါ်ကမ်းလှမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မပြီးဆုံးသေးသော ငြိမ်းချမ်းရေးခရီးတွင် အားလုံးအတူတကွ ဆက်လက်လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကို ယခုထပ်မံဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြန်ပါသည်။

ငြိမ်းချမ်းရေးတေးသံများကား တစ်ကျော့ပြန်လွင့်ပျံ့လာခဲ့ချေပြီ။ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေ ကြရသူများ ကြားမိပါလေစ။

“ကမ်းလက်လှမ်းသော လက်တွေဆုံတွေ့ပြီ x x x ဘေးစကားအတွေးမှား သိမြင် တူညီဖယ်ရှားမည် x x x မှောင်မိုက်ခြင်းရဲ့အဓိပ္ပာယ် အလင်းတန်းတွေ့ရင် သိလိမ့်မယ် x x x ဟန်ဆောင်ကင်းတဲ့အဓိပ္ပာယ် အပြုံးများသက်သေသိလိမ့်မယ် x x x ငြိမ်းချမ်းရေးပန်းခင်းထဲမှာ ပျော်မွေ့မယ်”

တစ်ခေတ်တစ်ခါက “ငြိမ်းချမ်းရေးပန်းခင်း” တေးသံကို ပြန်လည်ကြား ယောင်လာမိသည်။ ကမ်းလက်လှမ်းသော လက်တွေ ဆုံတွေ့နိုင်စေသား။         ။