Skip to main content

လယ်ယာစီးပွားရေးလုပ်ငန်းရှင်အဖြစ် ကြိုးစားဖို့ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ရွေးကြစို့

23

ကိုရင်အောင်မိုး(MOALI)

ယနေ့ကမ္ဘာမှာကပ်ရောဂါလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အားယူနေကြပြီ ဖြစ်သလို ငွေကြေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေက လွတ်မြောက်ရေး ကိုလည်း နိုင်ငံ အသီးသီးကကြိုးစားရုန်းကန် နေကြချိန်လည်းဖြစ်ပါတယ်။ အခုလိုအခြေအနေမှာ သက်ဆိုင်ရာ မိခင်နိုင်ငံရဲ့ အခြေခံစီးပွားရေး လုပ်ငန်းတွေအပေါ်မူတည်ပြီးလုပ်ငန်းတွေ အောင်မြင်စွာလည်ပတ် နိုင်ရေးနဲ့နိုင်ငံသား တစ်ဦးချင်းစီရဲ့ အလုပ်အကိုင်ရရှိနိုင်မယ့် အခွင့်အလမ်းတွေကလည်း ကွဲပြား လျက်ရှိကြ ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒစ်ဂျစ်တယ်ထိန်းချုပ် စနစ်နဲ့ ကုန်ထုတ်လုပ်နေတဲ့ စက်မှုနိုင်ငံတွေမှာ လုပ်သားလိုအပ်ချက်လျှော့ချမှုတွေရှိပေမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ မိမိတို့နိုင်ငံမှာတော့ အလုပ်အကိုင်အခွင့်အလမ်းများစွာရှိနေပါသေးတယ်။မိုးလေဝသအခြေအနေ အပေါ်သုံးသပ်ဆောင်ရွက်ရတဲ့လုပ်ငန်းတွေ၊ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအပြင်အထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ရေး လုပ်ငန်းစဉ်တွေပါဝင်လို့ ကျွမ်းကျင်တဲ့ လူသား အရင်းအမြစ် လိုအပ်ချက်ကမြင့်မားနေဦးမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်ကျွမ်းကျင် သူတွေအနေနဲ့ အစိုးရဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်း တွေမှာဝင်ရောက် လုပ်ကိုင်ရုံသာမက ကိုယ်တိုင် စွန့်ဦးတီထွင်လုပ်ကိုင်ပြီးလယ်ယာစီးပွားရေး လုပ်ငန်းရှင်အဖြစ်ကြိုးစား နိုင်တဲ့အခွင့်အလမ်း တွေလည်း ရှိနေပါတယ်။ အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာမှာလည်း ကျွမ်းကျင်မှုရှိသူကိုသာ လုပ်ငန်းခွင်တွေက ခေါ်ယူအသုံးပြုကြတာ ဖြစ်သလိုကိုယ်ပိုင်စီးပွားရေး လုပ်ပါ ကလည်း သမားရိုးကျရုန်းကန်လှုပ်ရှားသူထက် နည်းပညာ တွေကိုစနစ်တကျ သင်ယူ တတ်မြောက် ထားသူကလုပ်ငန်းအောင်မြင်ဖို့ အခွင့်အလမ်း ပိုမိုသာလွန်မှာ ဖြစ်ပါတယ်။

ဒီလိုပညာရပ်တွေကို မြန်မာနိုင်ငံအနှံ့အပြားက အခြေခံပညာအထက်တန်းပညာ အောင်မြင် ပြီးသူလူငယ်မောင်မယ်တွေစိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်း ပညာရပ်အနေနဲ့ စနစ်တကျ လေ့လာသင်ယူနိုင်ကြစေဖို့ ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဇွဲကပင်၊ လုံပီး၊ ကျောက်တော်၊ ဟုမ္မလင်း စတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာအလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်တွေမွေးထုတ်ပေးနိုင်ရေး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

တကယ်တော့ စိုက်ပျိုးရေးတက္ကသိုလ်က အဆင့်မြင့်နည်းပညာရှင်တွေလိုပါပဲ၊ စိုက်ပျိုးမွေးမြူ ရေး အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံလိုစိုက်ပျိုးရေးနိုင်ငံမှာ များစွာအရေးပါလျက်ရှိနေပါတယ်။ မိရိုးဖလာစိုက်ပျိုးမွေးမြူရေး လုပ်ကိုင်တာထက် ခေတ်မီ နည်းစနစ်တွေကိုအသုံးချလုပ်ကိုင်နိုင်မှသာ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ၊ ဈေးကွက် ဝင်တဲ့ထုတ်လုပ်မှုတွေ ဖြစ်လာမှာပါ။

တစ်နည်းအားဖြင့် စိုက်ပျိုးရေးပညာ စနစ်တကျ တတ်ကျွမ်းလို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ တိုးပွားလာတာနဲ့အမျှ လယ်ယာကဏ္ဍရဲ့ ထွက်ကုန် ပစ္စည်းအရည်အသွေးနဲ့ ထုတ်လုပ်မှုတန်ဖိုး ဟာလည်း သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။ နမူနာအနေနဲ့ပြောရရင် သွင်းအားစုတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေရဲ့အာနိသင်ကို စနစ်တကျသင်ယူ သိရှိထားသူအနေနဲ့ရော်ရမ်းမှန်းဆပြီး အတိုင်း အဆမဲ့ အသုံးပြုမိတာကို ကျော်လွှားနိုင်မှာဖြစ်သလို ခေတ်မီနည်းပညာ ဖြန့်ဝေရေးလုပ်ငန်း တွေမှာလည်း ပညာတတ် အကျိုးဆောင်တောင်သူတွေအဖြစ် အထောက်အကူပြုနိုင်ကြမှာ ဖြစ်လို့နည်းပညာ ပြန့်ပွားရေးကွန်ရက်လည်းပိုမိုကျယ်ပြန့်ခိုင်မာ လာမှာဖြစ်ပါတယ်။

ဒီလို လက်တွေ့အသုံးချပညာရပ်တွေကို ထိထိ ရောက်ရောက် သင်ကြားပေးနိုင်ဖို့ သင်ရိုးညွှန်းတမ်း တွေနဲ့ သင်ကြားမှုပုံစံတွေ ပြည့်ပြည့်စုံစုံ ဆောင်ရွက် ထားရှိပြီးဖြစ်တဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေရဲ့ လက်တွေ့သင်ကြားမှုမှာကျောင်းတွေတည်ရှိရာ ဒေသ၊ ရေမြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့သီးနှံ အမျိုးအစားတွေကိုဦးစားပေးစိုက်ပျိုးပြသတာ၊ ဈေးကွက်လိုအပ်ချက်နဲ့ ဈေးကွက်အလားအလာ အပေါ် သုံးသပ်နိုင်ရေးကိုပါ စနစ်တကျ ပို့ချပေးနေ ပါတယ်။ ဒါကြောင့်လည်းမတူညီတဲ့ဒေသ အသီးသီးမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေ ကနေ သီးနှံအလိုက် ကျွမ်းကျင်မှုရှိပြီး အရည်အချင်း ပြည့်ဝတဲ့သူတွေအဖြစ် မွေးထုတ်ပေးနေနိုင်တာလည်း ဖြစ်ပါတယ်။

စိုက်ပျိုးရေးသိပ္ပံတွေရဲ့ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီးသင်တန်းကာလအတွင်းလယ်ယာ သီးနှံ စိုက်ပျိုးရေး၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊စိုက်ပျိုးရေးဓာတုဗေဒ၊ စိုက်ပျိုးရေး ရုက္ခဗေဒ၊ သီးနှံကာကွယ်ရေး၊ လယ်ယာ စက်မှုလက်မှု၊စိုက်ပျိုးရေးတိုးချဲ့ ပညာပေးရေး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းပညာ ဘာသာရပ်တွေ ပို့ချပေးမှာဖြစ်ပြီးပထမနှစ်နဲ့ ဒုတိယနှစ်မှာ အင်္ဂလိပ်စာဘာသာရပ်၊ ပထမနှစ် သင်တန်းမှာတော့ သင်္ချာ၊ ရူပဗေဒ၊ICT နဲ့ လူမှု ဆက်နွှယ်ရေးကျွမ်းကျင်မှုဘာသာရပ် (Social Skill)တွေ ဖြည့်စွက်ပါဝင်ကာ သင်တန်းတွေ အားလုံးမှာစာတွေ့လက်တွေ့ သင်ကြားမှုအချိုးမှာ (၄၀ : ၆၀)ဖြစ်ပါတယ်။စိုက်ပျိုးရေးသိပ္ပံကျောင်း တွေမှာ အသက်(၂၂)နှစ်ထက်မကြီးသူ၊ အခြေခံ ပညာအထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာ တွဲနဲ့အောင်မြင်ပြီး ကျန်းမာသန်စွမ်းသူတွေ တက်ရောက်နိုင်ကြပါတယ်။

ထူးခြားချက်အနေနဲ့မွေးမြူရေးဒီပလိုမာ သင်တန်းကို ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကစပြီး ပျဉ်းမနား၊ ပုသိမ်ကြီးနဲ့ ဟဲဟိုး စိုက်ပျိုးရေး သိပ္ပံကျောင်း သုံးကျောင်းမှာ စတင်ဖွင့်လှစ်ပို့ချ ပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွေမှာလည်း စာသင်နှစ်အလိုက် တိုးချဲ့ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ မွေးမြူရေး ဒီပလိုမာသင်တန်းတွေအတွက် သင်ရိုးညွှန်းတမ်း အသစ်နဲ့ဘာသာရပ်အလိုက်ကျွမ်းကျင်သူ နည်းပြတွေ၊ စာတွေ့လက်တွေ့သင်ခန်းစာတွေ အတွက် လိုအပ်တဲ့ သင်ထောက်ကူအဆောက်အအုံတွေ၊ ပစ္စည်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ဖြည့်ဆည်း ထားရှိပြီးဖြစ်လို့ မွေးမြူရေးလုပ်ငန်းကို စနစ်တကျလေ့လာသင်ယူလိုကြတဲ့လူငယ် မောင်မယ်တွေ အနေနဲ့ သင်တန်းကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ကြပြီ ဖြစ်ပါတယ်။

စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို ကောလိပ်အဆင့် တိုးမြှင့် ပေးနိုင်ဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းနေပြီး လက်ရှိသင်တန်း တွေကသတ်မှတ်အရည်အချင်းပြည့်မီသူတွေ အနေနဲ့လည်း စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေး ဆိုင်ရာတက္ကသိုလ်တွေကိုပေါင်းကူးတက်ရောက် နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းပြီးဆုံး အောင်မြင်သူတွေအတွက် အလုပ်အကိုင်ရရှိရေး ကိုလည်း သက်ဆိုင်ရာဌာနတွေ၊ ပုဂ္ဂလိကတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

စိုက်ပျိုးရေးသိပ္ပံတွေမှာ စိုက်ပျိုးရေးဒီပလိုမာ အဆင့်အထိတက်ရောက်သင်ယူနိုင်ပြီး အဲဒီက တစ်ဆင့် စိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်ပြီး စိုက်ပျိုးရေးဘွဲ့ပညာရှင်အဆင့်၊ အဲဒီကနေ မဟာ သိပ္ပံအဆင့်၊ ပါရဂူအဆင့်အထိတက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ပါတယ်။စိုက်ပျိုးရေး သိပ္ပံကျောင်းတွေ ကတစ်ဆင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ ရရှိပြီးသူတွေထဲက နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ကြသူတွေ၊ တာဝန် ထမ်းဆောင်ဆဲပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံအပါအဝင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းတွေ၊ အခြေခံပညာ ကျောင်းတွေ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးညွှန်ကြား ချက်တွေနဲ့အညီ စိုက်ပျိုးရေးသိပ္ပံတွေရဲ့ သင်တန်း တစ်ခုချင်းကိုသာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စိုက်ပျိုးရေးဒီပလိုမာတတိယနှစ် သင်တန်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင် လ ၃၁ ရက်နေ့ထိဖွင့်လှစ်ပေးခဲ့သလိုစိုက်ပျိုးရေး ဒီပလိုမာ ဒုတိယနှစ်သင်တန်းကို၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ထမနဲထိုးပြိုင်ပွဲနဲ့ တိုင်းရင်းသားရိုးရာ အစားအစာများ မိတ်ဆုံစားပွဲအခမ်းအနားကိုလည်း ပြည်ထောင်စု ဝန်ကြီးနဲ့ဌာနအကြီးအကဲတွေကိုယ်တိုင် တက်ရောက်ကြပြီး ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါ တယ်။ အလားတူ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတွေကိုလည်း ယခုနှစ် မတ်လအတွင်း သက်ဆိုင်ရာကျောင်းတွေမှာ အောင်မြင်စွာ ကျင်းပ ခဲ့ပြီးဖြစ်ပါတယ်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်စိုက်ပျိုးရေး ဒီပလိုမာ ပထမနှစ်၊ တတိယနှစ်သင်တန်းတွေနဲ့ ၂၀၂၁-၂၀၂၂ပညာသင်နှစ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဒီပလိုမာပထမနှစ်သင်တန်းတွေကို ယခုနှစ် မေလအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်လှစ်ပါကလည်း ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေ နဲ့အညီ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူ နိုင်ကြစေဖို့ ပြင်ဆင်ထားရှိပြီးဖြစ်လို့ ဒေသအသီးသီးက တိုင်းရင်းသားလူငယ် မောင်မယ်တွေ အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းသေချာမှုရှိတဲ့ အသက်မွေး ဝမ်းကျောင်းပညာရပ် သင်ယူမှု အခွင့်အလမ်းအဖြစ်စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို ရွေးချယ်နိုင်ကြစေဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ရပါတယ်။