Skip to main content

တိုးချဲ့ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးသင့်သော ဝဥနှင့် နိုင်ငံတကာဈေးကွက်အလားအလာ

ဒေါက်တာထွေးမင်းသန့်

ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥသည် မျိုးရင်း Araceae ၊ မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus companulatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam(or)White Yam(or) Telingo ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ဝဥမျိုးစိတ် ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ် သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရသည်။

မြန်မာနိုင်ငံနှင့် ဝဥစိုက်ပျိုးမှု

မြန်မာနိုင်ငံတွင်ဝဥပင်သည်ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ သစ်ရိပ်၊ ဝါးရိပ်ကောင်း၊ အစိုဓာတ်ကောင်း သည့်နေရာ များတွင် သဘာဝအလျောက် အမြောက်အမြား ပေါက်ရောက်လျက်ရှိသည်။ ယခင်က သဘာဝအ လျောက်ပေါက်ရောက်သော ဝဥများကို တူးဖော်ခဲ့ရာမှ ယခုအခါပြည်ပဝယ်လိုအားကောင်းလာသဖြင့် စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးလာကြပြီး ပြည်ပတင်ပို့မှုလည်း များပြားလျက်ရှိကာ နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက် ဝဥမျိုးများ ပေါက်ရောက်ဖြစ် ထွန်းနေမှုကို လေ့လာကြည့်လျှင် ပဲခူးတိုင်းဒေသ ကြီးသာယာဝတီနှင့်မွန်ပြည်နယ်မော်လမြိုင် ဒေသများမှာ Amorphophallus purpuraceans မျိုးစိတ် ပေါက်ရောက်ပြီးမြစ်ကြီးနား၊ ကသာ ဒေသတွင် A. bulbiferနှင့် A. karamsisမျိုးများ၊ သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ များတွင် A. cholorospathus မျိုးစိတ်၊ ကရင် ပြည်နယ်နှင့် တောင်တန်းဒေသများတွင် A. oneo- phyllum နှင့် A. burmaicus မျိုးစိတ်၊ ရှမ်းပြည် နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးပြင်ဦးလွင်၊မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်A. campanulatusနှင့်A. conjak ဝဥမျိုးစိတ်များ ပေါက်ရောက်ဖြစ်ထွန်းကြောင်း သိရှိရပါသည်။ မြန်မာပြည်ဈေးကွက်တွင်အရောင်း အဝယ်ပြုလုပ်နေသော ဝဥအမျိုးအစားမှာ သုံးမျိုးခန့်ရှိပြီး အဝါ၊ အနီနှင့်အဖြူရောင်တို့ဖြစ်ရာ အဝါရောင်မှာ ပထမတန်းစား၊ အနီရောင်မှာ ဒုတိယတန်းစား၊ အဖြူရောင်မှာ တတိယတန်းစားတို့ ဖြစ် ပါသည်။

၀ဥစိုက်ပျိုးမှုအတွက်အသင့်လျော်ဆုံးရာသီ ဥတုအနေအထားမှာဝဥသည် အပူပိုင်းဒေသသီးနှံ ဖြစ်သည်နှင့်အညီ စိုစွတ်ပြီး ပူနွေးသောရာသီဥတု အခြေအနေ လိုအပ်သည်။မိုးရွာသွန်းမှုသမမျှတ ပါက ဝဥအထွက်နှုန်း ကောင်းစေပါသည်။ အပင် ကြီးထွားချိန်တွင် မိုးရေချိန် ၆၀ လက်မဖြန့်ကြက် ရွာသွန်းမှုကို ကြိုက်နှစ်သက်ပါသည်။ပျမ်းမျှအပူချိန် ၂၅ ဒီဂရီမှ ၃၅ ဒီဂရီ စင်တီဂရိတ်အကြား ပူနွေး စွတ်စိုသည့် ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ဝဥသည်အပူပိုင်းဒေသ မိုးများ၊မြေနိမ့်လွင်ပြင် သစ်တောဒေသများကို ကြိုက်နှစ်သက်ပြီး အပူချိန် နိမ့်ပြီး ပေ ၅၀၀၀ ခန့် မြင့်မားသော မိုးများသည့် ကုန်းမြင့်ဒေသများတွင်လည်း ဖြစ်ထွန်းနိုင်ပါသည်။

ဝဥစိုက်ပျိုးမည်ဆိုလျှင်

ဝဥစိုက်ပျိုးမည်ဆိုပါက မြေပြင်ခြင်းအပိုင်းတွင် အခြားသီးနှံများစိုက်သကဲ့သို့ စိုက်ပျိုးရန်ရွေးချယ် ထားသည့်မြေပေါ်မှ သစ်ပင်ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းကာ ထယ်တစ်လွှာ၊ထွန်နှစ်လွှာ ဝင်ပြီး မြေပြုပြင်ရသည်။ထို့နောက်စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ပေးရပါသည်။ ပင်ကြား၊ တန်း ကြားနှင့် တစ်ဧက အပင်အရေအတွက်အနေဖြင့် တန်းကြား လေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပါက တစ်ဧက ၅၄၄၅ ပင် အနည်းဆုံး ဝင်ဆံ့နိုင်အောင် စိုက်ပျိုးသင့်ပါသည်။

ဝဥသည် မြေသြဇာကောင်းသော အနီရောင်နှင့် ရေကောင်းစွာစီးဆင်းသောမြေတွင်ကြီးထွားပါ သည်။ မြေဆွေးဓာတ်များပြီး အစိုဓာတ်ထိန်းအား ကောင်းသည့်နုန်းမြေကိုနှစ်သက်ပါသည်။ ရေစီးရေလာ မကောင်းသည့်မြေ၊ရေဝပ်သည့်မြေကို ကြိုက်နှစ်သက်မှုမရှိပါ။ မြေဆီလွှာ ချဉ်ငံဓာတ်ကိန်း pH ၅ ဒသမ ၅ မှ ၇ ဒသမ ၂ အတွင်း ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။

ဝဥကို စနစ်တကျစိုက်ခင်းများအဖြစ် ဧကများ စွာစိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးဥများ လုံလောက်စွာရရှိအောင် စနစ်တကျစီမံဆောင်ရွက် ရန် လိုအပ်ပါသည်။ ဝဥမျိုးပွားနည်း လေးမျိုးရှိရာ ပထမနည်းမှာ ၂၀ - ၃၀ ကျပ်သားအရွယ်ရှိ ဝဥကို တိုက်ရိုက်ချပြီး စိုက်ပျိုးနိုင်ပါသည်။ အနည်းဆုံး ၂၀-၃၀ ကျပ်သား အရွယ်ရှိသည့် ဥများကို မျိုးဥအဖြစ် အသုံးပြုစိုက်ပျိုးမှသာ နှစ်ချင်း အသုံးပြုနိုင်သည့် ရောင်းတန်းဝင် ဥကြီးများကို ရရှိနိုင်မည်ဖြစ်သည်။

ဒုတိယမျိုးပွားနည်းမှာ ဝဥအသီးခိုင်မှ ထုတ်လုပ်ရရှိသည့် မျိုးစေ့ငယ်များကို ပထမနှစ်အနေဖြင့် စတင်၍ ပျိုးပေါင်တွင် စိုက်ပျိုးရပါသည်။ အဆိုပါ မျိုးပင်လေးများမှ ပထမနှစ်အတွင်း မျိုးဥ အငယ်လေးများကိုရရှိပြီး ဒုတိယနှစ်တွင် ဆက်လက်၍ ပျိုးပေါင်နှင့်စိုက်ပျိုးမှသာဥပိုကြီးလာအောင် စိုက်ပျိုး ထားခြင်းဖြင့် ၂၀ - ၃၀ ကျပ်သားအရွယ် မျိုးဥများကို ရလာနိုင်ကာ နောင်နှစ်တွင် မျိုးဥအဖြစ် အသုံးပြု နိုင်မည်ဖြစ်သည်။

တတိယအဆင့်မျိုးပွားနည်းမှာ မြေအောက်မှ ရရှိသည့် ဝဥ၏ ဥပွားများကို ခွဲယူပြီး မျိုးအဖြစ် လည်း စိုက်ပျိုးနိုင်ပါသည်။ စတုတ္ထမျိုးပွားနည်းမှာ အရွက်မှအသီး (အရွက်သီး)များကို စိုက်ပျိုးခြင်း ဖြင့်လည်းဝဥပျိုးပင်ကို ရရှိနိုင်ပါသည်။

ဝဥကို စိုက်ခင်းတွင် မြေချစိုက်ပျိုးခြင်းမှာ နည်းလမ်းအမျိုးမျိုးဖြင့်စိုက်ပျိုးလျက်ရှိရာ ကျေးလက်ဒေသမှ စိုက်ပျိုးသည့်နည်းတစ်နည်းကို ဖော်ပြရမည်ဆိုပါက ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ကျင်းပြင်ရာတွင် စိုက်ကျင်းအတွင်း မြေမွ၊ ပေါင်းမြက်ကောက်ခြင်းပြုလုပ်ပြီးအပေါ်ယံဝဥကို မြေဖုံးမိရုံဖုံးပြီးစိုက်ပျိုးရပါ သည်။ မြေတွင်လွန် စွာနက်အောင်မြှုပ်၍ မစိုက်ပျိုးသင့်ပါ။ မြေချစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံ ရာသီဥတုအရ မိုးဦး ရာသီ၊ မေလမှစတင်၍ စိုက်ပျိုးသင့်ပါသည်။

အပင်ပြုစုခြင်း

ဝဥ အပင်ပြုစုခြင်းမှာစိုက်ပျိုးထားသည့်ဝဥ အညွန့်ထွက်ကာ မြေပေါ်အပင်ပိုင်းကြီးထွား လာပြီးအမြစ် များပေါ်လာသည့်အခါ ပေါင်းသင်၊ မြေဆွ၊ ပေါင်တင်/လုံး၊ မြေဖုံးပေးရသည်။ ရေမဝပ် ရန်အတွက် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ စိုက်ခင်းတွင် အရိပ်ရပင်များမရှိပါက ၆၀ ရာခိုင်နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။

ဝဥသည်ပိုးမွှားရောဂါကျရောက်မှုကြောင့် ပျက်စီးမှုနည်းပါးပါသည်။ သို့သော်လည်း တစ်ခါတစ်ရံ ရွက်စားပိုးများ ကျရောက်တတ်ပါသည်။

ဝဥကို ဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါဝင် နိုင်သဖြင့် အပင်ပြုစုနေစဉ် ဝဥကို မထိခိုက်မိအောင် သတိထားရန်လိုပါသည်။ တစ်ခါတစ်ရံ ဝဥပင်စည်များ ထိခိုက်မိသည့်ဒဏ်ရာအပေါက်မှအစေးများ ထွက်ပြီး အပင်နာနိုင်ပါသည်။ သို့ဖြစ်၍ ပင်စည်များကို ဒဏ်ရာမရအောင် ဂရုစိုက်သင့်ပါသည်။

ဥများဒဏ်ရာရ၍ ပုပ်စပြုချိန်တွင် ပုပ်သီးအပိုင်း ငယ်ကလေးကို ဇွန်းနှင့် အပုပ်ပိုင်းကုန်အောင် ခြစ်ပစ်ပြီး မြေနှင့်လူးနယ်ဖုံးပေးလျှင် ဆက်ပြီးပုပ်ရိ ပျက်စီးခြင်းမှတားဆီးနိုင်မည် ဖြစ်ပါသည်။

တူးဖော်ခြင်းနှင့် သိုလှောင်ခြင်း

ဝဥကို နွေအကုန် မိုးဦးကျမှ စတင်စိုက်ပျိုးပြီး မိုးကုန် ဆောင်းဦးရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် မြေပေါ်ပင်ပိုင်းညှိုးခြောက်သွားချိန်၌ တူးဖော်ရိတ်သိမ်းရပါသည်။ ဥများ ထိခိုက်ဒဏ်ရာ မရအောင် ဂရုစိုက်ရပါမည်။ နိုဝင်ဘာလတွင် ရိတ်သိမ်းထားသော ဝဥများကို လေဝင်လေထွက် ကောင်းသော နေရာ၌ သိမ်းဆည်းထားသင့်ပါ သည်။ တူးဖော်ပြီးသုံးရက်ထက်ပို၍အခြောက် မထားသင့်ပါ။ အရိပ်ရပြီး လေဝင်/ထွက်ကောင်း သောနေရာတွင်သိုလှောင်ထားရပါမည်။နှစ်ရှည် ပင်များကြားတွင် ကြားသီးနှံ သီးညှပ် (Intercroppi- ng) အနေဖြင့် စိုက်ပျိုးနိုင်ပါသည်။ ပဲလွမ်းသည် ဝဥ စိုက်ပျိုးခြင်းတွင် သီးညှပ်စိုက်ပျိုးရန်အကောင်းဆုံးသီးနှံဖြစ်ပါသည်။ ဝဥသည် အရိပ်ဒဏ်ခံနိုင်မှုကြောင့် ငှက်ပျော၊ ထောပတ်၊ ကော်ဖီ၊ ရော်ဘာ၊ အုန်းပင်တို့နှင့်လည်း တွဲ၍စိုက်ပျိုးနိုင်ပါသည်။

ဝဥမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော စားသောက် ကုန်များ-

(က)    စားသောက်ကုန်များအနေဖြင့် အသင့်စား အသားတု စားကုန်များ၊ ဂျယ်လီအမျိုးမျိုး၊ ခေါက်ဆွဲ အမျိုးမျိုး၊ ဂျုံမှုန့်အစားထိုး ဝဥအမှုန့်အဖြစ်အသုံးပြုခြင်း။

(ခ)     စက်မှုကုန်ကြမ်းအနေဖြင့် ဆေးဆိုးပန်းရိုက် လုပ်ငန်း၊ စာရေးကိရိယာများတွင် အသုံးပြု သည့် ကော်ပြုလုပ်ခြင်း။

(ဂ)     အလှကုန်ပစ္စည်းများတွင် မျက်နှာပေါင်းတင် ဆေး ကော်ရည်အဖြစ် ပြုလုပ်သုံးစွဲခြင်း။

(ဃ)    ဆေးဝါးထုတ်လုပ်ခြင်းအနေဖြင့် အခြောက် ခံပြီး ဝဥ (သို့) အမြစ်တွင်Glucomannan ၄၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် ကိုယ် အလေးချိန်လျော့ကျစေခြင်း၊ ဝမ်းချုပ်ခြင်း၊ အဝလွန်ကဲခြင်း၊ ဆီးချိုရောဂါကုသခြင်း၊ ဆီးချိုခြေမအနာကုသခြင်း၊သိုင်းရွိုက် ကုသခြင်း၊ သွေးတိုးရောဂါကုသခြင်း စသည့် ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြု ခြင်း။

(င)     ဝဥအခြောက်ကို ကြိတ်ခွဲရာတွင် ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့ လေး သည့် (Man-Non)မန်နန်ပွင့်များရရှိပြီးပေါ့ပါးသည့် ဝဥအမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်း။ ဂျပန်နိုင်ငံတွင် အမှုန့်ပြုလုပ်၍ကော်ပြန့်၊ခေါက်ဆွဲ၊ ဖိလစ်ပိုင်နိုင်ငံတွင်ပေါင်မုန့်၊ အရက်၊ ဝိုင်ချက်လုပ်ခြင်း၊တရုတ်နိုင်ငံတွင် အစားအစာ၊ ခေါက်ဆွဲ၊အသားတုနှင့် မုန့်များ ပြုလုပ်ခြင်းတို့တွင် ထည့်သွင်း အသုံးပြုကြပြီး ကိုလက်စထရောကျဆေး၊ အဆီကျ ဆေးများ ဖော်စပ်ရာတွင်လည်း ဆေးဝါး အဖြစ် အသုံးပြုကြသည်။

ဝဥစားသုံးခြင်းနှင့် ကျန်းမာရေးအတွက် အသုံးဝင်ပုံ

ဝဥ၏ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ် သည် အစာခြေစနစ်ကိုအထောက်အကူပြုပါသည်။

ဝဥတွင်ပါဝင်သော glucomannanဓာတ်သည် ကိုယ်တွင်းသကြားဓာတ် ပမာဏကိုထိန်းညှိပေး နိုင်ပြီး ဆီးချိုရောဂါမဖြစ်အောင်ကူညီကာကွယ် ပေးပါသည်။ ဝဥသည်အစာခြေစနစ်ကို အားကောင်းစေသည့် အတွက် အစားအသောက်များထဲမှ အာဟာရများ သတ္တုဓာတ်များကို ကောင်းစွာစုပ်ယူနိုင်ရန် ကူညီပေးပါသည်။ ဝဥစားသုံးခြင်းဖြင့် ဗက်တီးရီးယားများအား တိုက်ဖျက်နိုင်သည့် သတ္တိနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင် သောကြောင့်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေး နိုင်ပါသည်။ အအေးမိတုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ရောဂါမျိုးကိုတိုက်ထုတ်ရာတွင်လည်းကူညီနိုင် ပါသည်။ သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်းများ အတွက် ဝဥကို ဓာတ်စာအဖြစ် စားသုံးပေးနိုင် ပါသည်။ ဝဥသည် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ကူညီထောက်ပံ့ပေးနိုင်ပါ သည်။ ဝဥ၏ အခြားကောင်းကျိုးတစ်မျိုးမှာ မျက်စိနာခြင်းကို တွန်းလှန်နိုင်ပြီး၊မျက်စိအာရုံကြောနှင့် အမြင်အာရုံကို ကောင်းမွန်အောင် ထိန်းပေးနိုင်ပါသည်။ ဝဥသည် ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင် သဖြင့် လေ့ကျင့်ခန်းများ အပြင်းအထန်လုပ်ဆောင် စရာမလိုဘဲ သာမန်မျှလုပ်ရုံဖြင့် ခန္ဓာကိုယ်အလေး ချိန်ကို လျော့ကျစေနိုင်ပါသည်။ဝဥတွင်ရောင်ရမ်း ခြင်းကိုသက်သာစေသောဓာတ်ပစ္စည်းများ ပါဝင်သည့် အတွက်အရိုးအဆစ်နှင့်ပတ်သက်သည့် ရောဂါများကိုလည်းကာကွယ်ပေးနိုင်ပါသည်။ ဝဥကို အဆီကျ မြန်စေရန်နှင့်အစာစားချင်စိတ်ကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်ရန်အတွက်လည်း စားသုံးပေးနိုင်ပါ သည်။

ပြည်တွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

မြန်မာနိုင်ငံ၌ဝဥကိုချင်းပြည်နယ်တွင် အများဆုံးနှင့်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဧက ၁၃၀၀၀ ကျော် စိုက်ပျိုးထား ပြီး အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ချင်းပြည်နယ်၌ ဝဥစိုက်ဧက စုစုပေါင်း ၈၈၄၈ ဧက စိုက်ပျိုး လျက်ရှိကြောင်း သိရှိရသည်။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဝဥအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ချင်းပြည်နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ဧက စုစုပေါင်းမှာ ၈၈၄၈ ဧကရှိသည့်အနက် အများဆုံးစိုက်ပျိုးသည့်မြို့နယ်များမှာ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ၃၁၉၀ ဧက၊ မတူပီမြို့နယ်တွင် ၁၇၂၁ ဧက၊ ရေဇွာမြို့နယ်တွင် ၁၁၉၁ ဧက၊ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန် မြို့နယ်တွင် ၇၁၁ ဧက နှင့် ကျန်မြို့နယ်များတွင် ဧက ၁၉၀၀ ခန့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ပြည်တွင်း၊ ပြည်ပဈေးကွက်နှင့် အလားအလာကောင်းများ

မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများကို ၁၉၇၂ ခုနှစ်မှစတင်၍ ပြည်ပနိုင်ငံများက စိတ်ဝင်စားခဲ့ပြီး ဂျပန်နိုင်ငံမှ ဝဥစိုက်ပျိုးရေးပညာရှင်များက မြန်မာနိုင်ငံသို့ လာရောက်ကာမြန်မာဝဥများကို စစ်ဆေး ကြည့်ရှုခဲ့ရာ မြန်မာနိုင်ငံမှ ဝဥသည် အင်ဒိုနီးရှား နိုင်ငံမှ Dry Chip ပြုလုပ်၍ ၎င်းတို့ ဝယ်ယူသော ဝဥများထက် အရည်အသွေးကောင်းမွန်ကြောင်း သိရှိခဲ့သည့်အတွက် ဂျပန်နိုင်ငံက ယနေ့တိုင် မြန်မာ နိုင်ငံထွက် ဝဥများကို ဝယ်ယူနေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က အဓိကဝယ်ယူနေပြီး တရုတ်နိုင်ငံ သို့တင်ပို့သည့် ဝဥများကို မန္တလေးဈေးကွက်သို့ လည်းကောင်း၊ဂျပန်သို့ တင်ပို့မည့်ဝဥများကို ရန်ကုန်ဈေးကွက်သို့လည်းကောင်း တင်ပို့ရောင်းချ ရကြောင်း သိရှိရသည်။ ဝဥတွင် ကျန်းမာရေး ကောင်းကျိုးများနှင့် အသုံးချမှု အများအပြား ရှိသော်လည်း မြန်မာနိုင်ငံ၌ သုံးစွဲမှုမများသေးသည်ကို တွေ့ရှိရသည်။ ပြည်ပတင်ပို့မှုတွင် တရုတ်သို့ ၈၅ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံသို့ ၁၅ ရာခိုင်နှုန်း အသီးသီး တင်ပို့လျက်ရှိသည်။

ချင်းပြည်နယ်ထွက်ဝဥသည် အခြားဒေသတွင် ထွက်သောဝဥထက် အရည်အသွေး၊ အရသာပိုမို ကောင်းမွန်ကြောင်းသိရှိရသည်။ ဝဥများကို မန္တလေးမြို့နှင့် မူဆယ်မြို့များသို့ တင်ပို့ရောင်းချကြ သည့်အပြင် အိန္ဒိယ၊ ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်ယူလျက်ရှိသော ဝဥအခြောက်မှုန့်ကို မင်းတပ်မြို့နယ်အတွင်း ကျေးရွာများမှ ကုန်ကြမ်းဝယ်ယူ၍ အမှုန့်ပြုလုပ် တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသောဝဥအမျိုးအစားမှာ သုံးမျိုးရှိပြီး အနီ၊ အဝါနှင့် အဖြူရောင်တို့ဖြစ်ကာ အနီရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာ ဒုတိယ တန်းစားနှင့် အဖြူရောင်မှာတတိယတန်းစားတို့ ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်ဒေသအတွင်း တွင် ယခင်နှစ်များ၌ ဝဥအစို တစ်ပိဿာလျှင် ကျပ် ၆၀၀ မှ ၁၀၀၀ သာရရှိကြပြီး ယခုနှစ် တစ်ရာသီ လုံး အစိုတစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ နှင့် ဝဥအခြောက် တစ်ပိဿာလျှင်ကျပ် ၉၀၀၀ မှ ၁၂၀၀၀ ရရှိကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံအနေဖြင့် အရည်အသွေးပိုင်းတွင် သေချာစစ်ဆေးပြီးတရုတ်နိုင်ငံထက်ဈေးပိုပေး ကြောင်း သိရှိရသည်။ သို့သော် ချင်းပြည်နယ်မှ ဝဥစိုက်တောင်သူများသည် မိရိုးဖလာအတိုင်း သိုလှောင် သိမ်းဆည်းထားသဖြင့် အရည်အသွေးပိုင်းတွင် အားနည်းမှုများဖြစ်ပေါ်ကာ လိုသလောက် မရောင်းချ နိုင်ကြောင်းလည်းသိရှိရသည်။ထို့ကြောင့် အခြောက်ခံသိုလှောင်မှုအားစနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ချင်းပြည်နယ်မင်းတပ် မြို့နယ်တွင် ဝဥအခြောက်ခံ ပြုပြင်ထုတ်လုပ်သည့် စက်ရုံကို တည်ဆောက်လျက်ရှိကြောင်းသိရှိရသည်။ ဆိုပါစက်ရုံအား အောက်တိုဘာလမှ မတ်လအထိ ခြောက်လကြာ လည်ပတ်မည်ဖြစ်ပြီး ဝဥတန်ချိန် ၅၀၀ ကျော် အခြောက်ခံနိုင်မည်ဖြစ်သည်။ ဝဥအခြောက်ခံစက်အနေဖြင့် ချင်းပြည်နယ် မတူပီမြို့နယ်၌အခြောက်ခံစက်တစ်လုံး၊ ကန်ပက်လက် မြို့နယ်တွင် ဂျာမနီနှင့် တရုတ်နိုင်ငံထုတ် အခြောက်ခံစက်နှစ်လုံး အသီးသီးဆောက်လုပ်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရည်အသွေးပိုင်းကို စနစ်တကျပြုလုပ်၍ ထုတ်လုပ်မှ သာလျှင် ရေရှည်ဈေးကွက် ခိုင်မာနိုင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင်ဝဥတင်ပို့မှု အတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ နိုင်ငံတို့အား မက်ထရစ်တန် ၂၄၀ အထိ အခွန် ကင်းလွတ်ခွင့်ပေးထားပြီး ခွင့်ပြုတန်ချိန် ခွဲတမ်း ကျော်သွားပါက တစ်တန်လျှင်၂၉ ဒေါ်လာ အခွန် ကောက်ကြောင်း သိရှိရသည်။ အဆိုပါ လေးနိုင်ငံတွင် မြန်မာနိုင်ငံက ဝဥအထွက်နှုန်းများခြင်းကြောင့် ဈေးကွက်တိုးချဲ့ရန်အလားအလာကောင်းများ ပိုင်ဆိုင်လျက်ရှိနေသည်။

အကူအညီပေးမှုများလိုအပ်

ဝဥ စိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးကွက်ကောင်းမွန် ရန်အတွက်အသင်းအဖွဲ့၊ အစုအဖွဲ့များဖြင့် စုပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပို့ကုန်အလား အလာရှိသော ဝဥစိုက်ပျိုးထုတ်လုပ်မှု တိုးတက် အောင်မြင်လာစေရန်အတွက် ဝဥစိုက်ပျိုးထုတ်လုပ် မှုနည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သွင်းအားစု များ၊ စိုက်ဧကတိုးချဲ့နိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမြှင့်တင် ရေးအတွက် ဘက်ပေါင်းစုံမှ အကူအညီပေးမှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဝဥကို လက်ရှိ အခြေအနေတွင်ဝဥခြောက်ကုန်ကြမ်းအဖြစ်သာ တင်ပို့နိုင်ပြီးအမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြား ခြင်းတို့ ကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ပါသည်။နည်းပညာအားနည်းမှု၊ရင်းနှီးမြှုပ်နှံမှု၊ စိုက်ဧကတိုးချဲ့နိုင်မှု အခက်အခဲများကြောင့် အလား အလာကောင်းသော သီးနှံထုတ်လုပ်မှုဖြစ်သော်လည်း ပို့ကုန်မြှင့်တင်နိုင်မှုအနေဖြင့်အားနည်းနေ သေးကြောင်း သိရှိရပါသည်။

ပြည်တွင်းဈေးကွက်ခိုင်မာစေရန် ပြည်တွင်းစားသုံးမှုများပြားလာအောင်လုပ်ဆောင်ရန် လိုအပ် ပါသည်။ ပြည်တွင်းစားသုံးမှု များလာခြင်းသည် စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် အထောက်အပံ့ ကောင်းတစ်ရပ်ပင်ဖြစ်ရာ စားသုံးမှု များလာအောင် ဆောင်ရွက်ကြရပေမည်။ ဝဥမှုန့်၊ ဝဥတုံ၊ အသားတု၊ yam chip၊ ဆေးဝါး စသည်တို့ကို ထုတ်လုပ်၍ ပြည်တွင်းဈေးကွက် ဖန်တီးရမည် ဖြစ်သည်။ ထို့ပြင် အခြားသော လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ စသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိပြုလုပ်ဆောင်ရွက် သင့်ပါသည်။ ဂျပန်နှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းသော ဝဥကို အရည်အသွေးမြင့် နိုင်ငံခြား ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် အစီအစဉ်များ ချမှတ်ကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးလာရေးတို့အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနလက်အောက်ရှိစားသုံးသူရေးရာ ဦးစီးဌာနတွင် ထုတ်ပြန်ပေးရန်စီစဉ်ခြင်း၊ ဈေးကွက် ဝင်သီးနှံများတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သီးနှံအ လိုက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင် နိုင်ရေးအတွက် ချင်းပြည်နယ်ရှိ ဝဥစိုက်ပျိုးထုတ်လုပ်ရေးအစုအဖွဲ့နှင့် ချိတ်ဆက်ခြင်း၊ ပြည်တွင်း ကုန်သွယ်မှု တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ စွန့်ဦးတီထွင် ဆောင်ရွက်လိုသူများကို တိုးချဲ့စည်းရုံး ဖွဲ့စည်းပြီး (Private Public Partnership) ကို အကောင်အထည်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ Contract Farming စနစ်များ ဖြစ်ထွန်းအောင်မြင်လာစေရေး စည်းရုံးဆောင်ရွက် ခြင်း၊ဈေးကွက် ဈေးနှုန်းပိုမိုရရှိရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အားပေးမြှင့်တင်ခြင်း၊ အသေး စား၊ အလတ်စား (SMEs) စက်မှုကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာရေး၊ အရင်းအနှီးရရှိရေး ပေါင်းစပ်ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့် ကုန်ထုတ် လုပ်မှုနည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများကို သက်ဆိုင်ရာဌာနအဖွဲ့၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။

ဈေးကွက်ပိုင်ဆိုင်လာနိုင်မည်

 အရည်အသွေးမြှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရန် စက်ကိရိယာအသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံခွာ ခြင်း၊ အပါးလွှာခြင်း၊အခြောက်ခံခြင်းများ ဆောင်ရွက်နေပြီဖြစ်သော်လည်း အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြား ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ စိုက်ပျိုး ထုတ်လုပ်သူများ၊ ကုန်သည်များ၊ ဌာနဆိုင်ရာများ၊ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း စသည်တို့ကိုဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပို့ကုန် မြှင့်တင်ရေး အလားအလာကောင်းသော ဈေးကွက် အကြိုက်အရည်အသွေးမီထုတ်ကုန်များ၊ စိုက်ပျိုး သီးနှံ ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်သက်ဆိုင်သူများအားလုံးမှစုပေါင်းဆောင် ရွက်ကြ မည်ဆိုလျှင် ကမ္ဘာ့ဝဥဈေးကွက်တွင် မြန်မာနိုင်ငံထွက် ဝဥများနေရာရကာ ဈေးကွက်ပိုင်ဆိုင် လာနိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ကိုးကား

၁။      ပြည်ပဝင်ငွေတိုးဖို့ ဝဥ စိုက်ပျိုးနည်း၊ ၂၀၁၉၊ ဒီဇင်ဘာ (၄)၊ https://htwettoe.com/article-details/education/8093914

၂။       ၀ဥစိုက်ပျိုးနည်း,Publishedon27-Jan-2021 https://shwe.net/news/how-to-plant/ 6744.html

၃။      ၀ဥ၏ ကျန်းမာရေးအတွက်အသုံးဝင်ပုံ Posted on February 6, 2019 March 12, 2019 

http://shangyimm.com/archives/12175

၄။      မြန်မာ့ဝဥ ထုတ်လုပ်ရေးမှသည် ဈေးကွက် ခိုင်မာရေးဆီသို့။ https://www.commerce.gov. mm/my/article

၅။      ဝဥ စိုက်ပျိုးထုတ်လုပ်မှုလက်စွဲစာစောင်၊ ကျော်ဆွေလင်း, လင်းလင်းသီ၊ ၂၀၁၈ (ပထမ အကြိမ်)။