ရဲဆေးအဖြစ် ဟန်ဆောင်နေသော အရှက်အကြောက်ကင်းဆေး
မင်းသိန်းထက်(ဇလပ်မြေ)
မူးယစ်ဆေးဝါးဆိုသည်မှာ အဘယ်နည်း။ မူးယစ်ဆေးဝါးဆိုသည်မှာ လူသားတို့၏ ဗဟိုနာမ်ကြောအဖွဲ့ (အာရုံကြောစနစ်အဖွဲ့)ကို ထုံထိုင်းစေခြင်းဖြင့် လူသားတို့အား မူးယစ်ထုံထိုင်း၍ အသိဉာဏ်မဲ့စေတတ်သော ဆေးဝါးများကို မူးယစ်ဆေးဝါးဟု နားလည်ရပေသည်။ ကျွန်ုပ်တို့ ပုထုဇဉ်လူသားများသည် မွေးဖွားလာချိန်မှစ၍ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ စသည်တို့မှာ အနည်းနှင့်အများဆိုသလို ပါလာကြသည်ပင် ဖြစ်သည်။ ဥပမာဆိုရသော် ကလေးအရွယ်ကဆိုလျှင် အထူးအဆန်း ကစားစရာများ၊ ချစ်စရာ အရုပ်လေးများ၊ ပစ္စည်းလှလှများဆိုလျှင် ချစ်ခင်တွယ်တာကြပါသည်။ မိမိတွင် မရှိသေးသော ပစ္စည်းများကိုမြင်လျှင် ရရှိပိုင်ဆိုင်ချင်ကြသည်။
ကိန်းအောင်းတည်ရှိနေ
ထို့ကြောင့် မိဘအပေါ် ပူဆာတတ်ကြပါသည်။ ထိုလောဘတရားသည် မည်သူကမျှ သင်မပေးပါပဲ စိတ်အစဉ်တွင် ကိန်းအောင်း တည်ရှိနေတတ်သည်။ မကျေနပ်ခြင်း ဖြစ်ပေါ်သည့် အခါတွင်လည်း ကလေးအရွယ်ကဆိုလျှင် တစ်ခါတစ်ရံ ငိုတတ်သည်။ တစ်ခါတစ်ရံ စိတ်ဆိုးတတ်သည်။ တစ်ခါတစ်ရံ ကြမ်းကြမ်းတမ်းတမ်း ပြုမူတတ်သည်။ ထိုဒေါသတရားများကိုလည်း သင်မပေးရပါပဲလျက် ရှိနေတတ်ပါသည်။
ပုထုဇဉ်လူသားတို့မှာ သာမန်အားဖြင့်ပင် မကောင်းမှု အမှောင်တည်းဟူသော အကုသိုလ်တရားကို ရှေးရှုတတ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ စသည်တို့က ပိတ်ဖုံးနေတတ်ပါသည်။ ပုထုဇဉ် လူသားတို့သဘာဝ ထိုလောဘ၊ ဒေါသ၊ မောဟတရားတို့ကို သင့်တင့်ရုံရှိပါက အကြောင်းမဟုတ်သော်လည်း လွန်ကဲလာပါက ကျိုးကြောင်း ဆင်ခြင်တုံတရားမှာ ပျောက်ကွယ်သွားတတ်ပါသည်။ ထိုအဝိဇ္ဇာ တရားများအပေါ် မူးယစ်ဆေးက ထပ်လောင်း၍ ဖြည့်လိုက်မည်ဆိုလျှင် ပုထုဇဉ် လူသားတို့အဖို့ “မီးလောင်ရာ လေပင့်”ဆိုသလို အမှားပေါင်းရာထောင်ကို ကျူးလွန်မိကြပေတော့မည်။
မူးယစ်ဆေးဝါးဆိုသည့်အထဲတွင် ထန်းရည်၊ အရက်၊ ဆေးလိပ်မှစ၍ နံပါတ်ဖိုးခေါ် ဘိန်းဖြူနှင့် ဘိန်းအနွယ်ဝင် ဆေးဝါးများအားလုံး ပါဝင်သည်။ မည်သည့် မူးယစ်ဆေးမဆို သုံးစွဲလိုက်သည်နှင့်တစ်ပြိုင်နက် ပုံမှန်စိတ်အနေအထားမှ ယိမ်းယိုင်သွေဖည်ပြီး ကျိုးကြောင်း ဆင်ခြင်တုံတရားမှာ ပျောက်ကွယ်သွားတတ်လေသည်။ အချို့သောလူတို့ဆိုလျှင် မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ အရက်သေစာများ သောက်စားခြင်းကိုပင် “ရဲဆေးတင်သည်”ဟု ဂုဏ်ယူဝင့်ကြွား ပြုတတ်ကြသေးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် “ရဲဆေးတင်သည်”ဟူသော စကားအမှားကို ရှေးယခင်ကလည်း ကြားဖူးခဲ့ကြသည်။ ယနေ့ခေတ်လူငယ်များ အကြားတွင်လည်း မကြာခဏဆိုသလို ကြားနေရ၊ မြင်နေရသည်မှာ ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။
ခေါင်းစဉ်လှလှတပ်
ပုထုဇဉ်လူသားများအဖို့ အရက်ကလေးသောက်လိုက်ချိန်တွင် သာမန်အခြေအနေမှာထက် သွက်သွက်လက်လက်ဖြင့် ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲ ဖြစ်လာသည်။ ဤအချက်ကလေးနှင့်ပင် အချို့သော လူတို့မှာ မူးယစ်ဆေးဝါးအနွယ်ဝင် အရက်သေစာများကို သုံးစွဲအပ်သော အရာတစ်ခုပမာ သဘောထားပြီးလျှင် “ရဲဆေးတင်သည်”ဟု ခေါင်းစဉ်လှလှတပ်၍ ဂုဏ်ယူဝင့်ကြွားခြင်း ဖြစ်လေသည်။ သေသေချာချာ ဝေဖန်ဆန်းစစ်ကြည့်ပါလျှင် “ရဲဆေးတင်သည်”ဟူ၍ အရက်သေစာ သောက်စားကြခြင်းမှာ အဓိပ္ပာယ်မရှိပေ။ အကြောင်းမှာ အရက်သေစာ သောက်ပြီးချိန်တွင် သာမန်အခြေအနေမှာထက် ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲဖြစ်လာသည်မှာ မှန်သော်လည်း ထိုသို့ဖြစ်လာရခြင်းမှာ ပုံမှန်စိတ်အနေအထားမှ ယိမ်းယိုင်သွေဖည်ပြီး ကျိုးကြောင်းဆင်ခြင်တုံတရား လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်ကို သံသယဖြစ်ဖွယ် မလိုပေ။
အရက်သေစာ မသောက်စားမီ ပုံမှန်စိတ်အနေအထားရှိစဉ်မှာ ကျိုးကြောင်းဆင်ခြင်ဉာဏ်က ထိန်းကျောင်းပေးနေသောကြောင့် မပြောသင့်သည်များကို မပြော၍၊ မလုပ်သင့်သည်များကို မလုပ်ဘဲ ဆင်ခြင်၍ နေနိုင်ကြခြင်း ဖြစ်လေသည်။ အရက်သေစာ သောက်စားပြီးချိန်တွင်မူ ထိုသို့မဟုတ်ချေ။ လူအများ၏ ကဲ့ရဲ့ဖွယ်ဖြစ်မည်ကိုလည်း မကြောက်တော့ပေ။ ပြုအပ်သည်၊ မပြုအပ်သည်တို့ကို သတိမမူမိတော့ဘဲ ကျိုးကြောင်းဆင်ခြင်တုံတရား ပျောက်ကွယ်၍ သာမန်အခြေအနေမှာထက် ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲရှိလာခြင်းသာ ဖြစ်လေသည်။
ထို့ကြောင့် “ရဲဆေးတင်သည်”ဆိုသောစကား အမှားသည် အဓိပ္ပာယ်မရှိသော စကား၊ အနှစ်သာရမရှိသော စကားသာလျှင်ဖြစ်သည်။ အမှန်တကယ် ရဲရင့်လာသည် မဟုတ်ဘဲ ဟီရိဩတ္တပ္ပတရားတည်းဟူသော အရှက်အကြောက်တရား ကင်းမဲ့သွားခြင်း၊ ကျိုးကြောင်းဆင်ခြင်တုံတရား ကင်းမဲ့သွားခြင်းသာ ဖြစ်လေသည်။
အထက်ပါ အရှက်အကြောက်တရားနှင့် ပတ်သက်၍ စာဖတ်သူများသို့ အနည်းငယ်တင်ပြလိုသည်မှာ အရာရာတိုင်းကို အရှက်အကြောက်တရား ထားရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ ဥပမာအားဖြင့်ဆိုရသော် အရက်သေစာ သောက်စားခြင်းကို မကောင်းမှုတစ်ခုဟု သိရှိပြီး မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်းရှိစေရန်ကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။
သတိပြုရှောင်ရှား
ကျွန်ုပ်တို့ လူသားများအဖို့ မူးယစ်ဆေးဝါးဟု ဆိုလိုက်လျှင် အရက်သေစာအမျိုးမျိုး၊ ဘိန်းဖြူနှင့် ဘိန်းအနွယ်ဝင် ဆေးဝါးများကိုပင် ပြေးမြင်မိတတ်ကြသည်။ အသေးအဖွဲလေးဟု မှတ်ယူ၍နေကြသော ဆေးလိပ်သောက်ခြင်းကိုမူ မေ့လျော့နေတတ်ပါသည်။ ဆေးလိပ်သောက်ခြင်းကို အစပျိုးမိလျှင် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆိုးကျိုးတရားသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းဆီကိုသာ ဦးတည်နေသောကြောင့် သတိပြု ရှောင်ရှားသင့်ပါသည်။
ယနေ့ကာလတွင် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပင် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို ကာကွယ်တားဆီးလျက်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂကြီး အပါအဝင် အလေးထား ကာကွယ်ပေးလျက်ရှိသည်။ ထိုအချက်ကိုကြည့်လျှင် မူးယစ်ဆေးဝါးများ၏ အန္တရာယ်သည် မည်မျှအထိကြီးမားသည်ကို လူသားတိုင်း နားလည်သင့်ပေသည်။ မူးယစ်ဆေးဝါးများသည် သုံးစွဲသူတစ်ဦးတည်းကို ထိခိုက်စေသည် မဟုတ်ပေ။ သုံးစွဲသူ၏ မိသားစု၊ ဆွေမျိုး၊ ပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသော ကဏ္ဍအသီးသီးကို ထိခိုက်ပျက်စီးစေပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ကာယစွမ်းအားနှင့် ဉာဏစွမ်းအားများ လျော့နည်းသွားစေသည်။ နိုင်ငံတိုင်းက ဤသို့ဖြစ်နေလျှင် ကမ္ဘာကြီးလည်း သာယာလှပနိုင်တော့မည် မဟုတ်ပေ။
ကျွန်ုပ်တို့ လူသားများအဖို့ သင့်တင့်မျှတသော လောဘ၊ ဒေါသ၊ မောဟများ ရှိနေခြင်းသည် အပြစ်ဆိုဖွယ်ရာမရှိပေ။ သို့သော်လည်း ထိုတရားများအပေါ် မူးယစ်ဆေးများ ထပ်လောင်းဖြည့်စွက်၍ လောကကြီးကို အမှောင်ဖုံးစေခြင်း၊ လောကကြီးကို ဒုက္ခများ ရောက်စေခြင်းတို့မှ ကင်းဝေးကြစေရန် ကာကွယ်တားဆီးကြရမည်မှာ လူသားတိုင်းတွင် တာဝန်ရှိပါသည်။
မူးယစ်ဆေးများသည် သုံးစွဲမိသောအခါ လူသားတို့၏စိတ်ကို အမှန်တကယ် ရဲရင့်လာစေခြင်း မဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်တုံတရားများကို ပျောက်ကွယ်စေခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် အရက်၊ ဘီယာ၊ ဆေးလိပ်များ အပါအဝင် မူးယစ်ဆေးများသည် “ရဲဆေးမဟုတ်ဘဲ” အရှက်တရား၊ အကြောက်တရားများ ပျောက်ကွယ်၍ ကျိုးကြောင်း ဆင်ခြင်တုံတရားကင်းမဲ့စေသော ဆေးများသာ ဖြစ်သည်ဟု မှန်ကန်စွာသိမြင်ကြပြီး လောကကောင်းကျိုးကို ဖြည့်ဆည်းသယ်ပိုးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါစေဟု ဆန္ဒပြုရင်း ရေးသားလိုက်ပါသည်။ ။