Skip to main content

မွေခံထိုက်စေ ယဉ်ကျေးမှုအမွေ

ပြည်ထောင်စုသားတစ်ဦး

ဂျိုဆွန်းခေတ် နန်းတွင်းရိုးရာ ဝတ်စုံကိုယ်စီ ဝတ်ဆင်ထားသော ကိုရီးယား ကလေးငယ် များသည် နန်းတွင်းရတနာ(၂) ဇာတ်ဝင်ခန်း သီချင်းကို သံပြိုင်သီဆို၍ အဖွဲ့လိုက် သရုပ်ပြတင်ဆက်နေသည်။ တီးမှုတ် ဖျော်ဖြေနေကြသူ တူရိယာပညာရှင်များ ကလည်း ဂျိုဆွန်းခေတ် နန်းတွင်း ရိုးရာယဉ်ကျေးမှု ဝတ်စုံကိုယ်စီနှင့်။ စားပွဲဝိုင်းတစ်ခုမှာတော့ နန်းတွင်းရတနာ(၂) ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွင် အဓိကပါဝင်သရုပ်ဆောင်ခဲ့သော ဂျိုဆွန်းဘုရင်မင်းကြီးနှင့် ကြင်ရာတော် ဒုံရီတို့က အခမ်းအနားကို တက်ရောက် အားပေးရင်း အပြုံးကိုယ်စီဖြင့်။

မွေခံထိုက်စေပေးဝေလျက်ရှိ

ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ကိုရီးယားတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် မျိုးဆက်သစ်များထံ မွေခံထိုက်စေ ပေးဝေလျက်ရှိသည်ကို ဆဝါးတွေ့မြင်နိုင်သည်။ တစ်ဖက်ကလည်း ကိုရီးယားရုပ်ရှင် အနုပညာရှင်များသည် ယဉ်ကျေးမှု သံတမန်များသဖွယ် ကိုရီးယားနိုင်ငံ၏ သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရုပ်ရှင်၊ ရုပ်မြင် သံကြားဇာတ်လမ်းတွဲများ ရိုက်ကူး၍ အာရှနှင့် ကမ္ဘာသို့ ထိုးဖောက်ဖြန့်ချိလျက် ရှိကြသည်။

ဂိုဂူယောကို တည်ထောင်ခဲ့သူ ဂျူမုံအကြောင်းကို ရိုက်ကူးထားသည့် တောင်ကိုရီးယား ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Jumong သည် ၂၀၀၇ ခုနှစ်တွင် အာရှတစ်လွှား၌ အောင်မြင် ကျော်ကြားခဲ့သော ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့သည်။

ထို့အတူ ၂၀၀၆ ခုနှစ် စက်တင်ဘာ လတွင် ကေဘီအက်စ်ရုပ်သံက ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည့် Dae Jo Yeong ဇာတ်လမ်းတွဲမှာလည်း ကမ္ဘာအနှံ့ လူကြိုက်များခဲ့သည်။ Dae Jo Yeong (ဒယ်ဂျိုယောင်း)သည် တရုတ်အင်ပါယာကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့၍ ကိုရီးယားသမိုင်းတွင် စံနမူနာပြခေါင်းဆောင်အဖြစ် ပြဋ္ဌာန်းစာအုပ်များတွင် ဖော်ပြခြင်းခံခဲ့ရရုံမက တောင်ကိုရီးယား၏ ဖျက်သင်္ဘောတစ်စင်း၌တွင်ပါ အမည်ပေးဂုဏ်ပြုခံရသော ဂိုဂူယောသူရဲကောင်း တစ်ဦးဖြစ်သည်။

အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကား

အလားတူ ဂျိုဆွန်းနန်းတွင်းအပျို တော်များအကြောင်းကို ဇာတ်အိမ်တည်ထားသော Shadows in the Palace ရုပ်ရှင်သည် ၂၀၀၇ ခုနှစ်တွင် အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ခဲ့သလို ဂျိုဆွန်းဘုရင် ဂိုဂျန်ကိုနိုင်ခဲ့သည့် မင်မိဖုရားကြီး၏ အကြောင်းဖြစ်သည့် The Sword With No Name ရုပ်ရှင်ဇာတ်ကားမှာလည်း ၂၀၀၉ ခုနှစ်တွင် လက်မှတ်ပေါင်းတစ်သန်းခွဲကျော် ရောင်းချရသည်အထိ အောင်မြင်ခဲ့သည်။

၂၀၁၁ ခုနှစ်က ပြသခဲ့သည့် War of the Arrows ကိုရီးယားရုပ်ရှင်မှာမူ လက်မှတ်ပေါင်း ခုနစ်သန်းကျော် ရောင်းချ ရသည်အထိ အောင်မြင်ကျော်ကြားခဲ့သည်။ ဂျိုဆွန်းနိုင်ငံတော်ကို မန်ချူးတို့ ဝင်ရောက် ကျူးကျော်ခဲ့မှု သမိုင်းဇာတ်လမ်း ဖြစ်သည်။

ကိုရီးယားစစ်ပွဲ နောက်ခံရုပ်ရှင် ဇာတ်လမ်းများမှာလည်း အထူးအောင်မြင် ကျော်ကြားခဲ့သည်။ ကိုရီးယားစစ်ပွဲအတွင်းက ညီအစ်ကိုနှစ်ယောက် အကြောင်းကို ရိုက်ကူးထားပြီး ၂၀၀၄ ခုနှစ်က ပြသခဲ့သည့် Taegukgi ရုပ်ရှင် ဇာတ်ကားမှာမူ လက်မှတ် ၁၁ သန်းကျော် ရောင်းချခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။ ကိုရီးယားစစ်ပွဲနောက်ခံ The Front Line ရုပ်ရှင်ဇာတ်ကားကမူ ၂၀၁၁ ခုနှစ်တွင် တောင်ကိုရီးယား အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့သည်။

ထိုထိုသော ယဉ်ကျေးမှုသံတမန် ကိုရီးယားအနုပညာရှင်များ၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကြောင့် ကိုရီးယားနိုင်ငံ၏သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုအကြောင်းကို ကမ္ဘာက ပိုသိမြင်လာခဲ့ကြရသည်။ ကိုရီးယားနိုင်ငံနှင့် ကိုရီးယားလူမျိုးတို့အပေါ် လေးစား အထင်ကြီးလာခဲ့ ကြသည်။ ရင်းနှီးချစ်ခင် လာကြသည်။

မြန်မာနိုင်ငံတွင်လည်း ချန်ဂင် (နန်းတွင်းရတနာဇာတ်လမ်းတွဲ) နှင့် ဒုံရီ (နန်းတွင်းရတနာဇာတ်လမ်းတွဲ-၂) တို့ကြောင့် ပရိသတ်များသည် ကိုရီးယား တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပို၍ ရင်းနှီးကျွမ်းဝင်လာခဲ့ကြရသည်။ ဂျူမုံနှင့် ဒယ်ဂျိုယောင်းတို့ကြောင့် မြန်မာ ပရိသတ်များသည် ဘူယော၊ ဂိုဂူယော၊ ဘတ်ဂျီ၊ ရှီလာခေတ်သမိုင်းများကို လေ့လာ သိမြင်ခဲ့ကြရပြန်သည်။ ကိုရီးယားဘာသာ စကားနှင့်ပါ ယဉ်ပါးလာရုံမက ပဲခေါက်ဆွဲ၊ ကင်ချီ၊ ဆိုဂျူး စသည့်ကိုရီးယားအစား အသောက်များ ကလည်း မြန်မာ့ဈေးကွက် အတွင်း နေရာရလာခဲ့ကြသည်။

သာသနာပြုမင်းများလည်း အများအပြားရှိ

တကယ်တော့ မြန်မာ့သမိုင်းတွင် လည်း လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော မင်းကောင်းမင်းမြတ်များစွာ ပေါ်ထွန်းခဲ့ပါသည်။ ဗုဒ္ဓသာသနာတော်ကို နေလို လလို ထွန်းလင်းတောက်ပလာစေရန် လုံ့လဥဿဟဖြင့် ကြိုးပမ်းတည်ဆောက် ခဲ့ကြသော သာသနာပြုမင်းများလည်း အများအပြားရှိခဲ့သည်။

တစ်ခုသော တရားသဘင်တွင် ပါမောက္ခချုပ်ဆရာတော်ကြီး အရှင် နန္ဒမာလာဘိဝံသက “မြန်မာတွေ မြန်မာ့ သမိုင်းကို လေ့လာဖို့ကောင်းတယ်။ သာသနာတော်ရဲ့ အခြေခံအုတ်မြစ်က ပရိယတ္တိပဲ။ အနောက်ဘက်လွန်မင်းဆိုရင် ပရိယတ္တိစာသင်ကျောင်းကြီးတွေကို အများကြီး ဆောက်လုပ်လှူဒါန်း တည်ဆောက်ပေးခဲ့တယ်”ဟူ၍ မိန့်ကြားတော်မူခဲ့သည်။

ထို့အတူ မြန်မာ့ရာဇဝင်တွင် ရဲစွမ်း သတ္တိပြည့်ဝသော သူရဲကောင်းများ၊ ရဟန်းစာဆို၊ လူစာဆိုပညာရှင်များလည်း အများအပြားပေါ်ထွန်းခဲ့သည်။ ပုဂံခေတ် တွင် အနန္တသူရိယအမတ်ကြီး၏ “သူတည်း တစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း”ဟူသည့် သံဝေဂကဗျာ၊ ပင်းယခေတ်တွင် စတုရင်္ဂဗလအမတ်ကြီး၏ လောကနီတိ၊ အင်းဝခေတ်တွင် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရနှင့် တောင်ဖီလာဆရာတော်တို့၏ ဆုံးမ စာများ၊ ရှင်တေဇောသာရ၊ ရှင်ဥတ္တမ ကျော်၊ ကန်တော်မင်းကျောင်းဆရာတော်၊ ရှင်အဂ္ဂသမာဓိ၊ ရှင်အုန်းညို စသည့် စာဆိုရှင်များ၏ ပျို့၊ ရတု၊ မော်ကွန်း၊ မေတ္တာစာ၊ တောလား စသောကဗျာလင်္ကာ များ၊ ကုန်းဘောင်ခေတ်တွင် ဆရာတော် ဦးဗုဓ်၏ ဆုံးမစာနှင့် သင်္ဂဇာ ဆရာတော်၏ သိင်္ဂါလောဝါဒ ဆုံးမစာများ၊ ဗြိတိသျှခေတ်တွင် လယ်တီဆရာတော်၊ မန်လည်ဆရာတော်တို့၏ ဆုံးမစာများ စသဖြင့် ရဟန်းပညာရှင်ဓမ္မစာဆိုတို့၏ဩဝါဒကထာစာပေ ကဗျာလင်္ကာများမှာ ထင်ရှားခဲ့၏။

မျိုးချစ်ဇာတိမာန်စာဆိုများ

ဆီးဘန်နီဆရာတော်၊ အချုပ်တန်း ဆရာဖေ၊ စာရေးတော် နော်ရထာသီဟ စသည့် ပုဂ္ဂိုလ်များကား သီပေါမင်း လက်ထက် တစ်ကြိမ်တစ်ခါ၊ လွတ်လပ်ရေး ဆုံးရှုံးရသောအခါ ရင်ကွဲအံ့မျှ နာကြည်းခဲ့ကြသော မျိုးချစ်ဇာတိမာန်စာဆိုများ ဖြစ်ကြသည်။

ဆီးဘန်နီဆရာတော်၏ “သိင်္ဃ တန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ဖြစ်လာရလေ၊ တို့တစ်တွေ သည်၊ သေသော်မှတည့် ဪ - ကောင်း၏” ဟူသော “တဖန်မှတ်စေ” ချီရတုမှာ လွန်စွာပင် ပြောင်မြောက်လှပေသည်။ လွတ်လပ်ရေးကို မြတ်နိုးမှုနှင့် လွတ်လပ်ရေးကို ပြန်လည်ရယူရန် အတွက် တပ်လှန့်နှိုးလိုက်သကဲ့သို့ပင်။

ဗုဒ္ဓသာသနာတော်၏ နောက်ဆုံးခံတပ်မြို့

ထို့အတူ မြန်မာနိုင်ငံသည် လွန်ခဲ့ သော နှစ်ပေါင်းတစ်ထောင်ကျော်မှစ၍ ယနေ့တိုင် ကမ္ဘာပေါ်တွင် ဗုဒ္ဓသာသနာ တော်၏ နောက်ဆုံးခံတပ်မြို့ကြီးအဖြစ် အခိုင်အမာရပ်တည်နိုင်ရန် သံဃာတော် အရှင်သူမြတ်များနှင့် ရှေးခါဘိုးဘွား မိဘဆရာသမားတို့သည် ခိုင်မာသော ယုံကြည်ချက်ဖြင့် ခေတ်အဆက်ဆက် မြဲမြံစွာဆုပ်ကိုင်၍ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြ၏။ စစ်မှန်သော ငြိမ်းချမ်းမှု ဓမ္မအလင်းရောင်ကို သားစဉ် မြေးဆက် လက်ဆင့်ကမ်းထွန်းညှိ ပေးခဲ့ကြ၏။

ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်၍ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နှစ်သစ် မင်္ဂလာအခါတော်နေ့၊ ကဆုန်လပြည့် နေ့တွင် ဗုဒ္ဓအခါတော်နေ့၊ နယုန် လပြည့်နေ့တွင် မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာ အခါတော်နေ့၊ ဝါဆိုလပြည့်ကျော် ၅ ရက်တွင် အနတ္တလက္ခဏ အခါတော်နေ့၊ ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မ အခါတော်နေ့၊ သီတင်းကျွတ် လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလအခါတော်နေ့၊ နတ်တော် လပြည့်နေ့တွင် ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့တွင် ရှင်တစ်ထောင် အခါတော်နေ့၊ တပို့တွဲလပြည့်နေ့တွင် ဩဝါဒပါတိမောက် အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင် အခါတော်နေ့တို့ကို ဘာသာရေးအထိမ်းအမှတ် နေ့များ အဖြစ် ရှေးအတီတေကာလမှ ယနေ့တိုင် အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။

အလားတူ ရှေးခါဘိုးဘွားမိဘ ဆရာသမားတို့သည် မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော်များဖြစ်သည့် တန်ခူးလ- သင်္ကြန်ပွဲ၊ ကဆုန်လ-ညောင်ရေသွန်းပွဲ၊ နယုန်လ- စာပြန်ပွဲ၊ ဝါဆိုလ-ဝါဆိုပွဲ၊ ဝါခေါင်လ- စာရေးတံမဲပွဲ၊ တော်သလင်းလ - လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ- မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ-ကထိန်ပွဲ၊ နတ်တော်လ-စာဆိုတော်ပွဲ၊ ပြာသိုလ-မြင်းခင်းပွဲ၊ တပို့တွဲလ-ထမနဲပွဲ၊ တပေါင်းလ- သဲပုံစေတီပွဲတို့ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပွဲတော်များ အဖြစ် သားစဉ်မြေးဆက် ခေတ် အဆက်ဆက် လက်ဆင့်ကမ်းအမွေ ပေးဝေခဲ့ကြ၏။

မျက်မှောက်ကာလတွင်မူ အဆိုပါ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များ သည် စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင် ကြုံတွေ့လာခဲ့ရသည်။ အချို့အချို့သော မြန်မာများကိုယ်နှိုက်က မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုဓလေ့ရိုးရာ ဝိသေသ လက္ခဏာများအပေါ် လေးစားတန်ဖိုး ထားမှုနည်းပါးလာကြသည်။ ဘာသာ သာသနာ၊ ယဉ်ကျေးမှုကို အရောင် အမျိုးမျိုးဆိုးလာကြသည်။ အိမ်နီးချင်း နိုင်ငံအချို့ကလည်း ကမ္ဘာလှည့်ခရီး သွားများကို ဖိတ်ခေါ်နိုင်ရန် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်များကို ပုံတူကူးချ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် ဖော်ဆောင်မှု အချို့ရှိလာခဲ့ကြသည်။ ဤသို့ဖြင့် နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့သော မြန်မာ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တို့သည် တစ်စတစ်စ အရိုးပေါ် အရွက်ဖုံးလာခဲ့ချေပြီ။ ယဉ်ကျေးမှုကွယ်ပျောက်ပါက လူမျိုးပါပျောက်ပေလိမ့်မည်။

သို့ဖြစ်ရကား မတ္တရာသူဋ္ဌေးကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမာနိတသိရိ ဘိဝံသ(ကထိကရဟန်း)၏ ---

ဒို့ဘိုး ဒို့ဘွား ဒို့မျိုးများက

နောက်သား နောင်လာကိုးကွယ်ရာဖို့

များစွာစေတီ ခံ့ထည်တန်ဆောင်း

ကျောင်းနှင့်ဇရပ် ပြာသာဒ်ဝေဝေ

တည်ခဲ့ပေ၏။

ခုနေအခါ သာသနာလည်း

ရှေးခါဘိုးဖ ပေးခဲ့ကြ၍

တွေ့ကြရပြီ ကြုံရပြီတည်း။

ထိုဤများစွာ မွေဓမ္မကို

ဒို့ကဆက်ခါ ခံယူကာဖြင့်

ညီညာအားကြိုး ဒို့သယ်ပိုးမှ

ဒို့မျိုးဘာသာ သာသနာသည်

ရှည်ကြာတည်တံ့နိုင်လိမ့်သော်။

ဟူသည့် “ဒို့တာဝန်” ကဗျာလင်္ကာပါအတိုင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးစံများကို သမိုင်းပေး တာဝန်တစ်ရပ်အဖြစ် မြန်မာတိုင်းလေးစားမြတ်နိုး တန်ဖိုးထား၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့။ ။