ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် အမုန်းကိုပယ် မေတ္တာကြွယ်၍ အောင်နိုင်သူများ ဖြစ်ပါစေ
ဒေါက်တာမြတ်မိုး
ထူးမြတ်မှုများစွာနှင့်အတူ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ဗုဒ္ဓဘာသာဝင်များအတွက် အမွှန်းတင်ဂုဏ်ယူရမည့် နေ့တစ်နေ့အဖြစ် ကုသိုလ်ယူ ပူဇော်ဂုဏ်ပြုလိုက်ကြပါစို့။ ကုသိုလ်ထူးများဖြင့် အရာရာ ပြီးမြောက်အောင်မြင်ကြပါစေ။
မြတ်စွာဘုရားသည် အင်အားကြီးမားသော မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့ပြီး ဘုရားဖြစ် တော်မူခဲ့ခြင်းဖြစ်၍ အောင်မြင်ခြင်းများဖြင့် ပြည့်စုံတော်မူပါပေသည်။ ဘုရား အလောင်းဘ၀က ဖြည့်ကျင့်ခဲ့သော ပါရမီကုသိုလ်တော်တို့ကြောင့် ရဟန်း ဂေါတမတစ်ပါးတည်းပင် ကျန်ရစ်နေဦးတော့ ရန်သူ မာရ်နတ်စစ်သည်တို့ကို အောင်မြင်တော် မူခဲ့သည်။
အရှင်ဂေါတမဘုရားအဖြစ်သို့ မရောက်အောင် ဘုရားအလောင်းတော် တရားကျင့်ကြံနေစဉ်အတွင်း “အင်အားကြီးမားစွာဖြင့် အမျိုးမျိုးအနှောင့်အယှက်ပေးသော မာရ်နတ် တို့ကား အောင်မြင်ခြင်းမရှိဘဲ နောက်ဆုံးပြန်လည် ဆုတ်ခွာခဲ့ရတော့သည်။ ဓမ္မက အဓမ္မကို အောင်နိုင်ခြင်းပြယုဂ်ဖြစ်သည်။ မာရ်နတ် တို့ကို အောင်မြင်ခြင်းသည် ဘုရားရှင်၏ အောင်မြင်ခြင်းရှစ်ပါးအနက် ပထမဆုံးသော မေတ္တာဖြင့် အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။ ထို့နောက်မှ သစ္စကပရိဗိုဇ်၊ နန္ဒောပနန္ဒနဂါးမင်း စသည့် အတွင်းရန် အပြင်ရန်တို့ကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့ထူးခြားသော ဗုဒ္ဓနေ့တစ်နေ့တွင် ကုသိုလ်ထူးများ အထူးရယူ၍ ကျွန်တော်တို့ ပြည်သူပြည်သားအားလုံး အောင်မြင်မှုများဖြင့် အရာရပြီး မြောက်ကြစေရန် မျှော်လင့်မိပါသည်။ ဓမ္မအသိဖြင့် အောင်နိမိတ်ယူကာ ငြိမ်းချမ်းခြင်းသို့သာ မည်သို့သော အောင်မြင်မှုပါနည်း၊ တည်ငြိမ် အေးချမ်းမှုကို ဦးတည်သည့် အောင်မြင်မှုမျိုးဖြစ် သည်။ ဗုဒ္ဓနေ့ကို အာရုံယူကာ အောင်အတိတ်၊ အောင်နိမိတ်ယူ၍ မတည်ငြိမ်မှုမှ တည်ငြိမ်မှုသို့၊ မငြိမ်းချမ်းမှုမှ ငြိမ်းချမ်းမှုသို့ ရှေးရှုချင်ပါသည်။ မငြိမ်းချမ်းမှု၏ တရားခံ လောဘ၊ ဒေါသ၊ မောဟ တို့ကို အလောဘ၊ အဒေါသ၊ အမောဟတို့ဖြင့် အနိုင်ယူရပါမည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မာစိုရ်တရားများဖြင့် ကိလေသာအညစ်အကြေးများကို ဖယ်ရှားအနိုင်ယူ နိုင်ရပါမည်။ အမုန်း၊ အာဃာတ၊ အငြင်းအခုံပဋိပက္ခများ ရန်လိုတိုက်ခိုက်မှုများကို ကောင်းမြတ်သောတရားများဖြင့် ဖယ်ရှားနိုင်ရပါမည်။ အမှန်ကိုမသိ၊ အမှားကိုတော့ သိနေသည့် မောဟဆိုသော အဝိဇ္ဇာဖုံးလွှမ်းနေသမျှ အမောဟဆိုသော ပညာနှင့် ဝေးနေမည်သာဖြစ်၍ ပညာဦးတည်သော ဓမ္မတရားများကို အားထည့် နာကြားနာယူကြရန် များစွာ လိုအပ်နေပါသေးသည်။
အယူစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကြီးမှု အမျိုးမျိုးကြားတွင် ဘာသာတရား အဆုံးအမများကား လျစ်လျူရှုခံနေရသကဲ့သို့ ခံစားမိသူတွေ ရှိနေသည်ကို အသိအမှတ်ပြုရပါမည်။ ဘာဆိုဘာမျှမမြဲ၊ ဘာတစ်ခုမှအစိုးမရ၊ ကိုယ်ပိုင်တာဘာမှမရှိ၊ အားလုံးဟာ ဆင်းရဲမှုချည်းသာ ဆိုသော တရားသဘောကို သိထားလျှင် ခံနိုင်ရည်ရှိပြီး အစွဲလည်းလျှော့မှ ကိလေသာလည်း အလိုလိုလျော့ပါးလာမည်သာ။
နောက်ဆုံးတွင်လူသားတို့၏အပူမီး၊ သောကမီးတို့ကို ငြိမ်းသတ်ပေးနိုင်သည်မှာလည်း ဗုဒ္ဓ၏ ဓမ္မ တရားများသာဖြစ်သည်။ အနာဂတ်ဆိုတာ မသေချာ၊ ပစ္စုပ္ပန်မျက်မှောက်သာ အသေချာဆုံး ကာလဖြစ်၍ ယခုလို ဗုဒ္ဓဘာသာ အခါကြီးရက်ကြီးမျိုးတွင် လောကီအမှုများကြား မအားလပ်သည့်ကြားမှ ကုသိုလ်အမှုများကို မမေ့မလျော့ပြုလုပ်၍ ငြိမ်းအေးသော ဓမ္မတရားတော်များကို အချိန်ပေးနာယူ၊ ကျင့်ကြံအားထုတ် အဖော်ပြသွားကြစေလိုပါသည်။ ပျော်ပျော်ကြီးပြုနေကြဆဲ ဒုစရိုက်များဖြင့်ဖရိုဖရဲ အကုသိုလ် ရှောင်၍ ကုသိုလ်ဆောင်နိုင်ခြင်း သည်ပင် လောကီရေးရာအောင်မြင်မှု တစ်ခုဖြစ်ပါသည်။ ပညာပါရမီရင့်သန်လျှင် လောကုတ္တရာ ကုသိုလ်များအထိ တက်လှမ်းနိုင်ပါသည်။ အကုသိုလ်က အပယ်သို့လားသည်၊ ကုသိုလ်က သုဂတိသို့ ရှေးရှုသည်မှာ အားလုံးအသိဖြစ်၍ မည်သူမှ အပယ်သို့လားချင်ကြမည် မဟုတ်ပါ။ အတိတ် ဘဝကကုသိုလ် ကောင်းမှုတွေပြုခဲ့၍ ယခုဘဝလူ့ဘဝ ရောက်ခဲ့ကြပြီပဲ။ သို့သော် ကာယကံ၊ ၀စီကံ၊ မနောကံ အကုသိုလ်ကံတွေကို သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ မြောက်မြားစွာ ပြုမိနေကြဆဲ ဖြစ်သည်။
ကုသိုလ်ထက် အကုသိုလ်က ပိုများနေပြီး သုစရိုက်ကျတော့ လုပ်ရကောင်းမှန်း မသိဘဲ ဒုစရိုက်အမှုများဖြင့်သာ ဖရိုဖရဲ အပယ်ငရဲသို့ ပျော်ပျော်ကြီး ရိက္ခာယူနေကြသည်ကို တွေ့မြင် ကြားသိနေရသည်။ ထို့ကြောင့်လည်း မရထိုက်သည်ကို ရနေကြရပြီး ရထိုက်သည်ကိုတော့ မရဘဲ ဖြစ်နေကြခြင်းဖြစ်သည်။ ယနေ့သတ္တဝါတို့၏ သဏ္ဌာန်တွင် လောဘ၊ ဒေါသ၊ မောဟတို့ အားအလွန်ကြီးလာသည်ဖြစ်၍ ကိုယ်လုပ်သည့်အကုသိုလ်ကံကိုယ် ပြန်ခံရမည်သာဖြစ်သည်။ ကိုယ်စိုက်သည့်အပင် ကိုယ်ပဲ ပြန်ရိတ်သိမ်းရမည်ဖြစ်သည်။
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန်ဗုဒ္ဓနေ့
မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင်လူအများတို့အနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယကို အထူးအလေးထား အာရုံပြု ပူဇော်စေလိုပါသည်။ ဗုဒ္ဓ နေ့ထူးနေ့မြတ် များအနက် တစ်ခုအပါအဝင် ဖြစ်နေ၍ဖြစ်သည်။ ဤနေ့တွင် ဘုရားအလောင်းတော် သုမေဓာရသေ့သည် ဘုရားစင်စစ်ဧကန် ဖြစ်လိမ့်မည်ဟူ၍ ဒီပင်္ကရာမြတ်စွာဘုရားထံတွင် နိယတ ဗျာဒိတ်တော် ခံယူခဲ့ပြီး ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၆၀၀ (ဘီစီ-၆၂၃)၊ မဟာသက္ကရာဇ် - ၆၈ ခုနှစ် ဤနေ့ကဆုန်လပြည့် သောကြာနေ့တွင် ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့ပါသည်။ မဟာသက္ကရာဇ်-၁၀၃ ခုနှစ် (ဘီစီ-၅၈၈) တွင် ဂေါတမဘုရား အလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူ၍ ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်တွင် ဘုရားဖြစ်တော်မူခဲ့သည်။ ဘုရားပွင့်ပြီး နောက်တစ်နှစ်တွင် ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူခဲ့သည်မှာလည်း ဤကဆုန်လပြည့်နေ့တွင် ဖြစ်သည်။ ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာလည်း မဟာသက္ကရာဇ်-၁၄၈ ခုနှစ် (ဘီစီ ၅၄၃) ကဆုန်လပြည့်အင်္ဂါနေ့ ဤနေ့တွင်ပင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဤသို့ ထူးခြားချက်အပေါင်းနှင့် ပြည့်စုံနေ၍လည်း ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဤကဆုန်လပြည့်နေ့ကို ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေး တန်မှတ်ရန် ဗုဒ္ဓနေ့၊ ဘုရားရှင်နေ့ နေ့ထူးနေ့မြတ်အဖြစ် လေးလေးစားစား ပူဇော်သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ဂုဏ်ယူဖွယ်ရာနေ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာနေ့
ဤမျှထူးခြားမြင့်မြတ်လှသော ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ၁၉၉၉ ခုနှစ်ကစ၍ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ နိုင်ငံတကာ ရုံးပိတ်ရက်တစ်ရက်အဖြစ် သတ်မှတ်ခံရသည်မှာ ဗုဒ္ဓဘာသာဝင် အပေါင်းအတွက် များစွာဂုဏ်ယူစရာလည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံးသော ကျွန်တော်တို့၏ ဘာသာတရားသည် လူသားတို့အပေါ် ကာယ၊ စိတ္တ နှစ်ဖြာသောသုခကို ပေးစွမ်းနေပြီး ကမ္ဘာ့ငြိမ်းချမ်းသာယာမှုအပေါ် ကောင်းကျိုး သက်ရောက်မှုများရှိနေခြင်းကြောင့် ယခုလို အသိအမှတ်ပြုခံရခြင်းလည်း ဖြစ်သည်။
မြန်မာတို့အတွက်တော့ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်သည် ဗုဒ္ဓတရားတော်များမှလာ သည်ဟု မှတ်ယူထားပါသည်။ သို့ဖြစ်၍ ထိုသို့မှတ်ယူ ထားမှုနှင့် ကမ္ဘာက ဤသို့ လေးလေးစားစား အသိအမှတ်ပြုမှုကို နိုင်ငံအတွင်းရှိ ပြည်သူအချင်းချင်း၊ တိုင်းရင်းသား အချင်းချင်းတို့က မေတ္တာ၊ ကရုဏာ စသည့် ကောင်းမြတ်သော ဗြဟ္မဝိဟာရတရား များဖြင့် မိသားစုပမာ အပြန်အလှန်လေးစား ကိုယ်ချင်းစာတရားထား၍ ငြိမ်းချမ်းသော နိုင်ငံတစ်ခုဖြစ်အောင် ညီညီညွတ်ညွတ် တည်ဆောက်ကြခြင်းဖြင့် တုံ့ပြန်သင့်ကြ ပေသည်။
ညောင်ရေသွန်းလောင်းဆောင်စေကြောင်း အေးချမ်းနိမိတ်ကောင်း
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရား အမှီပြုရာ ဖြစ်သော သဗ္ဗညုတဉာဏ်တော် ရရှိခဲ့ရာနေရာ၊ ဘုရားပွင့်ရာဖြစ်သော ပရိဘောဂစေတီ ဖြစ်တော်မူရာ ဗောဓိညောင်ပင်ကို ရည်မှန်း၍ ဗောဓိညောင်ပင် ခြေရင်းတွင် ရေသွန်းလောင်းကာ ကုသိုလ်ယူပူဇော် ကြဦးမည်ဖြစ်သည်။ ဘုရားရှင် လက်ထက်ကတည်းက မြတ်နိုးဖွယ်ရာ မြန်မာ့ရိုးရာအစဉ်အလာ ဗုဒ္ဓယဉ်ကျေးမှု ဤဓလေ့သည် ယနေ့ထက်တိုင် ရှင်သန် ထမြောက်ဆဲဖြစ်ပါသည်။ ။
ယခုလိုနွေရာသီကာလတွင် ရေတွင်း၊ ရေကန်၊ ချောင်းမြောင်းများ ပူပြင်းခြောက်သွေ့ပြီး သစ်ပင်များ ရေရှားပြတ်လပ်ညှိုးရော်ရသကဲ့သို့ ဘုရားပွင့်ရာ ဗောဓိညောင်ပင်လည်း နွမ်းလျမှုမရှိ အစဉ်လန်းဆန်း နေစေရန်အတွက် နှစ်စဉ်ကဆုန်လပြည့်နေ့ရောက်တိုင်း အစဉ်အလာမပျက် ညောင်ရေသွန်းလောင်း ကုသိုလ်ယူကြသည်မှာ အေးချမ်းသာယာမှု နိမိတ်ကို ဆောင်ပါသည်။ ။
ဗောဓိပင်သည် လေးပါးသော သစ္စာတရားတို့ ကိန်းဝပ်ရာ ဌာနေဖြစ်သောကြောင့်လည်း အရာ အားလုံးသည် ဆင်းရဲခြင်းသဘောတည်း၊ ဆင်းရဲခြင်းအကြောင်းသည် သမုဒယ ဖြစ်၍ ဆင်းရဲချုပ်ရာ နိရောမဖြစ်ဖို့ရာ ချုပ်ငြိမ်းခြင်းကျင့်စဉ် မဂ္ဂအကျင့်ကို မှန်မှန်ကန်ကန်ကျင့်ကြဖို့ လမ်းညွှန်သဘောလည်း ပေးနေသည်ကို သံဝေဂယူ ဆင်ခြင်သင့်ပါသည်။ ထိုမှတစ်ဖန် ဖြစ်ပြီးလျှင် ပျက်ရသည့်သဘောနှင့် အဖန်ဖန် ဖြစ်ပျက်ဆင်းရဲသည့် သဘောများကို သတိကပ်၍ ကျင့်ကြံကြပါက ဓမ္မသံဝေဂတရားများ အမှန်ရကြမည်ဟု ယုံကြည်ပါသည်။
အမုန်းတရား အမုန်းမထား၊ ပွားပါမေတ္တာတရား
ဤသို့ ဝိသေသထူးများနှင့် ပြည့်စုံနေသော ကဆုန်လပြည့်ဗုဒ္ဓနေ့ဝယ်ဗုဒ္ဓ၏ အနှစ်သာရများကို ရင်ထဲနှလုံးသားထဲ စွဲမြဲမြံ၍ အသိကို သတိဖြင့် လိုက်နာဆောင်ရွက်ကြပါက လောကီနယ်ဝယ် အကျိုးထူးများရနိုင်ပါသည်။ နှစ်တစ်ခု၏ ဦးဆုံးလဖြစ်၍ လောကီအမှုကိစ္စများကို အမြတ်တနိုး ပြုလုပ်လေ့ရှိကြသည်မှာလည်း လောကဓမ္မတာတစ်ခုပင်။ သို့သော်ဘာပဲလုပ်လုပ် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အောင်မြင်ပြီးမြောက်သွားဖို့သာ လိုပါသည်။ ဘေးကင်းရန်ကင်းဖြင့် ချမ်းသာသုခဖြစ်ဖို့သာ လိုပါသည်။
အရာအားလုံး ပြည့်စုံပြီးမြောက်ဖို့ရန်မှာ ကုသိုလ်စိတ်ပွားများမှသာ ဖြစ်မြောက်နိုင်ပါမည်။ အကုသိုလ်စိတ်များနေရာတွင် ကုသိုလ်စိတ်များ အစားထိုးနိုင်မှသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။ ကိလေသာဖြင့် အိပ်မောကျနေသူကို နိုးထရခက်သည်ဖြစ်၍ ဓမ္မဖြင့် အကောင်းဆုံး လှုံ့ဆော်နိုင်မှသာ အဓမ္မများပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
ယခုလို ကြီးမြတ်တော်မူသော ဘုရားရှင်အောင်တော်မူရာ အခါသမယကို အခွင့်ကောင်းယူ၍ ပညာအားကောင်းရန်အတွက် ဉာဏ်မမီလျှင် ဉာဏ်ချင်းဆက်ကြရပါမည်။ ပညာဉာဏ်အား နည်းလျှင် သို့လောသို့လောနှင့် ဝိစိကိစ္ဆာဝင်နေတတ်သည်မို့ ဉာဏ်အားနည်းလျှင် အားကောင်းအောင် နာယူသင်အံ လေ့ကျင့်သင့်ကြရပါမည်။ သင်နေရုံမျှဖြင့် လည်းမပြီး သိထားသမျှကို လေ့ကျင့် ကျင့်ကြံနေရပေမည်။ ပညာနှင့် ကျင့်ကြံမှုသည် အပြန်အလှန် ဆက်စပ်နေသည်။ ပညာနည်းလျှင် အကျင့်သီလ ဆောက်တည်ရာတွင် လည်း အခက်အခဲ ရှိတတ်သည်။ ထို့ကြောင့် ဘာသာတရားတို့၏ အခြေခံတန်ဖိုးနှင့် သီလ၊ အားထုတ်မှု ဘာဝနာတို့ကို အခြေခံ၍ မတူကွဲပြားမှုများအတွင်း ညီညွတ်စွာ တူယှဉ် တွဲနေထိုင်ခြင်းဖြင့် ပြည်သူပြည်သားအားလုံးအတွက် ခွန်အားတစ်ရပ်ဖြစ်အောင် ကြိုးပမ်းကြရပါမည်။ ကျွန်တော်တို့ အားလုံးအနေဖြင့်မူ ဘုရားရှင်၏ ဓမ္မအမွေကိုသာ ကောင်းစွာခံယူလျက်၊
“အမုန်းတရား အမုန်းမထားဘဲ အမုန်းကို စွန့်ပယ်၍ မေတ္တာတရားထား၍သာ အောင်နိုင်အောင် ကြိုးစားအားထုတ်ကြရပါလိမ့်မည်”