ကိုယ့်နိုင်ငံထဲသူရောက်ခဲ့ရင်
ယခုကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ တရုတ် နိုင်ငံ ဝူဟန်မြို့က အစပြုသိရှိခဲ့တဲ့ COVID-19 ကူးစက် ရောဂါဟာ ယနေ့အထိ နိုင်ငံပေါင်း ၁၀၀ ကျော်မှာရောဂါပိုးတွေ့ရှိသူပေါင်း တစ်သိန်းကျော်နဲ့ သေဆုံးသူ ၄၀၀၀ ကျော်သွားပြီဆိုတာ ပြည်သူအများစုတော့ သိရှိနေပြီ ဖြစ်ပါတယ်။ ။
“ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ သံသယရှိလို့ စောင့်ကြည့်နေတဲ့ လူနာတွေထဲက ဓာတ်ခွဲစစ်ဆေးကြည့်တဲ့သူ အားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပိုး မတွေ့ဘူး ဆိုတဲ့အဖြေ ထွက်ထားတဲ့အတွက် ဒီနိုင်ငံထဲကိုရောဂါပိုး ရှိတဲ့လူနာမရှိသေးဘူးလို့ ယေဘုယျကောက်ချက်ချရတဲ့ သဘောရှိပါတယ်။
ပြင်ဆင်တုံ့ပြန်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံ မှာ စတင်ဖြစ်ပွားကာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဒီကူးစက်ရောဂါ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လဆန်းကတည်းက ပြင်ဆင်တုံ့ပြန်မှုတွေ စတင်ဆောင် ရွက်ခဲ့တာဖြစ်လို့ အခုဆိုရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဝန်ထမ်းတွေ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ရုန်းကန်တိုက်ပွဲဝင်နေတာ နှစ်လကျော် ရှိခဲ့ပြီဖြစ်ပါတယ်။
ကပ်ရောဂါလို့မြန်မာလိုဘာသာပြန်ကြတဲ့ outbreak တွေဟာ ကျွန်မတို့နိုင်ငံမှာ ရိုက်ခတ်ခံစားခဲ့ကြဖူးပါတယ်။ အသက်ရှူလမ်း ကြောင်း ကိုထိခိုက်တဲ့တုပ်ကွေးရောဂါတွေလည်း မကြာခဏ ကြုံတွေ့ကြရလို့ အဆန်းမဟုတ်တော့ ပါဘူး။ ဒါပေမယ့်............. ဒါပေမယ့်ပေါ့လေ။
COVID-19 လို့ နာမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ် ကောင်လေးကတော့ နည်းနည်းထူးခြားတယ်။ အရင်သူနဲ့ အုပ်စုတူတဲ့ ကိုရိုနာ ဗိုင်းရပ်စ်တွေထက် ပိုကူးစက် မြန်ပြီး ဖြစ်နှုန်းပိုများတော့ကြောက်ဖို့လည်းကောင်းတယ်။ သေဆုံးတာကတော့ အသက်အရွယ်ကြီး ရင့်သူတွေ အများစုဖြစ်တယ်လို့ လောလောဆယ်တွေ့ရပေမယ့်ပြောင်းလဲနိုင်သေးတာပါပဲ။ သူဟာ လူသားတွေရဲ့ ခန္ဓာ ကိုယ်ထဲကို ရောဂါဖြစ်စေအောင် ကူးစက်ဝင်ရောက်ပုံမှာ အသစ်အသစ်တွေ၊ ထူးဆန်းတာတွေ အများကြီးရှိပါ တယ်။ ရိုးရိုးတုပ်ကွေးလို ကာကွယ်ဆေးလည်း မရှိသေးသလို မသိသေးတာတွေများနေတဲ့ သုတေသနတွေလည်း လုပ်ဆဲဗိုင်းရပ်စ်မို့ ကျွန်မတို့တစ်တွေ ယခင့် ယခင်ထက် ပိုပြီးသတိထားကိုင်တွယ် ရင်ဆိုင်တွန်းလှန်ကြဖို့ လိုပါမယ်။
လက်ရှိအခြေအနေအရ ရောဂါစတင်ဖြစ်ပွားတဲ့ epicentre ဝူဟန်မှာ လူနာအသစ်တွေနည်းသွားပြီ။ အဲဒီဒေသက ပြည်သူ လူထုကြားမှာ ရောဂါခုခံနိုင်စွမ်း Herd immunity တွေတက်လာပြီ၊ ဒီလို ကြားရတာ ဝမ်းသာရမှာပေမယ့် ဒါဟာ နောက်ကျ ပါတယ်၊ ကြာပါ တယ်လို့ ကျွန်မကတွေးမိပါတယ် ။သုံးလကျော်လောက် ဂူဟန်အပါအဝင် ဟူပေခရိုင်ကိုမွှေနှောက်သွားခဲ့လိုက်တာ လူ တစ်သိန်းလောက်ရောဂါဖြစ်၊ ၃၀၀၀ ကျော်သေတဲ့ ကိန်းဂဏန်းရဲ့ နောက်ကွယ်မှာ ဆုံးရှုံးရင်းနှီးမှုတွေ အတိမ်အနက် အလွန့်အလွန်များပြားနက်ရှိုင်းပါတယ်။
သူတို့ဆီက ကျန်းမာရေးဝန်ကြီးဌာန ဗဟို၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ကူးစက်ရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေ၊ ရှေ့တန်းစစ်မျက်နှာမှာ လူနာတွေကိုကုသပြုစုရတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံ ဝန်ထမ်းတွေ၊ ဆေးနဲ့ဆေးပစ္စည်း၊ ဆေးရုံစီမံခန့်ခွဲရသူတွေ၊ ဒေသဆိုင်ရာအာဏာပိုင်တွေ၊ အထူးသဖြင့် လူနာနဲ့ လူနာရှင်တွေကိုယ်တိုင် ဘယ်လောက်တောင် ဆိုးရွား ပြင်းထန်မှုတွေ၊ ပင်ပန်းဆင်းရဲမှုတွေ၊ လူအား၊ ငွေအား အဘက်ဘက်က ဘယ်လောက်တောင် ခံစားခဲ့ရ၊ ရိုက်ခတ် ခံခဲ့ရမလဲဆိုတာ လူသားချင်းစာနာစိတ်နဲ့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့၊ စီးပွားရေးကောင်းတဲ့ နိုင်ငံတွေဆိုတော့လည်း ပြန်လည်နာလန်ထူတာတော့ မြန်ပါလိမ့်မယ်။
အခုထက်ထိ ဆေးရုံတွေပေါ်မှာ ဆေးကုသ ပေးနေရတဲ့ အသည်းအသန်လူနာတွေရှိတုန်း၊ အဲဒီ အသည်းအသန်လူနာတွေထဲက နောက်ထပ်သေဆုံးမှုတွေ ထပ်ရှိလာနိုင်တုန်း အခြေအနေ ဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့ အချိန်ကကြာသလို ဆေးရုံတက်ရတဲ့ကာလ ဟာ နှစ်ပတ် ကနေ သုံးပတ်အထိကြာတာတွေရှိခဲ့တာမို့ဆေးရုံဝန်ထမ်း၊ ဆေးနှင့် ဆေးပစ္စည်း၊ ကာကွယ်ရေးပစ္စည်းတွေ လိုအပ် ချက်များ ပြားလှသလိုဒီကပ်ရောဂါစဖြစ်ပြီး ဖြစ်ပွားမှု ဟိုးထိပ် အမြင့်ဆုံးအထိ အများဆုံးရောက်ပြီး တဖြည်း ဖြည်း ပြန်ကျချိန်ဟာ သုံးလကျော်လောက်ကြာမြင့်တဲ့ကာလအတွင်းမှာ အတော်အထိနာခဲ့တယ်လို့ပြောရမယ့် ရောဂါပါပဲ။
ဒီ ဗိုင်းရပ်စ်ဟာ အစက တရုတ်အပြင် အခြားနိုင်ငံ ၂၀ ကျော်လောက်ကိုသာ ရောက်ရှိကူးစက်ခဲ့ရာကနေ ရက်သတ္တသုံးပတ လောက် အတွင်းမှာ စုစုပေါင်း နိုင်ငံ ၁၀၀ ကျော်ကို ရောက်ရှိလာခဲ့တာမို့ တရုတ်မှာ မီးညွန့်ကျိုးတဲ့အချိန်မှာ ကျန်တဲ့ကူးစက်ခံ နိုင်ငံတွေကတော့ အခုမှ စပြီး မီးစလောင်တဲ့ သဘောဖြစ်လာတာပါ။ အခု ဖြစ်လာ တဲ့ နိုင်ငံတွေကိုကြည့်ရင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ စီးပွား ရေးတောင့်တင်းခိုင်မာသလို ကျန်းမာရေးစနစ်လည်း အားကောင်းခိုင်မာတဲ့၊ ဆေးပစ္စည်းကိရိယာတွေ ပြည့်စုံလှ တဲ့ နိုင်ငံကြီးတွေမှာလည်း စိုးရိမ်ပူပင်စွာရင်ဆိုင်ကြတာ၊ ပြည်သူတွေလည်း စိတ်ပူကြတာ တွေ့ရပါတယ်။ အီတလီ နဲ့ အီရန်နိုင်ငံတို့မှာ သေနှုန်းအတော်များပြီး အမေရိကန် မှာလည်း ဒီဗိုင်းရပ်စ်ကို လျှော့တွက်ပြီး တုံ့ပြန်မှု နှေးကွေး လိုက်တာ လူနာ(case) တွေများ ပြီး ပြည်သူတွေ ဝေဖန် လာကြတာ တွေ့ရပါတယ်။
အစွန်းတရားတွေ
ကျွန်မတို့ တိုင်းပြည်က ပြည်သူတွေလည်း အလွန် စိုးရိမ်ကြ၊ ပူပင်ကြတာတွေ ရှိကြတာပေါ့။ တချို့လည်း မပူကြ၊ မကြောက်ကြ ပါဘူး၊ဒီလိုအစွန်းတရားတွေကလည်း ကျွန်မတို့အတွက် မဟုတ်သေးပါဘူး.. ။ အလွန်တရာ ကြောက်ရွံ့ခြင်း မဖြစ်သင့်ပေမယ့် သတိထားအလေးမူရမယ့် အရေးကြီးတဲ့အချိန်လို့တော့ သိစေချင်လှပါတယ်။ နိုင်ငံ ပေါင်း ၁၀၀ ကျော် ကူးစက်ပြန့်ပွားပြီးတဲ့ အချိန်၊ ကပ်ရောဂါ စဖြစ်တာ သုံးလကျော်အထိ ကျွန်မတို့ဆီက ရောဂါပိုးမရှိ သေးတော့ ကောင်းတဲ့ဘက်ကတွေးရင် သူများနိုင်ငံ မှာ ကူးစက်ပုံ၊ စမ်းသပ်ကုသပုံ၊ သုတေသနလုပ်ကြည့်ထား တာတွေ၊ သင်ခန်းစာတွေကို အခုအချိန်မှာ ကိုယ့်ဆီက သိနေပြီ။ ။
ဒီနေရာမှာ ကျွန်မကတော့ မိမိတို့ကို ရောဂါပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပေမယ့် ရောဂါကာကွယ်ရေး၊ ကျန်းမာရေးပညာပေးရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ ကုသရေးတာဝန်တွေကို နေ့မအား၊ ညမအား စေတနာနဲ့ တာဝန်ထမ်းရွက်နေကြတဲ့ ထိပ်ဆုံးဦးဆောင်မှု ပေးတဲ့ ဗဟိုကနေ ပြည်သူလူထုနဲ့ တကယ်ထိတွေ့ရတဲ့ ရှေ့တန်း အထိ နေရာအသီးသီးမှ ကျန်းမာရေးဝန်ထမ်းပညာရှင်များ ကို အလွန်လေးစားချီးကျူးမိပါတယ်။ ကျွန်မတို့နိုင်ငံမှာ ယခင်ကဖြစ်ပွားခဲ့တဲ့ ကပ်အသွင် ကူးစက်ရောဂါတွေမှာ လည်း ဒီလိုပညာရှင် စိတ်အပြည့်နဲ့ တာဝန်ယူခဲ့ကြတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။
အခုအချိန်မှာ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အတော်များများကို ကူးစက်နေပြီဖြစ်သလို ကျွန်မတို့ အတွက် အချိန်မရွေး အရေး ပေါ်အခြေအနေဖြစ်လာနိုင် ပါတယ်။ ဒါဆို ပြည်သူတွေ ဘာလုပ်ကြရမလဲ၊ ထိတ်လန့် ကြောက်ရွံ့နေကြမလား၊ ဘယ်မှမသွားဘဲ နေရမလား။
မှန်ကန်တဲ့ သတင်းအချက်အလက်
နံပါတ် (၁) ကတော့ မှန်ကန်တဲ့ သတင်းအချက် အလက်တွေရရှိဖို့ပါပဲ။ ။
သတင်းမှားတွေကို မယုံကြည် မဖြန့်ဝေဖို့နဲ့ သတင်း မှန်တွေကို ဖြန့်ဝေဖို့လည်း အရေးကြီးပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေဆိုရင် ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို အဓိက ဦးဆောင်ပြုဆောင်ရွက်နေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တို့မှာ အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။
ပြည်သူတွေဟာ ဒီသတင်းတွေကို စိတ်ဝင်တစား စောင့်ဖတ်ကြတာ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်ငန်း တာဝန်ဝတ္တရားတွေကို ပိုနားလည်လာကြတာ ဝမ်းသာဖို့ ကောင်းပါတယ်။ တကယ်တမ်းတော့ ဒီကူးစက်ရောဂါ ဖြစ်ပြီဆိုရင် အားလုံးသိရှိကြတဲ့အတိုင်း ပြည်သူ့ဆေးရုံတွေ၊ အဲဒီကမှ သတ်မှတ်ထားတဲ့ ကူးစက်ဆေးရုံတွေကို လိုအပ် သလို လွှဲပြောင်းကုသမှုခံယူကြရပါတယ်။ ဆင်းရဲ၊ ချမ်းသာမဟူ၊ ကျေးလက်၊ မြို့နယ်မရွေး နေထိုင်သူတွေအားလုံးဟာ ပုဂ္ဂလိကဆေးရုံတွေ၊ ပြည်ပနိုင်ငံတွေကို သွားရောက် ဆေးကုသလို့မဖြစ်နိုင်ဘဲ ပြည်သူ့ဆေးရုံတွေကိုသာ အားကိုးကြရမှာ ဖြစ်ပါတယ်။
ကျွန်မတို့လို ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံငယ်တွေ၊ အရင်းအမြစ်(ကျန်းမာရေးဘဏ္ဍာငွေ၊ ဆေးပစ္စည်း၊ ကိရိယာ၊ ကျွမ်းကျင် ပညာရှင်) တွေ ကန့်သတ်ချက်ရှိတဲ့၊ အားနည်း တဲ့ နိုင်ငံအဖို့ မဖြစ်ခင်ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးမို့ ကာကွယ်ခြင်း နည်းလမ်းမျိုးစုံကို ဝိုင်းဝန်း စဉ်းစားအဖြေရှာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သူများ တကာဆီက ကူးစက်ဝင်ရောက်လာနိုင်မှာ တွေကို ဘက်ပေါင်းစုံကကာနိုင်သလောက်ကာဖို့လိုပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေရဲ့ သုတေသနအရ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေနိုင်တာဟာလူ၁၀၀မှာ၂၀ လောက်ရှိနိုင်တာမို့ ရောဂါပိုးရောက်ရှိနေနိုင်တယ်လို့ ယူဆပြီး ရောဂါကူးစက် နိုင်မယ့် အခွင့်အလမ်းတွေကို ရှောင်ရှားခြင်းသည်သာ အကောင်းဆုံးပါပဲ။
ပြည်သူလူထုရဲ့ နောက်တာဝန် တစ်ခုကတော့ အခုချိန်မှာ လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်းအနေနဲ့ ကျန်းမာရေးကို အထူး ဂရုစိုက်ရမယ့် အချိန်အခါ ဖြစ်ပါ တယ်။ အာဟာရပြည့်စွာ စားသောက်နေထိုင်ရမယ်။ အိပ်ရေးဝအောင်အိပ်ရမယ်၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုတ်၊ နာတာရှည်ရောဂါအခံရှိသူများအဖို့ ရောဂါကို ထိန်းချုပ်မှု ရအောင် အသေအချာ ကုသမှုခံယူထား ရပါမယ်။ သက်ကြီး ရွယ်အိုတွေ အပြင်သိပ်မထွက်ကြဖို့၊ လူမှုရေးနဲ့ ဘာသာရေး ကိစ္စတွေ သိပ်အသွားအလာ မလုပ်ကြဖို့လည်း လိုပါတယ်။ ပြည်သူတွေဟာ ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေခန်းတွေလို အလုံပိတ် Aircon ခန်းတွေ၊ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ထားသင့်ပါတယ်။ ။
နောက်တစ်ချက်ကတော့ လက်ဆေးခြင်းအလေ့ အထကို အထူးစွဲမြဲလေ့ကျင့်ဖို့လိုပါတယ်။ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း ကိုယ့်မျက်နှာမကိုင်ခင် အထူးသတိ ထားပြီး လက်ဆေးဖို့လိုသလို ကိုယ့်ရဲ့ တစ်ကိုယ်ရေ ပစ္စည်းတွေ၊ ဥပမာ- လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်တို့က အစလက်သန့်ဆေးရည်လိုမျိုးနဲ့ ပုံမှန်သန့်စင်ဖို့လိုပါမယ်။ ပိုက်ဆံတွေ ကိုင်တွယ်သုံးစွဲတာ အထူးသတိထား ရမယ်။ ပြီးတော့ ဒီပိုးဟာ လူတစ်ဦးနဲ့တစ်ဦး နီးကပ်စွာ နေရင် ကူးစက်နိုင်တဲ့အန္တရာယ်များပြီး နှာချေ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေဟာ ခြောက်ပေအတွင်းကဆိုရင် ကူးစက်နိုင်ခြေများတာမို့ ကျန်းမာရေးဌာနက သတိပေး ထားသလို Social distancingကိုအထူးဂရုစိုက်သင့်ပါတယ်။ ကိုယ်တိုင်ချောင်းဆိုးသူတွေကလည်း ယဉ်ကျေးစွာနဲ့ ဆင်ခြင်ဖို့လိုသလို ရောဂါ လက္ခဏာ ရှိတဲ့သူတွေတွေ့ရင် နီးစပ်ရာကျန်းမာရေးဌာနကို အကြောင်းကြားပေးပြီး လိုအပ်တဲ့ကုသမှုခံယူဖို့၊ အခြားသူတွေ ကူးစက်ပြန့်ပွားခြင်း မရှိစေဖို့ နိုးနိုးကြားကြား သတိရှိဖို့လိုပါတယ်။
ဝိုင်းဝန်းကူညီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟာ ဆေးရုံ တွေမှာ လိုအပ်တဲ့ ဆေးဝါး/ဆေးပစ္စည်းတွေ ဖြည့်တင်း ပြင်ဆင်တဲ့ အလုပ် တွေလုပ်နေပြီ၊ ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းတွေ ကူညီကြတာတွေလည်း တွေ့ရပါတယ်။
ငွေကြေးတတ်နိုင်သူတွေ၊ လုပ်အားတတ်နိုင်တဲ့ ပညာရှင် တွေဟာ ဒီအချိန်မှာ ဝိုင်းဝန်းကူညီကြရတော့မှာပါ။ ဘယ်သူ့ကိုမဆို ဆင်းရဲ၊ ချမ်းသာမရွေး ကူးစက်ဖြစ်ပွား နိုင်တဲ့ ရောဂါအတွက် နိုင်ငံ့ကျန်းမာရေး၊ ပြည်သူအများရဲ့ ကျန်းမာရေးအတွက်လို့ ကျွန်မတို့အားလုံး ဝိုင်းဝန်း စဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့သူတွေဟာလည်း ခုအချိန်မှာ ပြည်သူအများကြီးရဲ့ ကျန်းမာရေး၊ အသက်နဲ့ ငွေကြေးအကျိုး အမြတ်ကို ချိန်ထိုးစဉ်းစားဖို့လိုပါမယ်။ ဒါဟာလူ့ ကျင့်ဝတ်နဲ့လည်း ညီပါတယ်။ အချို့ကိစ္စတွေဆို ငွေကြေးအကုန်အကျ သိပ်မများ လှပါဘူး။ ဥပမာ ဈေးဝယ်စင်တာရဲ့ လှေကားလက်ရန်းတွေကို ပုံမှန် အရက်ပြန်နဲ့ သန့်စင်တာမျိုး၊ လူတွေ လက်သန့်စင်ဖို့ Hand Sanitizer ထားပေးတာမျိုး၊ ကျန်းမာရေးဌာနက ဖြန့်ဝေတဲ့ ပိုစတာ၊ လက်ကမ်းစာစောင်တွေကို ပြည်သူ တွေကိုတစ်ဆင့်ဖြန့်ဝေ တာမျိုး၊ လုပ်ငန်းတွေရပ်တန့်ရမှာ၊ စီးပွားရေး ထိခိုက်တာမျိုးတွေအတွက်လည်း အဓိကထား စိတ်မပူဘဲ ရောဂါကာကွယ်ရေးနဲ့ ဖြစ်လာရင် တစ်တပ် တစ်အား ကူညီဖို့စဉ်းစားသင့်ပါတယ်။ အခုအချိန်မှာ နည်းနည်းဆုံးရှုံးမှာစိုးရင် ဒီထက်ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဆင်ခြင်ကြဖို့ လိုပါမယ်။ လုပ်ငန်းတွေ နှောင့်နှေးလို့ စားဝတ်နေရေး ထိခိုက် မယ့် အခြေခံ လူတန်းစားတွေအတွက် ဘယ်လိုစီမံဆောင် ရွက်ပေးမလဲ ဆိုတာမျိုးတွေကို သက်ဆိုင်ရာအုပ်ချုပ်သူတွေနဲ့ ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားတာမျိုးတွေလည်း လုပ်ထားသင့်ပါတယ်။
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းကြီးတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပြင် ဆေးကုသ မှုဝန်ဆောင်မှုပေးနေတဲ့အခြားဝန်ကြီးဌာနတွေရဲ့ အားကိုလည်း ဒီကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဝိုင်းဝန်းစုပေါင်း ကူညီပံ့ပိုးပေးသင့်တယ်လို့ မြင်မိပါတယ်။
ဒီရောဂါကြီးဟာ ကမ္ဘာ့ကပ်ရောဂါလို့ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က မတ်၁၁ ရက်က ကြေညာခဲ့ပြီး ကမ္ဘာ့တိုက်ကြီးတွေအနှံ့ ပျံ့နှံ့ဖြစ် ပွားနေတဲ့ အခုအချိန်မှာ နိုင်ငံအများရဲ့ စုပေါင်းအားနဲ့ ချိတ်ဆက်၊ သတင်းအချက် အလက်တွေ မျှဝေ၊ ဒေသတွင်းနိုင်ငံတွေ စည်းရုံးစွာဆောင်ရွက်၊ လိုအပ်တဲ့ နိုင်ငံဒေသကို တတ်နိုင်တဲ့နိုင်ငံက ဝိုင်းဝန်းဖြည့်ဆည်း ပံ့ပိုးဆိုတဲ့ စုပေါင်းအားနဲ့ တွန်းလှန် ကြရမှာပါ။
ကျွန်မတို့ နိုင်ငံအနေနဲ့ကတော့ အစိုးရ၊ ဝန်ကြီး ဌာနများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူ လူထုတစ်ရပ်လုံး အားလုံးရဲ့ အင်အားနဲ့ စုပေါင်းညီညာဆောင်ရွက်မှ ဒီရောဂါပိုးကို တွန်းလှန် နိုင်မှာပါ။ လိုအပ် ချက်တွေ၊ ကွဲပြားခြားနားမှုတွေအတွက် အပြစ်တင်မနေ ကြဘဲ အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကိုယ်ကိုယ် တိုင်၊ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်နိုင်ငံထဲက ပြည်သူတွေ ရောဂါကူးစက်မခံရဖို့၊ ရောဂါကြောင့် သေဆုံး မှု အနည်းဆုံး ဖြစ်စေဖို့ဆိုတာ တွေးကြစေချင်ပါတယ်။ ဖြစ်လာရင် နောက်ဆက်တွဲခံစားရမယ့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ဆိုးကျိုးအလွန် များနိုင်လို့ပါ။
ကျန်းမာရေးဌာနမှာလည်း အုပ်ချုပ်သူတွေ၊ ပြည်သူ့ ကျန်းမာရေးဆရာဝန်တွေ၊ ကုသရေးပိုင်းက ဆရာဝန်တွေ၊ ဓာတ်ခွဲဆိုင်ရာ ပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးဟာ ဒီအချိန်မှာ သူ့ဌာန၊ ကိုယ့်ဌာနရယ်လို့ဌာနစွဲ၊ သူ့အလုပ်၊ ကိုယ့်အလုပ် ဘာမှမခွဲခြားဘဲ တစ်ယောက် ရဲ့ အလုပ်ကိုတစ်ယောက်က စာနာနားလည်စိတ်နဲ့ ဖေးဖေး မမ အတူတူဖြည့်ဆည်းပြီး စည်းလုံးစွာ ဆောင်ရွက်ကြမှ သာ ပိုပြီးထိရောက်အောင်မြင်နိုင်မယ်လို့ မြင်မိပါတယ်။ ပြည်သူအများထဲမှာလည်း အစွဲတွေကင်းပြီး မှန်ကန်တဲ့ အသိဉာဏ်တွေနဲ့ မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ဖို့ လိုပါတယ်။
ကျွန်မရဲ့ စာစုကတော့ စာရေးတတ်တဲ့ ပြည်သူ တစ်ယောက်ရဲ့ အတွေးမျှသာပါပဲ။ ပညာရှင်တွေ ပိုပြီးသိရှိ ကြမှာပါ။
“ဒီကပ်ရောဂါကြီးလည်း အမြန်ဆုံး ထိန်းချုပ်နိုင်ပါစေ။
ကျွန်မတို့ တိုင်းပြည်လည်း ချမ်းသာရာရပါစေ။ ထိခိုက်မှု အနည်းဆုံး ဖြစ်ပါစေလို့”
(စည်းလုံးညီညာခြင်းဖြင့် ဝိုင်းဝန်းတွန်းလှန်ရာ၏။ အသိဉာဏ်ပညာဖြင့် ဆောင်ရွက်အောင်မြင်ရာ၏)
စုဒ္ဒရှင် (ဆေး-၁)